ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ရွေးကောက်ပွဲ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုသရုပ်ဖော်ပုံ

ဓာတ်ပုံ ရင်းမြစ်, BBC/Getty

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက အများမြင်ကွင်းက ပျောက်ကွယ်နေတာ ငါးနှစ်နီးပါးရှိပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက အများပြည်သူလူထုမြင်ကွင်းကနေ ပျောက်ကွယ်နေတာ ငါးနှစ်နီးပါးရှိပါပြီ။

နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ ဒီမိုကရေစီရေးလှုပ်ရှားမှု ခေါင်းဆောင်အဖြစ် လေးစားခဲ့ကြပါတယ်။

ဒါပေမဲ့ သူ အစိုးရ ဖြစ်လာတဲ့အခါမှာတော့ ရိုဟင်ဂျာအရပ်သားတွေအပေါ် စစ်တပ်က ကျူးလွန်မှုတွေကို ကာကွယ်ပေးခဲ့တယ်ဆိုပြီး ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

နယ်သာလန်နိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ မြန်မာက ခုခံကာကွယ်ခဲ့ရတဲ့ဒီအမှုကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တာလည်း အပါအဝင် ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုမှာတော့ သူဟာ ရာထူးက ဖြုတ်ချခံခဲ့ရပါတယ်။

ပြီးတော့ စစ်တပ်က သူ့ကို အမှုတွေတပ်ပြီး ထောင် ၃၃ နှစ်အထိ ချမှတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာနှစ်လျှော့မှုတချို့ရှိခဲ့တာကြောင့် ထောင်ဒဏ်၂၇ နှစ် ကျန်ပါတယ်။

ဒီလိုထောင်ချခံထားရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၂၈ ရက်ရွေးကောက်ပွဲမှာ ပါဝင်နိုင်ခြင်းမရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အနိုင်ရခဲ့ပါတယ်။ အခု စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ ပါတီကိုမှတ်ပုံပြန်မတင်ခဲ့တာကြောင့်ဆိုပြီး NLD ကို စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းခဲ့ပါတယ်။

မြန်မာဟာ နိုင်ငံအနှံ့ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့် ယိုယွင်းပျက်စီးနေပြီး ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေဟာ ၃ ဒသမ ၆ သန်းကျော် ရှိနေပါတယ်။

ဒါကြောင့် စစ်တပ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာမှာ ကျင်းပတဲ့ ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားနိုင်မှာမဟုတ်ဘူးလို့ နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေကပြောထားပါတယ်။

ဒီရွေးကောက်ပွဲဟာ စစ်တပ်က သူ့ရဲ့တရားဝင်မှုရအောင် လုပ်တဲ့နည်းလမ်းတစ်ခုပဲဖြစ်တယ်လို့ ဆိုထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာကုလလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်ကတော့ မြန်မာရွေးကောက်ပွဲကို 'အတုအယောင်' ရွေးကောက်ပွဲလို့ သုံးနှုန်းပါတယ်။

"အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးအကျဥ်းချထားပြီးညှဥ်းပန်းနှိပ်စက်နေတဲ့အချိန်၊ ရွေးကောက်ပွဲနှစ်ဆက်လုံး အနိုင်ရခဲ့တဲ့ NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းထားတဲ့အချိန်မှာ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဆိုတာ ရှိနိုင်မှာမဟုတ်ပါဘူး" လို့ တွမ်အင်ဒရူးစ်က ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

ပြည်တွင်းမှာ ထောက်ခံမှုရနေဆဲ ဒေါ်အောင်ဆန်းစုကြည်

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က စွဲဆိုထားတဲ့ပုဒ်မတွေထဲမှာ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ၊ ဆူပူအောင်လှုံ့ဆော်မှု၊ ကိုဗစ်ကာလစည်းကမ်းတွေချိုးဖောက်မှုနဲ့ တရားမဝင်စ ကားပြောကြေးနန်းစက်တွေ တင်သွင်းမှုကြောင့် ပို့ကုန်သွင်းကုန်ဥပဒေနဲ့ စွဲဆိုတာတွေ ပါဝင်ပါတယ်။

ဒီဇင်ဘာလဆန်းမှာပဲ​ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်က အသက် ၈၀ အရွယ် သူ့မိခင် သေသွားပြီဆိုရင်တောင် သူမသိနိုင်လောက်ဘူးလို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘီဘီစီက စစ်တပ်ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ပါတယ်လို့ တုံ့ပြန်ပါတယ်။

