မွေးနေ့ရှင် ‘‘စု’’ ရဲ့ ခရီးတိုတစ်ခု

၂၀၁၀ နေအိမ် အကျယ်ချုပ်လွတ်မြောက်ပြီးနောက် အဖွဲ့ချုပ်ရုံးရှေ့က လူထုတွေ့ဆုံပွဲ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၀ နေအိမ် အကျယ်ချုပ်လွတ်မြောက်ပြီးနောက် အဖွဲ့ချုပ်ရုံးရှေ့က လူထုတွေ့ဆုံပွဲ

အကျဥ်းကျခံနေရတဲ့ အချိန်မှာ ဘဝကို ခရီးတစ်ခုလို လက်ခံခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင်ရေးတဲ့ ‘’ မြန်မာပြည်ကရေးတဲ့စာ ‘’ စာအုပ်မှာ ဖွင့်ဟခဲ့ပါတယ်။

အသက် ၇၈ နှစ် အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ် အရေးအခင်းကာလ သူ့ အသက် ၄၃ နှစ်အရွယ်မှာ မြန်မာပြည်ပြန်ရောက်ခဲ့လို့ ၃၅ နှစ်တာကာလကို မြန်မာပြည်မှာ ကုန်ဆုံးထားပါတယ်။

၃၅ နှစ်အတွင်း ၁၈ နှစ်လောက်က နေအိမ်အကျယ်ချုပ် ဘဝ ၊ အကျဥ်းစံဘဝတွေနဲ့ဖြတ်သန်းရတာ အခု အချိန်အထိပါပဲ။

အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်ကတည်းက နေအိမ်အကျယ်ချုပ်နဲ့ ၁ နှစ်နဲ့ ၄ လ‌‌ လောက်နေခဲ့ပြီး စစ်တပ်က ပုဒ်မ ပေါင်း ၁၉ ခုနဲ့ တရားစွဲခဲ့ပါတယ်။

ပုဒ်မ တချို့အတွက် ပြစ်ဒဏ်တွေ စချခဲ့ရာကစလို့ ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်ဝန်းကျင်မှာ စစ်ကောင်စီက သူ့ကို နေပြည်တော်အချုပ်ထောင်ကိုပြောင်းရွှေ့လိုက်တာပါ။

အခုနှစ် ဇွန်လမှာတော့ သူ့ကို ထောင်ထဲမှာ ပြောင်းရွှေ့ထားတာ ၁ နှစ် ပြည့်ပါပြီ။

ပြီးခဲ့တဲ့ကာလတွေက နေအိမ် အကျယ်ချုပ်ဘဝ နဲ့ နှစ်ကာလရှည်နေခဲ့ရပေမဲ့ ဒီတကြိမ်မှာတော့ အချုပ်ထောင်ထဲမှာ ကာလရှည်ရှိနေရတဲ့အခြေအနေပါ။

၂၀၁၅ နောက်ပိုင်းကျင်းပခဲ့တဲ့ မွေးနေ့တစ်ခုမှာ သမ္မတဦးဝင်းမြင့်ဇနီး ဒေါ်ချိုချို ၊ လွှတ်တော်ကိုယ်စားလှယ်ဒေါ်စုစုလွင်တို့နဲ့အတူတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၅ နောက်ပိုင်းကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ အတူတွေ့ရတဲ့ သမ္မတဦးဝင်းမြင့်ဇနီး ဒေါ်ချိုချို ၊ သမ္မတဟောင်းဦးထင်ကျော်ဇနီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်စုစုလွင်။

တစ်ဦးတည်းဖြတ်သန်းရမယ့်အကျဥ်းစံမွေးနေ့

အသိပေးချက် - ၂၀၂၃ နှောင်းပိုင်းနဲ့ ၂၀၂၄ ပထမနှစ်ဝက်ကာလအတွင်း ထပ်မံရရှိတဲ့အချက်အလက်သစ်တွေကို ဖြည့်စွက်ထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၁၀ အရှေ့ပိုင်းကာလတွေက ဇွန်လ ၁၉ ရက် သူ့မွေးနေ့ ၁၅ ကြိမ်လောက်ကို နေအိမ်အကျယ်ချုပ် ဒါမှမဟုတ် အကျဥ်းထောင်ထဲ ဖြတ်သန်းခဲ့ရပါတယ်။

