၆ လ တစ်ခါ သက်တမ်းတိုးနေရတဲ့ စစ်ကောင်စီက “ဒေါ်အောင်ဆန်းစုကြည်ကတ်ပြား” သုံးလာနိုင်လား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဏာသိမ်းစစ်တပ်က သူတို့ အမှုပေါင်းများစွာ တည်ဆောက်ပြီး ပုဒ်မအမျိုးမျိုး တပ်လို့ ထောင် အနှစ် ၃၀ ကျော် ချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်ထဲ မထားတော့ပဲ၊ ပြင်ပ နေအိမ်တစ်ခုမှာ ရွှေ့ပြောင်းထားလိုက်ပြီလို့ သိထားရပါတယ်။ အခုဆိုရင် နိုင်ငံတကာ အစိုးရကိုယ်စားလှယ်တွေ၊ သံတမန်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစား နေကြပါတယ်။
စစ်ကောင်စီဘက်က အခုလို ခြေလှမ်းမျိုး ဘာ့ကြောင့် လှမ်းလာရတာလဲ ... ဒေါ်အောင်ဆန်းစုကြည် ထံကနေ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးလမ်းကို လိုက်ကြဖို့ တိုက်တွန်းသံ ထွက်လာမလား ... အဲဒီလို ပြောလာခဲ့ပြီ ဆိုရင် ဒီမိုကရက်တစ် အင်အားစုတွေရဲ့ ပြည်တွင်းပြည်ပ လက်ရှိ လှုပ်ရှားမှုတွေ အပေါ် ဘယ်လို သက်ရောက် ရိုက်ခတ်နိုင်လဲ ... စသဖြင့် မေးခွန်းတွေ အမျိုးမျိုး ပေါ်ထွက်လာပါတယ်။
အခုအချိန်ဟာ အာဏာသိမ်းစစ်တပ်က ကာလုံကို နောက်တစ်ကြိမ် ထပ်ခေါ်လို့ ၆ လ သက်တမ်း ထပ်တိုးပြန်တဲ့ အချိန်လည်းပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံကို ဖျက် စစ်အာဏာ သိမ်းတာမျိုး မဟုတ်ပဲ၊ ဖွဲ့စည်းပုံနဲ့ အညီ အာဏာရယူ ထိန်းသိမ်းတာလို့ ဆိုပြီး ၂၀၀၈ အခြေခံဥပဒေကို ကိုင်စွဲထားတဲ့ စစ်တပ်ဟာ ဖွဲ့စည်းပုံပါ ၆ လ သက်တမ်း ၂ ကြိမ်တိုး အပြီးမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေဆိုပြီး ၃ ကြိမ်မြောက် တိုးနှင့်ထားပြီး ဖြစ်ပါတယ်။
ပုံမှန်မဟုတ်တဲ့ အခြေအနေနဲ့ တတိယအကြိမ် သက်တမ်းတိုးတုန်းကတော့ အခြေခံ ဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက် ရယူခဲ့ပါတယ်။ အခု ၄ ကြိမ်မြောက် ၆ လ သက်တမ်းတိုးတဲ့ အခါ ပုံမှန်မဟုတ်တဲ့ အခြေအနေ အကြောင်းပြချက်နဲ့ပဲလား၊ အခြေခံ ဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်ရော ရယူရဲ့လား .... စတာတွေ ရှင်းရှင်းလင်းလင်း ထွက်ပေါ် မလာသေးပါဘူး။
ကာလုံအစည်းအဝေးမှာ ဦးဟင်နရီဗန်ထီးယူ ရှိနေခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကနဦး သိထားရတဲ့ အချက်တွေ အရ အခု ၄ ကြိမ် မြောက် ၆ လ သက်တမ်းတိုးတဲ့ ကာလုံ အစည်းအဝေးမှာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာ ကြာပြီ ဖြစ်တဲ့ ဒုသမ္မတ ဦးဟန်နရီဗန်ထီးယူလည်း ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
NLD ရဲ့ ဒုတိယ ဦးစားပေး သမ္မတလောင်းဖြစ်ခဲ့သူ၊ ဗိုလ်မှူးဟောင်း ဦးဟန်နရီဗန်ထီးယူဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် တခြား NLD အစိုးရပိုင်း ထိပ်တန်း ပုဂ္ဂိုလ်တွေလို ထောင်သွင်း အကျဥ်းချခံရတာမျိုး မရှိသူ ဖြစ်ပါတယ်။
အခု အချိန်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့ ၆ လ ခံ သက်တမ်းရဖို့ ကာလုံတွေ တစ်နှစ် နှစ်ကြိမ် ဆက်ခေါ်မှာထက်စာရင် ပိုပြီး ခိုင်မာတဲ့ ပြင်ဆင်မှုမျိုး၊ အာဏာတည်ဆောက်မှုမျိုး ပြုလုပ်ချိန် ရောက်နေပြီ၊ ဒါမှမဟုတ်ရင် စစ်ကောင်စီဟာ ဖြစ်တည်မှု အကျဥ်းအကျပ် ကျရောက် နေပြီ ဖြစ်တယ်လို့ အကဲခတ်တချို့က ဆိုကြပါတယ်။