ဒါကြောင့် သားဖြစ်သူနဲ့ တွေ့ခွင့်ပေးဖို့ ရှိမရှိနဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ကျန်းမာရေးကောင်းမွန်စွာရှိနေတယ်ဆိုရင် သက်သေအထောက်အထားနဲ့ ထုတ်ပြန်ဖို့ရှိမရှိ ကို ဆက်လက်မေးမြန်းတဲ့အခါ အဲဒီလိုထုတ်ပြန်ဖို့မရှိဘူးလို့ သူက တုံ့ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့အပါအဝင် သူနဲ့တွေ့ဆုံဖို့ တောင်းဆိုမှုတွေအားလုံးကို စစ်တပ်က ငြင်းပယ်ထားပါတယ်။

သူ့ သားငယ် ကင်မ်ကတော့ သူ့မိခင် လွတ်မြောက်ရေးအတွက် နိုင်ငံတကာက ဝိုင်းဝန်းကူညီဖို့တောက်လျှောက်ပဲ တိုက်တွန်းတောင်းဆိုနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်

ဓာတ်ပုံ ရင်းမြစ်, KimAris

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်

ကမ္ဘာတဝန်းမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုဟာ အနည်းနဲ့အများဆိုသလို ထိခိုက်ခဲ့တာရှိပေမဲ့ ပြည်တွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုက ထောက်ခံမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေဆဲဖြစ်တာကို ဘီဘီစီက တွေ့ရှိခဲ့ရပါတယ်။

"အမေစု မပါတဲ့ ဒီရွေးကောက်ပွဲကို ကျွန်မစိတ်မဝင်စားဘူး" လို့ အသက် ၅၆ နှစ်အရွယ် ခေါင်းရွက်ဗျတ်ထိုးစျေးသည်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။ သူဟာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက NLD ကိုမဲပေးခဲ့သူဖြစ်ပါတယ်။

"ဒီရွေးကောက်ပွဲမှာ အမေစု မပါမှတော့ သူတို့ (စစ်တပ်နောက်ခံပြုထားသူတွေ) ပဲ နိုင်မှာပေါ့" လို့ သူက ဆက်ပြောပါတယ်။

"အာဏာရအစိုးရနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မပါဝင်တဲ့ ၂၀၂၅ ရွေးကောက်ပွဲကို ကျွန်တော်တို့ လုံးဝ လက်မခံနိုင်ပါဘူး" လို့ အသက် ၂၃ နှစ်အရွယ် ကိုတန်ခူး (အမည်လွှဲ) က ပြောပါတယ်။

သူဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုမှာ ပါဝင်ခဲ့လို့ ဖမ်းဆီးထောင်ချခံရပြီး ၂၀၂၃ မှာ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ဂျန်ဇီတစ်ဦးလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ ပါတီ မှတ်ပုံပြန်မတင်လို့ ၂၀၂၃ ခုနှစ်မှာ ဖျက်သိမ်းခံထားရပါတယ်။ NLD နဲ့အလားတူ နိုင်ငံရေးပါတီတချို့လည်း ဖျက်သိမ်းခံခဲ့ရပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုလည်း နောင်လာမယ့်ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးပါတီတချို့ ဝင်ပြိုင်လို့မရအောင် တားဆီးရာရောက်တဲ့ ပုဒ်မတချို့နဲ့ စစ်တပ်က ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။

အဲဒီ ပြင်ဆင်ချက်ကတော့ 'ပါတီတစ်ခုဟာ ရွေးကောက်ပွဲတွေမှာ တရားမဲ့ပြုကျင့်မှု ဒါမှမဟုတ် မဲမသမာမှုတွေ ကျူးလွန်ခဲ့တယ်လို့ ကော်မရှင်က တွေ့ရှိခဲ့ရင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိစေရ' လို့ ဖော်ပြထားပါတယ်။

ဒီပြင်ဆင်ချက်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ကို စွပ်စွဲချက်တွေကို အခြေပြုပြီး NLD ပါတီရဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ခွင့်ကို ပိတ်ပင်ဖို့ ရည်ရွယ်တယ်လို့ လေ့လာသူတွေက ယုံကြည်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားမှာကို စိုးရိမ်နေကြ

