ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းချခြင်း- စစ်ဗိုလ်ချုပ်တို့ရဲ့ နည်းဟောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နောက်ဆုံးအကြိမ် ထောင်ဒဏ်ချမှတ်ခဲ့တာ လွန်ခဲ့တဲ့ ၁၂ နှစ်က ဖြစ်ပါတယ်။ အဲ့ဒီတုန်းက တရားခွင်မှာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော တစ်ယောက် စိတ်မကောင်းဖြစ်ပြီး ငိုကြွေးခဲ့ပါတယ်။
ဒီဇင်ဘာ ၆ ရက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ်ချတော့ နေပြည်တော်က သီးသန့်တရားရုံးထဲ ငိုကြွေးသူတချို့ရှိခဲ့ပါတယ်။
စွဲဆိုထားတဲ့ အမှု ၁၁ မှုအနက် ကိုဗစ်စည်းကမ်းဖောက်ဖျက်မှုနဲ့ ဆူပူအောင် လှုံ့ဆော်မှုတို့အတွက် ပြစ်ဒဏ်ချခဲ့တာပါ။
ဂျွန်ယက်တော အမှုတုန်းက ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားခံပြသက်သေလိုက်ပေးခဲ့တဲ့ ဦးကြည်ဝင်းတစ်ယောက် အခုတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေလိုက်နေရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေတုန်း အင်းလျားကန်ကိုဖြတ်ကူးလာတဲ့ ဂျွန်ယက်တောကိုအကြောင်းပြုလို့ ၂၀၀၉ ခုနှစ်မှာ နောက်ဆုံးအကြိမ်ထောင်ချခံခဲ့ရတာပါ။
အခုလည်း အာဏာသိမ်းတဲ့နေ့ကတည်းက အထိန်းသိမ်းခံထားရချိန်မှာ NLD ပါတီက ထုတ်တဲ့ စာနှစ်စောင်အတွက်ပါ တာဝန်ရှိတယ်ဆိုပြီး ထောင်ချခံရပြန်တာပါ။
ဂျွန်ယက်တော အမှုတုန်းက အမိန့်ချပြီးနောက် နေ့တွင်းချင်းပဲ ထောင်ဒဏ်ကို တစ်ဝက်လျှော့ပြီး ထောင်မပို့တာချင်းလည်း တူပါတယ်။
နှစ်တွေကြာလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ ပြောင်းသွားပေမယ့် စစ်ဗိုလ်ချုပ်တွေရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအပေါ် သဘောထားက ပုံစံအဟောင်းအတိုင်း ဆက်ရှိနေတာပါ။
"ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်တာဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို နှိပ်ကွပ်ဖို့အတွက် မြန်မာစစ်တပ်ရဲ့ နောက်ထပ်ဆိုးဝါးတဲ့ လုပ်ဆောင်မှုပဲ"လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရပ်စ်က ပြောပါတယ်။
ရှက်စရာကောင်းတဲ့နေ့
ဒီဇင်ဘာ ၆ ရက်မှာ အမိန့်ချမယ်လို့ ရုံးချိန်းထားပေမယ့် အမှန်တကယ်က နိုဝင်ဘာ ၃၀ ကလည်း အမိန့်ချမယ်ပြောပြီးမှ ထပ်ချိန်းခဲ့လို့ အမိန့်ချမချကို ဒေါ်အောင်ဆန်းစုကြည်တို့ဘက်က ကြိုတင်ခန့်မှန်းဖို့ ခက်ခဲ့ကြပါတယ်။
ဒါပေမယ့် အမှု ၁၁ မှု အထိ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အကျဥ်းထောင်ကို ပို့နိုင်တဲ့ အခြေအနေအတွက် ကြိုပြင်ဆင်ထားခဲ့ကြပါတယ်။
ထောင်ကို ပို့ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်အတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ဖို့ မိသားစုဝင်တစ်ဦးမှတောင် ရှိမနေခဲ့ပါဘူး။
အဲ့ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်က သူပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ရန်ကုန်က ခြံနံပါတ်(၅၄) ကို ပို့ဖို့ ရှေ့နေအဖွဲ့ကို မိသားစုဝင်အဖြစ် ကိုယ်စားလှယ်လွှဲဖို့ ပြင်ဆင်ရပါတယ်။
ဒါပေမဲ့ တရားသူကြီးရဲ့အမိန့်ထဲ ဘယ်ထောင်မှာကျခံစေ ဆိုတာ မပါသလို ရဲတပ်ဖွဲ့ကလည်း အဖြေမပေးနိုင်ခဲ့ပါဘူး။
ညနေခင်းမှာမှ စစ်ကောင်စီက ပြစ်ဒဏ်တစ်ဝက်လျှော့ပြီး ထောင်မပို့ဘူးဆိုတဲ့ အမိန့်စာ ထွက်လာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မပို့တာဟာ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ထားချင်လို့လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
ထောင်ကိုရောက်ရင် အကျဥ်းသားတစ်ဦးရဲ့ အခွင့်အရေးတွေ ပေးရမှာဖြစ်တဲ့အတွက် ပြင်ပကမ္ဘာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ဆက်သွယ်ရေးလမ်းကြောင်းတွေ ပွင့်သွားလိမ့်မယ်လို့ နေပြည်တော်က အကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာထိန်းသိမ်းထားလဲဆိုတာကို လုံးဝ ထုတ်မပြောပါဘူး။
ဒီဇင်ဘာ ၆ ရက်ဟာ မြန်မာနိုင်ငံက တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုနဲ့ တာဝန်ယူတာဝန်ခံမှုတွေအတွက် ရှက်စရာကောင်းတဲ့နေ့တစ်နေ့ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြောခွင့်ရသူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ဘီဘီစီကို ပြောပါတယ်။
