ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် - ထီးရိပ်နန်းရိပ် ဆက်ဆံရေးက အာဏာသိမ်းမှုကို ဦးတည်စေခဲ့သလား

ဓာတ်ပုံ ရင်းမြစ်, PHYO HEIN KYAW
အာဏာသိမ်းနိုင်ခြေ ဘယ်လောက်ရာခိုင်နှုန်းရှိသလဲ လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မိတ်ဆွေ စစ်ဗိုလ်ချုပ်ဟောင်းတစ်ယောက်ကို ၂၀၁၅ ရွေးကောက်ပွဲနိုင်ပြီးတဲ့နောက် မေးခဲ့ဖူးတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီလိုမေးရတာက စစ်တပ်က အချိန်မရွေးအာဏာသိမ်းနိုင်တယ် ဆိုတာ သူ နားလည်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဆက်ဆံရေး ကောင်းရအောင် ကြိုးစားခဲ့တယ်ဆိုတဲ့ လက္ခဏာတွေ တွေ့ခဲ့ရပေမဲ့ အဆုံးသတ်မှာတော့ အာဏာသိမ်းမှုနဲ့ ကြုံဆုံခဲ့ရပါတယ်။
တိုင်းပြည်ရဲ့ ထိပ်ဆုံးက အရေးအပါဆုံး သူတို့ နှစ်ဦးရဲ့ ဆက်ဆံရေးဟာ တိုင်းပြည်ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေကြားမှာ လက်ခံထားခဲ့ပါတယ်။
အခုလို အာဏာသိမ်းတဲ့အထိ ဖြစ်ခဲ့ရတာဟာ အဲဒီ ဆက်ဆံရေး ပျက်ယွင်းသွားခဲ့လို့လို့ သုံးသပ်ကြတာလည်း ရှိပါတယ်။
သူတို့ကြားဆက်ဆံရေးက တကယ်တမ်းရော ဘယ်လောက်နီးခဲ့ပါသလဲ၊ နီးဖို့ရော ကြိုးပမ်းမှုတွေ နှစ်ဘက်မှာ ရှိခဲ့ကြပါသလား။
သူတို့နဲ့ လက်တွဲအလုပ်လုပ်ခဲ့သူတွေ၊ သိရှိနီးစပ်ခဲ့သူတွေကို မေးမြန်းပြီး သမိုင်းကြောင်းဖြစ်စဉ်တွေကို ဘီဘီစီက ခြေရာခံကြည့်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ဗိုလ်ချုပ်များ
သူတို့ နှစ်ဦးရဲ့ဆက်ဆံရေးကို ပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ဆက်ဆံရေးနောက်ခံအခြေအနေက စပြောရမှာပါ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်မှာ မြန်မာ့နိုင်ငံရေးကို သူစတင် ဝင်ရောက်ချိန်ကစလို့ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့နဲ့ အတိုက်အခံအဖြစ်ရင်ဆိုင်ခဲ့ရပြီး စစ်အစိုးရခေတ်မှာ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပါတယ်။
တစ်ဖက်မှာတော့ NLD ပါတီထဲမှာဆိုလည်း စစ်ဗိုလ်ချုပ်ဟောင်းတွေဖြစ်တဲ့ သူရဦးတင်ဦး၊ ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးလွင်တို့နဲ့ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်ခဲ့တာပါ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေတ်အလွန်မှာတော့ သူချန်ထားရစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ စစ်ဗိုလ်ချုပ်တွေကနေ အသွင်ပြောင်းလာတဲ့ သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆက်ဆုံပါတယ်။
ငြင်းမရတဲ့အချက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေးဖြတ်သန်းမှုတလျှောက် ပြည်သူလူထုထောက်ခံမှု အပြတ်အသတ်ရရှိခဲ့ပြီး ဒါကို ဘယ်စစ်ဗိုလ်ချုပ်ကမှ လိုက်မမီနိုင်ခဲ့ပါဘူး။
၁၉၉၀ ရွေးကောက်ပွဲမှာ NLD နိုင်တော့ စစ်တပ်က အာဏာမလွှဲပေးခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချပြီး NLD မပါနိုင်အောင် ဥပဒေလမ်းကြောင်းကနေ ကန့်သတ်တားဆီးမှုတွေလုပ်ခဲ့ပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာတဲ့အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို NLD အစိုးရကာလ တပ်ချုပ်အဖြစ်ဆက်ဆံခဲ့ရပါတယ်။
ဒါပေမဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကတော့ ဦးသိန်းစိန် လက်ထက်ကတည်းက ရှိနှင့်ခဲ့ပြီးသား ဖြစ်ပါတယ်။
ဦးသိန်းစိန်ခေတ်ဆက်ဆံရေး
၂၀၁၀ ရွေးကောက်ပွဲဝင်မပြိုင်ခဲ့တဲ့ NLD ပါတီဟာ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီး လွှတ်တော်ထဲရောက်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စီနီယာတွေဖြစ်တဲ့ သမ္မတဦးသိန်းစိန်၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး တို့နဲ့ ဆက်ဆံရေး ရှိခဲ့ပြီး အထူးသဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နဲ့ အတော်လေး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နိုင်ငံရေးအရ ပထမဆုံး တွေ့ဆုံဖို့ဖြစ်လာတာက ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က NLD နဲ့ လွှတ်တော်ဘက်က တောင်းဆိုခဲ့တဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန် နဲ့ တပ်ချုပ်က တစ်ဘက်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က တစ်ဘက်လို့ လူသိများတဲ့ ဒီ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို အစိုးရဘက်က မလိုလားခဲ့ပေမဲ့ လွှတ်တော်ကတစ်ဆင့် တောင်းဆိုလာခဲ့လို့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲအဖြစ် စတင်တွေ့ဆုံပါတယ်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်တို့ ထပ်တိုးပါဝင်လာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nanda
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နိုင်ငံရေးအရ ပထမဆုံး တွေ့ဆုံမှုဖြစ်ခဲ့ပြီး အဖြေလည်းမထွက်တဲ့ တွေ့ဆုံမှုဖြစ်ခဲ့ပါတယ်။
နောက်ထပ် ၁၆ ပွင့်ဆိုင်၊ ၂၉ ပွင့်ဆိုင်အစည်းအဝေးတွေ အစိုးရဘက်ကထပ်လုပ်ခဲ့ပြီး အဖြေမထွက်တဲ့ တွေ့ဆုံမှုတွေပဲ ဖြစ်ခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်ရပြီးတဲ့နောက် အခြေအနေတွေက ပြောင်းလဲခဲ့ပါပြီ။
ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာလွှဲပေးပါ့မလားဆိုတာကို သံသယရှိခဲ့ကြပေမဲ့ အဆုံးသတ်မှာတော့ ဦးသိန်းစိန်အစိုးရက ဦးထင်ကျော်အစိုးရကို ငြိမ်းချမ်းစွာ အာဏာလွှဲပေးခဲ့ပါတယ်။
အာဏာအလွှဲအပြောင်းကိစ္စချောချောမောမောဖြစ်ရေးမှာ စစ်ဗိုလ်ချုပ်တွေရဲ့ အခန်းကဏ္ဍက အရေးပါတယ်လို့ နားလည်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ရော တပ်ချုပ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ပါ တွေ့ဆုံမှုတွေလုပ်ခဲ့ပါတယ်။
ဒါက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ နိုင်ငံရေးအရ အရေးပါတဲ့ ပထမဆုံး တွေ့ဆုံမှုလို့ ပြောလို့ရသလို နှစ်ဘက်ဆက်ဆံရေးကလည်း ဓာတ်ပုံတွေနဲ့ သတင်းထုတ်ပြန်မှုတွေအရ ကောင်းမွန်တဲ့အခြေအနေလို့ ယူဆလို့ရပါတယ်။
သူတို့နှစ်ဦးကြား သတင်းမထုတ်ပြန်ခဲ့တဲ့ သီးသန့်တွေ့ဆုံမှုတွေလည်းရှိခဲ့တယ်လို့ တပ်ဘက်ကရော NLD ဘက်က အရင်းအမြစ်တွေကပါ အတည်ပြုပါတယ်။