၂၀၂၁ အာဏာသိမ်းနောက်ပိုင်းကျရောက်တဲ့ မွေးနေ့တွေကို အကျဥ်းထောင်ထဲပဲ ဖြတ်သန်းရမှာပါ။

အာဏာစသိမ်းတဲ့ ၂၀၂၁ မွေးနေ့ကိုတော့ နေပြည်တော်ကောင်စီနယ်မြေထဲက သူ့ကိုအကျယ်ချုပ်ထားတဲ့ နေအိမ်မှာ အတူနေသူတချို့နဲ့ တိတ်တိတ်ဆိတ်ဆိတ် ဖြတ်သန်းခဲ့ရပါတယ်။

သားဖြစ်သူ ကင်မ်ပို့ပေးတဲ့ ကိတ်မုန့်ကို အဲဒီကာလရှေ့နေတွေကတဆင့် ရခဲ့ပြီး ချောကလက်ကြိုက်တဲ့ မိခင်အတွက် ကြမ်းတမ်းပြီး ကွဲအက်နေတဲ့ သစ်တုံးထဲကနေ ပန်းအနီရောင်တပွင့် ထွက်လာတဲ့ ပုံစံနဲ့ကိတ်မုန့်ကို သားဖြစ်သူဆီကနေ သူလက်ခံရရှိခဲ့ပါတယ်။

"ကိတ်ပေါ်မှာ ပထမတော့ ကင်မ်က ဟက်ပီးဘတ်ဒေး မေမေလို့ ရေးခိုင်းတယ်။ အဲဒီကာလက စဖမ်းခံထားရတဲ့အချိန်ဆိုတော့ကင်မ်က သူရေးလိုက်ကာမှ သူ့အမေပေါ်မှာ စစ်တပ်က တမျိုးခေါင်းစဥ်တပ်မလားဆိုပြီး သူလည်းစိုးရိမ်တာပေါ့။ အဲဒါနဲ့ ပြန်ဖျက်လိုက်ပြီး ကိတ်မုန့်ချည်းပဲ ပို့ပေးခဲ့ရတယ်’’ လို့ ကိတ်မုန့်ပို့ပေးခဲ့သူတွေထဲပါခဲ့တဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ အမှုတွေ စစ်ဆေးနေချိန်ဖြစ်လို့ သူ့မွေးနေ့ နောက်ရက် ဇွန် ၂၀ ရက်မှာ တရားခွင်ထဲကျင်းပခဲ့ရပါတယ်။ ရှေ့နေတွေက အာဏာပိုင်တွေကတဆင့် ကိတ်မုန့်ကို ကြိုပို့ထားပြီး တရားခွင်ရှိတဲ့ နေ့မှာ ကိတ်မုန့်ကို ဒေါ်အောင်ဆန်းစုကြည်က ယူလာပြီး ရှေ့နေတွေ ၊ တရားရေးဝန်ထမ်းတွေနဲ့အတူ မွေးနေ့ကို ဖြတ်သန်းခဲ့ပါတယ်။

ပြည်သူတွေက သူ့အတွက်ဆုတောင်းပေးတာကို ကျေးဇူးတင်ကြောင်းပြောပြီး ပြည်သူတွေ ကျန်းမာဖို့လည်း သူက ပြန်ဆုတောင်းပေးခဲ့တာက အမှတ်တရလို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြန်ပြောပြပါတယ်။

အခုနှစ် ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် ၇၈ နှစ်ပြည့်မွေးနေ့ကိုတော့ နေပြည်တော်အချုပ်ထောင်ထဲ သူတစ်ဦးတည်း ဖြတ်သန်းရဖို့ ရှိနေပါတယ်။ အမှုတွေအားလုံး ပြီးပြတ်ပြီဖြစ်လို့ ရှေ့နေတွေနဲ့တောင်တွေ့ခွင့်မရတဲ့ သူ့အတွက် ထောင်ဝင်စာ နဲ့အတူ မွေးနေ့ကိတ်ပေးဖို့တော့ ဖြစ်နိုင်ပါတယ်။

