မြန်မာရွေးကောက်ပွဲ တရုတ်ဘာကြောင့်ထောက်ခံ

လာမယ့် ဒီဇင်ဘာ ၂၈ ရက် မှာ စတင်မယ့် စစ်ကော်မရှင် ရွေးကောက်ပွဲကို နိုင်ငံတကာမှာ ဝေဖန်မှုတွေ ရှိနေပေမယ့် အိမ်နီးချင်း ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်ကတော့ ထောက်ခံသွားမယ်လို့ တရားဝင်ထုတ်ပြောထားပါတယ်။
အမေရိကန်လွှတ်တော်နဲ့ ယူကေတို့လို ဒီမိုကရေစီနိုင်ငံတွေက မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲကို ကန့်ကွက်နေချိန်မှာ နေပြည်တော်ကစီစဥ်တဲ့ ရွေးကောက်ပွဲကို တရုတ်က တောက်လျှောက်အားပေးနေပါတယ်။
နိုဝင်ဘာ ၁၉ ရက်က မြန်မာ့အရေးဆွေးနွေးကြတဲ့ အမေရိကန်ကွန်ဂရက်မှာ အာဏာရ ရီပတ်ဘလီကန်ပါတီရဲ့ အမျိုးသမီးလွှတ်တော်အမတ် ယန်းကင်မ်က "စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရုတ် နဲ့ ရုရှားရဲ့ လက်ဝေခံ အစိုးရအဖြစ်ဆက်ရှိရေးအတွက်" လို့တောင် ပြောခဲ့ပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မယ်ဆိုတာ အဖြေမပေါ်သေးပေမယ့် အာဏာသိမ်းစစ်တပ်ကိုရော နိုင်ငံရေးပါတီခေါင်းဆောင်တွေကိုပါ တရုတ်က ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ထူထောင်ထားပြီးလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mao Ning Chinese Foreign Ministry Spokesperson
မြန်မာရွေးကောက်ပွဲ တရုတ်မျက်ခြည်မပြတ်

ဓာတ်ပုံ ရင်းမြစ်, MOI
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ နိုဝင်ဘာ ၁၈ ရက်မှာတွေ့ပြီး ရွေးကောက်ပွဲလုံခြုံရေးကိစ္စ မေးမြန်းဆွေးနွေးခဲ့ပါတယ်။
ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတွေ၊ ကြိုတင်ဆန္ဒမဲပေးခြင်းဆိုင်ရာကိစ္စရပ်တွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး စတာတွေကို သံအမတ်ကြီး မစ္စ မာကျားက ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးကို မေးခဲ့တာပါ။
အဲဒီမတိုင်ခင်မှာ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူး ကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ကလည်း "ရွေးကောက်ပွဲအတွက်လိုအပ်တဲ့ ရုပ်ဝတ္ထု ပစ္စည်းအကူအညီ၊ နည်းပညာ အကူအညီတွေပေးအပ်သွားမယ်" လို့ ပြောထားပါတယ်။
အောက်တိုဘာလက နေပြည်တော်မှာ ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA) ၁၀ နှစ်ပြည့်အခမ်းအနားကို တက်ရောက်လာရင်း သူက အဲဒီလိုပြောခဲ့တာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အာဏာသိမ်းမြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ်ရှိခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ မစ္စတာတိန့်ရှီကျွင်း နေပြည်တော်ကို လာရောက်ချိန်မှသာ ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကို အတိအကျထုတ်ပြောခဲ့တာပါ။
