မြစ်ဆုံစီမံကိန်းကို စာချုပ်ပြင်ပြီး ပြန်အသက်သွင်းဖို့ စစ်ကော်မရှင်ကြိုးပမ်း

မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမာကျားနဲ့ မြစ်ဆုံဆည်ဆန့်ကျင်ရေးဆန္ဒပြမှုများ သရုပ်ဖော်ပုံ

လူထုဆန့်ကျင်မှုတွေကြောင့် ဆယ်စုနှစ် တစ်ခုကျော်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၆ ခုနှစ်မှာ ပြန်အသက်သွင်းဖို့ စစ်ကော်မရှင်က ခြေလှမ်းပြင်နေပါပြီ။

စစ်ကော်မရှင်ရဲ့ ဒုတိယစစ်ခေါင်းဆောင်က ၂၀၂၅ ဒီဇင်ဘာ ၁၆ ရက်က သူ့ရဲ့ မြစ်ကြီးနားခရီးစဥ်မှာ စီမံကိန်းကို ပြန်စဖို့ ပြင်ဆင်ထားချက်တွေကို ကချင်အရပ်ဘက်အဖွဲ့ ခေါင်းဆောင်တချို့နဲ့ မြို့ခံတချို့ကို ရှင်းပြခဲ့ပါတယ်။

ဆည်ရဲ့အမြင့်ကို လျှော့ချပြီး ဆည်ရဲ့ငလျင်ဒဏ်ခံနိုင်တဲ့ပမာဏကို တိုးမြှင့်တည်ဆောက်ဖို့ စစ်ကော်မရှင်အာဏာပိုင်တွေက ပြင်ဆင်ထားတယ်လို့ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့သူက ဘီဘီစီကို ပြောပါတယ်။

''ရွေးကောက်ပွဲပြီးတာနဲ့ ၂၀၂၆ ခုနှစ်မှာ ပြန်စဖို့ သူတို့(စစ်ကော်မရှင်)နဲ့ တရုတ်ဘက် နားလည်မှုစာချွန်လွှာ ထိုးပြီးကြပြီလို့သိရတယ် '' လို့ စီမံကိန်းပြန်လည်စတင်မယ့်အခြေအနေကို သိရှိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကော်မရှင်က မြစ်ဆုံပြန်စရေး ကို ဘယ်လိုပုံစံ ပြင်ဆင်နေပါသလဲ။ ဒီအပေါ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားဒေသခံတွေကရော ဘယ်လိုတုံ့ပြန်ကြလဲ။

၂၀၀၆ ခုနှစ်ကာလ ကနဦးစာချုပ်အရ တရုတ်ကုမ္ပဏီကတည်ဆောက်မယ့်ပုံစံ

ဓာတ်ပုံ ရင်းမြစ်, ISP MYANMAR

ဓာတ်ပုံ ပုံစာ, ၂၀၀၆ နှစ်ကုန် ကနဦးသဘောတူညီမှုအရ တရုတ်ကုမ္ပဏီကတည်ဆောက်မယ့်ပုံစံ

ဒီဇင်ဘာ ၁၆ မြစ်ကြီးနားအစည်းအဝေးမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ''မန္တလေးငလျင်ကြီး လှုပ်ခတ်မှု ပမာဏထက် ပိုမိုခံနိုင်ရည်ရှိတဲ့ ဒီဇိုင်းကို Asia Charter Professional Engineer (ACPE)အဖွဲ့က ပညာရှင်တွေနဲ့ အကြံပြု တွက်ချက်ပေးသွားမှာဖြစ်ပါတယ်'' လို့ ပြောပါတယ်။

စစ်ကော်မရှင်အပြောအရ ကနဦး စီစဥ်ထားတဲ့ ကွန်ကရစ်ကျောက်ဖြည့်တမံ (Concrete Face Rockfill Dam – CFRD) အမျိုးအစားဆည်ကိုမှ ငလျင်အင်အားအဆင့် ၈ မဂ္ဂနီကျု ကျော်အထိ ခံနိုင်တဲ့ပမာဏနဲ့ တည်ဆောက်မယ်လို့ ဒုတိယစစ်ခေါင်းဆောင်က ပြောပါတယ်။