"တနင်္လာနေ့ဆို သူ့အတွက် ထောင်ဝင်စာ ရိက္ခာပို့ပေးကြတဲ့နေ့ဆိုတော့ အခုနှစ် ဇွန် ၁၉ရက်ကလည်း တနင်္လာနေ့ ကျတယ်။ ထောင်ဝင်စာပို့ရင်း မွေးနေ့ကိတ်ပို့ပေးကြမှာပေါ့။’’

‘’ ပထမနှစ်က နေအိမ်အကျယ်ချုပ် မွေးနေ့က ရန်ကုန်က ပါသွားတဲ့ အတူနေသူတွေ ရှိတယ်။ ဒုတိယနှစ်က တရားခွင်မှာ ရှေ့နေတွေနဲ့ အတူဖြတ်သန်းရ‌သေးတယ်။ ဒါပေမဲ့ ဒီနှစ်ကတော့ အဆိုးဆုံးနှစ်ပဲ။ သူ ထိန်းသိမ်းခံခဲ့ရဖူးတဲ့ ကာလတစ်လျှောက်လုံး ဒီမွေးနေ့ကတော့သူတစ်ယောက်တည်းဖြတ်သန်းရမယ့် မွေးနေ့ပဲ။ ဒီအသက်အရွယ်မှာ ဒီတိုင်းပြည်ရဲ့ ဒုက္ခတွေကို ခံနေရသေးတာကို စိတ်မကောင်းဘူး" လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေတွေသိရှိထားသူ တစ်ဦးက ပြောပြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စုစုပေါင်း အမှု ၁၉ မှု အတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်ထုတ်ပြန်ချက်အရ အမှု ၁၉ မှု ထဲက အမှု ၅ မှု အတွက် ၆ နှစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့လို့ ‌ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရတဲ့အခြေအနေဖြစ်ပါတယ်။

၂၀၂၄ ဇန်နဝါရီလမှာ အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အကျဥ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ စာတစ်စောင်ကိုသားဖြစ်သူကင်မ်က လက်ခံရရှိခဲ့ပါတယ်။

အဲဒီအချိန်တုန်းကတော့ အဲဒီစာကနေ သူ့မိခင်ကျန်းမာအသက်ရှင်နေသေးတာကိုသိရလို့ ဝမ်းမြောက်ရတယ်လို့ ဘီဘီစီကိုဖြေခဲ့ပါတယ်။

''မေမေ့ဆီကိုစာတွေကြိုးစားပြီးပို့ပါဦးမယ်။ ပါဆယ်တွေလည်းထပ်ပို့ပါမယ်'' လို့ ကင်မ်ကပြောခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အကျဥ်းထောင်ထဲမှာထားရှိတာ ၂ နှစ် ပြည့်ပြီဖြစ်ပါတယ်။

စစ်ကောင်စီ က ၂၀၂၃ ခုနှစ်ဇူလိုင် လမှာ အဲဒီကာလက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန်ပရာမွတ်ဝီနိုင်း ကို အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့ခဲ့ပါတယ်။

ကုလသမဂ္ဂက သံတမန်တွေ အပါအဝင် တခြားဘယ်သံတမန်မှမရတဲ့ ရှားရှားပါးပါးအခွင့်အရေးတစ်ခု ကိုပေးခဲ့ပြီး ၂၀၂၃ ဇူလိုင်က လုပ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်းမှာ ထိုင်းနိုင်ငံဘက်က အချိန်ကိုက် ထုတ်ပြောခဲ့တာဖြစ်ပါတယ်။

