ဒေါ်အောင်ဆန်းစုကြည်ဆွဲတဲ့မြေပုံနဲ့ အမှုကိုခုခံခြင်း - အကြိတ်အနယ်ဖြစ်လာတဲ့ ခြံနံပါတ် (၁) တရားခွင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဏာသိမ်းတဲ့ မနက်အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ဝင်ရောက်စီးနင်းတဲ့ တပ်မတော် အရာရှိတချို့ သီးသန့်တရားရုံးကိုရောက်လာတဲ့အခိုက်အတန့်မှာ ရှေ့နေတွေက ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိကြောင်း ပေါ်လွင်ဖို့ အကြိတ်အနယ် အားထုတ်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဆွဲထားတဲ့ မြနန်းဘုံသာလမ်း နေအိမ် တည်နေရာပြ မြေပုံနဲ့ ကိုအသုံးပြုပြီးတော့ပါ။
တရားခွင်မှာ ဒီလိုရင်ဆိုင်လျှောက်လဲခဲ့တဲ့ အကြောင်းကို ဘီဘီစီက စုံစမ်းသိရှိခဲ့ရပါတယ်။
နိုင်ငံ့ခေါင်းဆောင်တွေကိုကာကွယ်ဖို့ သက်တော်စောင့်၊ လုံခြုံရေးအရာရှိတွေ အသုံးပြုတဲ့ ဆက်သွယ်ရေးပစ္စည်းတွေဟာ နိုင်ငံ့ခေါင်းဆောင်တစ်ဦးကို ထောင်သွင်းအကျဥ်းချနိုင်တဲ့ သက်သေခံပစ္စည်းတွေဖြစ်နေပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က မြနန်းဘုံသာလမ်း နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ လုံခြုံရေးအဖွဲ့ထံက စကားပြောစက် ၁၀ လုံးနဲ့ Jammer စက်ကို ဖမ်းမိခဲ့တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရဲမှူးကြည်လင်း တရားလိုလုပ်စွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့နဲ့ တရားစွဲထားတာပါ။
' ကျွန်မ ဒီပစ္စည်းတွေကို တစ်ခါမှမသုံးဖူးဘူး။ ကျွန်မအိမ်ပေါ်ကလည်း မိတာမဟုတ်ဘူး။ ' လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေတွေကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen Shot
မြနန်းဘုံသာလမ်းကို မြေပုံဆွဲခြင်း
တစ်ဖက်ပိတ်လမ်းဖြစ်ပြီး လမ်းအဆုံးမှာ လျှိုမြောင်တွေရှိတဲ့ မြနန်းဘုံသာလမ်းဟာ ကမ္ဘာက အာရုံစိုက်တဲ့နေရာတစ်ခုဖြစ်လာပြီး သမ္မတအိမ်တော်နဲ့ လွှတ်တော်တော်တွေအနီးမှာတည်ရှိပါတယ်။
ဇေယျသိဒ္ဓိရပ်ကွက်ထဲက မြနန်းဘုံသာလမ်း၊ အမှတ်(A-၃၃) က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဖြစ်ပါတယ်။
အာဏာသိမ်းတဲ့မနက်က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) က ဗိုလ်မှူး လင်းထွဋ်ဦး ဦးစီးတဲ့အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပါတယ်။
ကျေးဇူးပြုပြီးခဏစောင့်ပါ
အနီးကပ်လုံခြုံရေး အဖွဲ့ဆီက Icom စကားပြောစက်(၆)လုံး၊ဂိတ်ကင်းက Icom စကားပြောစက် (၃)လုံး၊ ကိုယ်ရေးအရာရှိအဆောင်က Icom စကားပြောစက်(၁)လုံး နဲ့ Jammer (၁)စုံတို့ကို တွေ့လို့ အမှု နှစ်မှုတပ် တရားစွဲထားတာ ဖြစ်ပါတယ်။
ဒီဆက်သွယ်ရေးပစ္စည်းတွေဟာ သူ့နေအိမ်ထဲကနေ သိမ်းဆည်းရမိတာမဟုတ်တဲ့အကြောင်း ရုံးတော်မှာ ရှေ့နေတွေလျှောက်လဲချက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ဟာ မြေပုံတစ်ခု ရေးဆွဲခဲ့တယ်လို့ သူ့ရှေ့နေတွေက တစ်ဆင့်သိရပါတယ်။
အဲ့ဒီမြေပုံထဲ ဂိတ်ကင်း၊ ကိုယ်ရေးအရာရှိအဆောင်တွေ နဲ့ သူ့အိမ် အကွာအဝေးကစလို့ အိမ်နီးချင်း ဝန်ကြီးနေအိမ်တွေကအစပါတယ်လို့လည်း သူတို့ကပြောပါတယ်။