''တပ်ချုပ်ကြီးက ၈ ဒသမ ၅ မဂ္ဂနီကျူ ငလျင်ပြင်းအားအထိ ခံနိုင်အောင် တည်ဆောက်ဖို့ ပြောထားတယ်လို့ ဒုချုပ်ကတော့ အစည်းအဝေးမှာ ပြောလာတယ်။ တခြားသူတို့ပြောဆိုချက်တွေအရ သူတို့ ဆက်လုပ်မှာတွေ အားလုံးစီစဥ်ပြီးနေပြီ'' လို့ မြစ်ကြီးနားမြို့ခံ ဘာသာရေးခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြစ်ဆုံဆည်စီမံကိန်းကို ၂၀၂၁ မတိုင်ခင်ရှေ့ပိုင်းကာလတွေမှာ တစိုက်မတ်မတ် လေ့လာခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရပ်ဘက်အဖွဲ့တစ်ခုကတော့ ကွန်ကရစ်ကျောက်ဖြည့်ဆည်တမံပုံစံဟာ မူလကနဦးကတည်းက တည်ဆောက်မယ့် ဒီဇိုင်းဖြစ်တယ်လို့ ပြောပါတယ်။

''အရင်ကတည်းက CFRD နဲ့ ဆောက်ဖို့ လုပ်ထားတာပါပဲ။ မူလဒီဇိုင်းပါ။ CFRD ရဲ့ သဘောက ငလျင်ဒဏ်ခံနိုင်အောင်လို့ ရည်ရွယ်ပြီးဆောက်တာပါ'' လို့ အမည်မသုံးစေလိုတဲ့ အဲဒီအဖွဲ့က ပညာရှင်တစ်ဦးက ပြောပြပါတယ်။

ဧရာဝတီမြစ်ဖျားဒေသရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ ၂၃ မိုင်ခန့် (၃၇ ကီလိုမီတာ) အကွာမှာရှိပါတယ်။ ကချင်ပြည်နယ်ရဲ့ မြောက်ပိုင်းမှာရှိပြီး မလိခနဲ့ မေခမြစ်ပေါင်းဆုံတဲ့ နေရာမှာတည်ဆောက်ဖို့ ၂၀၀၆ ခုနှစ်မှာစတင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်၊ ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ လူထုရဲ့ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရတာ၀န်ကို လွှဲပြောင်းရယူချိန်မှာ စီမံကိန်းပြန်စနိုင်ရေး တရုတ်က လှုပ်ရှားစည်းရုံးခဲ့ပါတယ်။ဒါပေမဲ့ NLD အစိုးရကာလ ၅ နှစ်နီးပါးအတွင်းမှာ စီမံကိန်းပြန်စနိုင်ခဲ့တာ မရှိပါဘူး။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၁၈ ခုနှစ်က သူ့ရဲ့ မြစ်ကြီးနားခရီးစဥ်မှာ မြစ်ဆုံအရေးနဲ့ ပတ်သက်ပြီး ''တပ်မတော်အနေနဲ့ ပြည်သူလူထုရဲ့သဘောထားအတိုင်း ရပ်တည်မယ်''လို့ ပြောခဲ့ဖူးပါတယ်။

ဒါပေမဲ့ စီမံကိန်းရပ်ဆိုင်းပြီး ၁၂ နှစ်ခန့်အကြာ အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှာ အဲဒီအချိန်က စစ်ကော်မရှင်က ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်း အမိန့်ကြေညာစာထုတ်ပြန်ခဲ့ပါတယ်။

ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့မှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီးဌာန ဝန်ကြီးတို့ ဦးဆောင်ပါတယ်။

အဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေက ကူမင်းမြို့အခြေစိုက် တရုတ်ကုမ္ပဏီဖြစ်တဲ့ SPIC Yunnan International Power Investment (SPICYN) ရဲ့ ဦးဆောင်အဖွဲ့နဲ့ပူးပေါင်းပြီး စီမံကိန်းအတွက် သုတေသနလုပ်ငန်းတွေ၊ နည်းပညာနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေကို ဆောင်ရွက်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြထားပါတယ်။

SPICYN ဟာ မြစ်ဆုံစီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့တဲ့ တရုတ်အစိုးရပိုင်၊ တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း(CPI)ကို နာမည်ပြောင်းထားတာတဲ့ SPIC ကုမ္ပဏီလက်အောက်က ဖြစ်ပါတယ်။

အဲဒီဦးဆောင်အဖွဲ့ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မြစ်ဆုံစီမံကိန်းပြန်စသင့်ကြောင်း မကြာခဏဆိုသလို ထုတ်ပြောခဲ့မှုတွေနောက်မှာ ဖြစ်ပေါ်လာတာလို့ တွက်ချက်ကြည့်နိုင်ပါတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရတာကြောင့် လျှပ်စစ်ဓာတ်အား ဖူလုံမှုမရှိဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ပထမဆုံးထုတ်ပြောခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၅ မေလက သူ့အစိုးရအဖွဲ့အစည်းအဝေးမှာလည်း ထပ်ပြောခဲ့ပါတယ်။

"ထင်ရှားသည့်ဥပမာတစ်ခုကို ပြမည်ဆိုပါက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရမှုမရှိပါက မဂ္ဂါဝပ် ၆,၀၀၀ ရရှိမည်ဖြစ်ကြောင်း၊ ရှိပြီးဖြစ်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းတို့ ပေါင်းစပ်လိုက်မည်ဆိုပါက လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန်သည့်အနေအထားသို့ပင် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း" ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလတုန်းက ထပ်ပြောခဲ့တာဖြစ်ပါတယ်။

ဒုတိယစစ်ခေါင်းဆောင်ရဲ့ မြစ်ကြီးနားက တွေ့ဆုံပွဲကို တက်ခဲ့တဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကတော့ စီမံကိန်းပြန်စနိုင်ရေး စစ်ကော်မရှင်က အားစိုက်လုပ်နေပြီလို့ ပြောပါတယ်။

မြစ်ဆုံဆည်စီမံကိန်းကို အစောပိုင်းက ကန့်ကွက်ခဲ့ကြတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရပ်ဘက်အဖွဲ့တွေရဲ့အစီရင်ခံစာတွေအရ စီမံကိန်းကြောင့် ရေနစ်မြုပ်နိုင်တဲ့ ဧရိယာဟာ စင်ကာပူနိုင်ငံအရွယ်အစား ၀န်းကျင်ရှိပြီး လူပေါင်းသောင်းချီ ရွှေ့ပြောင်းရနိုင်တယ်လို့ ဆိုပါတယ်။

ဒါအပြင် စီမံကိန်းဟာ မြန်မာနိုင်ငံရဲ့အရှည်ဆုံး စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောနဲ့ ကီလိုမီတာ ၃၀ (၁၈ မိုင်) လောက်သာ ဝေးတာကြောင့် ငလျင်လှုပ်ခဲ့ရင် ရေကာတာပြိုကျနိုင်တဲ့အန္တရာယ်ရှိနေပြီး ပြိုကျခဲ့ရင်တော့ မြစ်ကြီးနားမြို့ဟာ ရေလွှမ်းမိုးနိုင်တယ်လို့ အစီရင်ခံတွေက ဆိုထားပါတယ်။