အဲဒီအချိန်ကာလဟာ တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာစတင်တဲ့ '၁၀၂၇' စစ်ဆင်ရေးမှာ စစ်တပ်က နယ်မြေတွေဆုံးရှုံးခဲ့တဲ့ နောက်ခံအခြေအနေဖြစ်နေတာလည်း သတိပြုစရာပါ။
ကိုးကန့်တပ် (MNDAA)ရဲ့ ဝင်ရောက်တိုက်ခိုက်လို့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ၂၀၂၄ ဇူလိုင်မှာ လက်လွှတ်ခဲ့ရပြီး ဒါက မြန်မာစစ်တပ်သမိုင်းမှာ ပထမဆုံးအကြိမ် အကြီးမားဆုံးရှုံးနိမ့်မှုဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၅ ရက် ညနေပိုင်းမှာ ပြောတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အရေးပေါ်မိန့်ခွန်းမှာ MNDAA နဲ့ TNLA အသုံးပြုခဲ့တဲ့ Drop Bomb တွေ နဲ့ ရှော့တိုက်ဒုံးတွေဟာ ပြင်ပကြေးစားနည်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး နည်းပညာအရ အဆင့်မြှင့်တင်ထားတာလို့ ထည့်ပြောခဲ့ပါတယ်။
တရုတ်-မြန်မာ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတချို့မှာ လက်နက်ခဲယမ်း စက်ရုံတွေ တည်ထောင်ထားပြီး PDF နဲ့ EAO အဖွဲ့တွေကို ထောက်ပံ့ရောင်းချတာတွေ လုပ်နေတယ်လို့ လည်း သူကပြောခဲ့ပါတယ်။
အဲဒီမိန့်ခွန်းအပြီး ၈ ရက်အကြာ ဩဂုတ် ၁၄ ရက်မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက နေပြည်တော်ကို ရောက်လာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီခရီးစဥ်မှာ မြန်မာရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝမ်ယိက ထောက်ခံခဲ့ပြီး ဒါက ရွေးကောက်ပွဲအပေါ် တရုတ်ထိပ်တန်းခေါင်းဆောင်တစ်ဦးရဲ့ပထမဆုံးအကြိမ် လူသိရှင်ကြားထောက်ခံမှု ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
ဒီတွေ့ဆုံမှုအပြီး မစ္စတာ ဝမ်ယိရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ တရုတ်သံရုံး ရဲ့ ထုတ်ပြန်ချက်မှာတော့ " မြန်မာနိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အောက်တွင် ရှေ့လုပ်ငန်းစဉ် ၅ ရပ်အသစ်ကိုဖော်ဆောင်၍ နိုင်ငံရေးပြန်လည်သင့်မြတ်မှု၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်မှုကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ကာ ရေရှည်တည်ငြိမ်အေးချမ်းသောလမ်းကြောင်းရှာဖွေရေးကို အခိုင်အမာထောက်ခံအားပေးပါကြောင်း" ဖော်ပြခဲ့ပါတယ်။
ဒါဟာ ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပဖို့ တိုက်တွန်းခဲ့တာဖြစ်တယ်လို့ တရုတ်- မြန်မာဆက်ဆံရေးအကဲခတ်တွေက သုံးသပ်ခဲ့ကြပါတယ်။
အဲဒီနောက်မှာ တရုတ်ရဲ့ကြားဝင်မှုနဲ့ စစ်ကောင်စီက လားရှိုးမြို့ကို MNDAA လက်ထဲက ပြန်ရခဲ့သလို၊ "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကလည်း MNDAA၊ တအာင်းတပ် (TNLA) နဲ့ ရှမ်းတပ် (SSPP) တို့ကို လက်နက်ထောက်ပံ့မှု ရပ်တန့်တာတွေ ဒီနှစ်ထဲမှာ ဆက်တိုက် ဖြစ်လာခဲ့ပါတယ်။