ပိုပြီး ခိုင်မာတဲ့ အာဏာတည်ဆောက်မှုမျိုး ဆိုတာ သူတို့ ကာကွယ်နေပါတယ်လို့ ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကတိကဝတ် ပြုထားသလို ရွေးကောက်ပွဲ ကျင်းပပြီး၊ တကယ်လို့ စစ်ခေါင်းဆောင် အနေနဲ့ အစိုးရ အာဏာ ဆက်လက် ဆုပ်ကိုင် ထားလိုတယ်ဆိုရင် သမ္မတနေရာကို ရယူတာမျိုးက သိသာ ထင်ရှားတဲ့ နည်းလမ်း ဖြစ်ပါတယ်။
ဒီ အချိန်မှာပဲ ... ကောလဟာလ အမျိုးမျိုး၊ ခန့်မှန်း တွက်ဆချက် အမျိုးမျိုးတွေလည်း ထွက်လာနေတာမှာ နိုင်ငံတကာနဲ့လည်း အတော်အတန် ထိတွေ့ဆက်ဆံဖူးတဲ့ ပြုပြင်ပြောင်းလဲရေးသမား စစ်ဗိုလ်ချုပ်ဟောင်းများ ဆိုပြီး အသိအမှတ်ပြုမှု အတိုင်းအတာတစ်ခုထိ ရထားဖူးသူတွေကို ဦးဆောင်စေလို့ ယာယီ အစိုးရ တစ်ရပ် ဖွဲ့စည်းလေမလား ဆိုတဲ့ ခန့်မှန်းချက်မျိုးလည်း ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တခါ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းနဲ့ တွေ့ဆုံစေခဲ့ပြီး၊ နေအိမ် အကျယ်ချုပ် ပြောင်းထားလိုက်တယ် ဆိုတဲ့ အချက်အလက် ထွက်လာတဲ့ အခါမှာတော့ ပြည်သူလူထုရဲ့ ကြည်ညို လေးစားမှု ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အသုံးပြုလာတော့မလား ဆိုတဲ့ အယူအဆ အတွေးအမြင်မျိုးလည်း လူတွေကြား အတော်လေး ကျယ်ကျယ်ပြန့် ဖြစ်လာပါတယ်။
ဒီတော့ စစ်ကောင်စီ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ဖဲ ဖဲချပ် အနေနဲ့ သုံးလာလေမလား ဆိုတာကို ဆန်းစစ် သုံးသပ်နိုင်ဖို့ အတွက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW နဲ့ အာရှဖောင်ဒေးရှင်းတို့မှာ အဆင့်မြင့်တာဝန်တွေ ယူခဲ့ပြီး၊ မြန်မာ့အရေးကို ဆယ်စုနှစ်အဆက်ဆက် အနီးကပ် စောင့်ကြည့် လေ့လာနေတဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ် မက်သီဆန်ကို
ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး မေးမြန်းထားပါတယ်။
ဘီဘီစီ။ ။ ဒေးဗစ်ရေ ... ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်ထဲမှာ ဆက်လက် ချုပ်နှောင်ထားတာ မလုပ်တော့ပဲ ... နေအိမ်အကျယ်ချုပ် ပုံစံမျိုး စစ်ကောင်စီက ရွှေ့ပြောင်းထားရှိလိုက်တယ်လို့ ကျွန်တော်တို့ သိထားရပါတယ်။ စစ်ကောင်စီက အခုလို ခြေလှမ်းလာတဲ့ အပေါ် ဒေးဗစ် အနေနဲ့ ဘယ်လို သုံးသပ် မိပါသလဲ။
ဒေးဗစ်မက်သီဆန်။ ။ မြန်မာပြည်မှာ အခု ဘာတွေ ဖြစ်နေလဲ ဆိုတာကို အလုံးစုံ သိမြင်ဖို့၊ နားလည်သဘောပေါက်ဖို့ ဆိုတာ မဖြစ်နိုင် သလောက်ပဲလို့ ဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နံပါတ်တစ် အချက် အနေနဲ့ ကျွန်တော် ယုံကြည်တာကတော့ စစ်တပ်ကိုယ်တိုင် အခု ပေါ်ပေါက်လာတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သူတို့ ဘာလုပ်လို့ ဘာကိုင်မယ် ဆိုတာကို စည်းစနစ်တကျ အစီအစဥ် ချမှတ်ထားရှိပြီး လုပ်ဆောင်လာတာမျိုး မဟုတ်ပါဘူး။ ဒီတော့ သူတို့ အနေနဲ့ ဘာတွေ ဆက်လုပ်လာနိုင်တယ် ဆိုပြီး ကျွန်တော်တို့ ဘက်က တင်ကြို ခန့်မှန်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
နောက်တစ်ချက်ကတော့ ... ဖြစ်သင့်ဖြစ်ထိုက် လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေ ဆိုပြီး ကျွန်တော်တို့ ကိုင်စွဲထားတဲ့ စံတန်ဖိုးတွေ၊ ကျွန်တော်တို့ရဲ့ ဆင်ခြင် သုံးသပ်မှုတွေ၊ common sense လို့ ခေါ်တဲ့ ဝေဖန် ပိုင်းခြား နိုင်စွမ်း တွေ အပေါ် အခြေခံလို့ စစ်အာဏာရှင်တွေ အပေါ် တွက်ဆတာဟာ ဘယ်တုန်းကမှ အလုပ် မဖြစ်ခဲ့ပါဘူး။ အချိန်ကုန် လူပမ်း ဖြစ်ရတာချည်းပါပဲ။
