ဒေါ်အောင်ဆန်းစုကြည် ချစ်တဲ့ စစ်သားအိုကြီးတွေ

အာဏာသိမ်းစစ်ဗိုလ်ချုပ်အဆက်ဆက်ရဲ့ ထောင်သွင်းအကျဉ်းချမှုကို ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ သူချစ်ခင်လေးစားရတဲ့ စစ်ဗိုလ်ဟောင်းတချို့ ရှိခဲ့ပါတယ်။
သူရဦးတင်ဦး၊ဦးအောင်ရွှေ၊ဦးကြည်မောင် နဲ့ ဦးလွင်တို့ ဖြစ်ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြောင်းပြောရင်လည်း ချန်ထားမရတဲ့ သူတွေ ဖြစ်ပါတယ်။
သူတို့လေးဦးမှာ နောက်ဆုံးကျန်ရစ်သူ သူရဦးတင်ဦး ဇွန်လ ၁ ရက်မှာ ကွယ်လွန်ခဲ့တဲ့နောက် ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့ရဲ့ ရဲဘော်ဟောင်း ၄ ဦးလုံးကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
မြန်မာ့တပ်မတော် ထူထောင်သူ ဗိုလ်ချုပ်အောင်ဆန်း သမီးရဲ့ နိုင်ငံရေးမှာ သူ့ကိုမလိုလားသူ ရန်သူတော်စစ်ဗိုလ်ချုပ်တွေရှိသလို မိတ်ဆွေစစ်ဗိုလ်ချုပ်တွေ လည်း ရှိခဲ့တာ ဖြစ်ပါတယ်။
တပ်မှူးဟောင်းကြီး လေးဦး

ဓာတ်ပုံ ရင်းမြစ်, nld
ဒီစစ်သားအိုကြီးလေးဦး အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ‘’မြန်မာပြည်က လာတဲ့စာ’’ ဆိုတဲ့ စာအုပ်မှာ ထည့်ရေးပါတယ်။
ဒါ့အပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်တော့လည်း တပ်မှူးဟောင်းကြီး လေးဦးရဲ့ နိုင်ငံရေးဖြတ်သန်းမှု ဘဝဇတ်လမ်းစုံကို ဒေါ်အောင်ဆန်းစုကြည်က အမှတ်တရ ဂုဏ်ပြုပြောကြားပြန်ပါတယ်။
သူရဦးတင်ဦး၊ဦးအောင်ရွှေ၊ဦးကြည်မောင် နဲ့ ဦးလွင်တို့ လေးဦး နဲ့ သူ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ ကြည့်ပြီး ပြောပြခဲ့တာဖြစ်ပါတယ်။
ဒီလေးဦးဟာ မြန်မာ့လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့သူတွေဖြစ်ပြီး ၁၉၄၈ ခုနှစ်မတိုင်ခင်ကတည်းက စစ်ထဲဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
သူရဦးတင်ဦးကတော့ လူသိအများဆုံးဖြစ်ပါတယ်။ တပ်ထဲမှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အထိ တာဝန်ယူခဲ့သူဖြစ်ပြီး ၁၉၇၆ ခုနှစ်မှာ အရေးယူခံရပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဦးအောင်ရွှေက ဗိုလ်မှူးချုပ်အဖြစ်တာဝန်ယူခဲ့ပြီး အဲဒီခေတ်က ဗိုလ်မှူးချုပ်ဆိုတာ ရှားပါးတဲ့ ရာထူးလို့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချပါတယ်။
သူက တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူနေတုန်း ၁၉၆၂ ခုနှစ်မှာ အငြိမ်းစားပေးခံရတာဖြစ်ပါတယ်။
ဦးကြည်မောင်ကတော့ ကျောင်းသားခေါင်းဆောင်ကနေ စစ်သားဖြစ်လာတာပါ။ မြန်မာ့သမိုင်းဖတ်စာအုပ်ထဲမှာ ပါတဲ့ ‘’ဗိုလ်အောင်ကျော်’’ ဗြိတိသျှမြင်းစီးပုလိပ်တွေ လက်ကိုင်တုတ်နဲ့ရိုက်လို့ သေဆုံးခဲ့တဲ့ ၁၉၃၈ ခုနှစ် ရန်ကုန် ဆန္ဒပြပွဲမှာ ဦးကြည်မောင်က အလံကိုင် ခဲ့တဲ့ ကျောင်းသားဖြစ်ပါတယ်။