အခုဆို စစ်တပ်က TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ နဲ့ သီပေါကို ပြန်ပြီး သိမ်းပိုက်နိုင်ခဲ့ပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကိုတော့ စစ်တိုက်စရာမလိုဘဲ တရုတ်ကြားဝင်မှုနဲ့ စစ်တပ်က လက်လွှဲယူထားပါတယ်။
မြန်မာရွေးကောက်ပွဲအပေါ် တရုတ်ထောက်ခံမှုနဲ့ ပတ်သက်လို့ တရုတ်အရေးလေ့လာစောင့်ကြည့်တဲ့ နိုင်ငံရေးအကဲခတ်တစ်ဦးကတော့ " ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး အပြီးမှာတော့ နယ်စပ် ငြိမ်းချမ်းရေး၊ အပစ်ခတ်ရပ်စဲရေး၊ ကုန်သွယ်လမ်းကြောင်းပြန်ဖွင့်ရေး ချဉ်းကပ်မှုနဲ့ ဟိုင်ဂင်မှာ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်တွေလုပ်ခဲ့တယ်" လို့ ဆိုပြီး မအောင်မြင်ခဲ့ဘူးလို့ ကောက်ချက်ချပါတယ်။
ဒါကြောင့်ပဲ စစ်တပ်က ရွေးကောက်ပွဲလိုတယ်ဆိုတဲ့ စဉ်းစားချက်ကို ပိုပြီးခြေလှမ်းပြင်တာလို့ ဆိုပြီး '' အထူးသဖြင့် ၂၀၂၄ ဩဂုတ်မှာ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်ခရီးအပြီးမှာ အပြောင်းအလဲတွေ ဖြစ်သွားတယ်" လို့ သူက ပြောပါတယ်။
ဒီဇင်ဘာ ရွေးကောက်ပွဲကို ရန်ကုန်တိုင်းကနေ ဝင်ရောက်ဝင်ရောက်ယှဥ်ပြိုင်မယ့် အမည်မသုံးစေလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးကလည်း အလားတူ ပြောဆိုပါတယ်။
သူက တရုတ်အစိုးရရဲ့ ဖိတ်ကြားမှုနဲ့ တရုတ်နိုင်ငံခရီးကို သွားရောက်ထားသူဖြစ်ပါတယ်။
"မြန်မာ့အရေးအခင်းမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ Belt and Road ကို ပြန်လုပ်ချင်တယ်။ သူတို့ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်နေရတာလည်း သူတို့အတွက် ဆုံးရှုံးမှုကြီးတယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေးကိုဖြစ်ချင်တယ်။ ရွေးကောက်ပွဲလုပ်ချင်တယ်" လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USDP
၂၀၂၁ ခုနှစ်နောက်ပိုင်း အေးစက်နေခဲ့တဲ့ နေပြည်တော် နဲ့ ဘေဂျင်းဆက်ဆံရေးဟာ ၂၀၂၅ ခုနှစ်မှာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေတာဖြစ်ပါတယ်။
ရွေးကောက်ပွဲကတိကဝတ်ကို အချိန်အတိအကျပေးပြီးတဲ့နောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နှစ်ကြိမ်တိုင် တွေ့ဆုံပြီးဖြစ်ပါတယ်။
ပထမတကြိမ်ကတော့ မေလက ရုရှားနိုင်ငံမှာ ကျင်းပတဲ့ ရင်ပြင်နီ ချီတက်ပွဲကို တက်ရောက်ရင်း တွေ့ဆုံခဲ့တာပါ။ နောက်တကြိမ်ကတော့ ဩဂုတ်လ ၃၀ ရက်မှာ သမ္မတ ရှီကျင့်ဖျင်ရဲ့ တရားဝင်ဖိတ်ကြားမှုနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။
အဲဒီခရီးစဉ် မတိုင်ခင် ဩဂုတ်လ ၁၈ ရက်မှာပဲ ဒီဇင်ဘာ ၂၈ ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပမယ်လို့ ကြေညာခဲ့တာပါ။
"ရွေးကောက်ပွဲ အစီအစဉ်ကို ပေးနိုင်မှ တရုတ်က ထောက်ခံမယ်ဆိုတာမျိုး" လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခရီးစဉ်ဖိတ်ကြားမှုခံရတဲ့ အထက်မှာဖြေကြားခဲ့တဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောပါတယ်။