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးခရီးစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ တိိတိကျကျမထုတ်ပြန်လို့ လူထုက စိုးရိမ်စိတ်တွေနဲ့သံသယတွေ တိုးလာနေပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက မိခင်ဖြစ်သူ ကွယ်လွန်သွားပြီဆိုရင်တောင် မသိလိုက်ရဘူးဖြစ်မှာစိုးရိမ်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

စစ်တပ်က ဒါကို သတင်းတု သတင်းမှားလို့ တုံ့ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာသက်သေအထောက်အထားမှတော့ ထုတ်မပြခဲ့ပြန်ပါဘူး။ အခုလိုပြောကြားချက်ဟာ မကြာခင်ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်ချင်တာကြောင့် အချိန်ကိုက် လုပ်တာလို့ စစ်တပ်က စွပ်စွဲပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုထားပေမဲ့လည်း တွေ့ခွင့်မရခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်တွေအတွင်း သူ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်လို့ မေးခွန်းတွေနဲ့ ကောလာဟလတွေလည်းများစွာ ထွက်ပေါ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေထွက်လို့ ဘီဘီစီက စစ်တပ်ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ မေးမြန်းတိုင်းမှာ 'ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းတယ်၊ စစ်တပ်က ဆရာဝန်တွေက သူ့ကျန်းမာရေးကို ပုံမှန် စစ်ဆေးမှုတွေလုပ်ပေးတယ်'လို့ ဖြေကြားပါတယ်။

ဒါပေမဲ့ သက်သေအထောက်အထား ထုတ်မပြခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေအပေါ် သံသယတွေပဲ တိုးသထက်တိုးလာခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ထုတ်ပြန်တာ ငါးနှစ်ကြာခဲ့ပြီ

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌဒေါက်တာမျိုးအောင်တို့ တရားရင်ဆိုင်တဲ့ပုံကို ၂၀၂၁ မေလက ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Military

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌဒေါက်တာမျိုးအောင်တို့ တရားရင်ဆိုင်တဲ့ပုံကို ၂၀၂၁ မေလက ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ထိပ်ပိုင်းခေါင်းဆောင်တွေကိုလည်း အကျဥ်းချထားပါတယ်။

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ​ရက်က ဖမ်းသွားပြီး နောက် သုံးလအကြာ မေလ မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ တရားရုံးမှာ တရားရင်ဆိုင်တဲ့ပုံကို ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးမြင်ခဲ့ရတဲ့ ပုံလည်းဖြစ်ပါတယ်။

ဒီဓာတ်ပုံကလွဲလို့ ငါးနှစ်နီးပါးအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ စာ၊ ဓာတ်ပုံ၊ သူ့ဆီက သတင်းစကား ဘာတစ်ခုမှ စစ်တပ်က မထုတ်ပြန်ခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းကတော့ မိခင်ဖြစ်သူကို အလွန်စိုးရိမ်နေပါတယ်။

"ကျွန်တော်ပြောချင်တာက မေမေ့ကို နေအိမ်အကျယ်ချုပ်ချထားတယ်၊ အတိအကျမဖော်ပြတဲ့ နေရာကို ရွှေ့ပြောင်းထားတယ်ဆိုပြီး စစ်တပ်ပြောနေတာကိုပဲ လူတွေက နားထောင်နေကြရတယ်။ ပြည်သူတွေ စစ်တပ်ပြောတာကိုနားမထောင်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်တပ် လူတွေကို ဆယ်စုနှစ်များစွာ သတင်းမှားပေးတဲ့ ဗျူဟာကိုကျင့်သုံးခဲ့ပြီး လူတွေလည်းအဲဒီလှည့်ကွက်ထဲ အကြိမ်ကြိမ် ကျဆင်းခဲ့ရတယ်" လို့ ကိုထိန်လင်းက ဘီဘီစီကို ပြောပါတယ်။

ဒီပြောကြားချက်နဲ့ပတ်သက်လို့ စစ်တပ်ကတော့ ဘာမှ တုံ့ပြန်တာမရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေတဲ့ သဲလွန်စတွေက ဘာတွေလဲ။