၂၀၁၀ အရှေ့ပိုင်းကာလက နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက်မွေးနေ့ပွဲနဲ့ လွတ်မြောက်ဖို့ ဆန္ဒထုတ်ဖော်သရုပ်ပြမှု။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၀ အရှေ့ပိုင်းကာလက နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက်မွေးနေ့ပွဲနဲ့ လွတ်မြောက်ဖို့ ဆန္ဒထုတ်ဖော်သရုပ်ပြမှု။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက သူ့ရဲ့ ရဲဘော်ရဲဘက်တွေကတော့ လွန်လေပြီးခဲ့တဲ့ အကျယ်ချုပ်ကာလနှစ်တွေကတည်းက အခက်အခဲတွေ စောင့်ကြည့်သတိပေးခံရမှုတွေကြားကပဲ သူ့မွေးနေ့ စည်စည်ကားကားဖြစ်အောင် ကျင်းပခဲ့ကြတာပါ။

စစ်အစိုးရခေတ် မှာ အဖွဲ့ချုပ်ရုံးရှေ့ ထောက်လှမ်းရေးထားပြီး စောင့်ကြည့်ခံရတဲ့ကာလတွေကတည်းက ဆွမ်းလောင်းပွဲတွေ၊ မွေးနေ့အလှူတွေနဲ့ ဖြတ်သန်းကြသလို ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့ ငှက်လွှတ်ဆုတောင်းပေးသူတွေထဲ သတင်းစာဆရာဦးဝင်းတင်လည်း ပါခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်ကျင်းပဖို့ရှိနေတဲ့ အခုနှစ် ၇၈ နှစ်ပြည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာတော့ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေ၊ မြေပြင်မှာ ဦးဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက အွန်လိုင်းကနေပါဝင်ဆင်နွှဲကြဖို့ရှိသလို သားငယ် ကင်မ် ကလည်း အွန်လိုင်းကတဆင့် မွေးနေ့ဆုတောင်းစကားပြောဖို့ရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့ ဗဟိုအလုပ်ကော်မတီကတော့ အခုနှစ် ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ဆောင်ပုဒ်ကို "စုနဲ့ပြည်သူ ကြည်ဖြူလက်တွဲ ၊ နွေဦးအောင်ပွဲ ပန်းပန်မြဲ" လို့ ပြောထားပြီး မြန်မာ နဲ့ ကမ္ဘာတဝန်းက လူထုက ပန်းသပိတ်နဲ့ ပါဝင်ဆုတောင်းပေးဖို့ ဆော်သြနေပါတယ်။

"လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လိုလားချက်၊ ယုံကြည်ချက်နဲ့ သစ္စာတရားတွေ ပြည့်ဝပါစေလို့ဆုတောင်းပေးသလို ပြည့်ဝမယ်လို့ ယုံကြည်ပါတယ်။ ကျန်းမာရေးကောင်းနေဖို့လည်းဆုတောင်းပေးပါတယ်’’ လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်က ဆုတောင်းပါတယ်။

၂၀၁၀ အရှေ့ပိုင်း နေအိမ်အကျယ်ချုပ်ကာလ ခြံအမှတ် ၅၄ မှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၁၀ အရှေ့ပိုင်း နေအိမ်အကျယ်ချုပ်ကာလ ခြံအမှတ် ၅၄ မှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်။

ငြိမ်းချမ်းနည်းနဲ့တိုက်ပွဲဝင်သူနဲ့ လက်ရှိကာလ

မဲမသမာမှုရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒပြ‌တောင်းဆိုမရလို့ နိုင်ငံတွင်းဒေသအများစုမှာ လက်နက်ကိုင်ဆန့်ကျင်ကြတာ အခုဆို ၃နှစ်နီးပါးကာလကို ရောက်လာပါပြီ။

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မဲနိုင်အမတ်တွေ စုစည်းပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု CRPH ကို တည်ထောင်တဲ့နောက် ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာ PDF တပ်မတော်မှာ တပ်ရင်း ၃၀၃ ရင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ အနေနဲ့ မြို့နယ်ပေါင်း ၂၆၀ မှာ ဖွဲ့စည်း ထူထောင်နိုင်ပြီလို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က အခုနှစ်ထဲ ထုတ်ပြောထားပါတယ်။