ဒီတော့ စစ်ကောင်စီဘက်က ဘယ်လိုတွေ ပြုမူလာသည် ဖြစ်စေ၊ ရောက်ရှိနေတဲ့ အနေအထားမှာ သူတို့ရဲ့ အပြုအမူတွေ အပေါ် တန်ပြန်နိုင်ဖို့၊ တုန့်ပြန် ဆောင်ရွက်နိုင်ဖို့က အရေးကြီးတယ်လို့ ကျွန်တာ် ယူဆပါတယ်။ အဓိပ္ပာယ်ကတော့ .... ကိုယ့်ရဲ့ ရပ်တည်မှုက ဘာလဲ ဆိုတာကသာ အရေးကြီးပါတယ်။
အခု ကျွန်တော်တို့က မှန်းဆ နေကြပါတယ်။ သူတို့ဟာ “ဒေါ်အောင်ဆန်းစုကြည် ကတ်ပြားကို အသုံးပြုလာပြီလား ... ဘယ်လိုများ သုံးမှာပါလိမ့် ... “ စသဖြင့် သို့လော သို့လောတွေ ဖြစ်နေပေမယ့်၊ အခြေခံ တရားကိုယ် အချက်တွေကတော့ ပြောင်းလဲ မသွားပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာ ရှိနေတယ်၊ ဘယ်လို အခြေအနေတွေ အောက်မှာ ရှိနေတယ်ဆိုတာ စစ်ကောင်စီဘက်က ဖုန်းကွယ်ထားမြဲ ဖြစ်သလို၊ လွန်ခဲ့တဲ့ ၂ နှစ်ခွဲ အာဏာ သိမ်းပြီး ကတည်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူတွေ သောင်းနဲ့ချီ အဖမ်းခံခဲ့ရ၊ ထောင်ဂဏန်းတချို့ထိအောင် အသတ်ဖြတ် ခံထားရတယ် ဆိုတာကတော့ ဘယ်လိုမှ ပြောင်းလဲ မသွားမယ့် အချက် ဖြစ်ပါတယ်။
အဓိပ္ပာယ်ကတော့ သူတို့ဟာ ကိုယ့်တိုင်းပြည်ကို ကိုယ် အလုံးစုံ ဖျက်စီးပစ်နေတာ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို barganing chip လို့ ခေါ်တဲ့ ‘နိုင်ဖဲ’ သဖွယ် အသုံးချရုံနဲ့ ဒီ အခြေအနေကြီး၊ ဒီတရားကိုယ် အချက်အလက်ကြီးဟာ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ ကျူးလွန် ရက်စက်ထားသမျှဟာ ဘာမှ မဖြစ်ခဲ့တဲ့ ပုံမျိုး ပျောက်ပျက် လွင့်ပျယ်သွားမှာ မဟုတ်ပါဘူး။
၉၀ ပြည့်ကျော်၊ သက္ကရာဇ်၂၀၀၀ လွန် ကာလတွေနဲ့ ချိန်ထိုး နှိုင်းယှဥ်နိုင်မလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဘဝကို ကြည့်မယ်ဆိုရင် ... သူဟာ အမြဲပဲ အကြမ်းမဖက် နိုင်ငံရေး နည်းနာကို ကိုင်စွဲခဲ့သူဖြစ်ပြီး၊ စားပွဲဝိုင်းဆွေးနွေးပွဲတွေ ကနေသာ အဖြေရှာလိုသူ ဖြစ်တယ် ဆိုတဲ့ အချက်ဟာ ထင်ရှားပါတယ်။ အခုအချိန်မှာရော ... သူ့ အနေနဲ့ စစ်တပ်နဲ့ကြား အပေးအယူလုပ် သဘောတူမှုတွေ ရယူလာဖွယ် ရှိတယ်လို့ ထင်ပါသလား ... ဒေးဗစ်ရေ။
ဒေးဗစ်မက်သီဆန်။ ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကာလတွေ ဖြစ်တဲ့ ၁၉၉၀ ပြည့်ကျော်နှစ်တွေ၊ သက္ကရာဇ် ၂၀၀၀ အလွန် ကာလတွေနဲ့ နှိုင်းယှဥ်ပြီး သုံးသပ်ကြည့်ဖို့ အားလုံး စိတ်အား ထက်သန် နေကြပါလိမ့်မယ်။ အခု အနေအထားနဲ့ ဆိုရင် ဘယ်နေရာမှာတူတယ် ... ဘယ်နေရာတွေမှာ ကွဲလွဲတယ် ဆိုတဲ့ သမိုင်းဆိုင်ရာ နှိုင်းဆချက်တွေဟာ အင်မတန်မှလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျွန်တော့် အမြင်မှာတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားဟာ အဲဒီ အချိန်တွေကနဲ့ မတူတော့ပဲ၊ အတော်လေး ကွာခြားသွားပြီ ဖြစ်ပါတယ်။
ဒီတော့ အရင်က ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုတွေ ဆုံးဖြတ်ခဲ့တယ်၊ ရွေးချယ်ခဲ့တယ် ဆိုတဲ့ အပေါ် ပြန်လည် သုံးသပ်ပြီး ခန့်မှန်း ဆန်းစစ်ကြတာ မမှားပေမယ့်၊ အရင်က ဖြစ်ခဲ့တာတွေကိုပဲ ပုံသေထားလို့ အခု ဖြစ်လာမှာကို ခန့်မှန်းတာမျိုးကိုလည်း သတိထားသင့်ပါတယ်။ အဲဒါကလည်း အလွန်အကျွံ တွက်ဆနည်း တစ်ခု ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ မျက်မှောက် ပကတိ အခြေအနေတွေကနေ ကင်းကွာ သွားနိုင်ပါတယ်။