နေပြည်တော်အချုပ်ထောင်

ဓာတ်ပုံ ရင်းမြစ်, STR / AFP via Getty Images

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်အတွက် အပတ်စဥ် ပါဆယ်ထုပ်ကို နေပြည်တော်အချုပ်ထောင်ဆီ တနင်္လာနေ့တိုင်း ပို့ဆောင်ပေးရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် အစားအစာ၊ ဆေးဝါးနဲ့ စာအုပ်တချို့ ပါဝင်တဲ့ ပါဆယ်ထုပ်ကို နေပြည်တော်အကျဥ်းထောင်ဆီကို အပတ်စဥ် တနင်္လာနေ့တိုင်း ပို့ဆောင်ခွင့်ရနေပေမဲ့ ဘယ်သူတစ်ဦးတစ်ယောက်မှတော့ ထောင်ဝင်စာတွေ့ခွင့်မရပါဘူး။

"အပတ်စဥ် ပါဆယ်ပို့ဖို့အတွက် အရင်ကဆို သူ့ (ဒေါ်အောင်ဆန်းစုကြည်) ဆီက သူ ဘာလိုတယ်၊ ဘာလေးတော့ ထည့်ပေးပါဆိုပြီး မှာတဲ့ သူ့လက်ရေးနဲ့ရေးတဲ့ စာရင်းလေးကို ရဖူးတယ်။ အခုတော့ ပုံနှိပ်ထားတဲ့ စာရင်းကိုပဲ ရတော့တယ်။ သူ ဖတ်ချင်တဲ့စာအုပ်တွေတော့ ပုံမှန် ပို့ခွင့်ရနေပါသေးတယ်။ အခု ဒီရက်ပိုင်းမှာဆို ပင်ဂွင်းစာအုပ်တိုက်ထုတ် 'ပြင်သစ်ကဗျာများ' စာအုပ်မှာတယ်။ နောက် 'American Wildflower' စာအုပ်လည်း မှာတယ်။ ကျန်းမာရေးသတင်းကတော့ 'သူ ကျန်းမာပါတယ်' ဆိုပြီး ထောင်အာဏာပိုင်တွေဘက်က ပြောတာပဲ သိရတယ်'လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

NLD ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရက်ပေါင်း ၁၈၀၀ နီးပါး ဖမ်းဆီးခံထားရပြီး ပြင်ပကမ္ဘာနဲ့အဆက်အသွယ်ဖြတ်တောက်ခံထားရချိန်မှာ သူ သက်ရှိထင်ရှားရှိနေသလား၊ ကျန်းမာရေးကောင်းမွန်သလားဆိုတာတွေကို သိရဖို့ သိပ်ကိုခက်ခဲတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်ယုံကြည်ရသူတစ်ဦးကတော့ စစ်တပ်ပြောတာကို မယုံဘူးလို့ ဘီဘီစီကို ပြောပါတယ်။

"ဒါပေမဲ့ အမေ (ဒေါ်အောင်ဆန်းစုကြည်) က လူကောင်း၊ သူတော်ကောင်းတစ်ယောက်မို့ အမေ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုတဲ့ ပြောပြလို့မရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ သေချာယုံကြည်မှု ရှိနေပါတယ်"လို့ သူက ပြောပါတယ်။

စစ်တပ်ရွေးကောက်ပွဲတရားမဝင်ဘူးလို့ တော်လှန်ရေးအဖွဲ့တွေ တုံ့ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်တပ်ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်မယ်ဆိုရင် စစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့အစိုးရတွေကို ဖြုတ်ချနိုင်တယ်၊ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချနိုင်ပြီး အနိုင်ရပါတီတွေကိုလည်း ဖျက်သိမ်းနိုင်တယ်ဆိုတဲ့ သတင်းစကားပေးရာရောက်သွားမယ်လို့ သတိပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်ရင်းနှီးခဲ့တဲ့ မြန်မာအရေးလေ့လာသူ အမေရိကန်စာရေးဆရာ အလန်ကလီးမန့်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဥ်းသားတွေအားလုံးကို လွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။

"မြန်မာပြည်သူတစ်ရပ်လုံးက တခဲနက်မဲပေးရွေးချယ်ခဲ့ပြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် ခေါင်းဆောင်တွေကို စစ်တပ်က ထောင်ချထားတယ်။

သူတို့ကို လွှတ်ပေးပြီး သူတို့ကို တာဝန်တွေအပ်နှင်းခဲ့တဲ့ ပြည်သူတွေရဲ့ အကောင်းဆုံး အကျိုးစီးပွားအတွက် ဘာက အကောင်းဆုံးလဲဆိုတာကို ဆုံးဖြတ်လုပ်ကိုင်ခွင့်ပေးပါ" လို့ သူက ပြောပါတယ်။

