ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ဗိုလ်ချုပ်များ-မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်အရေးပါနေဆဲလား

ဓာတ်ပုံ ရင်းမြစ်, AFP
ဒေါ်အောင်ဆန်းစုကြည် နဲ့ စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီးနှစ်ယောက် တွေ့ဆုံခဲ့ကြတယ် ဆိုတဲ့ သတင်းက မြန်မာ့နိုင်ငံရေးသုံးသပ်သူတွေကြားမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပါတယ်။
ဒီတွေ့ဆုံမှုမရှိခဲ့ဘူးဆိုပြီး စစ်ကောင်စီဘက်က ပြန်လည် ငြင်းဆိုမှုတွေရှိခဲ့ပေမယ့် မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးပါနေဆဲ အတိုင်းအဆနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေ ပေါ်ထွက်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် အတွင်း အကြိမ်ကြိမ်အကျဉ်းချခံခဲ့ရသလို စစ်ဗိုလ်ချုပ်အဆက်ဆက် နဲ့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲလမ်းကြောင်းကနေ အဖြေရှာဖို့တိုက်တွန်းနေပေမယ့် ဒေါ်အောင်ဆန်းစုကြည် နဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ တရားဝင်ဆွေးနွေးပွဲတွေ ပေါ်ထွက်မလာသေးသလို တွေ့ဆုံဖြစ်ခဲ့ရင်တောင် လက်ရှိမြန်မာ့အကျပ်အတည်းက အလုံးစုံပြေလည်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ပေါ်ပေါက်နေပြီဖြစ်ပါတယ်။
မတွေ့ဘူး၊တွေ့တယ်

ဓာတ်ပုံ ရင်းမြစ်, AFP
အာဏာသိမ်းစစ်ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ မေလ ၂၇ ရက် နဲ့ ဇွန်လ ၄ ရက်နေ့တို့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှာ သွားရောက်တွေ့ဆုံခဲ့ကြတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
မေလ ၂၇ ရက်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ရန်ကုန်မှာရှိနေပြီး ဇွန်လ ၄ ရက် မှာတော့ သူတို့နှစ်ဦး နေပြည်တော်မှာရှိနေတာကို ဘီဘီစီက စုံစမ်းသိရှိထားပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ဟာ ဇွန်လဆန်းက မိုင်းလားဆွေးနွေးပွဲမှာ အတူရှိနေခဲ့ကြပြီး အဲဒီကမှ နေပြည်တော်ကို ပြန်လာခဲ့ကြတာဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ နဲ့ အိန္ဒိယပညာရှင်တွေပါဝင်တဲ့ ဇွန်လ ၈ ရက်က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ အိန္ဒိယဖက်ဒရယ်စနစ်ရဲ့ အုပ်ချုပ်ရေးမှူး အခန်းကဏ္ဍဆွေးနွေးပွဲမှာလည်း အတူရှိနေခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံမှုက မရှိခဲ့ဘူးလို့ ဘီဘီစီကို တရားဝင် ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့နီးစပ်တဲ့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်တချို့ကတော့ စစ်ကောင်စီဝင် ဗိုလ်ချုပ်ကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့လေ့ရှိတဲ့အကြောင်း အတည်ပြုပါတယ်။
‘’သတင်းဌာနတချို့က ဖော်ပြတဲ့ ရက်နဲ့ လူတွေ လွဲနေတဲ့အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းသွားတာပါ။ တကယ်တော့ စစ်ကောင်စီဝင် ဗိုလ်ချုပ်ကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပုံမှန်တွေ့ဆုံမှုတွေ ရှိနေတာကတော့ သေချာပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှု ဟုတ်မဟုတ်ဆိုတာတော့ မပြောနိုင်ပါဘူး’’ လို့ နေပြည်တော်က သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့ စစ်ကောင်စီဝင် နှစ်ဦးကို ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဖို့ သီးသန့်တာဝန်ပေးထားတယ်လို့ နေပြည်တော်၊စစ်ရုံးထဲက ဘီဘီစီ သတင်းအရင်းအမြစ်တချို့ဆီကလည်း သိရပါတယ်။
အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လိုအပ်ချက်တွေနဲ့ပတ်သက်လို့ ဆောင်ရွက်ပေးဖို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို တာဝန်ပေးထားတယ်လို့ သိရပါတယ်။
နောက်ထပ် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ နာမည်ကိုတော့ ဘီဘီစီက အတည်မပြုနိုင်ပါဘူး။
‘’နိုင်ငံတော်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို သွားရှင်းပြရတာ။ စရခ(စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး) ဘက်က သွားရှင်းပြတာလား။ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ပဲ သွားရှင်းပြတာလားတော့ သေချာမသိဘူး’’ လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အထူးယုံကြည်စိတ်ချရသူတစ်ဦးဖြစ်ပြီး စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ကနေ ပြည်ထဲရေးဝန်ကြီးဖြစ်လာသူ ဖြစ်ပါတယ်။
စစ်ကောင်စီဝင်လည်းဖြစ်သလို စစ်ကောင်စီရဲ့အစိုးရအဖွဲ့မှာလည်း ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ပေးထားသူဖြစ်ပါတယ်။
စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး ကလည်း စစ်ခေါင်းဆောင်ရဲ့ လက်ရုံးဖြစ်ပြီး စစ်ကောင်စီမှာ တွဲဘက်အတွင်းရေးမှူးအဖြစ် တာဝန်ပေးထားပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နဲ့ စစ်တက္ကသိုလ်အမှတ်စဉ် (၂၂) ကနေ အတူ ကျောင်းဆင်းသူတွေ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီဘယ်လိုသဘောထားလဲ

ဓာတ်ပုံ ရင်းမြစ်, MOI
အာဆီယံဘုံသဘောတူညီချက်(၅)ရပ် မှာ ပါဝင်တဲ့ သက်ဆိုင်သူတွေကြား အပြုသဘောဆောင်တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့အဖြေရှာကြဖို့ ဆိုတဲ့အချက်ဟာ စစ်ကောင်စီအနေနဲ့ တွေ့ဆုံဆွေးနွေးရေးစကားဝိုင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည် ကိုချန်လှပ်မထားဖို့ သံတမန်ဆန်ဆန် တိုက်တွန်းချက်လို့ နားလည်ထားကြပါတယ်။
ဒါပေမဲ့ စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဆွေးနွေးဖို့ တစ်ကြိမ်မှ ဖွင့်ဟပြောဆိုခဲ့တာ မရှိခဲ့ပါဘူး။
‘’စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို Dialogue Partner အဖြစ် ဘယ်လောက်တန်ဖိုးထားခဲ့လဲ။ တန်ဖိုးမထားခဲ့ဘူး လို့ပဲ မြင်တယ်’’ လို့ နိုင်ငံရေးအကဲခတ် တစ်ဦးက ပြောပါတယ်။
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် - ထီးရိပ်နန်းရိပ် ဆက်ဆံရေးက အာဏာသိမ်းမှုကို ဦးတည်စေခဲ့သလား
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် - ထီးရိပ်နန်းရိပ် ဆက်ဆံရေးမှာ နှစ်ဖက် အတွက်မှားခဲ့ကြခြင်း
- ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ထောင် ၇ နှစ်ထပ်ချ စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်အထိရှိလာ
ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လက်ရှိ ဖြစ်နေတဲ့ ပြဿနာတွေက ဒီပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ ဒီအဖွဲ့အစည်း တစ်ယောက်တည်းနဲ့ ဖြေရှင်းလို့ ပြေလည်သွားတာမျိုး မရှိခဲ့ဘူးလို့ လူသိရှင်ကြား ပြောကြားထားပါတယ်။