ဒုချုပ်ရဲ့ မြစ်ကြီးနားခရီးစဥ်မတိုင်ခင် ပြီးခဲ့တဲ့ နိုဝင်ဘာလက စစ်ကော်မရှင်ရဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ လျှပ်စစ်ဒုဝန်ကြီးဦးအေးကျော်တို့ဟာ မြစ်ဆုံစီမံကိန်းပြန်စနိုင်ရေး မြစ်ကြီးနားက အရပ်ဘက်အဖွဲ့တွေနဲ့ သီးခြားတွေ့ဆုံခဲ့တာလည်းရှိခဲ့ပါတယ်။

''သူတို့ ဆက်တိုက်လာပြီး ဒါကိုပြန်စနိုင်ရေး တောက်လျှောက်တော့ ပြောနေတယ်။ ဗိုလ်ချုပ်ရာပြည့်လာတုန်းက စီမံကိန်း ပါဝါပွိုင့်တွေကို ပရိုဂျက်တာနဲ့ စီမံကိန်းအသေးစိတ်ကို ရှင်းပြခဲ့တာ။ သူတို့လက်ထဲမှာ ပြန်စမယ့် စီမံကိန်းက ပုံပေါ်နေပြီ'' လို့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ ရပ်ထားရတဲ့ မြစ်ဆုံစီမံကိန်းကို ပြန်စနိုင်ဖို့ နဂိုကအတည်ပြုထားတဲ့အမြင့်ထက်နိမ့်ပြီးတော့ ဆောက်လုပ်သွားဖို့ ညှိနှိုင်းမှုတွေရှိထားတယ်လို့ စစ်ကော်မရှင်ရဲ့ မြစ်ဆုံစီမံကိန်းအစည်းအဝေးတွေကို တက်ခွင့်ရခဲ့တဲ့ မြစ်ကြီးနားသတင်းရင်းမြစ်က ဆိုပါတယ်။

''ဟိုးအရင်က အမြင့်ပေ ၇၀၀ ကို အခုပြန်စရင် အမြင့်ပေ ၂၀၀ ပတ်ဝန်းကျင်နဲ့ ဆောက်မယ်လို့ပြောတယ်။ ပြီးတော့ မေခ၊မလိခရဲ့ တည်ရှိမှု ပျောက်သွားစရာမရှိဘူးဆိုပြီး သူတို့( စစ်ကော်မရှင်) က ပြောတယ်'' လို့ သူက ဗိုလ်ချုပ်ကြီးရာပြည့်ရဲ့အစည်းအဝေးမှာ သိရှိခဲ့ရတာကိုပြောပါတယ်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျုရဲ့ တရုတ်ရေးရာဌာန (ISP) Myanmar - China Desk က ၂၀၂၀ ခုနှစ် အောက်တိုဘာလက ဖော်ပြထားချက်အရ

  • ဆည်ဆောက်လုပ်မယ့် နယ်မြေအကျယ်အဝန်း ၁၈,၀၀၀ စတုရန်းမိုင်
  • အထက်ရေလှောင်ကန်ကြီးရဲ့ ရေအမြင့် ၉၈၀ ပေ
  • ဆည်အမြင့် ၅၀၀ ပေ
  • ရေလှောင်ကန်ကြီးရဲ့ အမြင့်ဆုံးထိန်းနိုင်တဲ့ ရေအမြင့် ၉၅၀ ပေ
  • အများဆုံးထိန်းထားနိုင်တဲ့ရေထု ၃၄ ဧကပေသန်း
  • ရင်းနှီးမြှုပ်နှံမှု ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ
ကနဦးစာချုပ်အရ တရုတ်ကုမ္ပဏီနဲ့ မြန်မာအကြား အကျိုးအမြတ်ခွဲဝေမှုပုံစံ

ဓာတ်ပုံ ရင်းမြစ်, ISP MYANMAR

ဓာတ်ပုံ ပုံစာ, ကနဦးစာချုပ်အရ တရုတ်ကုမ္ပဏီနဲ့ မြန်မာအကြား အကျိုးအမြတ်ခွဲဝေမှုပုံစံ