၁၉၉၀ ပြည့်ကျော်နှစ်တွေမှာ ခင်ဗျား အခုနက ပြောသလိုပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အကြမ်းမဖက်၊ ငြိမ်းချမ်းတဲ့နည်းနာ အခြေခံတဲ့ နိုင်ငံရေး လှုပ်ရှားမှု ရှိခဲ့တာ မှန်ပေမယ့်၊ အဲဒီတုန်းက အကြောင်းအရာတွေ အားလုံးကို ထည့်တွက်ဖို့ ပျက်ကွက်မယ် ဆိုရင်လည်း ကိုယ့်ရဲ့ ဆန်းစစ်မှုတွေဟာ ပြည့်စုံနိုင်မယ် မထင်ပါဘူး။
အဲဒီ အကြမ်းမဖက် နည်းနာကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက တိုက်ရိုက် ထောက်ခံတာမျိုး၊ လိုက်ပါ ဆောင်ရွက်တာမျိုး မရှိခဲ့ပါဘူး။ အဲဒီ အချိန်တွေတုန်းကလည်း မတူတဲ့ နည်းနာတွေ ကိုင်စွဲထားတဲ့ နိုင်ငံရေး လှုပ်ရှား ရုန်းကန်မှုတွေ ရှိနေခဲ့ပါတယ်။ အကြမ်းမဖက် နည်းနာသာ အသုံးပြုမယ် ဆိုတဲ့ မူနောက်ကို မလိုက်ပဲနေခဲ့ကြတဲ့ အင်အားစုတွေလည်း အများအပြား ရှိနေခဲ့ပါတယ်။ ဥမမာ ပြောရရင် .... ကျောင်းသားတပ်မတော် ABSDF ဆိုရင်လည်း သူတို့ ယုံကြည်ရာ မူနဲ့ပဲ ရပ်တည် နေခဲ့ကြတာ ဖြစ်ပါတယ်။
အခု တကျော့ပြန် စစ်အာဏာ သိမ်းမှု နောက်ပိုင်း အခြေအနေကို ကြည့်ရင် တွေ့ကြုံ ခံစားကြရတဲ့ ကြမ်းကြုတ်ရက်စက်မှုတွေ အပေါ် လူငယ် မျိုးဆက်သစ်တွေ အများစု ပါတဲ့ လူထုကြီးက တုန့်ပြန် နေကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ခြင်း နည်းနာနဲ့သာ စစ်တပ်ကို အပြီးတိုင် ဖယ်ရှားနိုင်မှာ ဖြစ်တယ် ဆိုတဲ့ ယုံကြည်ချက်က လွှမ်းမိုးနေပါတယ်။
CDM လုပ်ကြတဲ့ သိန်းဂဏန်းဟာလည်း လက်နက်မကိုင်ကြသည် ဆိုဦး၊ စစ်တပ်ကို အပြီးတိုင် ဖယ်ရှားရေး ဆိုတဲ့ မူအပေါ်မှာ သက်ဝင်ကြသူတွေ၊ စိတ် ပိုင်းဖြတ်ထားကြသူတွေ၊ လက်တွေ့ အနစ်နာခံ စတေးပေးကြသူတွေ ဖြစ်ပါတယ်။ သူတို့လည်းပဲ ထိပ်တိုက်တွေ့ ရင်ဆိုင် ဖြေရှင်းရေး လမ်းကြောင်းပေါ်က သူတွေလို့ ပြောနိုင်ပါတယ်။
ဒီတော့ ဒီနေရာမှာ မေးခွန်းက .... ဒေါ်အောင်ဆန်းစုကြည် ဆီကနေ အကြမ်းမဖက်ရေး မူ သတင်းစကားကို အခုအချိန်မှာ တိုက်ရိုက် ကြားသိ လာရပြီ ဆိုရင်တောင် .... ပုံစံအမျိုးမျိုး နည်းနာဟန်ပန် အသွယ်သွယ်နဲ့ စစ်တပ်ကို ရင်ဆိုင် တိုက်ခိုက် တွန်းလှန်နေသူတွေ အပေါ် ဩဇာ သက်ရောက်နိုင်ပါ့မလား ... အင်အားစုတွေဟာ ပြည်တွင်းပြည်ပ မှာ ပုံစံ အမျိုးမျိုးနဲ့ ရှိနေတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာလူမျိုး အခြေပြု နိုင်ငံရေး ကြီးစိုးမှုကို ကိုယ်စားပြုထားသူ တစ်ဦး အဖြစ် ရှုမြင်ထားကြတဲ့ တိုင်းရင်းသား အင်အားစုတွေ အများအပြားပဲ ရှိပါတယ်။ သူတို့ရဲ့ အမြင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာစစ်တပ်နဲ့ ပိုပြီး နီးစပ်ကောင်းနီးစပ်မယ်၊ သူတို့နဲ့တော့ ဝေးကွာတယ်ဆိုပြီး မြင်ထားကြတာ ဖြစ်ပါတယ်။
တအာင်းလိုမျိုး၊ ရခိုင်လိုမျိုး၊ ဝလိုမျိုး အဖွဲ့တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့ ခေါင်းဆောင် အဖြစ် မှတ်ယူမထားတာ အသေအချာပါပဲ။
ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ထံကနေ အကြမ်းမဖက် နည်းနာကို အခြေခံတဲ့ နိုင်ငံရေး သတင်းစကားမျိုးကို တိုက်ရိုက် ကြားသိ လာရတာမျိုး ဖြစ်စေ၊ စစ်တပ်က ပေးမယ့် နိုင်ငံရေး သတင်းစကားထဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံကို ထည့်သွင်း ပါဝင်စေတာမျိုး ဖြစ်စေ တွေ့လာရပြီ ဆိုဦး ... အဲဒီ သတင်းစကားဟာ လက်ရှိ အခြေအနေတွေ အပေါ် ဘယ်လောက် ထင်ဟပ်ပြီး အပ်စပ်နိုင်မလဲ ... ဘယ် အင်အားစုတွေ အပေါ် လွှမ်းမိုး သက်ရောက် စေမှာလဲ ဆိုတာကို ကျွန်တော်တို့ မေးခွန်း ထုတ်ရမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပေါ် လေးစား ချစ်ခင်သူတွေ အများအပြား ရှိနေပေမယ့်၊ နိုင်ငံရေး သတင်းစကားနောက်ကို လိုက်မယ့်သူ၊ ပဲ့တင်ထပ် စေမယ့် သူတွေကတော့ NLD ပါတီဝင်ထဲက တချို့ အစိတ်အပိုင်းပဲ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။ စစ်တပ်ကို အပြီးတိုင် ဖယ်ရှားရေး မူကို ကိုင်စွဲထားတဲ့ အင်အားစု အသီးသီး အပေါ်မှာ လွှမ်းမိုး သက်ရောက်ဖို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ကျွန်တော်တို့ အနေနဲ့ လက်နက်ကိုင် တော်လှန်ရေးထဲကသူတွေ၊ နိုင်ငံရေး အံတုမှုတွေထဲ တနည်းမဟုတ် တနည်းနဲ့ ပါဝင် နေကြသူတွေ၊ ပြည်ပ အခြေစိုက် လှုပ်ရှားကြသူတွေ အကြောင်း ပြောမယ် ဆိုရင်တော့ သူတို့ဟာ အခုန ဒေးဗစ် ပြောသလိုမျိုး လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်း အပေါ် ပိုပြီး သက်ဝင် ယုံကြည်လို့ ထောက်ခံ အားပေးကြတယ် ဆိုတာ မမှားပါဘူး။ ဒါပေမယ့်လည်း ဒေးဗစ်ရေ ... ပြည်တွင်းမှာပဲ စစ်ဒဏ်သင့်နေတဲ့ နေရာတွေက အရပ်သားတွေ၊ မြို့ပေါ်မှာ စီးပွားရေး အပါအဝင် အစစ အရာရာမှာ အထွေထွေ အခက်အခဲ အကျပ်အတည်းတွေကို ခါးစည်း ခံနေကြရသူတွေ အားလုံး အနေနဲ့ရော လက်နက်ကိုင် တော်လှန်းရေး အပေါ်မှာ ဆတူ သက်ဝင်မှု ရှိနိုင်ပါ့မလား။ သူတို့ ကြည်ညို လေးစားသူက သွေးထွက်သံယို အကင်းနိုင်ဆုံးနဲ့ နိုင်ငံရေးအရ ကြိုစားဖြေရှင်းမယ်လို့ ဆိုလာခဲ့ရင် အဲဒီ လူများစုက အဲဒီ လမ်းကြောင်း အပေါ် ပိုပြီး တိမ်းညွတ် မသွားနိုင်ဘူးလား ခင်ဗျ။
ဒေးဗစ်မက်သီဆန်။ ။ အင်မတန် အရေးကြီးတဲ့ မေးခွန်းဖြစ်တယ်လို့ ထင်ပါတယ်။ ပြည်တွင်းက စစ်ပွဲတွေကြား ပိတ်မိနေကြတဲ့ silent majority အသံတိတ် လူများစုကြီးရဲ့ ရှုထောင့်ကို ကျွန်တော်တို့ အနေနဲ့ တကယ်လည်းပဲ အခုထက်ပိုပြီး ထည့်သွင်း စဥ်းစားသင့်ပါတယ်။
လူတွေဟာ ဘက်နှစ်ဘက်ကြား ပိတ်မိနေတယ်လို့ သာမန် ရိုးရိုးရှင်းရှင်းနဲ့ကို ပုံဖော်ဖို့ရာ မလုံလောက်ဘူး ဖြစ်နေပါတယ်။ သူတို့ ပိတ်မိနေတာ ဘက်ပေါင်းစုံမှာ ဖြစ်ပါတယ်။ အုပ်စုကွဲ အမျိုးမျိုးကြားက ပဋိပက္ခတွေထဲ ကျရောက်နေတာ ဖြစ်ပါတယ်။ ဥပမာ- မကွေး၊ စစ်ကိုင်းတို့လို နေရာတွေမှာ ကာကွယ်ရေး အဖွဲ့ အမျိုးမျိုး ရှိနေပါတယ်။ ပြည်တွင်း လက်နက်ကို ပဋိပက္ခ ရှိတဲ့ နေရာတိုင်း တွေ့ကြုံရတဲ့ ပြဿနာတွေဟာ ရိုးစင်းလှတယ်လို့ မပြောနိုင်ပေမယ့်၊ တချို့ နေရာတွေမှာ အထူးသဖြင့်ကို အခြေအနေတွေက ရှုပ်ထွေးပါတယ်။ အဲဒီ အထဲ စစ်ကိုင်းနဲ့ မကွေးထဲက ဒေသတွေ ပါဝင်ပါတယ်။
တချို့နေရာတွေမှာ ဆိုရင် ပြောမှားဆိုမှား ဖြစ်မှာ၊ အထင်မြင်လွဲခံရမှာ စိုးရွံ့ပြီး တချို့ ဒေသကာကွယ်ရေး အဖွဲ့တွေရဲ့ အပြုအမူတွေ အပေါ် ထောက်ပြတာ၊ ကိုယ်တွေ့ကြုံနေရတာတွေကို ထုတ်ဖော်ပြောတာမျိုးတွေ မပြုလုပ်ဝံ့ပဲ တိတ်ဆိတ်နေပါတယ်။ “ဒလန် တံဆိပ်ကပ်ပြီး လက်လွတ်စပယ် သတ်တာဖြတ်တာမျိုး ဒို့မကြိုက်ဘူး” လို့ မပြောရဲကြပါဘူး။ ဘာလို့လဲဆိုတော့ ပြောတဲ့သူပါ ဒလန် တံဆိပ် အကပ်ခံရမှာ ကြောက်နေရလို့ ဖြစ်ပါတယ်။