အဲ့ဒီမြေပုံကို အသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိကြောင်းပေါ်လွင်အောင် ရုံးတော်မှာ ရှင်းရှင်းလင်းလင်း လျှောက်လဲနိုင်အောင် ရှေ့နေအဖွဲ့ဟာ အချိန်တစ်ခုကိုစောင့်နေခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen Shot
ပို့ကုန်သွင်းကုန်ပုဒ်မနဲ့ ငြိသလား
ဇူလိုင် ၅ ရက် မှာ အချိန်ကျပါတယ်။
မြနန်းဘုံသာလမ်းထဲက ခြံနံပါတ် ( A - ၃၃)ကို ဖေဖော်ဝါရီ ၁ ရက် မနက်က ဝင်တဲ့ အဖွဲ့ထဲပါတဲ့ ဗိုလ်ကြီး မင်းထက်အောင် သီးသန့်တရားရုံးကို သက်သေအဖြစ်ရောက်လာခဲ့တယ်လို့သိရပါတယ်။
ဆက်သွယ်ရေးပစ္စည်းတွေဟာ ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲက မိတာ မဟုတ်တဲ့အကြောင်း ပေါ်ပေါက်အောင် မြေပုံကို အသုံးပြုပြီး ရှေ့နေအဖွဲ့က မေးခွန်းတွေ မေးမြန်းခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် အဲ့ဒီ ဆက်သွယ်ရေးပစ္စည်းတွေဟာ ဒေါ်အောင်ဆန်းစုကြည် သုံးစွဲတဲ့ ပစ္စည်းတွေမဟုတ်ကြောင်းကိုလည်း ပေါ်ပေါက်အောင် ရှေ့နေအဖွဲ့က တရားခွင်မှာ မေးခွန်းတွေမေးခဲ့ပါတယ်။
'ဗိုလ်ကြီး ဒါက ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ကလူတွေ သုံးတဲ့ပစ္စည်းတွေဟုတ်ပါသလား' လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးကြည်ဝင်းကမေးတဲ့အခါ ဗိုလ်ကြီးက ဟုတ်မှန်ကြောင်း ထွက်ဆိုခဲ့တယ်လို့ဆိုပါတယ်။
ဇူလိုင် ၅ ရက် ရုံးချိန်းမှာ ဇေယျသိဒ္ဓိရပ်ကွက် လူကြီး နှစ်ဦးလည်း သက်သေအဖြစ်လာထွက်ဆိုပါတယ်။
စကားပြောစက်တွေနဲ့ Jammer (၁)စုံတို့ကို တပ်က ရဲလက်အပ်တဲ့အခါ သက်သေအဖြစ် ရှိခဲ့သူတွေဖြစ်ပါတယ်။
သူတို့ကိုလည်း ဒီစကားပြောစက်တွေဟာ ဘယ်သူတွေသုံးတာတွေ့ဖူးလဲလို့ ရှေ့နေတွေက မေးတဲ့အခါ ရဲတွေနဲ့ ယာဥ်ထိန်းရဲတွေ သုံးတာတွေ့ဖူးပါတယ် လို့ထွက်ဆိုခဲ့ကြပါတယ်။
ဒါကြောင့် တိုင်းပြည်ခေါင်းဆောင်တစ်ယောက်ရဲ့ လုံခြုံရေးအဖွဲ့တွေဟာလည်း ဒီပစ္စည်းတွေသုံးမှာဖြစ်တဲ့အတွက် တရားစွဲရန်အကြောင်း မပေါ်ပေါက်ကြောင်းကို ပေါ်လွင်အောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက လျှောက်လဲခဲ့ကြတာဖြစ်ပါတယ်။
' ပို့ကုန်၊သွင်းကုန် ဥပဒေဆိုတာက သူဌေးတွေ၊ ကုန်သည်ပွဲစားတွေ ကို ရည်ရွယ်တာလေ။' လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen shot
အမှုတစ်မှု ပုဒ်မ နှစ်ခု
ဒီဆက်သွယ်ရေးပစ္စည်းတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းပြီးပြီးချင်း ပို့ကုန်၊သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ စွဲဆိုခဲ့တာပါ။
ဒီဆက်သွယ်ရေးပစ္စည်းတွေကိုပဲအကြောင်းပြုပြီး မတ်လ ၁ ရက်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ အမှုထပ်တပ်ပါတယ်။
အကြောင်းအရာကလည်းတစ်ခုတည်း နဲ့ လူတစ်ယောက်တည်းကို အမှု နှစ်မှုတပ်တာဟာ ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေ အရ အငြင်းထွက်ရမယ့်ကိစ္စလို့ ရှေ့နေအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