သူရဦးရွှေမန်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ ဆက်ဆံရေးအကြောင်းပြောရင် သူရဦးရွှေမန်းအကြောင်း ချန်ထားခဲ့လို့မရပါဘူး။
ကြံ့ခိုင်ရေးပါတီထဲက ခေါင်းဆောင်နေရာ အားပြိုင်မှုလို့ဆိုနိုင်သလို သမ္မတနဲ့ လွှတ်တော်လွန်ဆွဲပွဲလို့ ဆိုကြတဲ့ ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်း အကွဲအပြဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတရဲ့တပ်ချုပ်ဖြစ်သလို အဲဒီအချိန်မှာ လွှတ်တော်ထဲက ရေးရာကော်မတီဥက္ကဋ္ဌ ဖြစ်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း မိတ်ဆွေဖြစ်သူ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို စာနာခဲ့သူဖြစ်ပါတယ်။
အာဏာလွှဲပြောင်းမှု နဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံဖို့ သူစီစဥ်ပေးခဲ့တာလို့ ဦးရွှေမန်းက သူရေးခဲ့တဲ့ 'သူ၊ကျွန်တော်နဲ့ မြန်မာ့နိုင်ငံရေး' စာအုပ်ထဲမှာ ဆိုထားပါတယ်။
အုပ်ချုပ်ရေးအတွေ့အကြုံမရှိတဲ့ NLD ရဲ့ အစိုးရယန္တရားလည်ပတ်နိုင်ဖို့ သူရဦးရွှေမန်းက ကူညီခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thura U Shwe Mann fb
ဒါပေမဲ့ တစ်ဖက်မှာလည်း သူရဦးရွှေမန်းကို 'သစ္စာဖောက်' လို့ တံဆိပ်ကပ်ခဲ့ပြီး စစ်ရုံးရှိတဲ့ သူ့ရဲ့မဲဆန္ဒနယ် နေပြည်တော် ဇေယျာသီရိက တပ်မဲဆန္ဒရှင်တွေက လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပြန်ရုပ်သိမ်းဖို့ ကြိုးစားခဲ့ကြပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့တွေ့ကြတဲ့အခါ တပ်ဘက်က တောင်းဆိုမှုတစ်ခုက သူရဦးရွှေမန်း အစိုးရအဖွဲ့ထဲမပါလာဖို့ဖြစ်တယ်လို့ အငြိမ်း စားတပ်မတော်အရာရှိကြီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
''ဒါ ကျွန်မကိစ္စပါလို့ ဒေါ်အောင်ဆန်းစုကြည်ကပြန်ပြောခဲ့တယ်လို့ကြားတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဦးရွှေမန်းကို အစိုးရအဖွဲ့ထဲ နေရာမပေးခဲ့ဘူး'' လို့ သူက ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူရဦးရွှေမန်းကို အထူးကော်မရှင် ဥက္ကဋ္ဌ နေရာသာ ပေးခဲ့တာတောင်မှ လွှတ်တော်ထဲမှာ မဲခွဲတဲ့အခါ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။
ဒါကြောင့် သူရဦးရွှေမန်းကိုအကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ကြားမှာ မကြည်လင်မှုတွေရှိခဲ့တယ်လို့ သူတို့ သုံးဦးလုံးနဲ့ နီးစပ်သူတွေက မှတ်ချက်ပြုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူး
NLD လွှတ်တော်ရဲ့ ပထမဆုံးပြဋ္ဌာန်းတဲ့ဥပဒေဖြစ်တဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေက ခေါင်းဆောင်နှစ်ဦး ဆက်ဆံရေးမှာ မကျေမလည်ဖြစ်လာခဲ့တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။
ပုဒ်မ ၅၉ (စ) ကြောင့် သမ္မတ ဖြစ်ခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ အထက်မှာ နေမယ်လို့ ပြောခဲ့ဖူးပြီး လွှတ်တော်က နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ဖန်တီးခဲ့ပါတယ်။
