တိုက်ရိုက်ထုတ်လွှင့်မှု, ပြည်ပ ချေးငွေမယူဘဲ နိုင်ငံ့စီးပွားရေး တိုးတက်အောင်လုပ်မယ်လို့ ဦးမင်းအောင်လှိုင်ပြော

ပြည်ပ ချေးငွေမယူဘဲ နိုင်ငံ့စီးပွားရေး တိုးတက်အောင်လုပ်မယ်လို့ ဦးမင်းအောင်လှိုင်ပြော တဲ့ သတင်းအပါအဝင် မြန်မာ နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ပြည်ပ ချေးငွေမယူဘဲ ပြည်တွင်း ကုန်ထုတ်လုပ်မှု နဲ့ နိုင်ငံ့စီးပွားရေးတိုးတက်အောင်လုပ်မယ်လို့ ဦးမင်းအောင်လှိုင်ပြော
  • အနောက်အာဖရိက ရာဇဝတ်ဂိုဏ်းနဲ့ဆက်စပ်ပြီး ကမ္ဘာ့နိုင်ငံ ၂၀ ကျော်မှာ ဖမ်းဆီးနှိမ်နင်းမှုတွေအတွင်း လူ ၆၀ နီးပါးဖမ်းဆီးခံရ
  • ကမ္ဘာကျော် country တေးဂီတအဆိုတော် ဒေါ်လီပါတန်ဟာ ကင်ဆာကြောင့် အသက် ၈၀ အရွယ်မှာ ကွယ်လွန်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကရင်မှာ DKBA ဘာကြောင့် အင်အားကြီးလာလဲ

    DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောရွှေဝ

    ဓာတ်ပုံ ရင်းမြစ်, ကလိုထူးဘောဌာနချုပ်

    ဓာတ်ပုံ ပုံစာ, DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောရွှေဝ

    မြဝတီမြို့တောင်ပိုင်းက ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကျောက်ခတ်ရွာ ဟာ အရင်က တောင်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့ပေမဲ့ အခုတော့ အမေရိကန်က ဆုကြေးထုတ်ထားရတဲ့နယ်မြေတစ်ခုဖြစ်လာပါတယ်။

    ၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာတော့ အဲဒီရွာမှာ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ ကြီးထွားလာခဲ့ပြီး ဒီရွာဟာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အတွက် စီးပွားရေးအချက်အချာနေရာ ဖြစ်လာခဲ့ပါတယ်။

    တရုတ်ကျားဖြန့်လုပ်ငန်းတွေနဲ့ DKBA လက်တွဲ လုပ်ကိုင်ချိန်ကစလို့ ဝင်ရောက်လာတဲ့ တပ်သားအသစ်တွေ တဖြည်းဖြည်းများလာပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ယှဥ်ရင် တပ်ဖွဲ့အင်အား ငါးဆကျော်များလာပါတယ်။

    ပြီးခဲ့တဲ့ နှစ်တွေ အတွင်း မှာ DKBA အင်အားဘယ်လောက် ကြီးထွားလာခဲ့သလဲ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  2. DKBA နယ်မြေ၊ကျောက်ခက်က ကျားဖြန့်အဆောက်အဦတွေကို စစ်တပ်ရှင်းဖို့ပြင်လို့ DKBA က ညှိနှိုင်း

    ကျောက်ခတ်ရွာထဲက အဆောက်အဦးတွေ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကျောက်ခတ်ရွာထဲက အဆောက်အဦးတွေ (ပုံဟောင်း)

    ထိုင်း-မြန်မာနယ်စပ်၊ ကရင်ဘက်ခြမ်း မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသထဲက ကျားဖြန့် ( အွန်လိုင်းငွေလိမ်ဂိုဏ်း) အဆောက်အဦတွေကို မြန်မာစစ်တပ်က ဖြိုချရှင်းလင်းဖို့ ပြင်နေလို့ DKBA ခေါင်းဆောင်တွေက ညှိနှိုင်းနေတယ်လို့ ဘီဘီစီက သိရှိရပါတယ်။

    မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသဟာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် - DKBA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း က မြဝတီမြို့နယ်က အာဏာပိုင်တွေက ကျောက်ခက်ဒေသထဲ ကနဦးသွားရောက်ပြောဆိုတာတွေရှိနေပြီး DKBA ဘက်ကတော့ အဆောက်အဦတွေကို ဖြိုချဖျက်ဆီးတာအစား တခြားနည်းလမ်းနဲ့ပြောင်းသုံးဖို့ ဆွေးနွေးခဲ့တယ်လို့ DKBA သတင်းရင်းမြစ်ကပြောပါတယ်။

    ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဥ်မှာ နှစ်နိုင်ငံနယ်စပ်က အွန်လိုင်း‌ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းမယ်ဆိုတဲ့ ‌နောက် မြဝတီ‌ဒေသထဲ အခုလိုနှိမ်နင်း‌ရေးအစီအစဥ် ‌ပေါ်လာတာပါ။

    “ကျားဖြန့်အဆောက်အဦတွေကို ရှင်းမယ်လို့ပြောသွားတယ်။ DKBA ဘက်ကတော့ ဒီအဆောက်အဦးတွေကို ဖြိုချဖျက်ဆီးမယ့်အစား ငွေကြေးမတတ်နိုင်သူတွေကို ပြန်နေရာချပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ စစ်တပ်ဘက်ကဘာဆုံးဖြတ်မလဲ အခြေအနေတော့စောင့်ကြည့်ရမယ်” လို့ DKBA သတင်းအရင်းအမြစ်က ပြောပါတယ်။

    နောက်ထပ် အမည်မဖော်လိုတဲ့ DKBA သတင်းအရင်းအမြစ်ကလည်း “ စစ်တပ်က ကျောက်ခတ်ရွာကို ရှင်းလင်းမှာတော့ သေချာပါတယ်” လို့ ပြောပါတယ်။

    စစ်တပ်က ဘယ်အချိန် ကျောက်ခတ်ကျေးရွာထဲက အဆောက်အဦတွေလာရောက်ရှင်းလင်းမလဲ ဆိုတာတော့ အတိအကျမသိရသေးပါဘူး။ တဖက်မှာလည်း ကျောက်ခက်နဲ့ မဝေးလှတဲ့ မင်းလက်ပံဒေသထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျောက်ခတ်ရွာနဲ့ ၆ မိုင်အကွာမှာ ရှိနေပြီး ကရင်အမျိုးသားအစည်းအရုံး KNU/PDF ပူး‌ပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေပါတယ်။

    DKBA သတင်းအရင်းအမြစ်ကတော့ အဲဒီစစ်ကြောင်းဟာ ကျောက်ခတ်ရွာကို ဝင်ပြီး ကျားဖြန့်အဆောက်အဦးတွေ တပါတည်း ရှင်းလင်းသွားနိုင်တယ်လို့ ဆိုပါတယ်။

    စစ်တပ်ဟာ ဒီမတိုင်ခင်က မြဝတီနယ်ထဲက BGF လက်အောက် ရွှေကုက္ကိုမြို့က ကျားဖြန့်အဆောက်အဦတွေကိုဖြိုချဖျက်ဆီးခဲ့ပြီးပြီလို့ ကြေညာထားပါတယ်။ အခုတခေါက်မှာတော့ DKBA ရဲ့ အဓိကစီးပွားရေးနယ်မြေထဲ ရောက်လာတာလို့ နားလည်ရပါတယ်။

