အကျဥ်းထောင်ကနေ ရွှေ့ပြောင်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, AFP
၂၀၂၄ ခုနှစ် ဧပြီ ၁၆ ရက်ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကို အကျဥ်းထောင်ထဲကနေ ခေါ်ထုတ်သွားပြီဆိုတဲ့ သတင်းကို နေပြည်တော်သတင်းရင်းမြစ်က ဘီဘီစီကိုပြောပြလာပါတယ်။
ဧပြီ ၁၇ ရက်ဟာ မြန်မာနှစ်ဆန်းတစ်ရက်ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်ပေးတော့မလား ဆိုတဲ့ ယူဆချက်တွေလည်းဖြစ်ခဲ့ကြပြီး ဒီသတင်းက တဟုန်ထိုး ပျံ့နှံ့သွားပါတယ်။
ဒါပေမဲ့ ဧပြီ ၁၇ ရက် စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်မှာတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့်တို့နဲ့ ပတ်သက်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ဒါမှမဟုတ် ပြစ်ဒဏ်လျှော့ပေါ့ခွင့်တွေ ပါမလာခဲ့ပါဘူး။
ဒါကြောင့် အကျဥ်းထောင်ထဲကနေ ခေါ်ထုတ်သွားခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဘယ်မှာလဲဆိုတာကို ဘီဘီစီက လိုက်လံစုံစမ်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နေပြည်တော်လား ရန်ကုန်လား
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံနံပါတ် ၅၄ အကြောင်း ထဲထဲဝင်ဝင်သိတဲ့ သတင်းရင်းမြစ်ကို ဘီဘီစီက ဆက်သွယ်မေးကြည့်ရာမှာတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်လာတာမရှိဘူးလို့ပြောပါတယ်။
ခြံရှေ့မှာလည်း စစ်ကောင်စီလုံခြုံရေးတပ်တွေဆက်ရှိနေပြီး လူဝင် လူထွက်မရှိတဲ့အခြေအနေဖြစ်ပါတယ်။
ဘီဘီစီရဲ့ စစ်ဖက်နယ်ဖက်နီးစပ်တဲ့ နေပြည်တော်သတင်းရင်းမြစ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာပဲ ထားထားတယ်လို့ သူရရှိတဲ့အချက်အလက်ကိုမျှဝေအတည်ပြုပါတယ်။
''ပြစ်ဒဏ်လျှော့မှုမရှိသလို နေရာရွှေ့ပြောင်းမှုဆိုတာကလည်း ယာယီပဲလို့သိရတယ်'' ဆိုတဲ့အကြောင်း သူကပြောပြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါအပြင့်စစ်ကောင်စီက သူ့ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားဖို့ ခေါ်ထုတ်သွားတာမဟုတ်ဘူးလို့ သူကပြောပါတယ်။
''ဘယ်အချိန်မှာ အကျဥ်းထောင်တွင်းကို ပြန်ရွှေ့မလဲဆိုတာကိုတော့အတိအကျမသိရဘူး'' လို့ အဲဒီ နေပြည်တော်သတင်းရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။
ဥပဒေကျွမ်းကျင်သူအချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဆိုတဲ့ခေါင်းစဥ်နဲ့ ပြောင်းရွှေ့တယ်ဆိုတာမျိုးမဟုတ်တာကြောင့် နေအိမ်အကျုပ်ချုပ်လို့ သုံးနှုန်းလို့မရကြောင်း ပြောပါတယ်။
''နေအိမ်အကျယ်ချုပ်ကိုပြောင်းတယ်ဆိုရင် ဥပဒေအရသူ့ကိုပြစ်ဒဏ်ကနေလျှော့ချပေးတာပါဆိုပြီး တရားဝင်ထုတ်ပြန်ရမယ်။ အခုက တရားဝင်ဘာမှမပြောတော့ ယာယီရွှေ့တဲ့သဘောဖြစ်နေတယ်'' လို့ ဥပဒေပိုင်းဆိုင်ရာကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရာသီဥတုပူပြင်းနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်သာမက ကျန်းမာရေးအရလိုအပ်တဲ့ အကျဥ်းသားအားလုံးကို လိုအပ်တဲ့ကာကွယ်မှုတွေလုပ်ပေးထားတယ်လို့ ဖြေထားပါတယ်။