NLD လွှမ်းမိုးထားတဲ့လွှတ်တော်က ဒီရာထူးအတွက် ဥပဒေပြုတော့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေက အပြင်းအထန်ဝိုင်းကန့်ကွက်ကြပါတယ်။
ဒီရာထူးထွင်ပြီးတဲ့နောက် ပြည်ထောင်စုအင်္ဂါစဉ်ကို အစိုးရကပြောင်းလဲခဲ့ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဒုတိယ သမ္မတ(၂) ဦးရဲ့ အထက်မှာထားလိုက်ပါတယ်။
အရင်က ပြည်ထောင်စုအင်္ဂါစဥ်မှာ နံပါတ်(၇) နေရာမှာရှိနေတဲ့ တပ်ချုပ်က နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးတစ်ခု ထပ်တိုးလာလို့ နံပါတ်(၈) ကို ရောက်သွားပါတယ်။
၅၉(စ) နဲ့ ငြိစွန်းသူတစ်ဦးကို ဒုတိယ သမ္မတ(၂) ဦးရဲ့ အထက်မှာထားလိုက်လို့ တပ်ချုပ်က လုံးဝမကျေနပ်ခဲ့ဘူး လို့ စစ်ရုံးထဲက တပ်မတော်အရာရှိကြီးတစ်ဦးကပြောပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပထမဆုံးသွားတဲ့ ရုရှားခရီးစဉ်အတွင်း RIA သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာလည်း ဒီရာထူးကို ဖန်တီးတာဥပဒေနဲ့ ငြိစွန်းတဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်ပြောခဲ့ပါတယ်။
အခြေခံဥပဒေပြင်ဆင်ရေး နဲ့ လွှတ်တော်ထဲက မကျေလည်မှုတွေ

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက မရှုမလှရှုံးတော့ လွှတ်တော်ထဲမှာ အဓိကအတိုက်အခံအင်အားစုက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဖြစ်လာပါတယ်။
ဦးဟင်နရီဗန်ထီးယူ ကို ဒုတိယသမ္မတ ခန့်တော့ ပြည်တွင်းမှာအနည်းဆုံးအနှစ် ၂၀ အခြေချနေထိုင်သူဖြစ်ရမယ် ဆိုတဲ့ ဒုတိယ သမ္မတ အရည်အချင်းသတ်မှတ်ချက်နဲ့ မပြည့်စုံတာကိုလည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက်ခဲ့ကြပါတယ်။
ဒါ့အပြင် ဧည့်စာရင်းစနစ်ကိုဖျက်သိမ်းတာ၊ နောက်ယောင်ခံလိုက်ကြည့်တာ၊ ဖုန်းကြားဖြတ် ခိုးနားထောင်တာတွေကို တားမြစ်ကန့်သတ်လိုက်တဲ့ ဥပဒေတွေကို လွှတ်တော်ကပြဌာန်းတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက်ခဲ့ကြပြန်ပါတယ်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်မှုတွေကို NLD လွှတ်တော်က မဲအများစုနဲ့ အနိုင်ယူခဲ့ကြတာကို ''ဒီမိုကရေစီအနိုင်ကျင့်မှု'' လို့ တပ်မတော်က လူသိရှင်ကြားထုတ်ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အလှည့်ကို ပြန်ရောက်လာပြီး ကန့်ကွက်မဲတွေပေးကြလို့ NLD က ပြင်ချင်တဲ့ ပုဒ်မတွေ ပြင်မရခဲ့ပါဘူး။
ရွေးကောက်ခံ NLD အမတ်တွေနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ အငြင်းပွားမှု နဲ့ တင်းမာမှုတွေကို လွှတ်တော်ချန်နယ် နဲ့ မီဒီယာတွေကတဆင့် အများပြည်သူက တွေ့မြင်ခဲ့ကြပါတယ်။
အဲ့ဒီနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို စွပ်စွဲပြစ်တင်လိုက်တဲ့အထိ တပ်က သူတို့မကျေနပ်မှုကို ပြခဲ့ပါတယ်။
လွှတ်တော်ထဲမှာ ဒီလောက်အထိတင်းမာခဲ့တာတွေကို ခေါင်းဆောင်နှစ်ဦးက ဝင်မထိန်းခဲ့တာကလည်း သူတို့ရဲ့ ဆက်ဆံရေး အခြေအနေကို မှန်းဆနိုင်ပါတယ်။