တပ်ထဲဝင်ပြီးတဲ့နောက် ဦးကြည်မောင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး အထိ တာဝန်ယူခဲ့ပြီး ၁၉၆၃ ခုနှစ်မှာ အနားပေးခံရပါတယ်။
‘’စစ်တပ် နဲ့ နိုင်ငံရေး ခွဲခြားနိုင်မှုကို ကောင်းစွာသိမြင်ခံယူထားသူ’’ လို့ ဦးကြည်မောင်ကို ဒေါ်အောင်ဆန်းစုကြည်က ကင်ပွန်းတပ်ပါတယ်။
ဦးကြည်မောင် နဲ့ သူငယ်ချင်းလည်းဖြစ်၊ ယောက်ဖလည်းတော်စပ်သူ ဦးလွင် က ဒုတိယကမ္ဘာစစ်ဖြစ်နေတုန်းမှာ တပ်ထဲဝင်ခဲ့တာ ဖြစ်ပြီး နှစ်ယောက်အတူတူတစ်ရက်တည်းမှာ ဝင်ကြတာပါ။
သူက ဂျပန်ကနေ ဗိုလ်သင်တန်းဆင်းပြီး အင်္ဂလန် နဲ့ အနောက်ဂျာမနီ ကို စစ်သင်တန်းတက်ဖို့ စေလွှတ်ခြင်းခံရသလို ဝါရှင်တန်မှာ စစ်သံမှူး တာဝန်လည်း ထမ်းဆောင်ဖူးပါတယ်။
သူက စစ်တပ်မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး အထိတာဝန်ယူခဲ့သလို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ဘဏ္ဍာရေးဝန်ကြီး နဲ့ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံတော်ကောင်စီဝင်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
NLD ပါတီတည်ထောင်ပြီးတဲ့နောက်မှာ ပါတီရဲ့ ဘဏ္ဍာရေးမှူးတာဝန်ယူခဲ့သူဦးလွင်ဟာ သမ္မတဦးထင်ကျော်ရဲ့ ကတော် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။
‘’အန်ကယ်တို့ လေးဦးက ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်ခဲ့ကြသူတွေ’’ လို့ ဟံသာဝတီဦးဝင်းတင်ရေးတဲ့ စာအုပ်နာမည်ကို ကိုးကားပြီး ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၀ ခုနှစ်မှာ ပြောခဲ့ပါတယ်။
NLD ပါတီထောင်ခဲ့သူတွေ

ဓာတ်ပုံ ရင်းမြစ်, bbc
မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ကြုံတွေ့လာရတဲ့ အထွေထွေ အကျပ်အတည်းတွေကို ဆန့်ကျင်ဆန္ဒပြမှုကြီးတွေ ဖြစ်ပေါ်နေချိန် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၄ ရက်မှာ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး တို့က အောင်-စု-တင် ဆိုတဲ့အမည်နဲ့ ပူးပေါင်းခဲ့ပါတယ်။
စက်တင်ဘာ ၁၈ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ပွဲ လုပ်ပေးမယ်ပြောတော့ အောင်-စု-တင် အဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို မှတ်ပုံတင်ခဲ့ပြီး သူရဦးတင်ဦး၊ဦးအောင်ရွှေ၊ဦးကြည်မောင် နဲ့ ဦးလွင်တို့ လေးဦးက NLD တည်ထောင်တဲ့လူစာရင်းမှာ ပါဝင်ပါတယ်။
ဦးအောင်ကြီး ဦးဆောင်တဲ့ တပ်မှူးဟောင်းများအဖွဲ့က လေးဦး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တတ်သိပညာရှင်များအဖွဲ့က လေးဦး၊ သူရဦးတင်ဦး ဦးဆောင်တဲ့ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့က လေး ဦး စီနဲ့ ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ၁၂ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။