ကျွန်တော်ကတော့ အဲဒီ တိတ်ဆိတ်နေတဲ့ လူတွေရဲ့ အသံတွေကိုပါ ဖော်ထုတ်နိုင်ဖို့၊ ထည့်သွင်း စဥ်းစားကြဖို့ အင်မတန် အရေးကြီးတယ်လို့ အမြဲပဲ တိုက်တွန်းနေပါတယ်။ ဒါက ပထမ အချက်ပါ။ နောက်တစ်ချက်က NUG အပါအဝင် တချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေနဲ့ သူတို့ရဲ့ နိုင်ငံတကာ အကြံပေးတွေ အနေနဲ့ ပြန်လည် သုံးသပ်သင့်တဲ့ အရာကတော့ နေရာအနှံ့မှာ စစ်ရေးအရ အောင်ပွဲ ခံနေပြီ ဆိုတဲ့ ပုံဖော်မှုပဲ ဖြစ်ပါတယ်။ မြေပြင်ကနေ တိုက်ရိုက်လာတဲ့ အချက်အလက်တွေ အရ လက်တွေ့ တိုက်ပွဲဝင်နေရသူတွေဟာ တချို့နေရာတွေမှာဆို အတော်လေး ကြိုးစား ရုန်းကန် နေကြရပါတယ်။ ဗုံးကြဲခံရ၊ စီးနင်းသတ်ဖြတ်ခံရနဲ့ ကြုံတွေ့နေရတဲ့ ဖိနှိပ်ကြမ်းကြုမှု အတိုင်းအတာ ပမာဏက ကြီးမားလှပြီး၊ စာနာမှု ဆိုင်ရာ ကပ်ဘေး ဆိုးဆိုးရွားရွား ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော် ဆိုလိုတာက လက်နက်ကိုင် ပဋိပက္ခရဲ့ သရုပ်သကန်ကို ပုံဖော်ရာမှာ ဖြစ်ပျက်နေတာတွေကို ပကတိအတိုင်း ထင်ဟပ်နိုင်ဖို့ အရေးကြီးပြီး၊ လူသားဝါဒကို အဓိက ကိုင်စွဲကြဖို့ လိုပါတယ်။ နောက်ပြီး မတူတဲ့ နိုင်ငံရေး အတွေးအမြင်တွေ၊ ရှုထောင့်တွေကိုလည်း သည်းခံနိုင်ဖို့ လိုပါတယ်။ ဥပမာ - မင်းတို့ NUG လက်အောက်ခံ ဟုတ်လား၊ မဟုတ်ဘူးလား ဆိုပြီး အဲဒီအချက်ကသာ အရေးအကြီးဆုံး အချက်အဖြစ် မှတ်ယူ မနေသင့်ပါဘူး။
ဒီတော့ ကျွန်တော် ကြိုးစားပြီး ပြောနေတာက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲမှာ မထားတော့ဘူး၊ အပြင်က နေအိမ်တစ်ခုကို ပို့လိုက်တယ် ဆိုတဲ့ သတင်း အချက် အလက်ပေါ်မှာ မူတည်ပြီး၊ အာရုံစိုက်မှု အားလုံးဟာ လမ်းလွဲ မသွားဖို့ အရေးကြီးပါတယ်။ အာရုံစိုက်မှု အလုံးစုံဟာ မြေပြင်က လက်တွေ့ အခြေအနေတွေ အပေါ်မှာပဲ ရှိနေသင့်ပါတယ်။
ဘီဘီစီ။ ။ ဟုတ်ကဲ့ ဒေးဗစ်ရေ ... ဒါ့ကြောင့် မလို့လဲ ကျွန်တော့် မေးခွန်းက ... တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ အနေနဲ့ အကြမ်းမဖက် နည်းနာ သုံးပြီး အဖြေရရေး ကြိုးစားမယ်လို့ ဆိုလာခဲ့ရင် လူအများစုကြီးက နားထောင်လာနိုင်လား။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်တုန်းက အားပေး ထောက်ခံခဲ့တာမျိုး၊ နောက်က လိုက်ခဲ့တာမျိုး ပြန်တွေ့လာရနိုင်လား ခင်ဗျာ။
ဒေးဗစ်မက်သီဆန်။ ။ ဒေါ်အောင်ဆန်းစုကြည် ဘာပြောမယ် ဆိုတာကို တင်ကြို မှန်းဆပြီး၊ အဲဒီ မှန်းဆချက် အပေါ်ကနေ တခါ ထပ်လို့ ... လူတွေ အားပေးထောက်ခံကြမလား ... ဘာလုပ်လာနိုင်လဲ ဆိုတာကို ဘယ်လိုမှ တွက်ဆနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။
လက်နက်တွေ အားလုံးစွန့်ကြ၊ ငြိမ်းချမ်းတဲ့ နည်းနဲ့ အဖြေရှာကြ ဆိုပြီး တကယ် ပြောလာမှာလား ဘယ်သူမှ မသိသေးပါဘူး။ ပြောလာခဲ့သည် ရှိဦး .... နှစ်နှစ်ကျော်ကြာ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ရင်ဆိုင် ကျော်ဖြတ် နေကြရတဲ့ နိုင်ငံအနှံ့ကသူတွေဟာ တညီတညာတည်း ဘယ်နည်းဘယ်ပုံ တုန့်ပြန်ကြမလဲ ဆိုတာကိုလည်း အားလုံးကို တပြေးညီ သဘောထားလို့ ယေဘူယျ သဘော ခြုံငုံ ခန့်မှန်းဖို့ ဆိုတာကလည်း ဖြစ်နိုင်မယ် မထင်ပါဘူး။
