စစ်တပ်ပြင်တဲ့ရွေးကောက်ပွဲနဲ့ တရုတ်ဖိအား

တရုတ်လိုလားတဲ့ရွေးကောက်ပွဲကို စစ်ခေါင်းဆောင်ပြင်နေရလား

ဓာတ်ပုံ ရင်းမြစ်, BBC

ဓာတ်ပုံ ပုံစာ, တရုတ်လိုလားတဲ့ ရွေးကောက်ပွဲကို စစ်ခေါင်းဆောင်ပြင်နေရတာလား

၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က တစ်လအတွင်းမှာ ၃ ကြိမ်ထက်မနည်း ပြောခဲ့ပါတယ်။

စစ်ခေါင်းဆောင် ရွေးကောက်ပွဲစကား ပြောတဲ့ကာလတွေက တရုတ်နဲ့ တစ်နည်းနည်း ဆက်စပ်နေတဲ့ ကာလံဒေသံတွေ ဖြစ်နေတာက တရုတ်ကဖြစ်စေချင်တဲ့ရွေးကောက်ပွဲဖြစ်နေသလားဆိုတဲ့မေးခွန်းတွေထွက်လာစေပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက ရှေ့လုပ်ငန်းစဥ် ၅ ရပ်နဲ့ ရွေးကောက်ပွဲပြန်ကျင်းပပြီး အနိုင်ရပါတီကို နိုင်ငံတော်တာဝန်အားလွှဲအပ်မယ်လို့ ဖော်ပြခဲ့ပါတယ်။

‘’ရွေးကောက်ပွဲလုပ်ပေးမယ်’’ ဆိုတဲ့အသုံးအနှုန်းကို စစ်ခေါင်းဆောင်က ရုရှားမီဒီယာတွေအပါအဝင် အလျဥ်းသင့်ချိန်တိုင်း ၅ ကြိမ်ထက်မနည်း ပြောခဲ့ပါတယ်။

ဒါပေမဲ့ ကာလအချိန်အတိအကျနဲ့ ထုတ်ပြောတာက ၂ ကြိမ်သာရှိပါတယ်။

ပထမအကြိမ် ၂၀၂၁ ဒီဇင်ဘာက မင်္ဂလာဒုံတပ်နယ်မှာ ဆေးတပ်အရာရှိတွေနဲ့ တွေ့ချိန် '' ၂၀၂၃ သြဂုတ်မှာ ရွေးကောက်ပွဲကျင်းပမယ်'' ဆိုပြီးပြောခဲ့ပါတယ်။ ဒါပေမဲ့ သူ့ ပြောဆိုချက်အတိုင်းဖြစ်‌မြောက်မလာခဲ့ပါဘူး။

ရွေးကောက်ပွဲကျင်းပမယ်လို့ အချိန်ကာလနဲ့ထုတ်ပြောချိန်မှာရော တရုတ်ဖိအားနဲ့ ဘယ်လောက်ချိတ်ဆက်နေလဲ။

စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲစကား၊ ရွေးကောက်ပွဲသဘောထား

၂၀၂၀ ရွေးကောက်ပွဲတုန်းကမဲထည့်နေတဲ့ စစ်ခေါင်းဆောင်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၂၀ ရွေးကောက်ပွဲတုန်းကမဲထည့်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

အာဏာသိမ်း ၃ နှစ်ခွဲအတွင်းဖြစ်နေတဲ့ပဋိပက္ခတွေကနေ မြန်မာဟာ ထွက်ပေါက်မဲ့လာသလို ထွက်ပေါက်ကိုလည်း ငြင်းဆန်နေတဲ့သဘောရှိတဲ့ စစ်ခေါင်း‌ဆောင်ကို တရုတ်က စိတ်ပျက်နေတယ်ဆိုတဲ့အသံတွေက တရုတ်ထောက်လှမ်းရေး နဲ့နီးကပ်တဲ့ မြန်မာအကဲခတ်တချို့ဆီက ကြားလာရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တရုတ်နဲ့ စစ်ကောင်စီကြားဆက်ဆံရေးကို ထဲထဲဝင်ဝင်သိထားတဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်ကတော့ တရုတ်ကို စိတ်ပျက်စေတဲ့အဓိက အချက် ၂ ချက်ရှိတယ်လို့ ပြောပါတယ်။