မြစ်ဆုံစီမံကိန်းကို မဖြစ်မနေ ပြန်လည်စတင်လာမယ်ဆိုရင် ကချင်ပြည်နယ်အတွင်းက သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတွေနဲ့ လူထုက ဆက်လက်ကန့်ကွက်မှုတွေ လုပ်ဆောင်လာနိုင်တယ်လို့ မြို့ခံဘာသာရေးခေါင်းဆောင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

''သူတို့(စစ်ကော်မရှင်)ကို အစည်းအဝေးတိုင်းမှာ ပြောထားတယ်။ တစ်မြို့လုံးက လူတွေရဲ့ သဘောထားဆန္ဒကို ခံယူပါ။ လူထု သဘောတူမှလုပ်ပါလို့ အကြိမ်ကြိမ်တင်ပြထားတယ်။ သူတို့မလုပ်ရင်တော့ လူထုက သူတို့ ဘာမှသေချာမသိရင် ကန့်ကွက်မှုတွေရှိမှာပဲ'' လို့ ဘာသာရေးခေါင်းဆောင်က ပြောပါတယ်။

ISP Myanmar - China Desk ရဲ့ အချက်အလက်အရ ၂၀၀၆ ခုနှစ်မှာ CPI ကုမ္ပဏီ (SPIC လို့ပြောင်းလဲထား)နဲ့ MOEE (လျှပ်စစ်စွမ်းအားဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနဲ့ ရေအားလျှပ်စစ်ဌာန)တို့ နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ထိုးခဲ့ကြပါတယ်။

၂၀၀၉ ခုနှစ်မှာတော့ BANCA ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုအစီရင်ခံစာ (EIA) ထွက်ရှိပြီးတော့ နားလည်မှုစာချွန်လွှာကို အပြီးသတ်လက်မှတ်ထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ၂၀၀၉- ၂၀၁၀ မှာတော့ စီမံကိန်းနဲ့ မလွတ်ကင်းတဲ့ကျေးရွာတွေကို စတင်ရွှေ့ပြောင်းပြီး တည်ဆောက်ရေးစီမံကိန်းအဆင့် ၁ ကို စတင်ခဲ့ကြရာ လုပ်ငန်းခွင်အတွင်း ပေါက်ကွဲမှု လေးကြိမ်ဖြစ်တာကြောင့် လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ပြည်သူလူထု ကန့်ကွက်တာကြောင့် သမ္မတဦးသိန်းစိန်က သူ့အစိုးရသက်တမ်းကုန်ဆုံးတဲ့အထိ စီမံကိန်းကို ရပ်ဆိုင်းကြောင်း ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလကုန်မှာ ကြေညာခဲ့တာကြောင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းထားခဲ့တာ အခုဆိုရင် ၁၄ နှစ်နီးပါး ရှိနေပြီဖြစ်ပါတယ်။

၁၄ နှစ်တာ နီးပါးကာလအတွင်းမှာ ဒေသခံပြည်သူတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေကတော့ စီမံကိန်းအကောင်အထည်ဖော်မယ်ဆိုရင် ဧရာဝတီမြစ်စနစ်အပေါ် ရေရှည်အန္တရာယ်တွေဖြစ်နိုင်တယ်ဆိုပြီး ကန့်ကွက်ထားကြပါတယ်။

တဖက်က စစ်တပ်ကို ထောက်ခံအားပေးသူတွေကတော့ ရေအားလျှပ်စစ်စီမံကိန်းဟာ မြန်မာရဲ့ လျှပ်စစ်ဓာတ်အားမလုံလောက်မှု ပြဿနာကို လျှော့ချပေးနိုင်မယ်လို့ ပြောနေကြတာပါ။

အရင်သဘောတူညီချက်တွေအရ စီမံကိန်းက ထုတ်လုပ်မယ့် လျှပ်စစ်ဓာတ်အား အများစုကို တရုတ်နိုင်ငံကို တင်ပို့ဖို့ ရည်ရွယ်ထားပြီး မြန်မာပြည်သူတွေအတွက် အကျိုးကျေးဇူး မမျှတနိုင်ကြောင်းကိုလည်း ထောက်ပြထားကြပါတယ်။