    တဖက်မှာလည်း တရုတ်နဲ့ ထိုင်းအစိုးရဘက်ကဖိအားတွေ ရှိနေလို့ DKBA နယ်ထဲက ကျားဖြန့်တွေကို ဆက်ရှင်းတာဖြစ်နိုင်ပေမဲ့ DKBA နဲ့ စစ်တပ်က နီးကပ်တဲ့ဆက်ဆံရေးရှိတာကြောင့် နှိမ်နင်းရေးလုပ်ခဲ့ရင်တောင် အယောင်ပြဖြိုချမှုတွေပဲဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။

    ဇူလိုင် ၂၅ ရက်ကလည်း စစ်တပ်က ကျောက်ခတ်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေ ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၆၀၀ ကျော်အပါအဝင် ၇၇၇ ဦးကို ဖမ်းမိခဲ့တယ်လို့ နေပြည်တော်က ထုတ်ပြန်ထားပါတယ်။

  3. ကမ္ဘာကျော် အမေရိကန် Country အဆိုတော် ဒေါ်လီပါတန် ကွယ်လွန်

    ၂၀၁၆ ခုနှစ်တုန်းက ဖျော်ဖြေပွဲတစ်ခုမှာမြင်တွေ့ရတဲ့ ဒေါ်လီ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၁၆ ခုနှစ်တုန်းက ဖျော်ဖြေပွဲတစ်ခုမှာမြင်တွေ့ရတဲ့ ဒေါ်လီ

    ကမ္ဘာကျော် အမေရိကန် ကန်ထရီး ကျေးလက်ဂီတ အဆိုတော်ကြီး ဒေါ်လီပါတန် အသက် ၈၀ အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ အကြောင်း သူ့မိသားစုက သူ့ဆိုရှယ်မီဒီယာကနေ ရေးသားကြေညာပါတယ်။

    ဒေါ်လီပါတန်ဟာ သူ့ဂီတသက်တမ်း အနှစ် ၆၀ ကျော်မှာ သီချင်းပေါင်း ၃,၀၀၀ ကျော်ကို ရေးသားခဲ့ပြီး ကမ္ဘာတစ်ဝန်း ဓာတ်ပြားချပ်ရေ သန်း ၁၀၀ ကျော်လည်း ရောင်းချခဲ့ရသူပါ။

    ၁၉၇၂ မှာ သူရေးခဲ့တဲ့ Jolene နဲ့ I Will Always Love You တို့ဟာ ဒေါ်လီပါတန်ကို ဂီတဘက်က ကြယ်ပွင့်တစ်ပွင့်အဖြစ်တွန်းတင်ပေးလိုက်တဲ့သီချင်းတွေပါ။

    အဲဒီ သီချင်းနှစ်ပုဒ်ကို ရက်ပိုင်းအတွင်းမှာ ရေးဖွဲ့တာလို့ ဆိုပါတယ်။ ၁၉၈၀ မှာ ဂျိန်းဖောင်ဒါ သရုပ်ဆောင်တဲ့ ရုပ်ရှင် 9-5 ရဲ့အဓိက ဇာတ်ဝင်တေးကိုလည်း ဒေါ်လီပါတန်ပဲ ရေးသားသီဆိုခဲ့ပါတယ်။

    ဒေါ်လီပါတန်ရဲ့ ပါရမီ၊ အဆိုရော အရေးပါ ထိပ်တန်းနေရာမှာ နှစ်ပေါင်းများစွာ နေရာယူထားနိုင်မှုတွေအတွက် ဂီတနယ်ပယ်ရဲ့ အကြီးဆုံးကြယ်ပွင့်ကြီးတွေထဲက တစ်ပွင့်အဖြစ် သူ့ကို ရည်ညွှန်းဂုဏ်ပြုကြပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဒေါ်လီပါတန်ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတွင်းမှာ အမေရိကန်အလံကို ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ တိုင်တစ်ဝက် တစ်ပတ်ကြာ လွှင့်ထူသွားမယ်လို့ အသိပေးကြေညာခဲ့ပါတယ်။