‘’Efficiency & Governance issue ပေါ့။ နစကရဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာအားနည်းတာနဲ့ (အုပ်ချုပ်မှု) Governing မလုပ်နိုင်တာရယ်ကို တော်တော်ဘဝင်မတွေ့ဘူးလို့ ဘေဂျင်းအစိုးရဘက်ကပြောတယ်။ နစကခေါင်းဆောင် ကို တိုင်းပြည်တည်ငြိမ်အောင်မလုပ်နိုင်တဲ့ Incapable leader လို့ မြင်နေတယ်’’ လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ် နိုင်ငံရေးအကဲခတ်က ပြောပါတယ်။

နအဖခေါင်းဆောင်ဟောင်း ဦးသန်းရွှေကို နေပြည်တော်မှာ တရုတ်ဘက်က မကြာခဏသွားတွေ့သလို သမ္မတဟောင်း ဦးသိန်းစိန်ကို ဆွဲထုတ်လာတာက စစ်ခေါင်းဆောင်ကို ကျော်လွန်စဥ်းစားတာဆိုတဲ့ အများမြင်သာတဲ့အချက်ထက် ပိုနေပါတယ်။

‘’တရုတ်က မြန်မာမှာဖြစ်နေတဲ့ စစ်ရေးနဲ့ နိုင်ငံရေးအပြင် လူထုထောက်ခံမှုကို ဟန်ချက်ညှိပြီး သူတင်တဲ့လမ်းကြောင်းကို ခပ်မြန်မြန်သွားစေချင်တာ’’ လို့ တရုတ်နဲ့ စစ်ကောင်စီဆက်ဆံရေး အခြေအနေကို သိရှိထားတဲ့ စစ်ကောင်စီနဲ့ နီးစပ်တဲ့အကြံပေးတစ်ဦးက ပြောပါတယ်။

၂၀၂၂ ဒီဇင်ဘာက မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် ဖြစ်လာတဲ့ မစ္စတာတိန့်ရှီကျွင်း ကို စစ်ခေါင်းဆောင်က ၁ နှစ်ခွဲ ကာလအတွင်း သူရောက်လာခဲ့တဲ့ ၇ ကြိမ်ထက်မနည်း အချိန်တိုင်းမှာ တောက်လျှောက် လက်ခံတွေ့ဆုံခဲ့တာပါ။

ဒါပေမဲ့ ၂၀၂၄ ဇွန်လ မစ္စတာတိန့်ရှီကျွင်း လာရောက်ချိန်မှာတော့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ပဲ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က တပ်နယ်လို့ ခေါ်ကြတဲ့ မိတ္ထီလာကို ရောက်နေခဲ့ပါတယ်။

‘‘နစကဥက္ကဋ္ဌ ရဲ့ မိတ္ထီလာခရီးက တိန့်ရှီကျွင်းကို ရှောင်တာပါ’’ လို့ စစ်ကောင်စီနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိသူ တစ်ဦးက ပြောပါတယ်။

အကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ကို တရုတ်ဘက်က တောက်လျှောက်တောင်းနေသလို စစ်ခေါင်းဆောင်ကိုလည်း နိုင်ငံရေးအပြောင်းအလဲအတွက် ဖိအားပေးတာမျိုးရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့်ပဲ တိန့်ရှီကျွင်း မြန်မာကို ရောက်နေချိန်နဲ့ အချိန်ကိုက်ပြီး ၂၀၂၅ မှာရွေးကောက်ပွဲလုပ်မယ်လို့ စစ်ခေါင်းဆောင်က အသံထုတ်လိုက်တာလို့ ဆိုပါတယ်။

'' လာမယ့် အောက်တိုဘာလအတွင်း လူဦးရေ နဲ့ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးဆောင်ရွက်နေပြီး လာမယ့်နှစ်အတွင်းလွတ်လပ်ပြီး တရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတယ်'' လို့ စစ်ခေါင်းဆောင်က မိတ္ထီလာက ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ မြို့မိမြို့ဖတွေကို ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲအကြောင်း ဒုတိယအကြိမ်ထပ်ပြောတာက တာဝန်ပြီးဆုံးလို့ပြန်လည်ထွက်ခွာမယ့် တရုတ်သံအမတ်ကြီး ချန်ဟိုင်းနဲ့ စစ်ကောင်စီဥက္ကဋ္ဌ တို့ ဇူလိုင် ၄ ရက် နေပြည်တော်မှာ တွေ့ဆုံချိန်ဖြစ်ပါတယ်။

အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်က တရုတ်ကို ပြန်မယ့်သံအမတ်ကို သတင်းစကားပါးပါတယ်။

အဲဒီနောက်တစ်ရက် ဇူလိုင် ၅ ရက် စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာလည်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်တာတွေကိုအသေးစိတ်ထည့်ပြောပါတယ်။

စစ်ခေါင်း‌ဆောင်ရဲ့ ရွေးကောက်ပွဲအကြောင်းထုတ်ဖော်ပြောဆိုမှုတွေနောက်မှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ တရုတ်ခရီးစဥ်မှာလည်း ရွေးကောက်ပွဲကျင်းပနိုင်ရေးလုပ်နေတယ်လို့ ထပ်ပြောပါတယ်။

တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်ရဲ့ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စ ရှန်ယွဲ့ယွဲ့ နဲ့တွေ့ဆုံချိန်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပြောခဲ့တာပါ။

အဲဒီတစ်ရက်တည်းမှာပဲ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို က ရွေးကောက်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းစဥ်တွေကိုအရှိန်မြှင့်မယ်လို့ပြောတဲ့အကြောင်း နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။

ဇွန်လလယ်ကစလို့ ဇူလိုင်လထဲမှာရွေးကောက်ပွဲလုပ်မယ့်အကြောင်း စစ်ကောင်စီဘက်က ထုတ်ပြောနေမှုဟာ နောက်ထပ် အချက် ၂ ချက်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

၂၀၂၄ ဇူလိုင်လကုန်မှာ စစ်ကောင်စီရဲ့ အရေးပေါ်ကာလ ၆ လသက်တမ်း တိုးထားတာပြည့်မှာဖြစ်သလို ၁၀၂၇ နောက်ဆက်တွဲ စစ်ဆင်ရေးတွေကလည်း ရှမ်းမြောက်မြို့တော်လားရှိုးနဲ့ မန္တလေးတိုင်းအထိ ရောက်နေချိန် ဖြစ်ပါတယ်။

သမ္မတဟောင်းရဲ့ဘေဂျင်းခရီးနဲ့ စစ်ခေါင်းဆောင်ပါးလိုက်တဲ့ သတင်းစကား

ဘေဂျင်းခရီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့တွေ့ခဲ့တဲ့ သမ္မတဟောင်း

ဓာတ်ပုံ ရင်းမြစ်, CCTV

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ဘေဂျင်းခရီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့တွေ့ခဲ့တဲ့ သမ္မတဟောင်း

၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်မယ်ပြောခဲ့တဲ့ စစ်‌ခေါင်းဆောင်ရဲ့ ဇွန်လ ၁၅ ရက်မိတ္ထီလာခရီးရဲ့ နောက် ဇွန်လကုန်မှာ သမ္မတဟောင်းဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဥ်ရှိခဲ့ပါတယ်။

စစ်ခေါင်းဆောင်က သမ္မတဟောင်းကို ဘေဂျင်းသွားဖို့ ခွင့်ပြုခဲ့ပြီး အချက် ၂ ချက်ကို သတင်းစကားပါး ခဲ့တယ်လို့ သမ္မတဟောင်းရဲ့ တရုတ်ခရီးစဥ်အကြောင်း ထဲထဲဝင်ဝင်သိရှိထားသူက ဘီဘီစီကို ပြောပြပါတယ်။

‘’ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် ချမှတ်ခဲ့တဲ့ နှစ် (၇၀) ပြည့်အထိမ်းအမှတ်အခမ်း အနား’’ ကို တက်ရောက်တဲ့ ဦးသိန်းစိန်ကို တရုတ်သမ္မတရှီကျင့်ဖျင်က လှိုက်လှိုက်လှဲလှဲနှုတ်ဆက်ခဲ့ပြီး သူနဲ့ဘေးချင်းကပ်ခုံမှာ နေရာပေးခဲ့ပါတယ်။

သမ္မတဟောင်းဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့လည်း သီးသန့်တွေ့ဆုံခွင့် ရခဲ့ပါတယ်။

မစ္စတာ ဝမ်ယိနဲ့ ဘေဂျင်းမြို့မှာတွေ့ဆုံချိန်မှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအရေးနဲ့ မြန်မာပြည်တွင်းရေးဖြစ်ပေါ် တိုးတက်မှုတွေကိုဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။

