၁၀၂၇ စစ်ဆင်ရေးကြောင့် ကာလုံအစည်းအဝေး ခေါ်ယူ

အမျိုးသားကာကွယ်‌ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို နိုဝင်ဘာ ၈ ရက်မှာခေါ်ယူ

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, အမျိုးသားကာကွယ်‌ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို နိုဝင်ဘာ ၈ ရက်မှာခေါ်ယူ

တိုင်းပြည်အစိတ်စိတ်အမွှာမွှာကွဲသွားနိုင်ကြောင်း ယာယီသမ္မတပြော

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာဖြစ်ပေါ်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး နဲ့ စစ်ကိုင်းတိုင်းထဲက တိုက်ခိုက်မှုတွေအတွင်း မြို့တချို့ နဲ့ တပ်စခန်းတွေ အသိမ်းခံရပြီးတဲ့နောက်မှာ စစ်ကောင်စီက အမျိုးသားကာကွယ်‌ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဒီကနေ့ နိုဝင်ဘာ ၈ ရက်မှာ ခေါ်ယူလိုက်ပါတယ်။

‘လိုအပ်တဲ့ လက်တုံ့ပြန်မှုတွေလုပ်သွားမယ်’ လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေဟာ မြောက်ပိုင်းမဟာမိတ်တပ်သုံးဖွဲ့အပြင်ကချင်လွတ်လပ်ရေးတပ် KIA နဲ့ PDF တွေပါ ပါဝင်ပြီး ဝ တပ်ဖွဲ့ UWSA ကလည်း သူ့နယ်မြေနမ့်တစ် ကို အသုံးချခွင့်ပေးခဲ့တယ် လို့ သူက ပြောပါတယ်။

တရုတ်နယ်စပ်မှာဖြစ်ပေါ်နေတဲ့ ဒီတိုက်ပွဲတွေကြောင့် အထူးကန့်သတ်ထိန်းသိမ်းဆောင်ရွက်ခဲ့ရပြီး နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်စေနိုင်တယ် လို့ စစ်ခေါင်းဆောင် က ပြောပါတယ်။

တရုတ်နိုင်ငံထဲကို ကျည်ကျတယ်ဆိုတဲ့ ပြောဆိုချက်တွေကြောင့် နှစ်နိုင်ငံတာဝန်ရှိသူတွေ ဖြေရှင်းဆောင်ရွက်နေကြရတယ်လည်းဆိုပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ရှမ်းမြောက်တိုက်ပွဲတွေ အစက မူးယစ်ဆေးဝါး ပြဿနာလို့ အဓိကပြောပြီး ရဲတပ်ဖွဲ့ကို စွမ်းရည်မြှင့်ရမယ် လို့ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ‘လိုအပ်တဲ့ လက်တုံ့ပြန်မှုတွေလုပ်သွားမယ်’ လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောပါတယ်။

မူးယစ်ဆေးဝါးကရရှိတဲ့ငွေ နဲ့ MNDAA က လက်နက်ကိုင်လမ်းစဉ်ကို အသက်ဆက်နိုင်ခဲ့တယ် လို့ သူက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လွန်ခဲ့တဲ့ ၁၇ နှစ်အတွင်း လောက်ကိုင်ဒေသကနေကျပ် ၇၁ ဘီလီယံကျော်ဖိုး မူးယစ်ဆေးဝါးတွေဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။

လက်ရှိရှမ်းမြောက် တိုက်ပွဲတွေမှာ MNDAA က တရုတ်နိုင်ငံကထုတ်တဲ့ ကုန်ထုတ်လုပ်ငန်းသုံး ဒရုန်းတွေကို အသုံးပြုခဲ့ပြီး ဒီပစ္စည်းတွေက စျေးကွက်မှာအလွယ်တကူ ဝယ်လို့ရတယ်လို့ပြောပါတယ်။

တရုတ်နိုင်ငံက အလေးထားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ကိစ္စတွေကို ကာလုံအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ပြီး လောက်ကိုင်က ဟိုတယ်တွေမှာ အခြေပြုနေတဲ့ တရုတ်နိုင်ငံသား ခုနှစ်ထောင်ဝန်းကျင်ကို တရုတ်နိုင်ငံကို လွှဲအပ်ခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။

ကျန်နေသေးတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း တွေကိုလည်း မြန်မာ - တရုတ် နှစ်နိုင်ငံပေါင်းပြီး ဖမ်းဆီးမယ်လို့ သူကပြောပါတယ်။

လောက်ကိုင် နဲ့ ချင်းရွှေဟော်မှာ ဟိုတယ်အလုံး ၁၅၀ ကျော်ရှိပြီး ၁၂ လုံးပဲ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်မှာ မှတ်ပုံတင်ထားပြီး ကျန်တဲ့ဟိုတယ်တွေက လောက်ကိုင်ဒေသအုပ်ချုပ်ရေးအဖွဲ့ရဲ့အစီအစဉ် နဲ့ လုပ်ပိုင်ခွင့်မရှိဘဲ ဆောက်ထားကြတာ လို့ သူကပြောပါတယ်။

ဒီဟိုတယ်တွေကို တရုတ်နိုင်ငံသားတွေကပိုင်ဆိုင်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း တွေလုပ်နေကြတာလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒီအစည်းအဝေးကို ကာလုံအဖွဲ့ဝင်တွေ နဲ့ စစ်ကောင်စီဝင်တွေအပြင် အထူးဖိတ်ကြားထားသူအဖြစ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးမြင့်ဆွေ လည်း တက်ရောက်ခဲ့ပါတယ်။

ကာလုံအဖွဲ့ဝင်တွေရဲ့ ရှင်းပြချက်တွေအပြီးမှာ ယာယီသမ္မတ ဦးမြင့်ဆွေက လက်ရှိဖြစ်ပေါ်နေတဲ့ ရှမ်းမြောက်အရေးမှာ ’’တပ်မတော်က အခုလို စွမ်းစွမ်းတမံ မဆောင်ရွက်ရင် တိုင်းပြည်အစိတ်စိတ် အမွှာမွှာ ကွဲသွားနိုင်ကြောင်း’’ ပြောကြားခဲ့ပါတယ်။

ဒီကိစ္စကို သေသေချာချာ စနစ်တကျကိုင်တွယ်ဖို့ လိုတယ် လို့ သူကပြောခဲ့ပြီး ကာလုံအစည်းအဝေးကို မှတ်တမ်းတင်ခဲ့ပါတယ်။

ကိုးကန့်တပ် MNDAA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဘက်ကလည်း ဒီကနေ့ နိုဝင်ဘာ ၈ ရက်ညနေပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ၁၂ ရက်အတွင်း စစ်ကောင်စီ ရဲ့ စစ်ရေးဗျူဟာအရ အရေးပါတဲ့ ဗျူဟာကုန်းတွေ၊ စခန်းကြီး၊ စခန်းငယ်၊ကာကင်းတွေ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်းတွေနဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်းတွေ အပါအဝင် တပ်စခန်းစုစုပေါင်း ၁၅၀ခန့်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

အဲဒီကနေ စစ်ဘက်ဆိုင်ရာလက်နက်ကြီးတွေဖြစ်တဲ့ သံချပ်ကာကားကြီး ၆ စီးနဲ့ ဟောင်ဝစ်ဇာလက်နက်ကြီးတွေကိုသိမ်းဆည်းရမိထားတယ်ဆိုပြီး မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။