တရားရုံးမှာ စွပ်စွဲထားတဲ့အမှု ၁၁ မှုထဲကမှ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ) နဲ့တစ်မှု၊ ကိုဗစ်ကန့်သတ်စည်းမျဉ်းတွေ ဖောက်ဖျက်မှုတစ်မှုနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးက ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့သလို သမ္မတ ဦးဝင်းမြင့်ကိုလည်း ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအမိန့်တွေက တရားဥပဒေစိုးမိုးမှုအတွက် မဟုတ်ဘဲ စစ်အုပ်ချုပ်မှု သက်တမ်းရှည်စေဖို့ နဲ့ မြန်မာလူထုကို အကြမ်းဖက်ဖိနှိပ်ဖို့ အမိန့်တွေ ဖြစ်တယ်လို့ ဒေါက်တာဆာဆာက ပြောပါတယ်။
"စစ်တပ်က ဥပဒေအထက်မှာ ရှိနေတယ်ဆိုတာ သက်သေပြလိုက်တာပါပဲ။ အခြေအမြစ်မရှိ၊ မှန်ကန်မှုမရှိတဲ့ စွပ်စွဲချက်တွေသာ ဖြစ်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကို အခုလိုပြစ်ဒဏ်ချတာဟာ နိုင်ငံရေးပြဿနာကို အဖြေရှာဖို့ ပိုအလှမ်းဝေးစေတယ်လို့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ PPST အစည်းအဝေးမိန့်ခွန်းမှာ ထည့်သွင်းဖော်ပြပါတယ်။
နိုင်ငံတကာကလည်း ဝေဖန်ရှုတ်ချ
စစ်ကောင်စီက ပြစ်ဒဏ်ကို နေ့ချင်း တစ်ဝက်လျှော့ပေးပေမယ့် ပြည်တွင်းပြည်ပက ဝေဖန်ရှုတ်ချမှုတွေက ရပ်မသွားပါဘူး။
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ မစ္စ မစ်ချဲယ် ဘတ်ချလက်က "စစ်တပ်က ထိန်းချုပ်ထားတဲ့ အတုအယောင် တရားရုံးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြစ်ဒဏ်တွေစီရင်လိုက်တာဟာ နိုင်ငံရေးအရ မကောင်းကြံတာသာ ဖြစ်တယ်။ ဒါဟာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့ တံခါးကို ထပ်ပြီး ပိတ်လိုက်တာဖြစ်တယ်"လို့ ပြောပါတယ်။
ယူကေနဲ့ အီးယူ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒီအမိန့်ချမှတ်မှုအပေါ် ရှုတ်ချကြောင်းထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးထားရာကနေ ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
လူအခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များကလည်း "အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ ဘယ်ကိုယ်စားလှယ်ကိုမဆို အာဆီယံအစည်းအဝေးတွေကို တက်ရောက်ခွင့် မပြုဘဲ ပိတ်ပင်ဖို့ ဆက်တောင်းဆိုတယ်"လို့ အမိန့်ချအပြီး ပြောသွားပါတယ်။
တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လီကျန်းကတော့ ''မြန်မာနိုင်ငံအခြေအနေနဲ့ ကိုက်ညီတဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ရှေ့ဆက်ဖို့နဲ့ မတူညီမှုတွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင် ဥပဒေမူဘောင်အောက်မှာ ညှိနှိုင်းဖြေရှင်းကြပါ"လို့ ပြောပါတယ်။
နိုင်ငံရေးသြဇာပိုတက်လာမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံလေးစားသူအများကတော့ စစ်ကောင်စီရဲ့အမိန့်ကို မအံ့သြပေမဲ့ အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အတွက် စိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ တရားရုံးရောက်နေတဲ့ အမှု ၁၁ မှုထဲ ၂ မှုကို အမိန့်ချပြီးလို့ နောက်ထပ် ၉ မှုကျန်ပါသေးတယ်။ အဲ့ဒီ ၉ မှုကို အမြင့်ဆုံးပြစ်ဒဏ်တွေသီးခြားကျခံစေခဲ့ရင် ထောင်ဒဏ်က နှစ် ၁၀၀ ကျော် သွားမှာပါ။
''သြဇာရှိတဲ့ နိုင်ငံရေးသမားတစ်ယောက်ဟာ ထောင်ထဲပဲ ရောက်နေနေ ပြည်ပပဲ ရောက်နေနေ သူ့သြဇာက ကျသွားစရာမရှိဘူး'' လို့ ရန်ကုန်တိုင်းအမတ်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေါက်တာညိုညိုသင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ထောင်ဒဏ် ချမှတ်ခြင်းအားဖြင့် နိုင်ငံရေးသြဇာ ပိုတက်လာဖို့တောင် ရှိတယ်လို့ သူက ပြောပါတယ်။
တကယ်လည်း အမိန့်ချပြီးတဲ့အခါ ပြည်တွင်းကရော ပြည်ပကပါ ဒေါ်အောင်ဆန်းစုကြည်အပေါ် စာနာခဲ့ကြပြီး စစ်ကောင်စီကို အပြင်းအထန် ဝေဖန်ရှုတ်ချ ကြပါတယ်။
ဒီဇင်ဘာ ၆ ရက် အမိန့်ချအပြီး ခြံနံပါတ် (၁) တရားရုံးပရဝုဏ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့သူတချို့ရှိခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။