မစ္စတာ ဝမ်ယိကတော့ သမ္မတဟောင်းဦးသိန်းစိန်ကို တရုတ်ပြည်သူတွေရဲ့ မိတ်ဆွေဟောင်းလို့ သုံးနှုန်းခဲ့ပါတယ်။ တရုတ်ဘက်က သတင်းထုတ်ပြန်ချက်မှာတော့ မြန်မာပြည်တွင်းအခြေအနေတွေကို ဆွေးနွေးခဲ့တယ်ဆိုပြီး ထည့်သွင်းဖော်ပြတာမျိုးမရှိပါဘူး။

‘’အခုသြဂုတ်မှာ ကြားကာလအစိုးရပြောင်းပြီး ရွေးကောက်ပွဲအတွက်ပြင်ဆင်ဖို့ ဦးသိန်းစိန်ကို တရုတ်ကပြောတယ်။ ဦးသိန်းစိန်က အတွေ့အကြုံရှိတဲ့အတွက် ဒါကိုဦးစီးဦးဆောင်လုပ်ဖို့ဆိုပြီး တရုတ်က တိုက်တွန်းတယ်" လို့ သမ္မတဟောင်းရဲ့တရုတ်ခရီးစဥ်အ‌ကြောင်းသိရှိထားသူက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ သမ္မတဟောင်းက တရုတ်ရဲ့ ဆွေးနွေးချက်ကို တုံ့ပြန်မှုမလုပ်ခဲ့သလို ဦးမင်းအောင်လှိုင်ရဲ့ သတင်းစကား ၂ ချက်အထိုင်ကနေပဲ ပြန်လည်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

‘’ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင် တရားဥပဒေအတိုင်းပဲဆက်လုပ်မယ်ဆိုတာနဲ့ ရွေး‌ကောက်ပွဲလုပ်ပေးမယ် ဆိုတဲ့အချက်ပေါ့။ ဦးမင်းအောင်လှိုင်ပြောလိုက်တာ အဲဒီ ၂ ချက်ပဲ"

‘’ရွေးကောက်ပွဲလုပ်မယ်ဆိုရင် NLD ပါတီ ရွေးကောက်ပွဲဝင်ဖို့ဆိုတာကလည်း တရားဥပဒေအတိုင်းပဲ ဖြစ်မယ်ဆိုပြီး နစကဥက္ကဋ္ဌက ပြောလိုက်တယ်။ ဘာလို့ပြောလဲဆိုရင် NLD ကို သူပဲဖျက်သိမ်းထားတာလေ။ NLD မရှိတော့ဘူးလို့ ပြောလိုက်တာ’’ လို့ သမ္မတဟောင်းရဲ့တရုတ်ခရီးစဥ်အ‌ကြောင်းသိရှိထားသူက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို မနှစ်ခြိုက်တဲ့အဖွဲ့တွေ ရှိမှာကိုလည်း တရုတ်ကမျှော်လင့်ထားပါတယ်။ ဒါပေမဲ့ စစ်ဘောင်ကျယ်တာနဲ့ စစ်ပွဲတာရှည်မှာကို တရုတ်နိုင်ငံက လက်ခံချင်ဖွယ်မရှိတာကြောင့် ဒီနည်းလမ်းကိုတွန်းနေတာလို့ အမြင်ရှိကြပါတယ်။

‘’ရွေးကောက်ပွဲကနေ ရလာမယ့် outcome (ရလဒ်) က အကောင်းဆုံးဖြစ်မှာမဟုတ်ဘူးဆိုတာ တရုတ်ရော အမေရိကန်ရောသိတယ်။ ဒါပေမဲ့ အရပ်သားအစိုးရတစ်ပိုင်း အုပ်ချုပ်မှုပုံစံသစ်တစ်ခုကိုအခြေခံပြီးပြောင်းလိုက်ချင်တာ’’ လို့ တရုတ် - မြန်မာဆက်ဆံရေးကို တောက်လျှောက်လေ့လာနေတဲ့ အကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