''တပ်နဲမညှိဘဲ အခြေခံဥပဒေပြင်ဆင်ရေးကိုတင်လာတာ။ တပ်ကိုပြည်သူတွေအမြင်မှာ လူဆိုးဖြစ်အောင် လုပ်တာဆိုပြီး ဗိုလ်ချုပ်မှူးကြီးကအတော်မကျေနပ်ဘူး''လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှူးဖြစ်ခဲ့တဲ့ ဦးမိုးဇော်ဦးက NLD အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်ချင်တဲ့ ပုဒ်မတွေကို လူသိရှင်ကြားထုတ်ပြန်ခဲ့တာ အများအသိပဲ လို့ ပြောပါတယ်။
''NLD ရဲ့ အခြေခံဥပဒေပြင်ရေးဆိုတာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့အတွက်တစ်ခုပဲ ဆိုတဲ့ စွပ်စွဲချက်တွေက မမှန်ကန်ပါဘူး'' လို့ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးမိုးဇော်ဦးကပြောပါတယ်။
ခေါင်းဆောင်နှစ်ဦးလုံးဟာ ငြိမ်းချမ်းရေးနဲ့အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စတွေနဲ့ပတ်သက်လို့ ၂၀၁၅ ရွေးကောက်ပွဲအပြီး သူတို့သဘောတူခဲ့တဲ့ကိစ္စတချို့ကို ချိုးဖောက်ခဲ့ကြတယ် လို့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး တစ်ဦးကပြောပါတယ်။
ဆက်ဆံရေး အနိမ့်အမြင့်အတက်အကျ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်လိုတဲ့ လက္ခဏာအများအပြားပြသခဲ့တယ်လို့ တပ်မတော်အရာရှိကြီးတစ်ဦးက ပြောပါတယ်။
အခမ်းအနားတွေ၊ တွေ့ဆုံပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဓာတ်ပုံရိုက်တဲ့အခါ ပြုံးရွှင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးကို တွေ့ကြရမှာပါ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ''အစ်မကြီး'' လို့ခေါ်ဝေါ်ပြီး ''ငြိမ်းချမ်းရေး အတူတွဲလုပ်ကြရအောင်'' လို့ NLD အစိုးရမဖွဲ့ခင် တွေ့ကြတုန်းက သတင်းထောက်တွေရှေ့မှာပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ နိုင်ငံရေးအရအရေးပါတဲ့လုပ်ရပ်တစ်ခုကတော့ NLD အစိုးရလက်ထက်မှာ ရန်ကုန်မြို့ အာဇာနည်ကုန်းကို တပ်ချုပ်တစ်ယောက်အနေနဲ့ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထဆုံးအကြိမ် ပြန်တက်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
၂၀၁၆ ဇူလိုင် ၁၉ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းက နေအိမ် ခြံနံပါတ်(၅၄)က အာဇာနည်နေ့ဆွမ်းကျွေးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းနဲ့ ဒုတိယသမ္မတဦးမြင့်ဆွေ တို့နဲ့အတူ အမှတ်တရဓာတ်ပုံလည်း ရိုက်ခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီအလှူမှာ ဒေါ်အောင်ဆန်းစုကြည်က သူရဦးရွှေမန်းကိုပဲ ဦးစားပေးခဲ့ပြီး သူ့ကို ခရီးဦးကြိုတောင်မပြုခဲ့လို့ တပ်ချုပ်က မျက်နှာမကြည်မသာဖြစ်ခဲ့တယ်လို့လည်း အဲ့ဒီအလှူမှာရှိနေသူတစ်ဦးထံက သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီနေ့ဧည့်ခံပွဲမှာ သူကိုယ်တိုင်မအားလပ်လို့ လစ်ဟင်းတာမျိုးတွေ ဖြစ်မှာစိုးတဲ့အတွက် အစ်ကို၀မ်းကွဲတော်သူကို ဧည့်ခံပေးဖို့ အကူအညီတောင်းခဲ့တဲ့အကြောင်း ဆွေမျိုးတစ်ဦးက ပြန်ပြောပြပါတယ်။
ဓာတ်ပုံတွေထဲမှာတော့ ပြုံးရွှင်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရပေမဲ့ နောက်နှစ်တွေမှာ အာဇာနည်ကုန်းပွဲကိုတက်ပြီး ခြံနံပါတ်(၅၄) ကိုတော့ ရောက်မလာတော့ပါဘူး။