''ရာသီဥတုက အပူချိန်ပြင်းထန်နေတဲ့အချိန်ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်မှမဟုတ်ဘူး။ ကျန်တဲ့ ကျန်းမာရေးအရလိုအပ်တဲ့ အကျဥ်းသားတွေ ပြီးရင် အသက်ကြီးတဲ့ အကျဥ်းသားတွေကို အပူဒဏ်ကာကွယ်နိုင်ရေးအတွက် လိုအပ်တဲ့ကာကွယ်မှုတွေ လုပ်ဆောင်ပေးလျက်ရှိပါတယ်'' လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောပါတယ်။
သူ့ဖြေကြားချက်မှာ ပြောင်းရွှေ့ပေးတယ်လို့ တိတိကျကျပြောတာမရှိပေမဲ့ နေရာပြောင်းရွှေ့ထားတယ်ဆိုတာမျိုး နားလည်ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဥာဏ်ကြီး
သားဖြစ်သူက စိုးရိမ်ကြောင်းထုတ်ပြော
ဧပြီလအတွင်းမှာ ဒရုန်းတွေ၊ ဒုံးတွေနဲ့ တိုက်ခိုက်ခံနေရတဲ့ နေပြည်တော်ရဲ့ ဘယ်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရှိနေလဲဆိုတာကိုတော့ ဘီဘီစီက စုံစမ်းနိုင်ဖို့သတင်းရင်းမြစ်ပေါင်းများစွာနဲ့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ် ကင်မ်အဲရစ်စ် ကတော့ သူ့မိခင်ကို နေရာပြောင်းရွှေ့ထားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတဲ့နောက်မှာ စိုးရိမ်စိတ်ဖြစ်ရတယ်လို့ ဗြိတိန်အခြေစိုက်မီဒီယာတွေကိုပြောထားပါတယ်။
တော်လှန်အင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် သူ့မိခင်ကို စစ်တပ်အာဏာပိုင်တွေကလူသားဒိုင်းသဖွယ်အသုံးချမှာ စိုးရိမ်တယ်လို့ ကင်မ်က ဖြေထားပါတယ်။
''မသက်မသာနေထိုင်ရတဲ့အကျဥ်းထောင်ထဲကနေ ပြောင်းရွှေ့ရတယ်ဆိုတာကြောင့် ဝမ်းမြောက်ရပေမဲ့ သူ့ကိုပြောင်းရွှေ့တဲ့အကြောင်းရင်းကြောင့် စိုးရိမ်ရတယ်'' လို့ ကင်မ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကတော့ အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အကျဥ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ စာတစ်စောင် ကို ကင်မ်က လက်ခံရရှိခဲ့ပါသေးတယ်။
အဲဒီအချိန်တုန်းကတော့ အဲဒီစာကနေ သူ့မိခင်ကျန်းမာအသက်ရှင်နေသေးတာကိုသိရလို့ ဝမ်းမြောက်ရတယ်လို့ ဘီဘီစီကိုဖြေခဲ့ပါတယ်။
''မေမေ့ဆီကိုစာတွေကြိုးစားပြီးပို့ပါဦးမယ်။ ပါဆယ်တွေလည်းထပ်ပို့ပါမယ်'' လို့ ကင်မ်ကပြောပါတယ်။
ဘီဘီစီရဲ့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကို မရွှေ့ခင်ကာလ သူ့ကို အကျယ်ချုပ်ထားခဲ့တဲ့ ဝန်ကြီးဟောင်းတစ်ဦးရဲ့ နေအိမ်မှာပဲပြန်ထားထားတယ်လို့ ပြောပါတယ်။
ဒီအချက်ကို ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးလို့ ဆက်ပြီးမေးမြန်းစုံစမ်းနေပါတယ်။
တချိန်တည်းမှာပဲ တရုတ်အစိုးရဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ စစ်ကောင်စီကို တောင်းဆိုထားတယ်လို့ တရုတ်သံရုံးနဲ့ နီးစပ်တဲ့ မြန်မာနိုင်ငံရေး အကဲခတ်တစ်ဦးကပြောပြပါတယ်။
တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်တာ အချက် ၂ ချက်ကြောင့်လို့ သူသိထားတာကိုအခြေခံပြီး သုံးသပ်ပါတယ်။
