တရုတ်လိုလားတဲ့ မြန်မာဗဟိုအစိုးရပုံစံ

တရုတ်အထူးသံ တိန့်ရွှီကျင်းနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ လက်ဆွဲနှုတ်ဆက်နေတဲ့ပုံ

အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ ပေါ်ထွက်လာတဲ့ စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သဘောတူညီမှုကြောင့် ထွက်ပေါ်လာတာလို့ တရုတ်က ဖွင့်ပြောပါတယ်။

ရွေးကောက်ပွဲဟာ မြန်မာပြည်တွင်းရေးလို့ သုံးနှုန်းနေတဲ့ ဘေဂျင်းအစိုးရကပဲ စစ်တပ်ရွေးကောက်ပွဲဟာ တရုတ်ရဲ့ သဘောတူညီမှုကြောင့် ဖြစ်လာတာမျိုး ဝန်ခံလိုက်ဟန်ရှိပါတယ်။

''အနောက်ကိုမယိမ်းဘဲ တပ်မတော်နဲ့ သဟဇာတဖြစ်မယ့် မြန်မာအစိုးရကို တရုတ်က လိုချင်သလို မြန်မာအတွက် ၅၁ အချိုး ပုံသေနည်းနဲ့ ချဥ်းကပ်နေတယ်'' လို့ စစ်ကော်မရှင်အကြံပေးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒါက တရုတ်က မြန်မာပြည်ရဲ့ နိုင်ငံရေးလမ်းကြောင်းကို ထိန်းချုပ်မှု မြင့်မားလာတာကို ထင်ဟပ်ပြနေတာလား။ တရုတ်ဟာ မြန်မာ့နိုင်ငံရေးရှေ့ခရီးကို အာဏာသိမ်းအစိုးရနဲ့အတူတူချမှတ်လိုက်တာလား။

တရုတ်လိုချင်တဲ့ မြန်မာပုံသေနည်း

ဘေကျင်းမှာ မြန်မာစစ်ခေါင်းဆောင်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

မြန်မာက ရွေးကောက်ပွဲဖော်ဆောင်တယ်ဆိုတာ သမ္မတ ရှီကျင့်ဖျင်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ကြားမှာ ထားရှိတဲ့သဘောတူညီမှုဖြစ်တယ်ဆိုတာကို တရုတ်ရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရွှီကျင်းက နေပြည်တော်မှာ လုပ်ခဲ့တဲ့ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေရဲ့ မှတ်ချက်ပြုအခမ်းအနားမှာ ပြောခဲ့တာပါ။

တရုတ်အစိုးရက မြန်မာမှာ ပါတီစုံရှိခြင်းကို ထောက်ခံပေမဲ့ တစ်ပါတီတည်းက အုပ်ချုပ်စီမံနိုင်တဲ့ အခင်းအကျင်းကို ပုံဖော်လိုတယ်လို့ စစ်ကော်မရှင်အကြံပေးက ပြောပါတယ်။

တရုတ်လိုချင်တဲ့ မြန်မာပုံစံက အစိုးရအဖွဲ့ကို ပုံပေါ်ဖို့မှာ အခရာကျတဲ့လွှတ်တော်ထဲမှာ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ စစ်တပ်ကို အစဥ်တစိုက်ထောက်ခံမယ့် အရပ်သားကိုယ်စားလှယ် ၂၆ ရာခိုင်နှုန်းရှိဖို့ဖြစ်ပါတယ်။

''သဘောက မြန်မာမှာ ပါတီစုံရှိလို့ရတယ်။ ဒါပေမဲ့ အဆုံးအဖြတ်တွေ ခိုင်မာတည်ငြိမ်ဖို့က ပါတီတစ်ခုတည်းက လွှမ်းမိုးတာမျိုး လုပ်ချင်တာ။ အဲဒါက တရုတ်ရဲ့ တစ်ပါတီစနစ်နဲ့ အတူတူပဲ'' လို့ သူက ပြောပြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တရုတ်ဟာ မြန်မာပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်ကြားဝင်တာတွေရှိပေမဲ့ တိုင်းရင်းသားပါတီတွေကို သီးသန့်အားပေးထောက်ခံတဲ့ မူဝါဒ မရှိသလောက်ဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ ကြံ့ခိုင်ရေးပါတီကို ပိုပြီး အားပေးထောက်ခံသလို အရပ်သားပါတီတချို့ကိုတော့ ဘေဂျင်းကို ခေါ် ပြီး မိတ်ဖွဲ့ထားပါတယ်။