အဲ့ဒီနေ့ မတိုင်မီ ၃ ရက် ဇူလိုင် ၁၅ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်စစ်သမိုင်းပြတိုက်ကို သွားရောက်လည်ပတ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧည့်ခံရှင်းပြခဲ့တာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
ဒီလိုပြေလည်တယ်ဆိုတာက ဓာတ်ပုံနိုင်ငံရေးကို အနက်ကောက်ကြတာဖြစ်ပြီး တကယ်တော့ သူတို့နှစ်ဦးဟာ ဘယ်တုန်းကမှ မပြေလည်ခဲ့ဘူးလို့ တပ်မတော်ခေါင်းဆောင်တွေနဲ့ရော NLD ခေါင်းဆောင်တွေနဲ့ပါ ရင်းနှီးပြီး လွှတ်တော်သက်တမ်းနှစ်ဆက်လုံးမှာ လွှတ်တော်ထဲရှိခဲ့တဲ့ အမတ်တစ်ဦးကပြောပါတယ်။
''တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဦးမင်းအောင်လှိုင်ကိုကြည့်မရသလို၊ ဦးမင်းအောင်လှိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အတော်မုန်းတီးပါတယ်။ အခုနှစ်ရှည်ထောင်ဒဏ်တွေနဲ့တရားစွဲထားတာပဲကြည့်လေ'' လို့ သူကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကြည့်ရစရာအကြောင်းတော့မရှိနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှူးလုပ်ခဲ့တဲ့ ဦးမိုးဇော်ဦးက ပြောပါတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုသဘောထားကို နိုင်ငံရေးထဲကိုဆွဲမသွင်းလာဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုသာ ဦးစားပေးခဲ့တယ်လို့ ဦးမိုးဇော်ဦးကဆက်ပြောပါတယ်။
''တပ်နဲ့အဆင်ပြေအောင် ရင်ကြားစေ့လွန်းလို့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ အထင်လွဲမှုကိုခံခဲ့ရတယ်''လို့ သူကပြောပါတယ်။
၂၀၁၈ ခုနှစ်လောက်အထိ ခေါင်းဆောင် နှစ်ဦးအကြားတွေ့ဆုံမှုတွေရှိခဲ့ကြတယ်လို့ စစ်ရုံးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
သမ္မတအိပ်မက်တူညီကြ
ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှစ်ဦးကြား ဆက်ဆံရေး အဆင်မပြေကြတဲ့ အဓိကအချက်တစ်ခုက တူညီတဲ့ အိပ်မက် ရှိနေကြတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူသမ္မတဖြစ်ချင်တဲ့အကြောင်း လူသိရှင်ကြားထုတ်ပြောခဲ့ပြီး NLD ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကြိုးပမ်းမှုဆိုတာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးပဲလို့ တပ်က နားလည်ထားပါတယ်။
၂၀၁၈ နှစ်ဆန်းပိုင်းက ပုဒ်မ ၅၉(စ) ပြင်ဆင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆီ သွားတွေ့ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တပ်နဲ့ပဲ ညှိဖို့ပြောခဲ့တယ်လို့ နေပြည်တော်က ဝန်ကြီးဟောင်းတချို့က ပြောပါတယ်။
အဲ့ဒီနောက် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီသွားတွေ့တဲ့အခါ ညှိနှိုင်းလို့ အဆင်မပြေရာကနေ သူတို့ဆက်ဆံရေး အတင်းမာဆုံးအနေအထားကို ရောက်ခဲ့တဲ့အကြောင်း ပြည်ထောင်စုဝန်ကြီးဟောင်းတစ်ဦးကပြောပါတယ်။
''အဲဒီမှာ ဒေါ်စုက စိတ်ဆိုးသွားတယ်။ သြဇီ (သြစတြေးလျ) ခရီးစဉ်မသွားခင်လေး ဖြစ်သွားတာ'' လို့ သူကပြောပါတယ်။
NLD အစိုးရလက်ထက်မှာ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ပေးဖို့ သူ့ဆီ မကြာခဏလာရောက် ညှိနှိုင်းခဲ့တယ်လို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးတစ်ခုမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ပြောခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြောကြားချက်က မဟုတ်မှန်ကြောင်း NLD အလုပ်ကော်မတီဘက်ကလည်း ပြန်ငြင်းခဲ့ပါတယ်။