စစ်ကောင်စီရဲ့ ကျုးလွန်မှုတွေကြောင့် နာကြည်း ခံစားချက် ပြင်းထန် နေသူတွေ၊ စစ်တပ်ဟာ ဘယ်လိုမှ ယုံကြည်ဖွယ်ရာမရှိ အပြီးတိုင် ဖယ်ရှားပစ်ရမယ်လို့ ယုံကြည်နေသူတွေ၊ တိုက်တာခိုက်တာတွေ သတ်တာသေတာတွေ တော်သင့်ပြီ ... စကားပြောဆိုနိုင်တဲ့ နည်းလမ်း ရရင်ကောင်းတာပေါ့ ဆိုသူတွေနဲ့ အမျိုးမျိုးအဖုံဖုံ ကွဲပြား နေနိုင်ပါတယ်။ ကျွန်တော့် အနေနဲ့လည်း မြန်မာပြည်သူတွေကတော့ ဒါမျိုး ဆုံးဖြတ်လာနိုင်တယ်၊ ဆုံးဖြတ်လာလိမ့်မယ် ဆိုပြီးတော့ ပြောဖို့ မသင့်တော်ပါဘူး။
ဒါ့ကြောင့် ကျွန်တော် အာရုံစိုက် ပြောနေတာဟာ လူမှု အသိုင်းအဝိုင်းထဲမှာလည်း မတူတဲ့ အသံတွေ၊ တိတ်ဆိတ် နေရသူတွေ ရှိနေပါတယ်။ သူတို့ရဲ့ အမြင်တွေ ... အသံတွေကို ဖော်ထုတ် နိုင်ခွင့်ကိုလည်း ဒီမိုကရေစီ အင်အားစုတွေ အလေးထားကြဖို့ လိုပါတယ်။ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ ပကတိ အခြေအနေတွေကို အမြဲပဲ မျက်မှောက်ပြု သိမြင်ဖို့ အရေးကြီးတယ် ... ဘယ်လို အာရုံ ပြောင်း စရာတွေ ပေါ်လာပေါ်လာ လူတွေကို ဗဟိုပြု စဥ်းစားတဲ့ ရပ်တည်မှုကနေ ပြောင်းလဲ မသွားဖို့ အရေးကြီးတယ်လို့ ကျွန်တော် ပြောနေတာ ဖြစ်ပါတယ်။
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post
ဘီဘီစီ။ ။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ရပ်တည်မှုကရော ဘယ်လို ရှိလိမ့်မလဲ ဒေးဗစ်ရေ ... အမေရိကန် အိုဘားမား အစိုးရရော၊ ဗြိတိန်ရော အီးယူရောဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆိုတဲ့ ခေါင်းစဥ် အောက်မှာ တိုက်တွန်းမှုတွေ၊ ဖျောင်းဖြမှုတွေ လုပ်နေခဲ့ကြပြီး၊ အဲဒီ လမ်းကြောင်းကနေပဲ ၂၀၁၂ ခု ကြားဖြတ် ရွေးကောက်ပွဲ ဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ခဲ့တာလို့ နားလည်ထားရပါတယ်။ အခုအခါမှာရော နိုင်ငံတကာရဲ့ ရပ်တည်မှု ဘယ်လို ရှိနိုင်ပါသလဲ ခင်ဗျ။
ဒေးဗစ်မက်သီဆန်။ ။ ဒါဟာလည်းပဲ ခန့်မှန်းရ အင်မတန် ခက်ပါလိမ့်မယ်။ အနောက်အုပ်စု နိုင်ငံတွေရဲ့ ရပ်တည်မှုကို ကြည့်ရင် စစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းမှု အပေါ် အပြင်းအထန် ဝေဖန်ပါတယ်။ စစ်ကောင်စီကို အသိအမှတ် မပြုပါဘူး။ စစ်တပ် ကျုးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုလည်း ပေါ်ပေါ်ထင်ထင် ကန့်ကွက် ပြစ်တင် ရှုတ်ချကြပါတယ်။ စစ်အာဏာသိမ်းမှု အပေါ် ဆန့်ကျင်ကြတဲ့ အင်အားစုတွေ အပေါ်မှာလည်း စစ်လက်နက် ပစ္စည်း ပေးတာမျိုး မလုပ်ပေမယ့် အားပေး ထောက်ခံတဲ့ ရပ်တည်မှုကို ပြသပါတယ်။
သူတို့ဟာ ရဲ့ အနေအထားဟာ painted themself into a corner ဆိုတဲ့ အနေအထားမျိုး တနည်းတဖုံနဲ့ ကျရောက်သွားတယ်လို့ ပြောနိုင်ပါတယ်။ ဆိုလိုတာ ... သူတို့ဟာ အခန်းကြမ်းပြင်ကို ဆေးသုတ်တာ ဝင်ပေါက်၊ ထွက်ပေါက် ရှိရာဘက်ကနေ နံရံဘက်ကို သုတ်သလိုမျိုး ဖြစ်တော့၊ နံရံ ထောင့်တစ်ထောင့်မှာ ပိတ်မိသွားပြီး၊ ပြန်ထွက်ချင်ရင် သုတ်ထားတဲ့ ဆေးတွေပေါ်က ပြန် ဖြတ်မလျှောက်ပဲနဲ့တော့ အပြင်ရောက်မှာ မဟုတ်ပါဘူး။
သူတို့ အဓိက ဆော်ဩနေတာကတော့ အကြမ်းဖက် ဖြစ်ရပ်တွေ ရပ်တန့်သွားရေးပါ။ တစိုက်မတ်မတ် တိုက်တွန်းနေပါတယ်။ ဒီတော့ စကားပြောဆို ဆွေးနွေးမှုတွေဟာ အခု အခြေအနေမှာ တကယ်ပဲ တစ်နည်းနည်း တစ်ဖုံဖုံနဲ့ အလုပ် ဖြစ်နိုင်တယ်လို့ သူတို့ဘက်က ပုံဖော်လိုတဲ့အခါ ... သူတို့ရဲ့ ရပ်တည်မှုတွေဟာလည်း တခါပြန်လို့ အလုံးစုံ ပြောင်းလဲ သွားလေမလား ... ဒါကို ကျွန်တော် စိုးရိမ်မိပါတယ်။ စစ်ကောင်စီရဲ့ ထောင်ချောက်ထဲ ပျော်ပျော်ကြီး ဆင်းသွားနိုင်သူတွေထဲ သူတို့လည်း ပါဝင်ပါတယ်။