''ဥပမာ - စစ်တပ်နဲ့ နီးစပ်တဲ့ ပြည်ခိုင်ဖြိုးပေါ့။ နောက်ပြီး တိုင်းရင်းသားပါတီထဲမှာမှ တိုင်းရင်းသားအခွင့်အရေးကို သိပ်မအော်ဘဲ တပ်မတော်ရဲ့ မူဝါဒနဲ့ အနီးစပ်ဆုံး မူဝါဒရှိတဲ့ တိုင်းရင်းသားပါတီကို တရုတ်က လိုချင်တာ။ ''

  • တပ်ကိုယ်စားလှယ် ၂၅ % + အရပ်သားကိုယ်စားလှယ်(တပ်ကျောထောက်နောက်ခံပြု) ၂၆ %
  • စုစုပေါင်း - ၅၁ % ( မြန်မာစစ်တပ်ကို ထောက်ခံသူများ)

''တပ်မတော် ၂၅ % က ပုံသေနည်း၊ ပြည်ခိုင်ဖြိုးက ၁၅ % ပဲရရင်တောင်မှ တိုင်းရင်းသားပါတီဘက်က ၁၁ % ရဖို့ပဲ။ အဲဒီ ၁၁ % ရဖို့ တရုတ်က ရှာနေတာ။ တရုတ်ရဲ့ ကွန်မြူနစ်ပါတီ သဘောလိုပဲ။ ပြိုင်ဘက်မရှိဘူး။ အထဲကလူပဲ ပြောင်းမယ်။ ပါတီက မပြောင်းဘူး''

''လူလည်း မပြောင်းဘူး။ ပါတီလည်းမပြောင်းဘူး၊ ဆိုလိုတာက တပ်မတော်သား ၂၅ % ၊ လူပြောင်းနိုင်ပေမဲ့ ပါတီမပြောင်းတာက ပြည်ခိုင်ဖြိုး ၁၅ %၊ ဒါပေမဲ့ တိုင်းရင်းသားဘက်က ၁၁ % ကို သူတို့က အလဲအထပ်လုပ်မယ်။ တပ်မတော်၊ ပြည်ခိုင်ဖြိုးတို့နဲ့ တွဲလုပ်နိုင်တာမျိုး တရုတ်ရှာနေတာ '' လို့ စစ်ကော်မရှင်အကြံပေးက သူသိထားတဲ့ တရုတ်ရဲ့ မြန်မာအပေါ် ပုံသေနည်းကို ရှင်းပြပါတယ်။

''အာဏာကို စစ်ဗိုလ်ချုပ်တွေက ချုပ်ကိုင်မယ်။ လွှတ်တော်က ရွေးကောက်ခံ အရပ်သားအမတ်တွေက ဘတ်ဂျက်နဲ့ ဥပဒေတွေ အတည်ပြုတာကို စီမံဆောင်ရွက်ပေးရမယ်။ စာချုပ်စာတမ်းစီမံကိန်းတွေကို စိစစ်ရမယ်။'' လို့ လွှတ်တော်နဲ့ အစိုးရ အခင်းအကျင်းအပေါ် တရုတ်လိုလားချက်ကို ပြောပြပါတယ်။

ဒီလွှတ်တော်အခင်းအကျင်းကပဲ မြန်မာက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ခိုင်မာတဲ့အာမခံချက်တွေ ပေးနိုင်ရေးအတွက် တရုတ်ကို စိတ်အေးစေမှာဖြစ်ပါတယ်။

''သေချာခိုင်မာတဲ့ ဗဟိုအစိုးရတစ်ရပ် မြန်မာမှာ ဖြစ်ပေါ် စေလိုတဲ့ သဘောထားမျိုးက တရုတ်မှာခိုင်ခိုင်မာမာရှိတယ်'' လို့ စစ်ကော်မရှင် အကြံပေးက သူသိထားတဲ့အချက်ကို ပြောပါတယ်။

တရုတ်အစိုးရဟာ မြန်မာပြည်တွင်းက သူ့ စီမံကိန်းတွေရဲ့ လုံခြုံဘေးကင်းရေးနဲ့ ရေရှည်လည်ပတ်နိုင်ရေးအတွက် ထည့်သွင်းစဥ်းစားမှုတင်မကပါဘူး။