နိုဝင်ဘာလက ဗိုလ်ချုပ်ကြီးရာပြည့်ရဲ့ မြစ်ကြီးနားမြို့က မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ အစည်းအဝေးကို တက်ခဲ့တဲ့ မြစ်ကြီးနားမြို့ခံသတင်းရင်းမြစ်ကတော့ စစ်ကော်မရှင်နဲ့ တရုတ်ကုမ္ပဏီကြားမှာ အကျိုးအမြတ်ခွဲဝေမှုစာချုပ်ကို ပြန်လည်ပြင်ဆင်ချုပ်ဆိုထားတယ်လို့ သိရှိရကြောင်း ဘီဘီစီကို ပြောပါတယ်။

စာချုပ်ပြင်ဆင်ချုပ်ဆိုတဲ့အချက်ကို သိရှိနိုင်ဖို့ ဘီဘီစီက ဗိုလ်ချုပ်ရာပြည့်နဲ့ လျှပ်စစ်ဒုဝန်ကြီးရဲ့ အစည်းအဝေးကို မြို့မိမြို့ဖတစ်ဦးအနေနဲ့တက်ရောက်ခဲ့တဲ့ မြစ်ကြီးနားမြို့ခံတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

''ဗိုလ်ချုပ်ရာပြည့်နဲ့ လျှပ်စစ်ဒုဝန်ကြီးက စာချုပ်ပြင်ချုပ်ထားတယ်ဆိုတာ ပြောပါတယ်။ အရင်က စာချုပ်အကျိုးအမြတ်က တရုတ် ၉၀ နဲ့ မြန်မာ ၁၀ ရာခိုင်နှုန်းပေါ့၊ အခုတော့ တရုတ် ၆၀ နဲ့ မြန်မာ ၄၀ ရာခိုင်နှုန်းလို့ ပြင်ထားတယ်ဆိုပြီး ပြောတယ်။ ဒါပေမဲ့ ပြည်သူကိုချပြမှ ယုံကြမှာပေါ့၊ သူတို့ ပြောရုံနဲ့ ကျွန်တော်တို့ ဘယ်လိုယုံရမလဲ'' လို့ မြစ်ကြီးနားမြို့ခံက ပြောပါတယ်။

လက်ရှိအချိန်အထိ မြန်မာစစ်ကော်မရှင်အာဏာပိုင်တွေက စီမံကိန်းပြန်စရေး ပြောနေပေမဲ့ စီမံကိန်းရဲ့ စာချုပ်စာတမ်းပြင်ဆင်ချုပ်ဆိုမှု၊ ရပိုင်ခွင့်နဲ့ စီမံကိန်းလည်ပတ်ဆောင်ရွက်မယ့် ပုံစံတွေကို တရားဝင်ချပြပြောဆိုတာ မရှိသေးပါဘူး။

မြစ်ဆုံ စီမံကိန်း ဖျက်သိမ်းရေး ပြပွဲ အခမ်းအနား တခုကို ၂၀၁၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့စဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြစ်ဆုံ စီမံကိန်း ဖျက်သိမ်းရေးပြပွဲ အခမ်းအနား တခုကို ၂၀၁၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့စဉ်

စစ်ကော်မရှင်ရဲ့ အစိုးရအဖွဲ့အာဏာပိုင်တွေကိုင်စွဲပြောနေတဲ့အချက်က မြစ်ဆုံစီမံကိန်းဆောက်လုပ်လိုက်မယ်ဆိုရင် လျှပ်စစ်ဓာတ်အား လုံလောက်ဖူလုံမှုအပြင် နှစ်စဥ်ရေကြီးမှုကြုံနေရတဲ့ မြစ်ကြီးနားနဲ့ ကချင်ပြည်နယ်အတွက် ရေဘေးအန္တရာယ်ကင်းလွတ်သွားမယ်ဆိုတာ ဖြစ်ပါတယ်။