ဒါပေမဲ့ စစ်တက္ကသိုလ် အပတ်စဉ်(၂၀) ဆင်းတဲ့ ပြည်ထောင်စုဝန်ကြီးဦးမင်းသူက သူနဲ့အပတ်စဥ်တူတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ ၅၉(စ) ပြင်ဆင်ရေးအတွက် အလွတ်သဘော ဆွေးနွေးတာတွေရှိခဲ့တယ်လို့ နေပြည်တော်က သတင်းအရင်းအမြစ် တစ်ဦးကပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူသမ္မတဖြစ်ချင်တဲ့အကြောင်း NLD အစိုးရလက်ထက်မှာ တိုက်ရိုက် ထုတ်မပြောပါဘူး။
ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ သူသမ္မတ ဖြစ်ချင်လို့ နိုင်ငံရေးသမားတစ်ဦးလို ပြုမူဆောင်ရွက်နေတာတွေက သိသာပါတယ်။
''ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ချင်တာထက် ဦးမင်းအောင်လှိုင်က ပိုတောင်ဖြစ်ချင်သေးတယ်'' လို့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦးက ပြောပါတယ်။
ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင် နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့တုန်းက အာဏာသုံးရပ်လုံး ကိုင်ထားခဲ့ကြတဲ့ တပ်ချုပ်တွေဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျမှ နိုင်ငံရေးသမားတွေကို နေရာဖယ်ပေးလိုက် ရတာကို သူက ထောက်ပြပါတယ်။
''သူက နိုင်ငံရေးသမားတွေထက် သူပိုလုပ်ပြနိုင်တယ်ဆိုတာကို ပြချင်နေတာ'' လို့ သူက ဆက်ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတအိပ်မက်ထည့်ပေးခဲ့တာက ဝန်ကြီးဟောင်းဦးစိုးသိန်းဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ နိုင်ရင် ဦးသိန်းစိန်က သမ္မတ သုံးနှစ်လုပ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်နှစ်လုပ်ဖို့ စီစဉ်ခဲ့ကြတယ် လို့ ဝန်ကြီးဟောင်းတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အပြတ်အသတ်နိုင်လို့ သူတို့ အစီအစဉ်ပျက်ခဲ့ရပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တပ်ချုပ်သက်တမ်းဆက်တိုးပြီး NLD အစိုးရလက်ထက်အထိ ဆက်နေခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားမယူဘဲ တပ်ချုပ်သက်တမ်းဆက်တိုးတာကို NLD ဘက်က ဘဝင်မကျခဲ့ဘူးလို့ နေပြည်တော်က သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။
ကာလုံမခေါ်ခြင်း

ဓာတ်ပုံ ရင်းမြစ်, Myanmar President Office
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးရဲ့ တရားဝင်ဆွေးနွေးဆက်ဆံရေးလမ်းကြောင်းဖြစ်ပါတယ်။
ကာလုံ အစည်းအဝေးလို့ အတိုကောက်ခေါ်ဝေါ်တဲ့ ဒီအစည်းအဝေးကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ အပတ်စဉ် ကြာသပတေးနေ့တွေမှာ ပုံမှန်ခေါ်ယူလေ့ရှိပါတယ်။
NLD အစိုးရလက်ထက်မှာတော့ တပ်က အကြိမ်ကြိမ်တောင်းဆိုတာတောင် တစ်ကြိမ်မှ ခေါ်ယူခဲ့ခြင်းမရှိပါဘူး။
ကာလုံမခေါ်တာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လုံးဝမကျေနပ်ဘဲ သူ့ကိုအသိအမှတ်မပြုတာလို့ ခံစားရတယ်လို့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးက ပြောပါတယ်။