ထိုင်ဝမ်အရေးမှာ ''တရုတ်တစ်နိုင်ငံတည်းမူဝါဒ'' ကို ထောက်ခံမယ့် မြန်မာအစိုးရတစ်ရပ်ကို လိုလားတယ်လို့ မြန်မာက တရုတ်သံရုံးနဲ့ နီးစပ်တဲ့ ဘီဘီစီရဲ့သတင်းရင်းမြစ်က ဆိုပါတယ်။

''NLD အစိုးရတုန်းက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံဖို့ မသေချာဘူးလို့ တရုတ်က အမြဲ သံသယရှိခဲ့တယ်'' လို့ သံရုံးရင်းမြစ်က ပြောပါတယ်။

NLD အစိုးရလက်ထက်က တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်မှု အားနည်းတာကို တရုတ်က စိုးရိမ်ချက်ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေကို စစ်ကော်မရှင်နဲ့ NLD အစိုးရ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းတွေဆီကနေ မကြာခဏကြားရတတ်ပါတယ်။

ဒါပေမဲ့ သူတို့ နှစ်ဖက်ရဲ့ ရှုမြင်ချက်က ကွဲလွဲပါတယ်။ စစ်ကော်မရှင်နဲ့ နီးနီးစပ်စပ်ရှိတဲ့ နိုင်ငံရေးအကဲခတ် အသိုင်းအဝိုင်းက တရုတ်က NLD အစိုးရကိုမယုံကြည်ဘဲ စစ်အစိုးရကိုယုံကြည်တယ်ဆိုတာမျိုး ပြောကြပါတယ်။

NLD အစိုးရ ထိပ်ပိုင်းခေါင်းဆောင်ထဲ ပါဝင်ခဲ့သူတွေကတော့ NLD အစိုးရဟာ တရုတ်ကိုအလိုမလိုက်ဘဲ နိုင်ငံအကျိုးကို ပိုကြည့်ပြီး စီမံကိန်းတွေကို ပိုစိစစ်လို့ တရုတ်က NLD ကို မလိုလားတာလို့ ပြောတာမျိုးဖြစ်ပါတယ်။

ရွေးကောက်ပွဲက စစ်တပ်အတွက် အခွင့်အလမ်းလား

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်အထူးကိုယ်စားလှယ်တို့ ဒီဇင်ဘာ ၂၈ ရက်မှာ နေပြည်တော်မှာ တွေ့ဆုံမှု
ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်အထူးကိုယ်စားလှယ်တို့ ဒီဇင်ဘာ ၂၈ ရက်မှာ နေပြည်တော်မှာ တွေ့ဆုံမှု

မြန်မာအရေးတရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း ကတော့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခဲ့တဲ့ သူ့ရဲ့ မှတ်ချက်မှာ တရုတ်နဲ့ မြန်မာကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို အကောင်အထည်ဖော်နေပြီး မြန်မာကို အကူအညီတွေ ပေးနေတယ်လို့ ထည့်ပြောပါတယ်။

ဒါပေမဲ့ ဘယ်လိုအကူအညီမျိုးတွေဆိုတာကို သူက အသေးစိတ်တော့ ထည့်မပြောပါဘူး။

တရုတ်ရဲ့ စီးပွားရေးအကျိုးအမြတ်အပေါ် အခြေပြုတဲ့ မြန်မာအတွက် မဟာဗျူဟာမြောက်မူဝါဒထဲမှာ မြန်မာက တရုတ်ရဲ့ စီမံကိန်းတွေက အခရာကျပါတယ်။

တရုတ်ဟာ မြန်မာအတွက် အဓိကရင်းနှီးမြှုပ်နှံသူ၊ ကုန်သွယ်ဖက်နဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ဆောင်သူ ဖြစ်လာပါတယ်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံဟာ တရုတ်ရဲ့ ယူနန်ပြည်နယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မေးတင်ထားတဲ့ မြန်မာ့ကမ်းရိုးတန်းအကြား ရုပ်ပိုင်းဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ အချိတ်အဆက်အဖြစ် ဖန်တီးထားပါတယ်။

အဲဒီကနေ မန္တလေးမြို့၊ ရန်ကုန်မြို့နဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့ကို လွှမ်းခြုံထားပါတယ်။

ဒီစင်္ကြံစီမံကိန်းမှာ ရထားလမ်းတွေ၊ ကားလမ်းတွေ၊ ဆိပ်ကမ်းတွေနဲ့ စက်မှုဇုန်တွေလို အရေးပါတဲ့ အခြေခံအဆောက်အဦ စီမံကိန်းတွေ ပါဝင်ပါတယ်။