''ပထမအချက်ကတော့ ပုဂ္ဂိုလ်ရေးအရ တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကိုခင်မင်မှုနဲ့ သူတို့ချင်း ရင်းနှီးတဲ့ဆက်ဆံရေးကို တော်တော်အလေးထားတာကို သိရတယ်။ ဒါ့ကြောင့် တွေ့ချင်တာပါ။ နောက်တစ်ချက်ကတော့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကိုဖြေရှင်းဖို့ မှာ ဒေါ်အောင်ဆန်းစုကြည်သဘောထားကိုသိချင်တယ်လို့ သိထားရတယ်''လို့ တရုတ်သံရုံးနဲ့ နီးစပ်တဲ့ အကဲခတ်က ပြောပြပါတယ်။
ဒါပေမဲ့ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နဲ့ပေးတွေ့ဖို့ကတော့ ခဲယဥ်းနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
''စကားပြောကြည့်သလောက် ဗိုလ်ချုပ်မှူးကြီးက အတော်ခေါင်းမာတယ်။ နောက်ပြီး သူ့ကို ဆရာလုပ်တာမျိုးကို သူမကြိုက်ဘူး။ ဒါပေမဲ့ သူ တိုင်းပြည်အခြေအနေကိုသိသင့်ပြီ။ ပေးတွေ့လိုက်သင့်တာပေါ့''လို့ အဲံဒီ အကဲခတ်က မှတ်ချက်ပြုပါတယ်။
အပူချိန်မြင့်တက်တဲ့ရက်တွေကို ဘယ်လိုဖြတ်ခဲ့လဲ
၂၀၂၄ ခုနှစ် မတ်လနှောင်းပိုင်းနဲ့ ဧပြီလ ပထမပတ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကိုထိန်းသိမ်းထားတဲ့ နေပြည်တော်အကျဥ်းထောင်ရှိနေတဲ့ နေပြည်တော်မှာ အပူချိန်က အနည်းဆုံး ၃၈ ဒီဂရီကနေ ၄၂ ဒီဂရီအထိရှိခဲ့ပါတယ်။
ဒီအပူချိန်ပမာဏတွေက မြန်မာနိုင်ငံထဲမှာကြုံရတဲ့ အမြင့်ဆုံးအပူချိန်တွေလို့ သတ်မှတ်ကြပါတယ်။
နေပြည်တော်အချုပ်ထောင်ရဲ့ အခြေအနေကိုသိရှိသူတစ်ဦးကတော့ ထောင်တွင်းမှာ ပြင်ပအပူချိန်ထက် မလျော့တဲ့အခြေအနေရှိတယ်လို့ ပြောပြပါတယ်။
အာဏာသိမ်းပြီးကတည်းက နိုင်ငံတော်သမ္မတရုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးလို့ နာမည်ပြောင်းပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုံးထိုင်နေပါတယ်။
အဲဒီစစ်ကောင်စီရုံးကနေ ၆ မိုင်ကျော်အကွာ၊ ကားနဲ့သွားရင်မိနစ် ၂၀ လောက် အကွာအဝေး ရှိတဲ့ ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက် မှာ နေပြည်တော်အချုပ်ထောင် ရှိပါတယ်။
ဂူဂဲလ်မြေပုံမှာဖော်ပြချက်အရ အချုပ်ထောင်ဘေးပတ်လည်မှာ နေပြည်တော်မြို့ပတ်လမ်းက တဖြောင့်တည်းရှိနေပြီး ကွင်းပြင်ထဲမှာ အချုပ်ထောင်ဆောက်ထားလို့ ထောင်ပတ်လည်မှာ အရိပ် အာဝါသမရှိ၊ ပတ်ဝန်းကျင်မှာလည်း သစ်ပင်ကြီးတွေ မရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လေးထောင့်ကျကျရှိနေတဲ့ ထောင်ပရဝဏ်ထဲမှာမှ သီးသန့်အဆောင်တစ်ခုနဲ့ ထားထားတာပါ။
အပူပြင်းတဲ့ရက်တွေမှာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အချုပ်ထောင်ထဲက သူ့ရဲ့ အဆောင်မှာ ဘယ်လို ဖြတ်သန်းလဲဆိုတာကို ဘီဘီစီက ထောင်တွင်းအခြေအနေသိနိုင်သူတချို့ကို မေးကြည့်ခဲ့ပါတယ်။
''သူ့ကိုထားတဲ့အဆောင်က နဂိုကတည်းက ရာသီဥတုခံနိုင်တာမရှိဘူး။ Aircon ( လေအေးပေးစက်) လည်း သူကမတပ်ခိုင်းတော့ အပူဒဏ်ကိုတော်တော်ခံရတယ်ကြားတယ်''