‘’ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းနဲ့ တွေ့ဆုံပြီး ဖြေရှင်းပေးဖို့ ဖြစ်နိုင်တယ်လို့ ယုံကြည်ရင် အဲဒီ ယုံကြည်မှုဟာ မျက်ကန်းယုံကြည်မှုပဲ’’ လို့ သူက ပြောခဲ့ပါတယ်။
အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ထဲမှာ အာဆီယံအထူးသံတမန်အနေနဲ့ ပြည်တွင်းမှာရှိတဲ့ ဘက်ပေါင်းစုံက သက်ဆိုင်သူတွေ နဲ့ တွေ့ ဖို့ ဆိုတဲ့ သဘောတူညီချက်ပါခဲ့ပေမယ့် သံတမန်အပြောင်းအလဲတွေသာ ဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တစ်ဦးမှ တွေ့ခွင့်မရခဲ့ကြပါဘူး။
စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်တွေချမှတ်ပြီးရင် သံတမန်တွေနဲ့ တွေ့ဆုံပေးဖို့ မူလက စီစဉ်ထားခဲ့ပေမယ့် နောက်ပိုင်းမှာ စိတ်ကူးပြောင်းသွားတယ် လို့ စစ်ကောင်စီ နဲ့ နီးစပ်တဲ့ နေပြည်တော် သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။
စစ်ဗိုလ်ချုပ်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားခဲ့ပေမယ့်လို့ နိုင်ငံရေးကနေ လုံးလုံးလျားလျား ပစ်ပယ်ထားတာမဟုတ်တဲ့ အထောက်အထားတချို့ကို တွေ့ရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံပြန်တင်ရေးနဲ့ပတ်သက်လို့ NLD ပါတီဝင်တချို့ကို ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံဖို့ စစ်ကောင်စီက လျှို့ဝှက် စီစဉ်ပေးခဲ့ပါတယ်။
‘’တွေ့ဆုံခွင့်ရအောင် ကျွန်တော်တို့လုပ်ပေးခဲ့တာပဲ။ ကာယကံရှင်ကိုယ်တိုင်က တွေ့ဆုံခွင့်တောင်မပေးဘဲ ငြင်းပယ်တာဖြစ်တယ်’’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစာဖတ်ရှုခွင့် စီစဉ်ပေးထားပြီး အဲဒီကတဆင့် PDF တွေရဲ့ လှုပ်ရှားမှုအပြင် လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကို သိနေတယ် လို့ သူက ပြောပါတယ်။
PDF တွေရဲ့ လှုပ်ရှားမှုကို သိလျက်နဲ့ ဒေါ်အောင်ဆန်းစုကြည်က တစုံတရာ မှတ်ချက်မပေးမှုအပေါ် ‘’တုံဏှိဘာဝေဆိတ်ဆိတ်နေ ဆိုတဲ့ သဘောအတိုင်းနေနေတာပဲ’’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
"စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ရဲ့ ဖြေကြားချက်တွေဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့သဘောထားကိုထင်ဟပ်နေပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လောက်သဘောထားတင်းမာနေလဲဆိုတာ သိသာပါတယ်’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
ပါတီဝင်တွေကို တွေ့ခွင့်ငြင်းပယ်ခဲ့တဲ့ ဖြစ်စဉ် နဲ့ PDF တွေနဲ့ပတ်သက်လို့ နှုတ်ဆိတ်နေမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီနိုင်ငံရေးကိုသွားဖို့ မဆွေးနွေးချင်သူအဖြစ် စစ်တပ်က ပုံမဖော်သင့်ဘူး လို့ သူက ပြောပါတယ်။
မာယာများတဲ့ စစ်ဗိုလ်ချုပ်တွေ

ဓာတ်ပုံ ရင်းမြစ်, AFP
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ရဲ့ နိုင်ငံရေးဖြတ်သန်းမှုတလျောက် အချုပ်အနှောင်ခံနေရစဉ်အတွင်းမှာ စစ်ဗိုလ်ချုပ်တွေ နဲ့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ဖူးတဲ့ အတွေ့အကြုံရှိခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ခင်ညွန့်တို့ ၁၉၉၄ ခုနှစ်က နေအိမ်အကျယ်ချုပ်ကျခံနေရစဉ်အတွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ အကြိမ်ကြိမ် ပြန်လည် ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။