ဒီလိုဒေသအနှံ့မှာအားကောင်းလာတဲ့ ဒေသကာကွယ်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုသဘောထားလဲဆိုတာ ဘယ်သူကမှ တိတိပပထုတ်ပြောနိုင်တာမရှိပါဘူး။

နှစ်ပေါင်းများစွာ ငြိမ်းချမ်းတဲ့နည်းနဲ့တိုက်ပွဲဝင်သူ တစ်ဦးအနေနဲ့ ဒီလိုလက်နက်ကိုင်ခုခံ တိုက်ခိုက်မှုကို လက်ခံမလားဆိုတာကို စစ်ကောင်စီဘက်ကရော တော်လှန်ရေးအင်အားစုတွေဘက်ကပါ ဒေါ်အောင်ဆန်းစု ဆီက ထွက်လာမယ့် သတင်းစကားကို ကြားသိချင်ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်ကတော့ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေကိုကာကွယ်ပေးဖို့ PDFတွေကို စောင့်ရှောက်ပါ။ PDFတွေကို မဖြုန်းတီးပါနဲ့ဆိုတဲ့ မှာကြားခဲ့တာကို ကြားသိရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါ့ကြောင့်ပဲ နေပြည်တော်ထောင်တွင်းမှာ စစ်ဗိုလ်ချုပ်တွေသွားတွေ့ချိန်မှာ ဘာမှတ်ချက်မပေးတာလို့ ထွက်ပေါ်နေတဲ့ သတင်းစကားတွေကိုကိုကားပြီး သူ့ယူဆချက်ကို ဒေါက်တာမေဝင်းမြင့်ကပြောပါတယ်။

ဒါပေမဲ့ တဖက်မှာတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၀ရက်အထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရတဲ့ ရှေ့နေအသိုင်းအဝိုင်းကတော့ ဒေါ်‌အောင်ဆန်းစုကြည် ဒီလိုမှာကြားတာ လုံးဝမရှိသလို NUG ၊ CRPH နဲ့ PDF ကို သိဖို့လည်းမရှိဘူးလို့ တုံ့ပြန်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ အမြဲတမ်းရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက် စစ်ဗိုလ်ချုပ်တွေရဲ့ သဘာဝကို တခြားသူတွေထက်ပိုပြီးနားလည်တယ်လို့ အနီးကပ်ရှိခဲ့သူတွေက ယူဆထားကြပါတယ်။

‘’ သူ ( ဒေါ်အောင်ဆန်းစုကြည်) ကတော့ ကိုယ်ရေးကိုယ်တာထက်စာရင် ပါတီကိုဦးစားပေးမယ်။ ပါတီထက်စာရင် နိုင်ငံကိုဦးစားပေးမယ်။ပြည်သူကိုမျက်နှာမူပြီး ဆုံးဖြတ်မယ်။ ပြည်သူလူထုဆန္ဒကို ဆန့်ကျင်ပြီး ဘာမှမလုပ်ဘူးလို့ ပြောထားပြီးဖြစ်တယ်”လို့ ဒေါက်တာမေဝင်းမြင့်က ပြောပါတယ်။

အကျဥ်းကျခံနေရပေမဲ့ တိုင်းပြည်တွင်းဖြစ်နေတဲ့ လက်ရှိအခြေအနေကို ဒေါ်အောင်ဆန်းစုကြည် အားလုံးသိရှိထားတယ်လို့ လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်ဗိုလ်ချုပ်တွေသွားတွေ့ဆုံတာမရှိဘူးလို့ ငြင်းထားသလို ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစာဖတ်ရှုခွင့်ပေးထားလို့ လက်ရှိတိုင်းပြည်တွင်း ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို သိတယ်လို့ ဆိုပြီး ဘာတစ်ခုမှ မှတ်ချက်မပေးမှုကို အပြစ်တင်ပါတယ်။