ဦးကြည်မောင်က တပ်မှူးဟောင်းများအဖွဲ့ကဖြစ်ပြီး သူရဦးတင်ဦး၊ ဦးအောင်ရွှေ နဲ့ ဦးလွင်တို့က မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့က ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘေးမှာ ကွန်မြူနစ်တွေဝန်းရံနေတယ်ဆိုတဲ့ ဦးအောင်ကြီးရဲ့ စွပ်စွဲချက်ကြောင့် ရှုံးနိမ့်သူ ပါတီကထွက်ရမယ်ဆိုတဲ့ ကြိုတင်သဘောတူညီချက်နဲ့ မဲခွဲကြပါတယ်။
ပါတီဥက္ကဋ္ဌ ဦးအောင်ကြီး ရှုံးနိမ့်လို့ နုတ်ထွက်ရပြီး ဦးအောင်ကြီးအဖွဲ့ထဲက ဦးကြည်မောင်က ဆန့်ကျင်မဲပေးခဲ့တာပါ။
ဦးကြည်မောင်ဟာ သူရဦးတင်ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည်အဖမ်းခံထားရတဲ့ အချိန်မှာ ၁၉၉၀ အထွေထွေရွေးကောက်ပွဲကို NLD အနိုင်ရအောင် ဦးဆောင်ခဲ့သူအဖြစ် အသိအမှတ်ပြုခံရပါတယ်။
စစ်အစိုးရက သူ့ကို ထောင်အကြိမ်ကြိမ်ချခဲ့ပါတယ်။
ဦးအောင်ရွှေကတော့ စစ်အစိုးရအုပ်ချုပ်တဲ့ နဝတ ခေတ် ၁၉၉၀ အလွန်နှစ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကျခံနေချိန် ပါတီမပျက်အောင်ထိန်းနိုင်ခဲ့သူအဖြစ် နာမည်ကြီးပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်မလား။ ပါတီ အဖျက်ခံမလား"ဆိုတဲ့ စစ်အစိုးရရဲ့ ဖိအားပေးမှုမှာ ပါတီတည်မြဲရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကထုတ်ပစ်လို့ အပြင်းအထန် ဝေဖန်ခံခဲ့ရသူ ဖြစ်ပါတယ်။
၁၉၉၅ ဇူလိုင် ၁၀ ရက်မှာ နေအိမ်အကျယ်ချုပ်က ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာချိန်မှာ ဦးအောင်ရွှေက ပါတီကိုပြန်အပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း အတူလက်တွဲဖို့ ဦးအောင်ရွှေကို ပြန်ဖိတ်ခေါ်ခဲ့လို့ NLD သမိုင်းမှာ အထင်ကရ ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်ပါတယ်။
ဦးလွင်ကလည်း ဆိုရှယ်လစ်အစိုးရလက်ထက် ဘဏ္ဍာရေးဝန်ကြီး နဲ့ ဒုတိယဝန်ကြီးချုပ် ကနေ နုတ်ထွက်ခဲ့သူဖြစ်ပြီး သူရဦးတင်ဦးကို တပ်ကထုတ်တာကို မကျေနပ်လို့ နုတ်ထွက်တာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
သူက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်တွေ ထောင်ကျနေတုန်း ဦးအောင်ရွှေ နဲ့အတူ ပါတီမပျက်အောင် ထိန်းသိမ်းခဲ့သူအဖြစ် နာမည်ကြီးပါတယ်။

သူရဦးတင်ဦးကတော့ အသက် (၉ဝ) ကျော်ထိ မြန်မာပြည် နိုင်ငံရေးမှာ ပါဝင်သွားသူ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်တို့နဲ့အတူ ‘’NLD ပါတီရဲ့ ရတနာသုံးပါး စာရင်းဝင် ဖြစ်တယ်’’ လို့ သူနဲ့ နိုင်ငံရေးအတူ လုပ်ခဲ့တဲ့ ဦးဝင်းထိန်က သူ့ရဲ့ ဘဝမှတ်တမ်း သံသရာတစ်ကွေ့ စာအုပ်မှာ ရေးသားခဲ့ပါတယ်။