ဆက်သွယ်ရေးအမှု နဲ့ပတ်သက်ပြီး ဇွန် ၂၈ ရက် ရုံးချိန်းမှာတော့ နှစ်ဖက် အချေအတင် ဖြစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေက ဆက်သွယ်ရေးဥပဒေပုဒ်မ နဲ့ တရားစွဲရန်အကြောင်း မပေါ်ပေါက်ဘူးဆိုတဲ့အကြောင်း တရားခွင်မှာ တရားလိုဘက်ကိုမေးမြန်းတဲ့အခါ တရားလိုဘက်က ဥပဒေအရာရှိက ဒီမေးခွန်းအပေါ် ကန့်ကွက်ခဲ့ပါတယ်။
တရားသူကြီးကလည်း မမေးသင့်ဘူးလို့ အမိန့်ချပါတယ်။
ဒီကြားဖြတ်အမိန့်အပေါ် ဒက္ခိဏ ခရိုင်တရားရုံးကို ပြင်ဆင်မှုတက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ပြင်ဆင်နေပါပြီ။
ဒါဟာ ပုဒ်မ ၅၀၅ (ခ) အမှုအတွက်ကြားဖြတ်အမိန့်ကို ခရိုင်တရားရုံးကို ပြင်ဆင်မှုတက်ပြီးတဲ့နောက် ဒုတိယမြောက် ပြင်ဆင်မှုတက်တဲ့အမှုလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြင်ဆင်မှုတက်တာ ၂ မှုရှိပြီ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ အပေါ်စွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အမှု အတွက် သီးသန့်တရားရုံးကချတဲ့ ကြားဖြတ်အမိန့်တစ်ခုကိုလည်း ပြင်ဆင်မှုတက်ထားသေးတာပါ။
အမှုကိုလည်း ဒက္ခိဏခရိုင်တရားရုံးက ဇူလိုင် ၅ ရက်မှာ အကျဥ်းနည်းနဲ့ စစ်ဆေးပြီး ပယ်ချလိုက်ပါတယ်။
ခရိုင်တရားရုံးက ကျယ်ကျယ်ပြန့်ပြန့်မစစ်ဘဲ အကျဥ်းနည်းနဲ့ ပယ်ချလိုက်လို့ စွပ်စွဲခံရသူတွေဘက်က နစ်နာတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့ကပြောပါတယ်။
ဒါကြောင့် ရှေ့နေအဖွဲ့က နောက်တစ်ဆင့်မြင့်တဲ့မန္တလေးတိုင်းတရားလွှတ်တော်ကို ပြင်ဆင်မှုထပ်တက်မှာပါ။
ကြားဖြတ်အမိန့်ကို အထက်တရားရုံးကို ပြင်ဆင်မှုတက်ထားလို့ တရားလိုကိုဆက်မစစ်ဘဲ ရုံးချိန်းပေးဖို့ ရှေ့နေအဖွဲ့က ဇူလိုင် ၆ ရက်မှာ လျှောက်ထားတာကို သီးသန့်တရားရုံးက ခွင့်မပြုခဲ့ပါဘူး။
'အထက်တရားရုံးက စွပ်စွဲခံရသူတင်တဲ့ပြင်ဆင်မှုကို လက်ခံရင် အခုစစ်တာက အဟောသိကံ ဖြစ်သွားမှာလေ' လို့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေဒေါ်မင်းမင်းစိုးက ပြောပါတယ်။
ရုံးတော်က တရားလိုကို ဆက်စစ်တဲ့အခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့ ဇွန်လကမှ နေပြည်တော်ကောင်စီကိုပေးပို့ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်စာရင်းကို တရားလိုဘက်က သက်သေအဖြစ်ထပ်တင်ပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)အမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကထုတ်ပြန်တဲ့ စာနှစ်စောင်ကိုအကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ အပေါ် စွဲဆိုတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen Shot
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်တွေက နိုင်ငံတကာသံရုံးတွေ၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထံ ပေးပို့တဲ့စာကို လူမှုကွန်ရက်မှာထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်ထဲ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့နဲ့ သမ္မတ ဦးဝင်းမြင့်သာ တရားဝင်သမ္မတဖြစ်ကြောင်း ပါဝင်ပါတယ်။