ဒေါက်တာမေဝင်းမြင့်ကတော့ ‘’ အဖွဲ့ချုပ်ရဲ့မူဝါဒ မှာ ငြိမ်းချမ်းတဲ့နည်းကို ကိုင်စွဲထားမယ်ဆိုတာပါရှိပြီး ဖြစ်ပါတယ်။ဒါပေမဲ့ ဒီတော်လှန်ရေးကာလက အရင် ၈၈ နဲ့မတူတော့ပါဘူး။ သူ့ ( ဒေါ်အောင်ဆန်းစုကြည်) မှာကြားချက်တွေကိုကြည့်ရင် အခြေအနေမှန်ကို တွက်ဆလို့ ရတဲ့အတွက် ပြည်သူလူထုရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး ဘာမှ မလုပ်ဘူးဆိုတာ ပြောနေတာပါပဲ”လို့ သူတို့ရရှိထားတဲ့ အချက်အလက်ကိုကိုင်စွဲပြီး တုံ့ပြန်ပါတယ်။

၁၉၉၉ခုနှစ် အဖွဲ့ချုပ်ရုံးမှာ အစည်းအဝေးလုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၁၉၉၉ခုနှစ် အဖွဲ့ချုပ်ရုံးမှာ အစည်းအဝေးလုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်။

ဒေါ်အောင်ဆန်းစုကြည်ထောင်တွင်းဖြတ်သန်းမှု

အသားငါးထက် အသီးအရွက်ကို ခုံမင်ပြီး အစားအသောက်ဆင်ခြင်တဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် တာရှည်ခံအရွက် အသီးတွေထားဖို့ ခက်ခဲ့တဲ့အခြေအနေမှာ နာမည်ကြီးလက်ဖက်ရည်ဆိုင် တခုက ထုတ်တဲ့ အရွက်စိမ်းကြိတ်ရည်ကို နေ့စဥ်လို သောက်ပါတယ်။

‘’ ထောင်ဝင်စာနေ့ဆို အရွက်စိမ်းကြိတ်ရည် ထည့်ပို့ပေးရတယ်။ အဲဒီအရည်က လူကြီးတွေအတွက် လည်းကောင်းတယ်။ သူလည်းသဘောကျတယ်။ အဓိကကတော့ကျန်းမာရေးအတွက်ပေါ့။ ခုခံအားမြှင့်တင်ပေးတယ်။ ဆီးချိုထိန်းတယ်။ ဆိုတော့ သူ့အတွက် အဆင်ပြေတယ်’’ လို့ ထောင်ဝင်စာအတွက်စီစဥ်ပေးရတဲ့ အခြေအနေကို သိရှိထားသူတစ်ဦးကပြောပါတယ်။

ထောင်ထဲက သူ့ရဲ့နိစ္စဓူဝကို ဘုရားရှိခိုး၊ တရားထိုင်သလို စာဖတ်ပြီးလည်း ဖြတ်သန်းပါတယ်။

‘’ ပြင်သစ်ဘာသာနဲ့ရေးတဲ့ စာအုပ်တွေ အခုနောက်ပိုင်းဖတ်တယ်။ အထူးသဖြင့်တော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတာနဲ့ဆိုင်တဲ့စာအုပ်တွေ နောက် ပြင်သစ်အတ္တုပတ္တိတွေ ဖတ်တယ်’။’

ကျန်းမာရေးနဲ့ပတ်သက်လို့ ဂရုတစိုက်ရှိတဲ့ သူ့မှာ ရောဂါကြီးကြီးမားမား ခံစားနေရတာမရှိပေမဲ့ မကြာခဏ ဖျားတာ၊ ချောင်းဆိုးတာမျိုးဖြစ်တတ်သလို သွားကိုက်တာ နဲ့ သွေးကျတာမျိုးလည်းဖြစ်တတ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ထောင်ကိုပြောင်းပြီးနောက် နဂိုထက်ခန္ဓာကိုယ်ပိန်သွားတာတော့ရှိတယ်လို့ ထောင်တွင်းရင်းမြစ်နဲ့ နီးစပ်သူတဦးကပြောပါတယ်။

၁၉၉၅ခုနှစ်က ခြံအမှတ် ၅၄ နေအိမ်ထဲတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၁၉၉၅ခုနှစ်က ခြံအမှတ် ၅၄ နေအိမ်ထဲတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်။