သူက NLD ပါတီရဲ့ သင်္ကေတ ပင်နီတိုက်ပုံ နဲ့ ကချင်ပုဆိုးကို တွဲဖက်ဝတ်ပြီး ပါတီရင်ထိုးကို အမြဲထိုးထားပါတယ်။
သူရဦးတင်ဦးဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သူ့ကို လာတွေ့ချိန်မှာတောင် ပင်နီတိုက်ပုံဝတ်၊ NLD ပါတီ ရင်ထိုးထိုးပြီး လက်ခံတွေ့ဆုံပါတယ်။
သူရဦးတင်ဦးဟာ ကျန်းမာရေးကြောင့်သူလမ်းမလျှောက်နိုင်တော့တဲ့ အချိန်တွေမှာတောင် ဘီးတပ်ကုလားထိုင်နဲ့ ပါတီရုံးကို လိုက်ပို့ခိုင်းခဲ့တယ် လို့ မိသားစု နဲ့ နီးစပ်သူတွေကပြောပြီး NLD အပေါ်သံယောဇဉ်ကြီးတာ မြင်သာပါတယ်။
သူရဦးတင်ဦးကွယ်လွန်မှုက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက်အထိ ဝမ်းနည်းစေမလဲဆိုတာကို နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေက မှန်းဆနိုင်ကြပါတယ်။
စစ်အာဏာသိမ်းမှု နဲ့ ဒီမိုကရေစီတိုက်ပွဲဝင်မှု သံသရာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံရေးမှာစစ်တပ်က အစဉ်တစိုက်ဦးဆောင်ချင်တဲ့အယူအဆ နဲ့ နိုင်ငံရေးကနေ စစ်တပ်ထွက်သွားရမယ်ဆိုတဲ့ အယူအဆက မြန်မာပြည်မှာနှစ်ပေါင်းများစွာ တိုးတိုက်မိနေတာဖြစ်ပါတယ်။
ဒီအယူအဆနှစ်ခုကို ကိုယ်စားပြုတဲ့ အကြီးမားဆုံးအဖွဲ့အစည်းနှစ်ခုက စစ်တပ် နဲ့ NLD ပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ တပ်မှူးဟောင်းတွေဟာ အဖွဲ့အစည်းနှစ်ခုလုံးနဲ့ ထူးထူးခြားခြား ပတ်သက်ဆက်နွှယ်ခဲ့ကြသူတွေလည်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အထိ စစ်ဗိုလ်ချုပ်အဆက်ဆက်ဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ကို နိုင်ငံရေးကထွက်သွားအောင် အားထုတ်ခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ရှိအချိန်မှာ NLD ပါတီ ဖျက်သိမ်းခံထားရပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်တွေ ထောင်သွင်းအကျဉ်းချခံထားရပါတယ်။ သူတို့အနိုင်ရတဲ့ ရွေးကောက်ပွဲရလဒ်လည်း အသိအမှတ်ပြုမခံရဘဲ စစ်တပ်က အာဏာသိမ်းထားပါတယ်။
ဒီဖြစ်ရပ်တွေက စစ်တပ် နဲ့ NLD ကြား ၁၉၉၀ ပြည့်လွန်ကာလတွေမှာ ဖြစ်ခဲ့ဖူးတဲ့ အဆိုးကျော့သံသရာတွေဖြစ်ပါတယ်။
စစ်တပ်ဘက်မှာ ခေါင်းဆောင်သူဗိုလ်ချုပ်ကြီးအဆက်ဆက်ပြောင်းလဲခဲ့ပေမယ့် အတိုက်အခံဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကြံ့ကြံ့ခံနေဆဲဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်မှာ လူငယ်နိုင်ငံရေးသမားအဖြစ် မြန်မာ့နိုင်ငံရေးထဲကို ဝင်လာကတည်းကစလို့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ဗိုလ်ချုပ်တွေရဲ့ ထောင်သွင်းအကျဉ်းချမှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
ဒီနှစ်မှာကျရောက်တဲ့ အသက်(၇၉)နှစ်ပြည့်မွေးနေ့ကိုလည်း နေပြည်တော်က အကျဉ်းချထားရာ နေရာမှာ ဖြတ်သန်းနေရပါတယ်။