တရားလိုဘက်ကအဲ့ဒီထုတ်ပြန်ချက်ကို တရားရုံးတင်သွင်းခဲ့ပြီး အမှုအတွက် သက်သေခံ (က) အဖြစ်တရားရုံးက လက်ခံခဲ့ပါတယ်။
ဒါ့အပြင် NLDပါတီက ထုတ်ပြန်တဲ့ ကြေညာချက် ၆/၂၀၂၁ နဲ့ပတ်သက်ပြီးလည်း သမ္မတ၊ အတိုင်ပင်ခံနဲ့ ဒေါက်တာမျိုးအောင်တို့ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုထိခိုက်စေတယ်ဆိုပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲမှု အတွက် သက်သေခံ (ခ )အဖြစ် တရားရုံးက လက်ခံခဲ့ပါတယ်။
ဒီထုတ်ပြန်ချက် နှစ်စောင် သက်သေတင်သွင်းတာကို ရုံးတော်ကခွင့်ပြုတဲ့ ကြားဖြတ်အမိန့်ကိုပဲ ရှေ့နေတွေက အထက်တရားရုံးကိုပြင်ဆင်မှုတက်တာပဲဖြစ်ပါတယ်။
ရှေ့နေတွေဘက်က အဲ့ဒီထုတ်ပြန်ချက် နှစ်စောင်မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့လို့ ပဲရေးထားပြီး လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ အချက်အပါအဝင် သက်သေခံဥပဒေနဲ့ အညီ တင်သွင်းတဲ့ စာရွက်စာတမ်း မဟုတ်ဘူးဆိုတဲ့ အချက်အလက်တွေနဲ့ ကန့်ကွက်ခဲ့တာပါ။
ကန့်ကွက်မှုဟာ မအောင်မြင်ခဲ့ဘဲ ဇူလိုင် ၆ ရက်ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ဦးစိုးစိုးရွှေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်စာရင်းကို သက်သေအဖြစ် ထပ်တင်တာ ဖြစ်ပါတယ်။
ဒီလိုတင်သွင်းတာကို ဒါဟာ ရုံးတော်ကို ဦးတိုက်လျှောက်ထားစဥ်က တင်သွင်းတဲ့ သက်သေခံစာရင်းထဲ မပါလို့ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့က ထပ်ကန့်ကွက်ပြန်ပါတယ်။
ဒီကန့်ကွက်မှုကိုလည်း ရုံးတော်ကထပ်ပယ်ချပြီး သက်သေခံအဖြစ်တင်သွင်းခွင့်ပြုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen Shot
မြန်မာ့တရားစီရင်ရေး အနီးမြင်
သီးသန့်တရားရုံးမှာစွဲထားတဲ့ အမှု ၅ မှုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးရမယ့် အမှုတွေပြီးဆုံးဖို့ အချိန်နီးကပ်လာတာနဲ့အမျှ ခြံနံပါတ်(၁)တရားခွင်ဟာ ပိုမိုအကြိတ်အနယ်ဖြစ်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေ လွှတ်တော်ထဲရောက်လာပြီး ဥပဒေပြုသမားတွေဖြစ်ခဲ့တာပါ။
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး ဦးဝင်းမြင့်က အတွင်းရေးမှူးဖြစ်ခဲ့တာပါ။
ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးပိုင်း အကြီးအကဲတာဝန်ယူခဲ့ကြသူတွေဟာ မြန်မာ့တရားစီရင်ရေးကို
နဖူးတွေ့ဒူးတွေ့ ကိုယ်တိုင်သိမြင်နေရတာလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တရားခွင်မှာ စိတ်ဝင်တစားနဲ့အာရုံစိုက်နေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
ရက်ပေါင်း (၁၈၀) အတွင်းအပြီးစစ်ရမယ့်အမှု ၅ မှုပြီးရင် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ နဲ့ အဂတိအမှုတွေနဲ့ ထပ်ရင်ဆိုင်ရဖို့ရှိနေတာပါ။
'ဥပဒေနဲ့ညီမညီဆိုတာကို ပေါ်လွင်အောင်ဖော်ထုတ်ဖို့ အဓိကပြောပါတယ်' လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိက မှာကြားချက်ကို သူ့ရှေ့နေက ပြောပြပါတယ်။