''ဗိုလ်ချုပ်ကြီးရာပြည့်ရော၊ ဒုချုပ်ရောပြောနေကြတာမှာ တူနေတာက ဧရာဝတီမြစ်အထက်မှာ ရွှေတူးတာကြောင့် နုန်းတင်ပြီး မြစ်ကြမ်းပြင်မြင့်တက်လာတယ်။ မြစ်ကြီးနားမြို့ကို ရေလွှမ်းနေတယ်။ ဒါကို ဆည်က ရေလှောင်လိုက်ရင် ဖြေရှင်းပြီးသားဖြစ်မယ်ဆိုပြီး စည်းရုံးကြတယ်'' လို့ အဲဒီအစည်းအဝေး နှစ်ခုလုံးကိုတက်ခဲ့တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

ဒါတင်မက ဧရာဝတီမြစ်တစ်လျှောက် မြစ်ဝကျွန်းပေါ် ပင်လယ်ဝအထိ နှစ်စဉ်နွေမိုးဆောင်းရေပြင်အမြင့် ၁၀ မီတာ အမြဲရှိပြီး ဧရာဝတီတိုင်းဒေသကြီးကနေ မြစ်ကြီးနားထိ မြစ်တွင်းသွား သင်္ဘောကြီး/သင်္ဘောငယ်တွေ သယ်ယူပို့ဆောင်နိုင်မယ်လို့လည်း ပြောဆိုတယ်လို့ ဆိုပါတယ်။

မြစ်ကို ပိတ်ပြီးရေလှောင်လိုက်တဲ့အခါ မြစ်ရဲ့ဂေဟစနစ်ပျက်ယွင်းသွားတာလို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေနဲ့ ဒီအရေးလုပ်ဆောင်သူတွေက တောက်လျှောက်ပြောထားကြတာဖြစ်ပါတယ်။

သယံဇာတ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးဇုန်းသိန်းကတော့ စစ်ကော်မရှင်ခေါင်းဆောင်တွေ ကိုင်စွဲပြောနေတဲ့ အားသာချက်ဆိုတာတွေကို ငြင်းဆိုထားပါတယ်။

''ဇီဝမျိုးကွဲတွေရဲ့အသက်တွေကို ခြိမ်းခြောက်မယ်၊ လူထောင်ချီ ရွှေ့ပြောင်းရမယ်၊ မြစ်ကြောင်းကို မှီခိုနေတဲ့ လူထုရဲ့ စားရေရိက္ခာလုံခြုံရေးကို ခြိမ်းခြောက်မယ့်အပြင် ဆည်အောက်မှာရှိတဲ့လူသန်းချီရဲ့ အသက်အိုးအိမ်ကိုလည်း ခြိမ်းခြောက်ရာ ရောက်ပါမယ်။ ထိလွယ်ရှလွယ်အရပ်မှာ ပဋိပက္ခကို ပိုဆိုးစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်'' လို့ သူက မှတ်ချက်ပြုပါတယ်။

တချိန်တည်းမှာပဲ တည်ဆောက်ရေးနည်းပညာက မြန်မာမှာ မရှိတာကြောင့် တရုတ်စိုက်ထုတ်‌ငွေနဲ့ ဆောက်လုပ်ရမယ်ဆိုရင် ကြွေးမြီထောင်ချောက်ထဲ ကျ‌ရောက်နိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးဇုန်းသိန်းကတော့ တရုတ်နဲ့ စစ်တပ်ကြားမှာ အပေးအယူသဘောရှိနေသလို စစ်တပ်ဟာ သူ့ရဲ့စစ်ရေးအားနည်းချက်ကို နိုင်ငံရေးနည်းလမ်းနဲ့ အသာစီးယူဖို့ပြင်လာတာလို့ သူ့အမြင်ကို ပြောပါတယ်။