စစ်တပ်ရွေးကောက်ပွဲကို ကုလသမဂ္ဂ၊ အီးယူနဲ့ နိုင်ငံတကာက ဘယ်လိုရှုမြင်လဲ

အောက်တိုဘာလတုန်းက မလေးရှားအာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်း သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်။

ဓာတ်ပုံ ရင်းမြစ်, Chalinee Thirasupa / ADFP via Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှာမဟုတ်ဘူးလို့ ကုလအတွင်းရေးမှူးချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတားရက်စ်က 'ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမယ်လို့ ဘယ်သူမှမယုံကြည်ကြဘူး ၊ မြန်မာအကျပ်အတည်းကို ဖြေရှင်းရေးမှာလည်း အထောက်အကူပြုလိမ့်မယ်လို့ မထင်ဘူး' လို့ ပြောခဲ့ပါယ်။

ဥရောပသမဂ္ဂရဲ့လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စ Kajsa Ollongren ကလည်း စစ်အစိုးရက ကမကထလုပ်တဲ့ ဒီရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်လည်း ဘာမှထူးခြားမှုရှိမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဥရောပသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ Kajsa Ollongren

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဥရောပသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ Kajsa Ollongren

ဖိလစ်ပိုင်ကတော့ မြန်မာအခြေစိုက်သံရုံးကိုယ်စားလှယ်တွေက ရွေးကောက်ပွဲကိုလေ့လာစောင့်ကြည့်မယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

လာအို၊ အိန္ဒိယ၊ ရုရှား၊ ဘယ်လာရုစ်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား၊ ထိုင်းနဲ့ နီပေါနိုင်ငံတို့ကလည်း လေ့လာစောင့်ကြည့်သူတွေ လာရောက်ဖို့ရှိနေတယ်လို့ ဘီဘီစီက အတည်ပြုထားနိုင်ပါတယ်။ ဒါပေမဲ့အများစုဟာ ရန်ကုန်အခြေစိုက်သံရုံးဝန်ထမ်းတွေသာဖြစ်ပြီး ပြင်ပက လာရောက်သူနည်းပါးပါတယ်။

အိန္ဒိယနိုင်ငံကတော့ အစိုးရကစေလွှတ်တဲ့ သံရုံးဝန်ထမ်းတွေမဟုတ်ဘဲ အရပ်ဘက်လေ့လာ စောင့်ကြည့်သူတွေဖြစ်တယ်လို့ ဘီဘီစီကို ရန်ကုန်မြို့အခြေစိုက်အိန္ဒိယသံရုံးက ပြောပါတယ်။

ဘယ်လာရုစ်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်က စောင့်ကြည့်ရေးအဖွဲ့တွေ ဒီဇင်ဘာ ၂၅ နဲ့၂၆ ရက်တွေမှာ ဆက်တိုက်ရောက်လာကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ ပြည်သူတွေဟာ သူတို့ရဲ့ဆန္ဒကို ၂၀၂၀ ရွေးကောက်ပွဲမှာ ပြသခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

"နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့လက်ရှိအခြေအနေကို ကျွန်တော်တို့အရမ်းကို စိုးရိမ်ပူပန်နေပါတယ်" လို့သူက ပြောပါတယ်။

စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ဒီဇင်ဘာ ၁၄ ရက် သတင်းစာရှင်းလင်းပွဲ။

ဓာတ်ပုံ ရင်းမြစ်, Win Kyaw Thu/BBC Burmese

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ဇော်မင်းထွန်းက ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်း ကျေနပ်တာမကျေနပ်တာ အရေးမပါဘူးလို့ တုံ့ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအကြောင်း သတင်းစာရှင်းလင်းပွဲမှာ NHK သတင်းဌာနက စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးဆိုတဲ့စွပ်စွဲချက်တွေကို မေးမြန်းခဲ့ပါတယ်။

"မြန်မာမှာ အစိုးရတစ်ရပ်ဖွဲ့စည်းဖို့အတွက် လုပ်တဲ့ရွေးကောက်ပွဲဖြစ်တယ်။ နိုင်ငံတကာက ကျေနပ်သည်ဖြစ်စေ ၊ မကျေနပ်သည်ဖြစ်စေ အရေးမပါဘူး"လို့ သူက တုံ့ပြန်ခဲ့ပါတယ်။