အဲဒီနောက်မှာ စစ်ခေါင်းဆောင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တွေ့ဆုံမှုမှာ တရုတ်က ရွေးကောက်ပွဲ အကူအညီပေးမှုအပါအဝင် စစ်ကော်မရှင်နဲ့အတူ ရပ်တည်ကူညီပေးမယ်လို့ အတည်ပြုခဲ့ကြောင်း တရုတ်ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ သတင်းဌာနတွေကို စစ်ကော်မရှင် ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။
တပြိုင်နက်တည်းမှာ တရုတ်က ရွေးကောက်ပွဲနဲ့သက်ဆိုင်သူတွေကို ထိတွေ့ဆက်ဆံမှုတွေ တောက်လျှောက် လုပ်ခဲ့ပါတယ်။
နိုင်ငံရေးပါတီတွေနဲ့ တရုတ်ဆက်ဆံရေး

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ပါတီ
တရုတ်ဟာ ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေအသစ် ကြေညာပြီးချိန်ကစလို့ နိုင်ငံရေးပါတီတွေကို ခရီးစဉ်ဖိတ်ခေါ်မှုတွေ ခပ်စိပ်စိပ်လုပ်ခဲ့တာတွေ့ရပါတယ်။
၂၀၂၃ ခုနှစ်ကစလို့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း တရုတ်ကွန်မြူနစ်ပါတီက ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၁၀ ခုထက်မနည်း တရုတ်နိုင်ငံကို ဖိတ်ခေါ်ခဲ့ပါတယ်။
ဒီနှစ်ထဲမှာတင် ပါတီ ခြောက်ခုလောက်ကို တရုတ်ခရီးစဉ် ဖိတ်ကြားခဲ့တာပါ။
ဒီလိုဖိတ်ခေါ်မှုတွေဟာ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်မှာ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို အမြဲကြိုဆိုနေကြောင်းပြသတာလို့ သုံးသပ်ကြပါတယ်။
"ရွေးကောက်ပွဲကနေတဆင့် လွှတ်တော်ထဲ ဝင်လာနိုင်တဲ့ ပါတီတွေကို တရုတ်က အလေးထားဆက်ဆံနေတာတွေ့ရပါတယ်" လို့ ရွေးကောက်ပွဲမှာ ဝင်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောပါတယ်။
စစ်တပ်ဗိုလ်ချုပ်ဟောင်းတွေရှိရာ USDP ပါတီ နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကတော့ အကြိမ်ရေ အများဆုံး ဖိတ်ကြားခံရတဲ့ ပါတီတွေဖြစ်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်နဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးတို့လည်း တရုတ်ကိုရောက်ပြီးကြပါပြီ။
"တရုတ်က တည်ငြိမ်အေးချမ်းတဲ့ အစိုးရအဖွဲ့၊ နယ်စပ်ဒေသရော ပြည်တွင်းမှာရော တည်ငြိမ်အောင် စွမ်းဆောင်နိုင်တဲ့အစိုးရကို သူတို့လိုချင်တယ်" လို့ တရုတ်ခရီးစဥ်မှာပါဝင်ခဲ့တဲ့ USDP နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေက ပြောပါတယ်။
နောက်ပြီး ရွေးကောက်ပွဲအလွန်ကာလမှာ တရုတ်က အစိုးရတစ်ရပ်တည်းနဲ့ပဲ အချိန်ကာလတစ်ခုအထိ တည်တည်ငြိမ်ငြိမ် လက်တွဲ လုပ်ဆောင်လိုတဲ့သဘောတွေ့ရတယ်လို့ နောက်ထပ် ကိုယ်စားလှယ်လောင်း တစ်ဦးကလည်း ပြောပါတယ်။