မူပြောင်းချဥ်းကပ်တဲ့ဘေဂျင်းအစိုးရ ဒါမှမဟုတ် တရုတ်ဘာကြောင့် မြန်မာ့အရေးဝင်ပါ

နအဖ ခေါင်းဆောင်ဟောင်း ဦးသန်းရွှေ နဲ့ တွေ့ခဲ့တဲ့ တရုတ်သံအမတ်ချန်ဟိုင်း

ဓာတ်ပုံ ရင်းမြစ်, တရုတ်သံရုံး

ဓာတ်ပုံ ပုံစာ, နအဖ ခေါင်းဆောင်ဟောင်း ဦးသန်းရွှေ နဲ့ တွေ့ခဲ့တဲ့ တရုတ်သံအမတ်ချန်ဟိုင်း

၂၀၂၁ အာဏာသိမ်းခါစမှာ လအတော်ကြာအောင် တရုတ်ဟာ မြန်မာစစ်ကောင်စီနဲ့ အဆက်အစပ်မလုပ်ဘဲနေခဲ့ပါတယ်။

၂၀၂၁ ဧပြီမှာ မြန်မာနဲ့ပတ်သက်တဲ့ တရုတ်ရဲ့ မူ (၆) ချက်ကို စပြောခဲ့ပြီး အဲဒီထဲက အဓိကအချက်က ‘’ မြန်မာနိုင်ငံရှိ နယ်ပယ်အသီးသီးသည် နိုင်ငံရေးအရ ဆွေးနွေးမှုများလုပ်ဆောင်ပြီးဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆက်လက်လုပ်ဆောင်ရန်’’ ဆိုတာ ဖြစ်ပါတယ်။

၂၀၂၁ ဧပြီ အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာ့အရေးအစည်းအဝေးမှာ စစ်ခေါင်းဆောင်ကိုယ်တိုင် သဘောတူခဲ့တဲ့ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုလည်း တရုတ်ကတောက်လျှောက်ထောက်ခံခဲ့ပါတယ်။

"မြန်မာနိုင်ငံအခြေအနေဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်နေတာကြောင့် တရုတ်အနေနဲ့ မြန်မာအခြေအနေကိုများစွာဂရုပြုလျက်ရှိပြီးကိုယ်ပိုင်နည်းလမ်းနဲ့ အပြုသဘော ဆောင်တဲ့ အခန်းကဏ္ဍကဆက်လက်ပါဝင်သွားဖို့ ဆန္ဒရှိတယ်" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေးနှစ် ၃၀ ပြည့်အထိမ်းအမှတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်းကဆွေးနွေးညှိနှိုင်းရေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုမဖျက်ရေးစတဲ့ နိုင်ငံရေးချဉ်းကပ်မှုကိုလည်း ၂၀၂၁ နှစ်လယ်ပိုင်းကနေ ၂၀၂၃ အစောပိုင်းကာလအထိ တရုတ်က တောက်လျှောက်ပြောခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၃ မေလ လောက်ကစပြီး တရုတ်ရဲ့ မြန်မာအပေါ် မူပြောင်းလာတယ်လို့ စစ်ရေး/နိုင်ငံရေး နဲ့ တရုတ် -မြန်မာဆက်ဆံရေးကို အထူးပြုလေ့လာတဲ့မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar ရဲ့‘’အထိုင်သစ်ပြန်ချလာသော တရုတ်၏ မြန်မာ့အရေးမူဝါဒ’’ဆိုတဲ့ စာတမ်းမှာ ဖော်ပြပါတယ်။

စစ်ကောင်စီက အရေးပေါ်ကာလကို သက်တမ်းတိုးပြီး နိုင်ငံရေးအခင်းအကျင်းကနေ ထွက်ပေါက် (Exit Strategy) မရှာတော့ဘဲ မထူးဇာတ်ခင်း စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်မှာကို တရုတ်နိုင်ငံက စိုးရိမ်ပုံရတယ်လို့ ဆိုပါတယ်။

‘’ရွေးကောက်ပွဲ ကျင်းပရေးလို နိုင်ငံရေး ထွက်ပေါက်သစ်ကို မြန်မြန်ရှာစေချင်တာဟာ တရုတ်နိုင်ငံရဲ့ မူဝါဒချဉ်းကပ်မှုအသစ်မှာ အဓိကကျလာပုံရတယ်’’ လို့ ISP က ကောက်ချက်ချထားပါတယ်။