    ဒေါ်လီပါတန်ရဲ့ နှစ်ပေါင်း ၆၀ ကျော်ပေါင်းသင်းခဲ့တဲ့ ခင်ပွန်းသည် ကားလ်ဒီးန်ကလည်း မနှစ်က အသက် ၈၂ နှစ် မှာ ကွယ်လွန်ခဲ့ပါတယ်။

    သူတို့မှာ သားသမီး မထွန်းကားခဲ့ပါဘူး။

  4. အနောက်အာဖရိက ဆိုက်ဘာရာဇ၀တ်အဖွဲ့ကို ကမ္ဘာအနှံ့နှိမ်နင်းမှုမှာ လူ ၆၀ နီးပါးကိုဖမ်းမိ

    တောင်အာဖရိကနိုင်မှာ အမျိုးသားတစ်ဦး ကွန်ပြူတာ စခရင်ရှေ့မှာ ထိုင်နေတဲ့ပုံ၊ အမျိုးသားက ကင်မရာကို ကျောပေးနေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    အနောက်အာဖရိကက ဆိုက်ဘာရာဇ၀တ်မှုတွေနဲ့ဆက်နွှယ်တဲ့သူတွေကို ကမ္ဘာ့နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ ဖမ်းဆီးနှိမ်နင်းမှုအတွင်း လူပေါင်း ၆၀ နီးပါး အဖမ်းခံလိုက်ရပါတယ်။

    အမှတ် ၄ ဂျက်ကယ် စစ်ဆင်ရေး(Operation Jackal IV) လို့ နာမည်ပေးထားတဲ့ ဒီနှိမ်နင်းမှုကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(အင်တာပို)က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    ရင်းနှီးမြှုပ်နှံမှုနဲ့ ချစ်မှုရေးရာလိမ်လည်လှည့်ဖျားတဲ့ ကျားဖြန့်လုပ်ရပ်တွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။

    အဲဒီစုံစမ်းဖော်ထုတ်မှုအတွင်း မသင်္ကာသူ လူပေါင်း ၂၆၀ ကျော်ကို အင်တာပိုက သိရှိထားပြီးဖြစ်ပါတယ်။

    အင်တာပိုကတော့ အခုဖမ်းဆီးမှုတွေဟာ နိုင်ဂျီးရီးယားပုစိန်မည်း(Nigerian Black Axe) ကျားဖြန့်လို ရာဇ၀တ်ကွန်ရက်တွေကြောင့်ဖြစ်လာတဲ့ ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှု အန္တရာယ်မြင့်တက်လာတာကို တုံ့ပြန်ဖို့ အခုလိုဖမ်းဆီးတာတွေလုပ်ခဲ့တာလို့လည်း ပြောပါတယ်။

    အခုစစ်ဆင်ရေးကို ၂၀၂၅ ခုနှစ်၊ နို၀င်ဘာလကနေ ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်းလုပ်ခဲ့တာဖြစ်ပြီး ကျားဖြန့်ကနေ ရတဲ့ငွေကြေးတွေကို ဘယ်လိုခ၀ါချနေလဲဆိုတာကိုလည်း စုံစမ်းခဲ့တယ်လို့ အင်တာပိုက ပြောပါတယ်။

    ကျားဖြန့်ကွန်ရက်တွေဟာ အင်္ဂလိပ်လိုပြောတဲ့နိုင်ငံတွေက ပင်စင်စားအရွယ်တွေကို မကြာခဏ ပစ်မှတ်ထားလေ့ရှိပေမဲ့ နောက်ပိုင်းမှာ အသက် ၁၄ နှစ်လောက်ကလေးတွေကိုပါ ပစ်မှတ်ထားတာမျိုး တွေ့ရတာကြောင့် ဒီအခြေအနေကို ဆန်းစစ်ပြီး အခုဖမ်းဆီးမှုတွေကို လုပ်ခဲ့တာလို့လည်း ဆိုပါတယ်။