စစ်ခေါင်းဆောင်အတွက် တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံခွင့်ရရေးက အိပ်မက်သဖွယ်ရှိခဲ့တာလို့ စစ်ခေါင်းဆောင်နဲ့ နီးစပ်သူတွေဆီက ကြားရတတ်ပါတယ်။

အာဏာသိမ်းပြီး ၄ နှစ်ကျော်အကြာမှာ တရုတ်သမ္မတက မြန်မာစစ်ခေါင်းဆောင်ကို ဘေဂျင်းကိုဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအတွက် အရင်ပေးရတဲ့ ကတိကဝတ်က ရွေးကောက်ပွဲလုပ်ပေးမယ် ဆိုတာပါ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ၂၀၂၅ ခုနှစ် ဩဂုတ် ၃၀ ရက်ကနေ စက်တင်ဘာ ၆ ရက်အထိ တရုတ်နိုင်ငံ ခရီးအတွင်း တရုတ်နဲ့ မြန်မာကြား နားလည်မှုစာချွန်လွှာ (MoU) ခုနစ်ခု လက်မှတ်ရေးထိုးခဲ့ပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ လေ့လာရေးအင်စတီကျူ (ISP-Myanmar) ရဲ့ မှတ်ချက်ကတော့ ''အဲဒီခရီးစဥ်က သဘောတူညီမှုတွေဟာ တရုတ်အစိုးရက စစ်ကော်မရှင်ကို မက်လုံးပေးခြင်း'' လို့ သုံးသပ်ပါတယ်။

စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ သြဂုတ်လက တရုတ်နိုင်ငံခရီးစဉ်မှာ မြန်မာစစ်တပ်ရဲ့ စတုတ္ထမျိုးဆက် ထိပ်တန်းအရာရှိတွေဖြစ်လာနိုင်သူတွေကိုပါ ပွဲထုတ်ခဲ့ပါတယ်။ ဒါက တရုတ်နဲ့ ရေရှည်ဆက်ဆံရေးကို ထူထောင်တာလို့ လေ့လာသူတွေက ကောက်ချက်ချကြပါတယ်။

လိုက်ပါသွားသူတွေက ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ဗိုလ်ချုပ် မိုးမြင့်ဆွေ၊ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ဒုတိ​ယဗိုလ်မှူးကြီး ကျော်ဇောရဲ တို့ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာဖို့ ရေပန်းစားသူဖြစ်ပါတယ်။ ဗိုလ်ချုပ် မိုးမြင့်ဆွေက ကိုယ်ရံတော်ဗိုလ်ချုပ်ဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီး ကျော်ဇောရဲက စစ်ခေါင်းဆောင်ရဲ့ အနီးကပ်အကြံပေးဖြစ်ပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ လေ့လာရေးအင်စတီကျူ (ISP-Myanmar) ကတော့ သူတို့ သုံးဦးကို စစ်တပ်ရဲ့ စတုတ္ထမျိုးဆက် ထိပ်တန်းအရာရှိတွေ ဖြစ်လာနိုင်တယ်လို့ တွက်ချက်ထားပါတယ်။

''စစ်ခေါင်းဆောင်က တရုတ်နဲ့ ဆက်ဆံရေးကို စနစ်တကျတည်ဆောက်လိုက်ပြီ။ တရုတ်စကားနားထောင်ပြတယ်။ တရုတ်ကလည်း ရေရှည်ကိုကြည့်တဲ့ မူဝါဒ၊ ဗဟိုခိုင်စေချင်တဲ့ မူဝါဒရှိတယ်။ ဒါကြောင့် တရုတ်နဲ့ မြန်မာစစ်တပ် အကျိုးစီးပွားတူဖြစ်နေတာ'' လို့ တရုတ်သံရုံးနဲ့ နီးနီးစပ်စပ်ရှိတဲ့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

ပြည်တွင်းနိုင်ငံရေးပါတီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကနေ နိုင်ငံရေးကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

အနောက်အုပ်စုကတော့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ''အတုအယောင်'' လို့ ပြောထားပါတယ်။ ရွေးကောက်ပွဲဟာ မြန်မာ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းမဟုတ်ဘူးလို့ အာဆီယံကလည်း အဖွဲ့တစ်ခုလုံးအနေနဲ့ ရှုမြင်ထားပါတယ်။