NLD အစိုးရနဲ့ နီးစပ်သူတွေကတော့ သမ္မတသာဦးဆောင်ကျင်းပရတဲ့ ကာလုံမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့သမ္မတတွေကို စိတ်မချလို့မခေါ်တာလို့ သုံးသပ်မှုတွေရှိသလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တပ်ချုပ်ရာထူးကို သွယ်ဝိုက်ပြီး အသိအမှတ်မပြုတာလို့ ယူဆလို့ရတဲ့အကြောင်း သုံးသပ်ကြပါတယ်။
''ဦးသိန်းစိန်အစိုးရက ခန့်ခဲ့တဲ့တပ်ချုပ်မို့ NLD လက်ထက်မှာလည်း သမ္မတက ပြန်ခန့်ပေးရမှာပါ။ အဲ့ဒီလိုပြန်မခန့်တော့ ဦးမင်းအောင်လှိုင်က တရားဝင်မှုအရ စိတ်မလုံခြုံမခြုံဖြစ်ခဲ့ပုံရတယ်။'' လို့ နိုင်ငံရေးအကဲခတ်တစ်ဦးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPO
ကာလုံမှာ တပ်ကလူအများစုပါတယ်ဆိုကြပေမဲ့ ဒုသမ္မတ(၁)နဲ့ တပ်ချုပ်က အမည်စာရင်းပေးရတဲ့ ဝန်ကြီးသုံးယောက်ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ထဲက ဖြစ်ပါတယ်။ သူတို့ဟာ နေ့စဉ်လုပ်ငန်းတာဝန်တွေအတွက် သမ္မတကိုပဲတာဝန်ခံရတာပါ။ တပ်ချုပ်နဲ့ ဒုတပ်ချုပ်တို့အတွက်သာ ကာလုံက အစိုးရနဲ့ ဆက်သွယ်ရတဲ့ အဓိက ဆက်ဆံရေးလမ်းကြောင်းဖြစ်ပါတယ်။
''ကာလုံမခေါ်လိုက်နိုင်တာက တော်တော်အရေးကြီးတဲ့ကိစ္စလို့မြင်တယ်။ အဲ့ဒီအစည်းအဝေးက အရပ်ဖက်နဲ့စစ်ဘက် ယုံကြည်မှု တည်ဆောက်လို့ကောင်းတဲ့အစည်းအဝေးလို့မြင်တယ်'' လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။
ဦးမိုးဇော်ဦးကတော့ ကာလုံမခေါ်ပေမယ့် ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ကာလုံကဲ့သို့သော အစည်းအဝေးတွေ ခေါ်ခဲ့တဲ့အကြောင်း ဘီဘီစီကိုပြောပါတယ်။
၂၀၁၆ အောက်တိုဘာက သမ္မတအိမ်တော်မှာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ် အပါအဝင် ကာလုံအဖွဲ့ဝင် အားလုံးနီးပါးပါဝင်တဲ့ အစည်းအဝေးကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရဘက်က ကာလုံအစည်းအဝေးလို့ မခေါ်ခဲ့ဘဲ ကာကွယ်ရေးနဲ့ လုံခြုံရေး အထူးအစည်းအဝေးလို့ပဲ ခေါ်ခဲ့ပြီး ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဆိုင်ရာ အရေးတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။
အဲ့ဒီလို အစည်းအဝေးတွေကို သမ္မတ ဦးထင်ကျော်လက်ထက်ရော ဦးဝင်းမြင့်လက်ထက်မှာပါ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ကာလုံမခေါ်တာထက် သူ့အတွက်ခံပြင်းစရာကောင်းတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယူဆတဲ့ ဖြစ်ရပ်တွေ NLD အစိုးရလက်ထက်မှာ ကြုံဆုံခဲ့ရပါတယ်။
ဆက်လက်ဖော်ပြပါမည်။
'ထီးရိပ်နန်းရိပ် ဆက်ဆံရေး အာဏာသိမ်းမှုကို ဦးတည်စေခဲ့သလား'ဆောင်းပါးဒုတိယပိုင်းကိုလည်း မကြာမီဆက်လက်တင်ဆက်ဖို့ရှိပြီး အဲဒီအပိုင်းမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခံပြင်းဒေါသထွက်မှု၊ NLD အစိုးရ နဲ့ အားပြိုင်မှု ကန့်လန့်ကာနောက်ကွယ်ကအကြောင်းတွေကနေ အဏာသိမ်းမှုဖြစ်စဉ်အထိဆိုက်ရောက်ခဲ့တဲ့ အခြေအနေတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။