၂၀၂၃ အောက်တိုဘာမှာ ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က စတင်တိုက်ခိုက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေက မြို့ ၅၃ မြို့ထက်မနည်းကို သိမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီထဲက ၁၇ မြို့ (၃၂ ရာခိုင်နှုန်း) ဟာ မြန်မာ-တရုတ် နယ်စပ်မြို့တွေဖြစ်ပါတယ်။

မြန်မာ-တရုတ်နယ်စပ် မြန်မာဘက်ခြမ်းမှာ ခရိုင်ကိုးခု ရှိတဲ့အထဲ ခြောက်ခုရဲ့ မြို့တွေကို စစ်ကောင်စီက လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် မူဆယ်ခရိုင်အတွင်းက မြို့လေးခုအထိပါဝင်ပြီး အများဆုံးဖြစ်ပါတယ်။

ISP-Myanmar ရဲ့ အချက်အလက်တွေ အရ မြန်မာတစ်နိုင်ငံလုံးမှာ တရုတ်ကအကောင်အထည် ဖော်နေတဲ့ စီမံကိန်းပေါင်း ၆၆ ခု ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏကိုသိရတဲ့ စီမံကိန်းပေါင်း ၃၀ ရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၅၂ ဘီလီယံကျော် ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် မေ ၇ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေထဲမှာ စီမံကိန်း ခုနစ်ခုနဲ့ တစိတ်တပိုင်းထိန်းချုပ်ထားတဲ့ စီမံကိန်း ၁၃ ခု ရှိနေပါတယ်။

ဒီ စီမံကိန်း အခု ၂၀ ရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံကျော်ဖြစ်ပါတယ်။

တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးတွေရဲ့ တန်ဖိုး ၅၃ ရာခိုင်နှုန်းကျော်ဟာ EAOs တွေရဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲရောက်သွားပါတယ်။

ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းရဲ့ ထက်ဝက်ကျော်ဟာစစ်ဆင်ရေး ၁၀၂၇ ဖြစ်ပွားနေတဲ့ရှမ်းမြောက်ဒေသမှာ ရှိတဲ့အတွက် ဒီစစ်ဆင်ရေးဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားအပေါ် တိုက်ရိုက်သက် ရောက်မှုရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

တဖက်မှာလည်း တရုတ်ရဲ့ မြန်မာမှာ စီးပွားရေးအရရင်းနှီးမြုပ်နှံမှုက အရှေ့တောင်အာရှမှာဆိုရင် လာအိုထက်တောင်နည်းလို့ စီးပွားရေးအကျိုးစီးပွားဆိုတာထက်ပိုတယ်လို့ ရှုမြင်ချက်တွေလည်း ရှိပါတယ်။

ပထဝီနိုင်ငံရေးအရ ကမ္ဘာ့ပြိုင်ဘက်နိုင်ငံတွေလွှမ်းမိုးလာမှာကို တားဆီးဖို့ ဆိုတဲ့အချက်ကလည်း အဓိကပါနေတယ်လို့ တရုတ် - မြန်မာဆက်ဆံရေးကို တောက်လျှောက်လေ့လာနေတဲ့အကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

‘’တရုတ်က မြန်မာကိစ္စကို စီးပွားရေးအရပါနေတာထက် ပိုတယ်။ မြန်မာမှာ မတည်ငြိမ်မှုဖြစ်ရင် မတည်ငြိမ်မှုနဲ့အတူ အမေရိကန်နဲ့ တခြားသောအနောက်နိုင်ငံတွေက ဝင်ပါတာကို သူ့မဟာဗျူဟာအရ မကြိုက်လို့ သူဝင်ကြိုးစားတာ။’’

စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲစဥ်းစားချက်

မိတ္ထီလာမှာ လူထုနဲ့တွေ့ပြီး ရွေးကောက်ပွဲလုပ်မယ်လို့ပြော

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, မိတ္ထီလာမှာ လူထုနဲ့တွေ့ပြီး ရွေးကောက်ပွဲလုပ်မယ်စစ်ခေါင်းဆောင်ပြော

စစ်ကောင်စီဟာ ၂၀၂၄ ဇူလိုင်လကုန် သြဂုတ် ၁ ရက်မှာ ပုံမှန်အတိုင်း ၆ လသက်တမ်း ဆက်တိုးလိမ့်မယ်လို့ စစ်ကောင်စီအကြံပေးတချို့က ပြောပါတယ်။