စစ်တပ်ဟာ သူ့ရဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာကို ဆက်ထိန်းထားနိုင်တဲ့ မျိုးစပ်နိုင်ငံရေးစနစ်ကိုသုံးပြီး အာဏာတရားဝင်ဖြစ်စေဖို့ ရွေးကောက်ပွဲကို အခွင့်အလမ်းအဖြစ်သုံးခဲ့တာလို့ သုံးသပ်ကြပါတယ်။

''ဒီရွေးကောက်ပွဲက စစ်တပ်အတွက် သူ့ရဲ့ နိုင်ငံရေးအာဏာကို အရပ်သားအစိုးရက တဆင့် ကန့်လန့်ကာ နောက်ကွယ်ကနေ ဆက်ပြီး ထိန်းထားနိုင်မယ့် အရပ်သားတစ်ပိုင်းနိုင်ငံရေးစနစ်ကို ပုံပေါ်အောင်လုပ်ဖို့ အခွင့်အလမ်းဖြစ်စေပါတယ်'' ​လို့ တရုတ်- မြန်မာဆက်ဆံရေးကျွမ်းကျင်တဲ့ နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။

တရုတ်အစိုးရက ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးရှေ့ဆက်နိုင်ဖို့ အထူးအရေးကြီးတဲ့ ခြေလှမ်းတစ်ခုအဖြစ် ရှုမြင်ထားပါတယ်။

နိုင်ငံရေးသုတေသီတစ်ဦးဖြစ်တဲ့ ကိုအမရသီဟ ကတော့ Foreign Affairs မဂ္ဂဇင်းမှာရေးတဲ့ သူ့ရဲ့ ''How China Carved Up Myanmar : Beijing's Strategy to Create Stability Through Dependence'' ဆိုတဲ့ သုံးသပ်ချက်ဆောင်းပါးမှာ ရွေးကောက်ပွဲဟာ မြန်မာမှာ အကွဲကွဲအပြဲဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ရေးပါတယ်။

ဒါပေမဲ့ တရုတ်အတွက် မြန်မာနဲ့ ပတ်သက်လို့ စွန့်စားရနိုင်ခြေတွေကိုတော့ လျှော့ချပေးနိုင်မယ့် နည်းလမ်းလို့ ရှုမြင်ထားပါတယ်။

မြန်မာဟာ ကုန်သွယ်ရေး၊ စွမ်းအင်နဲ့ အုပ်ချုပ်ရေးပိုင်းညှိနှိုင်းဆောင်ရွက်မှုအပိုင်းတွေမှာ တရုတ်ကို မှီခိုမှု ကြီးမားနေသရွေ့တော့ တရုတ်ဟာ မြန်မာနဲ့ပတ်သက်လာရင် စိတ်ရှည်ရှည် ဆက်ထားမယ်လို့ ဘေဂျင်းဘက်က ယုံကြည်နေပါတယ်။

တရုတ်က သူ့အပေါ် မှီခိုနေရတဲ့မြန်မာကို အဲဒီမှီခိုမှုအပေါ် အခြေတည်ပြီး တည်ငြိမ်အောင် ဖန်တီးပေးတဲ့ဗျူဟာ ရှိတယ်လို့ နားလည်ရပါတယ်။

ဒီမဟာဗျူဟာက အောင်မြင်ခဲ့ရင် ကမ္ဘာပေါ်က မတည်ငြိမ်ဆုံး နိုင်ငံတွေထဲမှာ တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအတွင်းမှာ တရုတ်ရဲ့ ခြေတံလက်တံ ပိုဆန့်နိုင်မယ့်လမ်းကြောင်းတစ်ခု ပေါ်လာစေဖို့ လမ်းပွင့်သွားမှာ ဖြစ်ပါတယ်။

မီးစတဖက်ရေမှုတ်တဖက် ဘေဂျင်းဗျူဟာ

နေပြည်တော်မှာ ဒီဇင်ဘာလ ၂၈ ရက်တုန်းက ရွေးကောက်ပွဲအပိုင်း ၁ ကို လာလေ့လာတဲ့ တရုတ်အထူးကိုယ်စားလှယ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဓာတ်ပုံ ပုံစာ, နေပြည်တော်မှာ ဒီဇင်ဘာလ ၂၈ ရက်တုန်းက ရွေးကောက်ပွဲအပိုင်း ၁ ကို လာလေ့လာတဲ့ တရုတ်အထူးကိုယ်စားလှယ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