    အခုလုပ်ခဲ့တဲ့ စစ်ဆင်ရေးဟာ ၂၀၂၂ ခုနှစ်ကတည်းက စတင်တဲ့ ဂျက်ကယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ၄ ကြိမ်မြောက် ပြုလုပ်တာဖြစ်ပါတယ်။

    ၂၀၂၄ ခုနှစ်တုန်းကတော့ အမှတ် ၃ ဂျက်ကယ်စစ်ဆင်ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ Black Axe အပါအ၀င် သူတို့နဲ့ ဆက်စပ်တဲ့အဖွဲ့တွေကိုပါ နှိမ်နင်းခဲ့ပြီး အဲဒီတုန်းက လူ ၃၀၀ ကို ဖမ်းဆီးခဲ့ပါတယ်။

    Black Axe အဖွဲ့ဟာ ကမ္ဘာတလွှား လူကုန်ကူးမှု၊ လိင်ကုန်ကူးမှုနဲ့ သတ်ဖြတ်မှုတွေနဲ့ဆက်နွှယ်တဲ့ရာဇ၀တ်ကွန်ရက်ဖြစ်ပါတယ်။

    နိုင်ဂျီးရီးယားဟာ အဲဒီကွန်ရက်ရဲ့မြေပြင်မှာ စုဆောင်းတဲ့ကွန်ရက်ဖြစ်ပြီး သူ့ကွန်ရက်အဖွဲ့၀င်အများစုဟာ တက္ကသိုလ်ဘွဲ့ရတွေဖြစ်ပါတယ်။

  5. ပြည်ပ ချေးငွေမယူဘဲ နိုင်ငံ့စီးပွားရေး တိုးတက်အောင်လုပ်မယ်လို့ ဦးမင်းအောင်လှိုင်ပြော

    ဩဂုတ် ၂၅ ရက်က ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ မိန့်ခွန်းပြောနေတဲ့ ဦးမင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ဩဂုတ် ၂၅ ရက်က ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ မိန့်ခွန်းပြောနေတဲ့ ဦးမင်းအောင်လှိုင်

    ပြည်ပကနေ ထောက်ပံ့ငွေတွေ၊ ချေးငွေတွေကို အားကိုးနေလို့မရဘဲ ပြည်တွင်းကုန်ထုတ်လုပ်မှု နဲ့ နိုင်ငံ့စီးပွားရေးတိုးတက်လာအောင်ဆောင်ရွက်ရမယ်လို့ ဦးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

    ဩဂုတ် ၂၅ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေး မှာ သူက အခုလို ပြောခဲ့တာပါ။

    နေပြည်တော်ဟာ ပြည်တွင်းက ရနိုင်သမျှ အရင်းအမြစ်တွေကို အသုံးချပြီး နိုင်ငံ့စီးပွားရေး တိုးတက်အောင်လုပ်နေပေမဲ့ ပြည်ပနိုင်ငံတချို့က စီးပွားရေးအရရော၊ နိုင်ငံရေးအရပါ ပိတ်ဆို့မှုတွေကြောင့် စီးပွားရေးတိုးတက်မှု နှောင့်နှေးနေတယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

    အခုလို နိုင်ငံရေးနဲ့ စီးပွားရေးအရပိတ်ဆို့မှုတွေကိုလည်း နိုင်ငံ့စီးပွားရေးတိုးတက်စေမယ့်အကောင်းဆုံးနည်းလမ်းတွေနဲ့ ကျော်လွှား နေတယ်လို့လည်း သူက ပြောပါတယ်။

    ကမ္ဘာ့ဘဏ်ကတော့ အရှေ့အလယ်ပိုင်း အီရန်မှာဖြစ်နေတဲ့ပဋိပက္ခနဲ့ မြန်မာပြည်တွင်းက အခြေအနေတွေကြောင့် မြန်မာ့စီးပွားရေး အကျဘက်ကို ဆက်ရှိတယ်လို့ ခန့်မှန်ထားပါတယ်။