၂၀၀၇ ခုနှစ်မှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ စကားပြောဖို့ ဗိုလ်ချုပ်အောင်ကြည်ကို ဆက်ဆံရေးဝန်ကြီး အဖြစ် သီးသန့် တာဝန်ပေးခဲ့ပါတယ်။
အကျယ်ချုပ်ချခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံမှုတွေဟာ နိုင်ငံတကာဖိအားတွေကို လျော့ချချင်လို့ စစ်ဗိုလ်ချုပ်တွေအသုံးချနေတဲ့ နည်းဟောင်း လို့ နိုင်ငံရေးလေ့လာသူတွေက နားလည်ထားကြပါတယ်။
သမ္မတပြောရေးဆိုခွင့်ရှိသူဟောင်း ဦးရဲထွဋ်ရေးတဲ့ ‘’မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှု နှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ’’ စာအုပ်မှာ ဗိုလ်ချုပ်အောင်ကြည် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ကိုးကြိမ်တိုင် တွေ့ဆုံခဲ့တဲ့အကြောင်းတွေကို ဖော်ပြခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဗိုလ်ချုပ်အောင်ကြည်ကို ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဖို့သက်သက်သာ တာဝန်ပေးပြီး ဆွေးနွေးဖို့ လမ်းညွှန်ချက်မပေး ခဲ့ဘူး လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ ရင်းနှီးလာတဲ့ ဗိုလ်ချုပ်အောင်ကြည်ဟာ တွေ့ဆုံဆွေးနွေးမှုကတဆင့် သဘောတူညီချက် တစုံတရာရရင် ကောင်းမယ်လို့ အကြံရပြီး သဘောတူကြေညာချက်ပါ ရရှိခဲ့ပါတယ်။
ဒီသဘောတူညီချက်ကြောင့် ဝမ်းသာကြလိမ့်မယ်လို့ ထင်မှတ်ထားတဲ့ ဗိုလ်ချုပ်အောင်ကြည်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို တင်ပြတဲ့အခါ တစုံတရာမှတ်ချက်မပေးလို့ ကျေနပ်တဲ့သဘောမရှိကြောင်း သတိထားမိတယ်လို့ ရေးသားထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး မစ္စတာဂမ်ဘာရီ လာခါနီးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်အောင်ကြည်ကို ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဖို့ ထပ်မံစေလွှတ်ခဲ့ပြီး သဘောတူညီချက်ရယူစရာမလိုဘဲ တွေ့ဆုံဖို့သက်သက်သာဖြစ်ကြောင်း တိတိကျကျညွှန်ကြားခဲ့တယ်လို့ ရေးသားထားပါတယ်။
ဗိုလ်ချုပ်အောင်ကြည် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ တွေ့ဆုံမှုတွေဟာ နိုင်ငံတကာဖိအားလျှော့ချဖို့ ပရိယာယ် တစ်ခုအဖြစ်ရည်ရွယ်အသုံးချခဲ့လို့ ဆွေးနွေးမှုတွေမှာ အချိန်ဇယား နဲ့ အစီအစဉ်တွေတောင် အတိအကျသတ်မှတ်ခဲ့တာ မရှိဘူး လို့ ဦးရဲထွဋ်က ရေးပါတယ်။
ရွေးကောက်ပွဲနှစ်ဖြစ်တဲ့ ၂၀၁၅ ခုနှစ်ရဲ့ ဇန်နဝါရီလမှာ သမ္မတ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်မယ့် လေးပွင့်ဆိုင် ဆွေးနွေးပွဲကို အဆိုပြုခဲ့ပေမယ့် အစိုးရဘက်က သဘောမတူခဲ့ပါဘူး။
ဦးသိန်းစိန်အစိုးရက လေးပွင့်ဆိုင်အစား ၆ ပွင့်ဆိုင်၊ ၁၆ ပွင့်ဆိုင် နဲ့ ၂၉ ပွင့်ဆိုင် အစည်းအဝေးတွေပြုလုပ်ခဲ့ပြီး လေးပွင့်ဆိုင်တွေ့ဆုံမှုကို ရှောင်ရှားခဲ့ကြပါတယ်။