''အရမ်းပူတဲ့ ရက်တွေတော့ ပန်ကာတစ်လုံးရတယ်ပြောတယ်။ သူ့ကိုထားတဲ့အခန်းက နေကိုမျက်နှာမူပြီး ဆောက်ထားတာဆိုတော့ နည်းနည်းတော့သက်သာတယ်ပြောရမယ်။ ဒါပေမဲ့ သူ့အသက်အရွယ်အရ ဒီလိုအပူချိန်က အပူဒဏ်ကာကွယ်နိုင်တဲ့ အခန်းမဟုတ်တဲ့အတွက် တော်တော်ကိုစိုးရိမ်ခဲ့ ရတယ်'' လို့ ထောင်တွင်းအခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
ဒီလို ရာသီဥတုအခြေအနေကြောင့်အပြင် သွား ကျန်းမာရေးပြဿနာလည်းဆက်ရှိနေတယ်လို့သိရပါတယ်။
'' သွားနာသွားကိုက်ပြဿနာကတော့ ဆက်ပြီးဖြစ်နေတယ်။ သူအဲဒီအတွက်လည်း ဆေးမှာတာပေါ့။ နောက်ပြီး အခုတော့အသက်အရ ခန္ဓာကိုယ်အတွက် အားရှိအောင် ဖြည့်စွက်စာ ပို့ပေးကြတယ်လို့လည်းသိရတယ် '' လို့ ထောင်ဝင်စာပို့တဲ့ အခြေအနေကို သိရှိသူတစ်ဦးက သူသိထားတာကိုပြန်ပြောပြပါတယ်။
အဲဒီသီးသန့်အကျဉ်းဆောင်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် အမျိုးသမီးအကျဥ်းထောင်ဝန်ထမ်း ၃ ဦး ထားရှိပေးထားတယ်လို့ သိရပါတယ်။
''ဒီရာသီဥတုက ဒေါ်အောင်ဆန်းစုကြည်တင် မကဘူးလေ။ သူတို့ စစ်ကောင်စီဝန်ထမ်းတွေကိုယ်တိုင်လည်း ခံစားနေရမှာပဲ။ သူတို့လည်း တင်ပြသင့်တာပေါ့'' လို့ထောင်ဝင်စာပို့တဲ့ အခြေအနေကို သိရှိထားသူက မှတ်ချက်ပြုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်း အမှု ၁၉ မှု အတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတာပါ။ စစ်ကောင်စီ ရဲ့ ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်ချက်အရဆိုရင် အမှု ၁၉ မှု ထဲက အမှု ၅ မှု အတွက် ၆ နှစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့လို့ ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံရမယ့် အခြေအနေပါ။
လက်ရှိမှာ အသက် ၇၈ နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ် အရေးအခင်းကာလ သူ့ အသက် ၄၃ နှစ်အရွယ်မှာ မြန်မာပြည်ပြန်ရောက်ခဲ့လို့ ၃၅ နှစ်တာကာလကို မြန်မာပြည်မှာ ကုန်ဆုံးထားပါတယ်။
၃၅ နှစ်အတွင်း ၁၈ နှစ်လောက်က နေအိမ်အကျယ်ချုပ် ဘဝ၊ အကျဥ်းစံဘဝတွေနဲ့ဖြတ်သန်းရတာ အခု အချိန်အထိပါပဲ။
အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက နေအိမ်အကျယ်ချုပ်နဲ့ ၁ နှစ်နဲ့ ၄ လ လောက်နေခဲ့ပြီး စစ်တပ်က ပုဒ်မ ပေါင်း ၁၉ ခုနဲ့ တရားစွဲခဲ့ပါတယ်။
ပုဒ်မ တချို့အတွက် ပြစ်ဒဏ်တွေ စချခဲ့ရာကစလို့ ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်ဝန်းကျင်မှာ စစ်ကောင်စီက သူ့ကို နေပြည်တော်အချုပ်ထောင်ကိုပြောင်းရွှေ့လိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီရဲ့ အခုထောင်ထဲကခေါ်ထုတ်မှုဟာ ယာယီသာဖြစ်တယ်ဆိုရင်တော့ ၂၀၂၄ ခုနှစ် ဇွန်လမှာ သူ့ကို ထောင်ထဲမှာထားရှိတာ ၂ နှစ် ပြည့်မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ကာလတွေက နေအိမ် အကျယ်ချုပ်ဘဝ နဲ့ နှစ်ကာလရှည်နေခဲ့ရပေမဲ့ ဒီတစ်ကြိမ်မှာ တော့ အချုပ်ထောင်ထဲမှာ ကာလရှည်ရှိနေရတဲ့အခြေအနေဖြစ်ပါတယ်။