ကျွန်တော်ထောက်ပြနေတာက အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လက်ရှိ အချိန်မှာ ပေါ်ပေါက်လာအောင် ပြီးခဲ့တဲ့ ၂ နှစ်ကျော် ကာလ အတွင်းမှာ၊ တကယ်တမ်း အနှစ်သာရှိတဲ့ ဘယ်လို ကနဦး လုပ်ဆောင်ထားချက်တွေ၊ တင်ကြို ညှိနှိုင်းမှုတွေ၊ ကြားဝင်မှုတွေ ရှိမနေပါဘူး။ အာဆီယံ ဘုံသဘောတူမှု ၅ ချက် လမ်းကြောင်းက ဖြစ်စေ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် လမ်းကြောင်းကနေ ဖြစ်စေ ဘာမှ လမ်းစပျိုးထားနိုင်တာမျိုး မလုပ်နိုင်ခဲ့ပါဘူး။
ဒီတော့ ဆိုကြပါစို့ ... ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က တကယ်ပဲ ပြန်လွှတ်ပေးပြီး ဆွေးနွေး အဖြေရှာနိုင်တဲ့ အခွင့်အလမ်း ရှိသလိုမျိုး ဖန်တီးလာခဲ့လို့ အနောက်နိုင်ငံတွေကပါ အဲဒီအပေါ် နောက်ကနေ ရောယောင် လိုက်ပြီ ဆိုရင် မြန်မာ့ နိုင်ငံရေးဟာ လက်ရှိ အနေအထားကနေ ပိုကောင်းသွားမှာထက် စာရင်၊ ပိုပြီးလို့တောင် အကွဲကွဲ အပြားပြားတွေနဲ့ ရှုပ်ထွေး ပြင်းထန်သွားမယ်လို့ ကျွန်တော် ယူဆပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လက်ရှိ အနေအထားဟာ ဆွေးနွေးရေးလမ်းကြောင်းထဲ ဝင်ရောက်သင့်တဲ့ အနေအထား၊ ဝင်ရောက်နိုင်တဲ့ အနေအထား မဟုတ်ဘူးလို့ ခိုင်မာ ရပ်တည်နေကြတဲ့ လူမျိုးစု လက်နက်ကိုင် EAO အဖွဲ့တွေ၊ ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေ အများအပြား ရှိနေတာကို တွေ့ရလို့ ဖြစ်ပါတယ်။
ဒါကို ကျွန်တော်ပြောနေရတာ အကြောင်းရှိပါတယ်။ အနောက်နိုင်ငံတွေဟာ မြန်မာ့အရေးကို တကယ်တမ်း နံပါတ်တစ် အလေးထား အာရုံစိုက်တာမျိုး မရှိပါဘူး။ စစ်အာဏာသိမ်းမှုဟာ တရားမဝင်ဘူး ... ၂၀၂၀ ရွေးကောက်ပွဲနိုင် တရားဝင် အစိုးရ NLD ကို မတရားတဲ့နည်း၊ ဥပဒေနဲ့ မညီညွတ်တဲ့နည်းနဲ့ ဖြုတ်ချတာ ဖြစ်တယ် ဆိုတဲ့ အခြေခံမူ သဘောထားမျိုးသာ ထားရှိတာ ဖြစ်ပါတယ်။
ဒါဟာ အင်မတန် ရိုးစင်းပြီး မပြည့်စုံ မလုံလောက်တဲ့ အခြေခံ သဘောတရား ဖြစ်ပါတယ်။ တိုင်းပြည်ဟာ စစ်အာဏာသိမ်းခံရမှု နောက်ဆက်တွဲ အကြီးအကျယ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီ အခင်းအကျင်းသစ်တွေ၊ ပြောင်းလဲမှုတွေကို သူတို့ အလုံးစုံ နားလည် သဘောပေါက်ကြဟန် မရှိပါဘူး။
ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချဖို့ စစ်တပ်က ကြိုးစားတဲ့ အခါ အနောက်နိုင်ငံ အစိုးရတွေကလည်း ပျော်ပျော်ကြီး အသုံးချခံတာမျိုး ဖြစ်လာမှာ စိုးရတယ်လို့ ကျွန်တော် ပြောတာ ဖြစ်ပါတယ်။
ပြန်ပြီး ခြုံငုံရရင်တော့ ကျွန်တော်တို့ သိမြင်ထားသင့်တာက လက်ရှိ စစ်ခေါင်းဆောင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေဟာ အာဏာကို လွယ်လွယ်နဲ့ စွန့်မှာ မဟုတ်သလို၊ သူတို့ကို ဖယ်ရှားရေးဟာလည်း ကာလတို အတွင်း ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ သူတို့ကတော့ ဒီမိုကရက်တစ် အင်အားစုတွေကြား သွေးကွဲအောင်၊ စည်းလုံးမှု ပြိုကွဲအောင် အမျိုးမျိုး ကြံဆပြီး ပြုလုပ်နေမှာ ဖြစ်ပါတယ်။
တစုံတရာ နိုင်ငံရေး ထွက်ပေါက် ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပုံဖော်လာမယ် ဆိုရင် ဒါဟာ နိုင်ငံရေး ထွက်ပေါက် ဘယ်လိုမှ မဟုတ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်ဖို့က အရေးကြီးပါတယ်။