လေးပွင့်ဆိုင်တွေ့ဆုံမှုကို ရှောင်ရှားခဲ့တဲ့အပေါ် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကတော့ ဆွေးနွေးဖို့အကြောင်းအရာ အတိအကျမဖော်ပြလို့ တွေ့ဆုံဖို့အခက်အခဲရှိခဲ့တယ် လို့ သူရေးသားတဲ့ ‘’ဒီမိုကရေစီနိုင်ငံတော်သစ် နှင့် သမ္မတ ဦးသိန်းစိန်’’ စာအုပ်မှာ ထည့်ရေးခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအပြီးမှာတော့ အနိုင်ရပါတီ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရဖွဲ့နိုင်ရေးအဆင်ပြေချောမွေ့အောင် တပ်အပေါ် သြဇာကြီးတဲ့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို သူရဦးရွှေမန်းရဲ့ စီစဉ်ပေးမှု နဲ့ သွားရောက် တွေ့ဆုံခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NLD အစိုးရ လက်ထက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို သွားရောက်တွေ့ဆုံမှုရှိခဲ့ပေမယ့် လက်ရှိတပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ပဲ ညှိနှိုင်းဖို့ ဦးသန်းရွှေက ပြောခဲ့တယ် လို့ နေပြည်တော်က သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Phyo Hein Kyaw
လက်ရှိ စစ်ကောင်စီ နဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံမှုတွေကလည်း နိုင်ငံတကာကို မျက်နှာပြလို့ကောင်းအောင်လုပ်တာလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
‘’အထူးသဖြင့် တရုတ်ပေါ့ဗျာ’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးကပြောပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင်တုန်းက စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးနိုင်သလားဆိုတဲ့ မေးခွန်းကို နိုင်ငံရေးမှာ မဖြစ်နိုင်တာမရှိဘူး လို့ ပြောခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးရေးဟာ “မဖြစ်နိုင်ဘူးလို့ မပြောနိုင်” တဲ့ အကြောင်း ပရိယာယ်ကြွယ်ဝစွာ ပြောကြားခဲ့ဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် အမိန့်တွေအပြီးအပြတ်ချမှတ်ပြီးတဲ့အခါ တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်ပေါက်လာမလား လို့ နိုင်ငံရေးအကဲခတ်တွေက မျှော်လင့်ခဲ့ကြပေမယ့် အဆုံးသတ်မှာတော့ အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် ၃၃ နှစ်အထိ ချမှတ်ခံခဲ့ရပြီးတဲ့နောက် မျှော်လင့်ထားကြသလို ဖြစ်မလာခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အထိ စစ်ခေါင်းဆောင်အဆက်ဆက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ဖူးပေမယ့် ထောင်သွင်းအကျဉ်းချခံရတဲ့ အဆိုးကျော့သံသရာနဲ့ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အရေးပါနေဆဲပဲလား

ဓာတ်ပုံ ရင်းမြစ်, ကိုဥက္ကာ
ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်သွင်းအကျဉ်းချခံထားရပေမယ့် သူ့ရဲ့ မှတ်ချက်ဟာ အရေးပါနေဆဲပဲ လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
‘’အများကြီးရိုက်ခတ်မှု ရှိနိုင်တယ်’’ လို့ ၁၉၉၀ ခုနှစ်ကတည်းက NLD နဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
ဒါပေမဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မှတ်ချက်တစ်စုံတစ်ရာမပေးတဲ့အပေါ် အပြစ်တင်လို့မရဘူး လို့ သူက ပြောပါတယ်။
‘’သူ့ကို လွှတ်ပေးလိုက်ရင်တော့ အပြင်ရောက်ရင် မှတ်ချက်ပေးကောင်းပေးမှာပေါ့’’ လို့ ဦးစိုင်းညွန့်လွင်ကပြောပါတယ်။
သူတို့ရရှိထားတဲ့ သတင်းတွေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ဗိုလ်ချုပ်တွေ တွေ့ဆုံခဲ့တယ်လို့ သိရတဲ့အကြောင်း ဦးစိုင်းညွန့်လွင် ကပြောပါတယ်။
‘’စကစ က ငြင်းနေတာကိုပဲ ထူးဆန်းနေတာ။ တကယ်တော့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းက ပိုကောင်းပါတယ်’’ လို့ ဦးစိုင်းညွန့်လွင်က ပြောပါတယ်။
ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီ ဗိုလ်ချုပ်ကြီးတွေတွေ့ကြတာ မဖြစ်နိုင်ဘူး လို့ သုံးသပ်ပါတယ်။
ဒေါက်တာအေးမောင်ကဟာ သမ္မတဦးသိန်းစိန် လက်ထက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးတွေတွေ့ကြတဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာပါဝင်ခဲ့သူ ဖြစ်ပါတယ်။
‘’SAC အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ နိုင်ငံရေးကို သွားနေပါပြီ’’ လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆော့ခွန်းရဲ့ ၂၀၂၂ ဇူလိုင်လ မြန်မာခရီးစဉ်အတွင်းမှာ တွေ့ခဲ့တဲ့ နိုင်ငံရေးသမားတချို့ထဲမှာ ဒေါက်တာအေးမောင်လည်း ပါဝင်ပါတယ်။
အဲဒီကာလတုန်းက အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ လက်ရှိမြန်မာ့အကျပ်အတည်းအပေါ် ဒီမိုကရေစီကြယ်ပွင့်တစ်ဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်တစ်ခုကို အလိုရှိခဲ့ဖူးတယ်လို့ သူက ပြောပါတယ်။
‘’အခုကတော့ အဲဒီတုန်းကအခြေအနေတွေနဲ့ ကွာခြားသွားပါပြီ’’ လို့ ဒေါက်တာအေးမောင် က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူကို လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးပါမှု နဲ့ပတ်သက်လို့ မေးမြန်းထားပေမယ့် အဖြေပြန်မပေးသေးပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ထွေးကတော့ မြန်မာ့နိုင်ငံရေးပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းချင်တယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုနည်းနဲ့မှ ချန်လှပ်ထားလို့မရဘူး လို့ ပြောပါတယ်။
‘’ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ချစ်ခင်လေးစားမှုကလည်း အပြည့်ရှိနေဆဲဖြစ်ပါတယ်’’ လို့ သူက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဖြတ်သန်းမှုတလျောက်လုံးကို ကြည့်မယ်ဆိုရင်လည်း ပြည်သူလူထုကိုပဲ မျက်နှာမူပြီးတော့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကိုပဲ ရှေုးရှုဆောင်ရွက်နေခဲ့တာ တွေ့ရမှာ ဖြစ်တယ် လို့ ဦးကျော်ထွေးကပြောပါတယ်။
‘’မြန်မာ့အရေးနဲ့ သက်ဆိုင်တဲ့သူအားလုံး မြန်မာ့နိုင်ငံရေးပြဿနာကို ပြေလည်စေလိုသူတွေအားလုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု မလုပ်ဘဲ ပြေလည်ရေးလမ်းစရမှာမဟုတ်ဘူး လို့ ကျွန်တော်တို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်’’ လို့ သူက ပြောပါတယ်။
အာဏာသိမ်းပြီးကတည်းက ပေါ်ပေါက်လာတဲ့ ပြည်တွင်းပြည်ပက ဆန္ဒပြပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့က ထိပ်ဆုံးက ပါဝင်ခဲ့သလို ကုလသမဂ္ဂရဲ့ သမိုင်းဝင်ဆုံးဖြတ်ချက် ၂၆၆၉ မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ်အဖြစ်သူ ကင်မ်ကတော့ မြန်မာ့နိုင်ငံရေးမှာ သူ့မိခင်က အရေးပါနေဆဲပဲ လို့ ဘီဘီစီကိုပြောပါတယ်။
‘’မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးပွေလီပြီး သိမ်မွေ့လှတဲ့ အခြေအနေတွေမှာ ကွဲပြားနေတဲ့ အုပ်စုတွေကို စုစည်းပေးနိုင်သူဟာ ကျွန်တော့်အဘိုးလက်ထက်ကတည်းကစလို့ အခုအချိန်အထိ မေမေ တစ်ဦးတည်းပဲ ရှိနေသေးတယ်ဆိုတာ ကမ္ဘာတစ်ဝန်းက ပြည်သူတွေ သဘောပေါက်ကြမယ်လို့ ကျွန်တော်တော့ မျှော်လင့်နေမိပါတယ်’’ လို့ ကင်မ်က ပြောခဲ့တာပါ။