အမှုတွေအတွက် အယူခံတက်ထား

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအချိန်မှာ သဘာဝဘေး၊ပို့ကုန်သွင်းကုန်၊ဆက်သွယ်ရေးပုဒ်မနဲ့ အဂတိအမှုတွေအပါအဝင် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတာပါ။

အမှုအားလုံးအတွက် သူ့မှာအပြစ်မရှိကြောင်းထွက်ဆိုထားခဲ့သလို သူစွပ်စွဲခံရပြီး ထောင်ဒဏ်ချမှတ်ခံရတဲ့ အမှုတွေအားလုံးအတွက် ဥပဒေအရ သူ့ရပိုင်ခွင့်အတိုင်း အယူခံတက်ထားပါတယ်။

ဒါပေမဲ့ အမှုအများစုရဲ့ အယူခံလျှောက်ထားမှုက ပယ်ချခံရတာဖြစ်ပြီး အဲဒီထဲက အမှုတချို့ကတော့ ပြင်ဆင်မှု လျှောက်ခွင့်ရထားပါတယ်။

NLD အစိုးရလက်ထက် ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူမှု၊ ပြင်ဆင်မှုနဲ့ သက်ဆိုင်တဲ့ အဂတိအမှု ငါးမှု အတွက် အယူခံလျှောက်ထားခွင့်ရထားသလို ရွေးကောက်ပွဲ မှာ မလျော်သြဇာသုံးတယ်ဆိုပြီး စွပ်စွဲခဲ့တဲ့ ရာဇသတ်ကြီးပုဒ်မ- ၁၃၀ (က) အမှုနဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေပုဒ်မ - ၃ (၁) (ဂ) အမှုတွေက ပြင်ဆင်မှုတက်ထားတာလက်ခံလို့ နှစ်ဖက်ကြားနာဖို့ ဆက်ရှိနေပါတယ်။

ရန်ကုန်ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ဒေါ်လာ ယူတယ်လို့စွပ်စွဲခံရတဲ့အမှုကတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အထူးအယူခံခွင့် ပြုလိုက်လို့ လျှောက်လဲချက်ပေးထားပြီး ဖြစ်ပါတယ်။

‘’ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ တရားသူကြီးကိစ္စပေါ့။သူ့ (ဒေါ်အောင်ဆန်းစုကြည်) ရှေ့နေတွေကတော့ သူပြောတဲ့အတိုင်း သူ့ဆန္ဒအတိုင်း ဥပဒေအရ ရပိုင်ခွင့်အတိုင်း သူ့မှာအပြစ်မရှိလို့ အယူခံတက်တာပေါ့’’ လို့ အမှုအခြေအနေတွေကိုသိရှိတဲ့ နီးစပ်သူတစ်ဦးကရှင်းပြပါတယ်။

အကျဥ်းစံဘဝအပေါ် နားလည်မှု

အခုဒေါ်အောင်ဆန်းစုကြည်နေနေရတဲ့ နေပြည်တော် အကျဥ်းထောင် ပရဝဏ်ထဲက ၁၄ ပေ နဲ့ ၁၅ ပေပတ်လည်လောက်ပဲ ကျယ်တဲ့အခန်းထဲမှာ သူရောက်နေတဲ့ အသက်အရ နေဒဏ် ၊မိုးဒဏ်ခံရခက်ပြီး ကျန်းမာရေးအတွက်စိုးရိမ်ရတာမျိုးလို့ နီးစပ်သူတွေကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်နေခဲ့သူတွေကတော့ တရားအသိ နဲ့ သူ့ရဲ့ဖိနှိပ်ခံ အချိန်တွေကိုကုန်ဆုံး တဲ့သူဖြစ်သလို စိတ်ဓာတ်ခိုင်မာသူဖြစ်လို့ ဒါက သူ့အတွက်ထူးခြားတဲ့ အခြေအနေမဟုတ်ဘူးလို့ တုံ့ပြန်ကြပါတယ်။