မြန်မာရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဘူးလို့ ပြောနေပေမဲ့ ဘေဂျင်းဟာ စစ်အာဏာပိုင်တွေအပေါ် သြဇာညောင်းရုံတင်မကပါဘူး။ မြန်မာ-တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေ အပေါ်မှာလည်း လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိပါတယ်။

သိမ်းထားတဲ့နယ်မြေတွေကို စစ်တပ်ကို ပြန်ပေးခဲ့ရတဲ့ ကိုးကန့်တပ် - MNDAA နဲ့ တအာင်းတပ် - TNLA တို့က အကောင်းဆုံးဥပမာတွေဖြစ်ပါတယ်။ တချိန်တည်းမှာပဲ သူ့တို့ရဲ့ မဟာမိတ် ညီရင်းအစ်ကိုသဖွယ်ရှိတဲ့ UWSA - '' ဝ'' တပ်ဖွဲ့ အပေါ်မှာလည်း အလုံးစုံချုပ်ကိုင်နိုင်ပါတယ်။

ဒါကိုကြည့်ရင် တရုတ်ဟာ သူ့ရဲ့ သြဇာကို မြန်မာပြည်တွင်းက ဘက်အသီးသီးဆီကို လွှမ်းခြုံထားပါတယ်။

ကြားဝင်စေ့စပ်ရေးနည်းဗျူဟာတွေ၊ စီးပွားရေးသြဇာလွှမ်းမိုးမှုတွေကို သုံးသလို အာရှက ပါဝါအရှိဆုံးနိုင်ငံဆိုတဲ့ အားကိုလည်း သုံးပါတယ်။ ဒါပေမဲ့ တရုတ်ဟာ မြန်မာနဲ့ပတ်သက်ရင် ဗဟိုအားကောင်းခိုင်မာမှ သူ့ရဲ့ အကျိုးစီးပွားတွေ အာမခံချက်ရှိမယ်ဆိုတဲ့ အချက်ကိုပဲ အာရုံစိုက်ပါတယ်။

တရုတ်အတွက်တော့ မြန်မာ့အရေးနဲ့ပတ်သက်လာရင် ကိုင်တွယ်ဖို့ရာမှာ နည်းနာနိဿယတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဒီနည်းနာတွေဟာ ထိန်းမနိုင် သိမ်းမရ အခြေအနေကိုလည်း ချက်ချင်း ပြောင်းလဲသွားနိုင်တဲ့အခြေအနေ ရှိနေတယ်လို့ ကိုအမရသီဟက သူ့ရဲ့ဆောင်းပါးမှာ သုံးသပ်ထားပါတယ်။

တရုတ်ဟာ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေ အားရှိဖို့ အပေးအယူတွေ လုပ်လေလေ၊ ဗဟို တနည်းအားဖြင့် နေပြည်တော်ရဲ့အာဏာကို လျော့ပါးစေလေလေ ဖြစ်နိုင်တယ်လို့ နားလည်ရပါတယ်။

ဗဟိုအစိုးရအားနည်းမှုဟာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု မြင့်လာတာ၊ ဒုက္ခသည်တွေတိုးလာတာ၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စည်းဝါးလွတ်အားပြိုင်မှုတွေကို တန်မပြန်နိုင်တာမျိုးလို နိုင်ငံကို အလုံးစုံ ပျက်စီးမှုကို မီးထိုးပေးသလိုဖြစ်စေနိုင်တယ်လို့လည်း ကိုအမရသီဟ က သုံးသပ်ပါတယ်။

ဒါကြောင့်ပဲ တဖက်ကကြည့်ရင် တရုတ်ဟာ ဗဟိုအစိုးရ အားကောင်းစေရေးလမ်းကြောင်းကို ပိုရပ်နေတယ်လို့ မြင်ရပါတယ်။

''ဘာပဲဖြစ်ဖြစ် ဘေဂျင်းဘက်ကတော့ ဖယိုဖရဲဖြစ်နေတဲ့ မြန်မာမှာ သူလိုချင်တာရဖို့ ကြိုးတန်းပေါ်မှာ ဟန်ချက်ညီညီလမ်းလျှောက်နိုင်ရေး လောင်းကြေးထပ်နေဆဲဖြစ်ပါတယ်'' လို့ ကိုအမရသီဟက Foreign Affairs က သူ့ရဲ့ ဆောင်းပါးမှာ ကောက်ချက်ချထားပါတယ်။