လက်ရှိ စစ်ကောင်စီ ရဲ့ ၉၀ ရာခိုင်နှုန်း အစိုးရအဖွဲ့အပြောင်းအလဲမရှိသလို တရုတ်လိုလားတဲ့ ကြားဖြတ်အစိုးရလည်း ပေါ်လာဖို့မရှိနိုင်ဘူးလို့ သူတို့က ဆိုပါတယ်။

‘’ဦးမင်းအောင်လှိုင် သဘောကတော့ ကြားဖြတ်အစိုးရလုပ်ဖို့မလိုဘူး။ ၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ပဲ ‌အခုထိ ‌ဆွေးနွေးထားတယ်’’ လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ဆက်ဆံရေးရှိအကဲခတ်တစ်ဦးကပြောပါတယ်။

၂၀၂၄ သြဂုတ် ၁ ရက်မှာ အရေးပေါ်ကာလ ၆ လသက်တမ်းဆက်တိုးဖို့ရှိသလို ၂၀၂၅ မှာရွေးကောက်ပွဲလုပ်မယ်ဆိုတာကြောင့် ၂၀၂၅ ဖေဖော်ဝါရီ အရေးပေါ်ကာလ ၄ နှစ်ပြည့်ချိန်မှာ ရွေးကောက်ပွဲအစီအစဉ်အသေးစိတ်ကို စစ်ကောင်စီကမဖြစ်မနေထုတ်ပြောရမှာဖြစ်ပါတယ်။

‘‘သူ့ဆန္ဒကတော့ ကြေညာပြီးနောက် ၃ လအတွင်း အမတ်တွေမှတ်ပုံတင်မယ်။ နောက် ၃ လမှာကမ်ပိန်းရှိမယ်။ အဲဒါပြီးရင် ‌၂၀၂၅‌ အောက်တိုဘာ ဒါမှမဟုတ် နိုဝင်ဘာမှာ ရွေးကောက်ပွဲဖြစ်မယ်ပေါ့’’ လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ဆက်ဆံရေးရှိတဲ့ မူဝါဒရေးရာအကြံပေးက သူသိထားတဲ့အချက်ကိုရှင်းပြပါတယ်။

ရွေးကောက်ပွဲအတွက်လိုတဲ့ သန်းခေါင်စာရင်းကောက်ယူတာကို ၂၀၂၄ အောက်တိုဘာလမှာစဖို့ ပြီးခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီ ၃၁ ရက် အရေးပေါ်ကာလသက်တမ်း ၆ လတိုးချိန် ကာလုံအစည်းအဝေးကတည်းက စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

ဇူလိုင်မှာလည်းထပ်ပြောပြီး သန်းခေါင်စာရင်းကောက်လို့ရတဲ့ နေရာတိုင်းမှာကောက်မှာဖြစ်သလို နယ်မြေလုံခြုံရေးအရ အကန့်အသတ်ရှိတဲ့နေရာတွေမှာလည်း ဖြစ်နိုင်သမျှကောက်ယူမယ်လို့ ဆိုပါတယ်။

‘‘စစ်ရေးအခြေအနေကြောင့် နေရာစုံက သန်းခေါင်စာရင်းတွေမရနိုင်တာကိုလည်း SAC က မျှော်လင့်ထားတယ်။ ဒါပေမဲ့ အများစုကလည်း စစ်ရှောင်ရင်း SAC အုပ်ချုပ်တဲ့နေရာတွေကို ရောက်လာကြတာ များနေတာကိုလည်း ထည့်တွက်မယ်’’စစ်ကောင်စီနဲ့နီးစပ်တဲ့ဆက်ဆံရေးရှိတဲ့ မူဝါဒရေးရာအကြံပေးက ဆက်ပြောပါတယ်။

‘‘ဒီတော့ နယ်တွေကနေ မြို့ပေါ် ရောက်လာတဲ့ လူတွေကို သီးသန့်သန်းခေါင်စာရင်းကောက်တာမျိုးနဲ့ သူတို့ကို စာရင်းမှာထည့်တွက်ဖို့ဆိုတာကိုလုပ်မှာ’’ လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အကြီးတန်းအရာရှိတစ်ဦးကလည်းအလွတ်သဘော ပြောပြပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌက သန်းခေါင်စာရင်းကောက်ယူပြီးမှ မဲစာရင်းပြုစုတာကို ဆောင်ရွက်သွားမယ်လို့ ပြောထားတဲ့အတွက် ၂၀၂၅ ဇန်နဝါရီမှာမဲစာရင်းထွက်လာဖို့ မျှော်လင့်ထားပါတယ်။