တရုတ်က မြန်မာနိုင်ငံရေး အကျပ်အတည်းကို အခွင့်ကောင်းယူပြီး စီမံကိန်းတွေ ပြန်စဖို့ကြိုးစားလာသလို စစ်တပ်ကလည်း ရှမ်းမြောက်က နေရာတွေကို တရုတ်အကူအညီနဲ့ ပြန်ရခဲ့တာကြောင့် တရုတ်လိုချင်တာပြန်ပေးရမှာမျိုးလို့ ကောက်ချက်ချပါတယ်။

''သူတို့ အဲဒီမှာ ဘယ်လိုမှ အစိုးမရဘူး။ PDF နဲ့ ကေအိုင်အေတွေက စိုးမိုးဧရိယာဖြစ်နေပြီ။ တရုတ်ကလာမယ်ဆို ကေအိုင်အေအတွက် နည်းနည်းအခက်အခဲရှိတယ်လေ။ အဲဒါကြောင့် စစ်ရေးလည်းပါတယ် လုပ်ချင်တာ။ ကေအိုင်အေက တရုတ်ကို အလျှော့ပေးရမယ်လေ။ ဒါမျိုးတွေ ရှိတယ်'' လို့ ဦးဇုန်းသိန်းက ပြောပါတယ်။

လက်ရှိမှာ ကချင်ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်က ကြိုးပမ်းနေတဲ့ စစ်ဆင်ရေးတွေလည်းရှိနေပါတယ်။ ကချင်ဒေသရဲ့ နိုင်ငံအဆင့် စီမံကိန်းတွေဟာ KIA/KIO ရဲ့ သဘောထားအပေါ်မှာ မူတည်တယ်လို့ ကချင်လူထုအများစုက ခံယူလက်ခံထားတဲ့ အခြေအနေရှိနေပါတယ်။

၂၀၁၇၊ ၂၀၁၈ ခုနှစ်ကာလတွေက တရုတ်နိုင်ငံဘက်ခြမ်းမှာ ကေအိုင်အေ တာဝန်ရှိသူတွေကို တရုတ်က တွေ့ဆုံချိန်မှာ နေရာအကြားအလပ်မရှိ လျှပ်စစ်မီးရနိုင်မယ့်အခြေအနေကို ဇောင်းပေး ဆွေးနွေးခဲ့ပြီး ကေအိုင်အေရဲ့သဘောထားကို မေးမြန်းခဲ့တယ်လို့ အဲဒီအစည်းအဝေးမှာရှိခဲ့သူတစ်ဦးက ပြောပါတယ်။

''အဲဒီတုန်းက ကေအိုင်အေက တရုတ်ကို ဘာဖြေလဲဆိုတော့ လူထုရဲ့ သဘောထားကိုမေးပါ။ လူထုက သဘောတူရင် ကျွန်တော်တို့ သဘောတူတယ်။ လူထုသဘောမတူရင်၊ ကျွန်တော်တို့သဘောမတူဘူး'' လို့ ကေအိုင်အေ တာဝန်ရှိသူတွေက ပြန်ပြောခဲ့တယ်'' လို့ အဲဒီအစည်းအဝေးမှာရှိခဲ့သူက ပြန်ပြောပြပါတယ်။

စစ်ကော်မရှင်က ၂၀၂၆ ခုနှစ်မှာ မြစ်ဆုံစီမံကိန်းပြန်စဖို့ပြင်ဆင်လာတာနဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်(KIA/KIO)ရဲ့သဘောထားကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။

'' KIA/KIO အနေနဲ့ ပြည်သူလူထုကို အားကိုးပါတယ်။ ပြည်သူလူထုက လက်မခံဘူး၊ ကန့်ကွက်မယ်လို့ ယုံကြည်ပါတယ်။ လူထုက လက်မခံတာကို ကျွန်တော်တို့ လက်မခံပါဘူး'' လို့ ကေအိုင်အေပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။