" တည်တည်ငြိမ်ငြိမ်နဲ့ ကိုင်နိုင်မယ့် အစိုးရကို သူတို့က လိုချင်တယ်။ ၂၀၁၀ -၂၀၁၅၊ ၂၀၁၅ - ၂၀၂၀ တုန်းကဆို အစိုးရရုတ်တရက် ပြောင်းသွားတဲ့ အချိန်မှာ သူတို့ ဒုက္ခရောက်သွားတာပဲ။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာလည်း စာချုပ်တွေ ချုပ်ကြတာပဲ။ ဒီလိုတွေ ဖြစ်သွားတဲ့ အချိန်မှာ အကောင်အထည်မဖော်နိုင်ဘူးပေါ့။ အဲ့ဒါမျိုးကို အဖြစ်မခံနိုင်တော့ဘူးဆိုတဲ့ သဘောပေါ့ "
"အရပ်သားအစိုးရပေါ်လာရင် အာဏာသုံးရပ် ပြောင်းသွားမယ်ဆိုတာ သူတို့ဘက်က လက်ခံထားတယ်။ တစ်ယောက်ထဲလက်ထဲမှာ ကိုင်ထားတာထက်စာရင် လွှတ်တော်ရှိမယ်၊ အစိုးရရှိမယ်။ အစိုးရအာဏာမှာလည်း လွှတ်တော်နဲ့ အပြန်အလှန်ထိန်းကျောင်းမှု ရှိရင် ပြောရဆိုရ ခက်တဲ့ အနေအထားကနေ လွယ်လာမယ်လို့ သူတို့ ယူဆတယ် " လို့ သူက သုံးသပ် ပြောဆိုပါတယ်။
နောက်ပြီး တရုတ်က နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်တိုင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒါမှမဟုတ် အဖွဲ့ဝင် နှစ်ယောက်ကနေ သုံးယောက်အထိ လိုက်ပါတယ်လို့ နိုင်ငံရေးပါတီတွေဆီက သိရပါတယ်။
တရုတ်လိုလားတဲ့ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ခရီးစဉ်သွားရောက်ခဲ့ဖူးတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေအပြောအရ တရုတ်ဟာ မြန်မာရွေးကောက်ပွဲမှာ အတိုက်အခံပါတီတွေကိုလည်း ရှိစေချင်တယ်လို့ သိရပါတယ်။
ထူးခြားတာကတော့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်က စစ်ခေါင်းဆောင်ရဲ့ ပထမဆုံး တရုတ်ခရီးစဉ် အဖြစ် မဲခေါင်ဒေသအစည်းအဝေးကို မတက်ရောက်ခင် ၁၀ ရက်အလိုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှတ်ပုံတင်လာရင် ခွင့်ပြုပေးဖို့ စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြားထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။
ဒါပေမယ့် ဒါဟာ လက်တွေ့မဆန်ဘူးလို့ ဝေဖန်မှုတွေ ရှိခဲ့သလို NLD ပါတီကလည်း နိုင်ငံရေးပါတီ ပြန်လည်မှတ်ပုံတင်တာ မလုပ်ခဲ့ပါဘူး။
တရုတ်က အတိုက်အခံပါတီတွေကိုလိုလားပေမဲ့ ရွေးကောက်ပွဲကြိုကာလမှာ ပါတီဝင် အင်အားမပြည့်မီလို့ဆိုပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဖျက်သိမ်းခံခဲ့ရပါတယ်။
နောက်ထပ်အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်လည်း ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ညိစွန်းလို့ဆိုပြီး ကိုယ်စားလှယ်လောင်း စာရင်းကနေ ပယ်ဖျက်ခံခဲ့ရပါတယ်။
နိုင်ငံရေးပါတီတွေ ဒီလို လှုပ်ခတ်မှုတွေ ဖြစ်ပြီးတဲ့နောက် နိုဝင်ဘာ ၁၈ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နဲ့ နေပြည်တော်မှာ သွားတွေ့ခဲ့ပါတယ်။
"တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်မဖြစ် လာပြီး စကားပြောတဲ့သဘောလို့ ယူဆတယ်။ မျှမျှတတနဲ့ ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပပေးဖို့ ဆိုတာတွေ ပြောတာဖြစ်နိုင်ပါတယ်" လို့ တသီးပုဂ္ဂကိုယ်စားလှယ်လောင်းတစ်ဦးက သူ့အမြင်ကို ပြောပြပါတယ်။
အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲကို တရုတ်က လိုလားတယ်ဆိုပေမယ့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့တော့ တရားဝင် ထိတွေ့ဆက်ဆံတာတွေ လုပ်တာ မတွေ့ခဲ့ ရပါဘူး။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ထိန်းချုပ်ပြီးနောက် ၂၀၂၄ စက်တင်ဘာ ၄ ရက်က ထုတ် ပြန်တဲ့ MNDAA ရဲ့ ရပ်တည်ချက်တွေကိုကြည့်ရင် ဒါကိုထောက်ပြနေပါတယ်။
ထုတ်ပြန်ခဲ့တဲ့ ရပ်တည်ချက် ၃ ရပ်ထဲက နံပတ် ၂ မှာတော့ NUG နဲ့ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းတာ လုံးဝလုပ်မှာ မဟုတ်ဘူးလို့ ထည့်ပြောခဲ့ပြီး၊ တရုတ်နဲ့ မြန်မာကို ဆန့်ကျင်တဲ့ နိုင်ငံခြားအသိုင်းအဝိုင်းနဲ့ မပူးပေါင်း၊ မဆက်ဆံ၊ မဟာမိတ်မလုပ်ဘူးလို့ ဖော်ပြပါတယ်။
ကိုးကန့်က အခုလိုထုတ်ပြန်တာဟာ တရုတ်နိုင်ငံရဲ့ ဖိအားကြောင့်လို့ သုံးသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပါတယ်။
စစ်ကော်မရှင်က ဒီဇင်ဘာ ၂၈ ရက်မှာ စတင်မယ့် ရွေးကောက်ပွဲအပိုင်း ၃ ပိုင်းကို အပိုင်းလိုက် နှစ်ပတ်စီ ခြားပြီး ကျင်းပမယ်လို့ ကြေညာထားပါတယ်။
စစ်ခေါင်းဆောင်က ဒီရွေးကောက်ပွဲဟာ "လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ကို ဖြစ်ရမယ်" လို့လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ၁၀ နှစ်ပြည့်အခမ်းအနားမှာ ပြောထားပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ်က အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတာ၊ NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ဖျက်သိမ်းခံထားရတာ၊ နောက်ပြီး ရွေးကောက်ပွဲကို ဝေဖန်လို့မရတာကြောင့် ဒီရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
နိုဝင်ဘာ ၁၉ ရက်က မြန်မာ့အရေးဆွေးနွေးကြတဲ့ အမေရိကန်ကွန်ဂရက်မှာ အာဏာရ ရီပတ်ဘလီကန်ပါတီရဲ့ အမတ် ယန်းကင်မ်ကတော့ စစ်ကော်မရှင်ရွေးကောက်ပွဲ နဲ့ ပတ်သက်လို့အတုအယောင် တရားဝင်မှုသာရမယ့် ရွေးကောက်ပွဲလို့ ပြောခဲ့ပါတယ်။
လက်ရှိမြန်မာ့အခင်းအကျင်းမှာ စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲဟာ အကြမ်းဖက်မှုတွေကို ပိုတိုးစေပြီး ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို အဝေးပို့သလိုဖြစ်စေတယ်လို့ မြန်မာ့အရေးဆွေးနွေးတဲ့ ကုလသမဂ္ဂ အထူးကော်မတီ (Third Committee) အစည်းအဝေးမှာ ယူကေ ကိုယ်စားလှယ်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအပေါ် ကွဲပြားခြားနားတဲ့ နိုင်ငံတကာ တုံ့ပြန်မှုတွေရှိနေပေမဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ထောက်ခံမှုကိုတော့ အခိုင်အမာရရှိထားပြီးပြီလို့ စစ်ကော်မရှင်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။