ဒါပေမဲ့ သူကိုယ်တိုင် ကျဥ်းကျပ်ပိတ်လှောင်ခံရမှုကို ဖော်ပြတာမျိုးရှိပါတယ်။ ၂၀၁၀ နိုဝင်ဘာမှာ နေအိမ်အကျယ်ချုပ်လွတ်ပြီးတဲ့နောက် ၂၀၁၁ မှာ သားဖြစ်သူ ကင်မ် နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း ပုဂံကို အလည်အပတ်ခရီးရက်တိုသွားချိန်က ဘုရားတိုင်းကို မသွားခဲ့ပါဘူး။

ကျန်စစ်သားတည်တဲ့ အာနန္ဒာ နဲ့ မနူဟာ ဂူဘုရား ၂ ခုကိုပဲ သွားခဲ့ပါတယ်။ မနူဟာဘုရားရောက်တဲ့အချိန် သူခံစားရတဲ့ ခံစားမှုကို သူအဓိပ္ပာယ်‌ဖော်တဲ့ အခါ နိုင်ငံရေးအကျဥ်းသားတွေ ခံစားနေရတဲ့ ခံစားမှုနဲ့ ချိန်ထိုးဖွင့်လှစ်ပြပါတယ်။

မနူဟာဘုရားဟာ ရှိနေတဲ့အကျယ်အဝန်းနဲ့ မကိုက်လောက်အောင် ကြီးမားနေလို့ ပိတ်လှောင်မွန်းကြပ်ခြင်းနဲ့ လွတ်မြောက်လိုမှုပြင်းပြနေတဲ့ ဝိညာဥ်ရဲ့ ရုန်းကန်အသက်ရှုခြင်းတို့နဲ့ ထိတွေ့ရသလိုခံစားရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးပါတယ်။

မွန်ဘုရင် မနူဟာကို အနော်ရထာဘုရင် ဖမ်းခဲ့ချိန်က မနူဟာဘုရင်က သူ့ခံစားချက်ကိုဖော်ပြဖို့ ဒီဘုရားကိုတည်ခဲ့တာလို့ သမိုင်းအမှတ်အသားရှိပါတယ်။ ဒါကြောင့်ပဲ ဒေါ်အောင်ဆန်းစုကြည်က ဒီဘုရားကိုဖူးခဲ့ပြီး သူ့ခံစားချက်ကို ဖွင့်ဟပါတယ်။

‘’ အဲဒီဘုရားကိုသွားဖူးတော့ ကျွန်မတို့နိုင်ငံမှာ လိုအပ်နေတဲ့ လူမျိုးစုတိုင်းရင်းသားတွေကြား ညီညွတ်မျှတမှုနဲ့ နိုင်ငံရေးကြောင့် အကျဥ်းကျသူတိုင်းလွတ်မြောက်ဖို့တို့ဖြစ်ပါတယ်’’ လို့ မြန်မာပြည်ကရေးတဲ့စာ စာအုပ်မှာ သူခံစားချက်ကို ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခင်ပွန်းဖြစ်သူ ပါမောက္ခမိုက်ကယ်အဲရစ်ကတော့ ဒေါ်‌အောင်ဆန်းစုကြည် ရေးတဲ့ အကြောက်တရားမှလွတ်မြောက်ခြင်း- Freedom from Fear စာအုပ်မှာ ဇနီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရင့်မှုနဲ့ တည်ကြည်ပြတ်သားမှုကို အဓိပ္ပါယ်ဖော်ရေးခဲ့ပါတယ်။

The wisdom and beauty beyond the suffering endured . Who can now doubt her love and courage?

‘’ ကြံ့ကြံ့ခံထားရတဲ့ ဒုက္ခဝေဒနာတို့ကနေ ကျော်လွန်နေတဲ့ သူ့ရဲ့ အလှတရားနဲ့ ဥာဏ်ပညာ၊ သူ့ရဲ့ ရဲရင့်ခြင်းနဲ့ ချစ်ခြင်းမေတ္တာတို့ကို ဘယ်သူတစ်ဦးတစ်ယောက်က သံသယ ရှိနိုင်ပါဦးမလဲ။’’

အချိန်ဇယား