ဒီစာရင်းအရ ရွေးကောက်ပွဲလုပ်လို့ရတဲ့ဒေသမှာ ထွက်ပေါ်လာမယ့် မဲပေးခွင့်ရှိတဲ့လူဦးရေက တဆင့် စစ်ကောင်စီက ပြောင်းသုံးဖို့ပြင်ဆင်နေတဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) စနစ်ရွေးကောက်ပွဲလုပ်မှာဖြစ်ပါတယ်။

မြန်မာမှာ တလျှောက်လုံးက မဲအများဆုံးရသူ အနိုင်ရစနစ် (FPTP) ကို ကျင့်သုံးခဲ့ပြီး ရွေးကောက်ပွဲတွေ လုပ်ခဲ့တာပါ။

‘‘PR က လူဦးရေအချိုးစားနဲ့ ‌မဲပေးတဲ့အရေအတွက်ကို တွက်ချက်တဲ့ စနစ်ဖြစ်တဲ့အတွက် အရင်စနစ်အရ ဆိုရင် လူဦးရေ တစ်ထောင်ရှိတဲ့နေရာမှာ အမတ်က တစ်ယောက်ပဲဖြစ်မယ်။ ဒါပေမဲ့ PR အရဆိုရင် လူဦးရေ ၃ ထောင်ရှိတဲ့နေရာမှာ အမတ် ၃ ယောက်ဖြစ်သွားမယ်’’ လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ဆက်ဆံရေးရှိတဲ့ မူဝါဒရေးရာအကြံပေးက တွက်ချက်ပြပါတယ်။

ပြီးခဲ့တဲ့ အရေးပေါ်ကာလသက်တမ်းတိုးချိန် ဇန်နဝါရီ ၃၁ ရက်ကတော့ လွှတ်တော်မှာရွေးချယ်ခံအမတ်က တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းထက်ပိုတဲ့ ရွေးချယ်ခံအမတ်အရေအတွက်ရဖို့လိုတယ်လို့ စစ်ခေါင်းဆောင်က ပြောထားပါတယ်။

‘‘SAC တွက်ချက်ထားချက်အရ အများစုက ၃၀ ရာခိုင်နှုန်းရမယ်လို့ တွက်ထားတယ်။ အဲဒီ ၃၀ ရာခိုင်နှုန်းက တစ်နိုင်ငံလုံးရဲ့ ၃၀ ရာခိုင်နှုန်းမဟုတ်ဘူး။ မဲပေးခဲ့တဲ့ ဧရိယာစုစု‌ပေါင်းရဲ့ ၃၀ ရာခိုင်နှုန်း‘’

‘‘ဘယ်နေရာတွေ ရွေးကောက်ပွဲကျင်းပနိုင်လဲဆိုတာ မတွက်ဘဲ လူဦးရေ ဘယ်လောက်က မဲပေးနိုင်လဲဆိုတာမျိုး စဥ်းစားထားတယ်’’ လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲစဥ်းစားချက်ကို သိရှိထားသူ ဘီဘီစီရဲ့ ရင်းမြစ်က ပြောပါတယ်။

စစ်ခေါင်းဆောင်က ရွေးကောက်ပွဲအသံပစ်နေပေမဲ့ အာဏာသိမ်းမှုအလွန် နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ် ၁၄ ခု ရှိတဲ့အထဲမှာ ၁၀ ခုမှာ လက်နက်ကိုင်တိုက်ပွဲတွေပြင်းထန်နေပါတယ်။ မြို့နယ်ပေါင်း ၃၃၀ မှာ မြို့နယ် ၂၃၀ ကျော်ကပဋိပက္ခတွေ ဆက်ရှိနေပါတယ်။

‘‘ရွေးကောက်ပွဲ ဘယ်လောက်ဖြစ်တန်ခြေရှိမလဲဆိုတာထက် စစ်ခေါင်းဆောင်မှာ ဘယ်လောက်ဥာဏ်ရှိလဲဆိုတဲ့အပေါ်မူတည်ပြီးတိုင်းပြည်ဘာဆက်ဖြစ်မလဲဆိုတာအဖြေထွက်မှာပဲ'' လို့ အကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။