ထောင် ၁၁ နှစ်ထိ ချမှတ်ခံထားရပြီး အမှု ၁၀ မှုကျော်ဆက်လက်ရင်ဆိုင်ရဖို့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံက ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီရဲ့ နေပြည်တော် အထူးတရားရုံးက အဂတိလိုက်စားမှုနဲ့ ဧပြီလ ၂၇ ရက်နေ့က ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာငွေတွေယူခဲ့တယ်ဆိုတဲ့ အဂတိမှု စွပ်စွဲချက်အမှုမှာ အခုလို ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရတာဖြစ်တယ်လို့ ဘီဘီစီက သိရှိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းက နေအိမ်မှာ ဖမ်းဆီးထိမ်းသိန်းခံထားရတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအဂတိမှုဟာ မဟုတ်မမှန်စွပ်စွဲခံရတာဆိုပြီး အခုလိုထောင်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုသလို အမှုအတွက် အယူခံ ဆက်တက်ဖို့ရှိတယ်ဆိုလို့လည်း ဘီဘီစီက သိရှိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အရင် အမှုတွေဖြစ်တဲ့ ဆူပူလှုံဆော်မှု ၊ပို့ကုန်သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ နဲ့ သဘာဝဘေးအန္တရာယ် ဥပဒေတွေနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရပြီး ဒီကနေ့ ချမှတ်တဲ့ ထောင်ဒဏ် ၅ နှစ်နဲ့ ပါဆိုရင် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် အထိ ကျခံရဖို့ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အခုစီရင်ချက်ချပြီးတဲ့ အမှုတွေအပြင် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှု၊ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု နဲ့ အဂတိအမှု ၁၀ မှုတို့ကို အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
အဂတိမှုတွေထဲမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး စွဲဆိုထားတာတွေ ပါဝင်နေတာ တွေ့ရပါတယ်။
အဲဒီ အမှုတွေမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း(ရုံးချုပ်) ဖွင့်လှစ်ဖို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်က မြေနဲ့အဆောက်အအုံကို ထိုက်သင့်တဲ့တန်ဖိုးထက် လျော့တဲ့ နှုန်းထားနဲ့ ငှားခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဒီငှားရမ်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးအစီရင်ခံစာပါ တွက်ချက်မှုအရ နိုင်ငံတော်က ငွေကျပ်သန်း (၅၂၀၀)ကျော် နစ်နာဆုံးရှုံး ခဲ့တယ်လို့ စွဲချက်မှာဖော်ပြထားပါတယ်။
နောက်တစ်မှုကတော့ နေပြည်တော်မှာပါ။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် လရောင်တော စိုက်ပျိုး သက်မွေးပညာ သင်တန်းကျောင်းစီမံကိန်း ဆောင်ရွက်ဖို့ မြေလျှောက်ထားတဲ့အမှုပါ။
ဒီလျှောက်ထားမှုဟာ ရာထူး အရှိန်အဝါကို သုံးပြီး ထိုက်သင့်တဲ့တန်ဖိုးထက် များစွာလျော့နည်းပြီး ပေးချေတယ်လို့ စွပ်စွဲပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ ကြားဖြတ်စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရ နိုင်ငံတော်က ငွေကျပ် ၁၉ ဘီလီယံကျော် နစ်နာဆုံးရှုံးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဒီလရောင်တော အမှုမှာ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူတို့လည်း အမှုဖွင့်ခံထားရပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဆက်နွှယ်ပြီးစွဲတဲ့ နောက်တစ်မှုကတော့ ဖောင်ဒေးရှင်းကိုလှူထားတဲ့ အများပြည်သူ အလှူငွေထဲကနေ ဒေါ်အောင်ဆန်းစုကြည် နေဖို့ အိမ်ဆောက်တဲ့နေရာမှာ သုံးတယ်ဆိုတဲ့ စွပ်စွဲချက်ပါ။