    နောက်ပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက နေပြည်တော်က ချမှတ်ကျင့်သုံးနေတဲ့ ပို့ကုန်သွင်းကုန် မူ၀ါဒတွေကြောင့် ပြည်တွင်းမှာ ကုန်ပစ္စည်းရှားပါးပြတ်လပ်တာနဲ့ စျေးနှုန်းကြီးမြင့်တာတွေ ဆက်ဖြစ်နေပါတယ်။

    ပို့ကုန်သွင်းကုန် ပြုလွယ်ပြောင်းလွယ်ဖြစ်အောင်လုပ်ဖို့ မြန်မာနဲ့ နှစ်စဉ်ကုန်သွယ်မှု ထိုင်းဘတ်ငွေ ဘီလျံဆယ်ချီ ရှိတဲ့ ထိုင်းဘက်ကလည်း မြန်မာကို တောင်းဆိုနေပါတယ်။ ဒါပေမဲ့ နေပြည်တော်ဟာ ဒီမူ၀ါတွေကို ဖြေလျော့ဟန်မပြသေးပါဘူး။

    ပြည်တွင်းမှာ ကုန်စျေးနှုန်းကြီးမြင့်တာနဲ့ သဘာ၀ဘေးတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်နေချိန်မှာ နိုင်ငံ့စီးပွားရေးကို ပြည်ပအကူအညီမလိုဘဲ လုပ်မယ်လို့ ဦးမင်းအောင်လှိုင်က ပြောလာတာပါ။

    တဖက်မှာလည်း နေပြည်တော်ဟာ အမေရိကန်ဒေါ်လာ အပေါ်မှီခိုမှု လျှော့ချတဲ့အနေနဲ့ တရုတ် ယွမ်ငွေ၊ အိန္ဒိယ ရူပီး၊ ရုရှား ရူဘယ် တွေနဲ့ မြန်မာကျပ်ငွေတို့ တိုက်ရိုက်ငွေလဲလှယ်နိုင်တဲ့ သဘောတူညီမှုတွေလည်း ပြုလုပ်ထားပါတယ်။

    ဒါဟာ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ မြန်မာနိုင်ငံ ရဲ့ ပြည်ပငွေကြေးစီးဆင်းမှုတွေကို နိုင်ငံတကာ ရဲ့ စောင့်ကြည့်မှု ရေဒါပေါ်ကနေ ရှောင်လွှဲသလိုလည်း ဖြစ်သွားစေတယ်လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေက ပြောပါတယ်။

    ဩစတေးလျနိုင်ငံအခြေစိုက်တဲ့ အလုပ်သမားအ‌ရေးနဲ့ ဘဏ်လုပ်ငန်းအရေးတက်ကြွလှုပ်ရှားတဲ့ ဘဏ္ဍာနယ်သမဂ္ဂ(Finance Sector Union) ကတော့ မြန်မာနိုင်ငံဗဟိုဘဏ်ကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ ဩစတေးလျအစိုးရကို ဩဂုတ် ၁၃ ရက်ကပဲ တောင်းဆိုထားပါတယ်။

    မြန်မာပြည်သူတွေဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဆက်ကြုံနေပြီး ဩစတေးလျအစိုးရ အနေနဲ့ ဒါကို ရပ်တန့်ဖို့ မြန်မာနိုင်ငံဗဟိုဘဏ်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ပေးဖို့ အဲဒီအဖွဲ့က တောင်းဆိုထားပါတယ်။

    ဦးမင်းအောင်လှိုင်အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေ၊ နိုင်ငံခြားဝင်ငွေရှာပေးနေတဲ့ဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေကို အမေရိကန်၊ ယူကေ၊ ဥရောပသဂ္ဂ(အီးယူ) အပါအဝင် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားပေမဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေတော့ အခုချိန်အထိ မရှိသေးပါဘူး။

  6. မင်္ဂလာပါ။ ဩဂုတ် ၂၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။