အာဆီယံ အထူးသံ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်မရ

ဓာတ်ပုံ ရင်းမြစ်, POPULAR NEWS
အာဆီယံ အထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ မြန်မာနိုင်ငံကို မနက်ဖြန် ဇွန်လ ၂၉ ရက်မှာ ရောက်လာဖို့ရှိပြီးတော့ သူဟာ စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရမှာ မဟုတ်ဘူးလို့ စစ်ကောင်စီဘက်က ပြောပါတယ်။
အာဆီယံအထူးသံကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့နေရာကနေ နေပြည်တော်အချုပ်ထောင်ထဲ ရွှေ့ပြောင်းခံလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကာယကံရှင်ရဲ့အသက်အရွယ်နဲ့ ကျန်းမာရေးကို ထောက်ရှုပြီး မူလနေရာကို ပြန်လည်ပြောင်းရွှေ့ပေးဖို့ စစ်ကောင်စီကို မနေ့ကပဲ တိုက်တွန်းခဲ့ပါသေးတယ်။
အာဆီယံ အထူးသံတမန်ဟာ မနက်ဖြန် ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၃ ရက်အထိ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီးတော့ ဒါဟာ အထူးသံရဲ့ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် ခရီးစဥ်လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လက အာဆီယံအထူးသံဟာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့စဉ်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, POPULAR NEWS
အာဆီယံအထူးသံဟာ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဥ်အတွင်းမှာ တွေ့ဆုံဖို့ရှိနေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အာဆီယံအထူးသံရဲ့ ခရီးစဥ်ဟာ မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေကြားရထားတဲ့ ဘုံသဘောတူညီချက် အထမြောက်ရေး ဆောင်ရွက်တဲ့အပိုင်းမှာ တိုးတက်မှုအခြေအနေနဲ့ ဖနွမ်ပင်မြို့မှာ ပြီးခဲ့တဲ့မေလဆန်းတုန်းက ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု အစည်းအဝေးရလဒ်ကိစ္စတွေကို အဓိကထားမယ်လို့ သိရပါတယ်။
အာဆီယံက မြန်မာ့အရေး အထူးသံတမန်ခန့်အပ်မှုအပိုင်းမှာ မြန်မာ့အရေးငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတွေအားလုံးနဲ့ တွေ့ဆုံခွင့်ရနိုင်ရေးလည်း ပါဝင်ပေမဲ့ အထူးသံဟာ အခုခရီးစဥ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်နဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောခဲ့ပါတယ်။
"ကျွန်တော်တို့ အရင်ရပ်တည်ချက်အတိုင်းပါပဲ၊ ဥပဒေအရ တရားစွဲဆိုခံရတာတဲ့သူတွေ၊တရားရင်ဆိုင်နေကြတဲ့သူတွေ၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေနဲ့ပတ်သက်လို့ တွေ့နိုင်ဖို့အတွက် ကန့်သတ်ချက်များရှိမှာဖြစ်ပါတယ်"လို့ စစ်ကောင်စီ ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ထဲကနေ မူလနေရာကို ပြန်လည်ပြောင်းရွှေ့ပေးဖို့ အာဆီယံအထူးသံရဲ့ တိုက်တွန်းချက်အပေါ် ဘယ်လိုသဘောထားရှိပါသလဲလို့ မေးကြည့်ရာမှာတော့
"ကျွန်တော်တို့ကတော့ ဥပဒေအတိုင်းဆောင်ရွက်တာဖြစ်ပြီး ဥပဒေအထက်မှာ ဘယ်သူမရှိပါဘူး"လို့ လည်း စစ်ကောင်စီ ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကို ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဆီယံ အထူးသံဟာ မြန်မာနိုင်ငံခရီးစဥ်အတွင်းမှာ ဇူလိုင် ၂ ရက်နေ့က နေ့ ၅ ရက်နေ့အထိ ပုဂံမှာ ကျင်းပမယ့် လန်ချန်း မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကိုလည်း တက်ရောက်ဖို့ရှိနေပါတယ်။
အာဆီယံ အထူးသံ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးအနဲ့အတူ မဲခေါင်ဖြစ်ဖျားနိုင်ငံတွေ ဖြစ်ကြတဲ့ ၊ ထိုင်း၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် နိုင်ငံတို့က နိုင်ငံခြားရေး ဝန်ကြီးတွေ ဒီအစည်းအဝေးကို တက်ရောက်ကြမယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာနိုင်ငံကိုလာရောက်တဲ့ခရီးစဥ်တုန်းက အာဆီယံ အထူးသံဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာ ပါဝင်ခွင့်တောင်းထားတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံနိုင်ရေးကို အခု အာဆီယံ အထူးသံ ခရီးစဥ်မှာ စီစဥ်ပေးထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တိုးတက်မှု တစ်စုံတရာ မရှိတဲ့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြုလုပ်တဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအသင်း ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။