ငွေကျပ် ၁ ဒဿမ ၆ ဘီလီယံကျော်ကို မလျော်ဩဇာ အသုံးပြုပြီး သုံးစွဲ ဆောက်လုပ် စေခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ဒီအမှုဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ စွဲဆိုခံရတဲ့ အမှုလည်းဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်စုံစမ်းရေးအရာရှိတစ်ဦးက တရားလိုအဖြစ် တိုင်တန်းတဲ့အမှုလည်း ဖြစ်ပါတယ်။

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးကူညီကယ်ဆယ်ရေးမှာ သုံးတဲ့ ရဟတ်ယာဥ်ဝယ်ယူမှုတွက် သမ္မတ ဦးဝင်းမြင့်နဲ့ အတူ အဂတိမှု ၅ မှုနဲ့ တရားစွဲခံထားရပြီး အမှုရင်ဆိုင်နေဆဲဖြစ်ပါတယ်။
အဂတိမှုနဲ့ စွဲဆိုထားတဲ့ အမှုတွေဟာ ထောင်ဒဏ် အမြင့်ဆုံး ၁၅ နှစ်အထိ ချနိုင်တဲ့ အမှုတွေဖြစ်ပါတယ်။ ဒီစွဲဆိုထားတဲ့ အမှုတွေ စုစုပေါင်းဆိုရင် အမြင့်ဆုံး ပြစ်ဒဏ် နှစ်ပေါင်း ၁၈၀ ခန့် ချမှတ်နိုင်တဲ့ အမှုတွေ ဖြစ်ပါတယ်။
နေပြည်တော် အထူးတရားရုံးမှာ စစ်ဆေးနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အမှုတွေဟာ အများပြည်သူ တက်ရောက်ခွင့်မရှိသလို သတင်းသမားတွေ သတင်းရယူခွင့်ကိုလည်း စစ်ကောင်စီက ပိတ်ထားပါတယ်။ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို လည်း သတင်းထောက်တွေ နိုင်ငံတကာအဖွဲ့အစည်းတွေ ကို အမှုနဲ့ပတ်သက်ပြီး ပြောဆိုတာကို စစ်ကောင်စီက တားမြစ်ထားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Global Newlight of Myanmar
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရမှုကို ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ နိုင်ငံခြားရေးဝန်ကြီးတချို့က ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
ဥရောပသမဂ္ဂ(အီးယူ)ကတော့ ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ အမှုဟာ နိုင်ငံရေးပယောဂနွယ်ပြီး မြန်မာပြည်တွင်းမှာ ဥပဒေစိုးမိုးမှုပျက်ပြားလာတာနဲ့ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု ဖြစ်တယ်လို့ မနေ့က ဧပြီလ ၂၇ ရက်မှာပဲ ကြေညာချက် ထုတ်ပြန်လာပါတယ်။
တစ်ချိန်တည်းမှာပဲ အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဥ်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့လည်း ဆိုပါတယ်။
ပွင့်လင်းမြင်သာပြီး ဘက်မလိုက်တဲ့တရားခွင်၊ သက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ ဥပဒေကြောင်းအရ ခုခံပိုင်ခွင့်နဲ့ အပြစ်မရှိကြောင်း မှတ်ယူပိုင်ခွင့်တွေဟာ နိုင်ငံတကာလူ့အခွင့်အရေးကြေညာချက်အောက်မှာ ဥပဒေအရ သာတူညီမျှရှိစေရမယ့်အရာတွေလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ဒေါ် အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်ခံရအပြီးမှာ မြန်မာနိုင်ငံ အခြေအနေကို ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
ကျေးဇူးပြုပြီးခဏစောင့်ပါ
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဧပြီလ ၂၇ ရက်နေ့အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့သူ ၁၇၉၀ ကျော်ရှိပြီး စုစုပေါင်း လူတစ်သောင်းကျော် အဖမ်းခံထားရကာ ၎င်းတို့အနက်မှ ၁၀၀၈ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ သိရပါတယ်။








