ကျောင်းနေဘက်နဲ့ပြိုင်ဘက်များ၊ ဒေါ်အောင်ဆန်းစုကြည်တို့ခေတ်က နာမည်ကျော်များ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေတ်ပြိုင်များ
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယ ကမ္ဘာစစ်ပြီးခါနီး ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်မှာ ရန်ကုန်မှာ ဖွားမြင်ခဲ့ပါတယ်။ ကမ္ဘာကျော် နိုဘယ်ဆုရ နိုင်ငံရေးခေါင်းဆောင် တယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူသိများပေမယ့် သူ့လိုပဲ မြန်မာပြည် နိုင်ငံရေးနဲ့ တခြားမျက်နှာစာတွေမှာ သြဇာကြီးသူတွေလည်း သူနဲ့ ရွယ်တူ တန်းတူတွေ ထဲမှာ ရှိနေပါတယ်။

ဒီလူတွေဟာ ဒေါ်အောင်ဆန်းစုကြည်လိုပဲ မြန်မာပြည် လွတ်လပ်ရေးရစ ပြည်တွင်းစစ် ပြင်းထန်တဲ့ကာလကို ဖြတ်သန်းခဲ့ကြပြီး ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်းနှစ်တွေမှာ လူလားမြောက်ခဲ့ကြပါတယ်။ သူ့လို ပြည်ပထွက်ပြီး ပညာဆည်းပူးခွင့်ရသူတွေ ရှိသလို မရကြသူတွေလည်း ရှိပါတယ်။ သူတို့ရဲ့ နိုင်ငံရေးနောက်ခံနဲ့ ထူးချွန်ရာ နယ်ပယ်တွေ ကွဲပြားပေမယ့် တူညီတာကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးစီးပွားရေး အရွေ့အပြောင်းတွေရဲ့ ရိုက်ခတ်မှုတွေကြားမှာ သူတို့ဖြတ်သန်းခဲ့ကြတာ ဖြစ်ပါတယ်။

ဒီထဲက ကောက်နုတ်ပြရမယ်ဆိုရင်

စစ်ဗိုလ်ချုပ်များ

ဦးသိန်းစိန်

burma

ဓာတ်ပုံ ရင်းမြစ်, Sean Gallup

ဓာတ်ပုံ ပုံစာ, သမ္မတဟောင်း ဦးသိန်းစိန်

မြန်မာပြည် သမ္မတဟောင်း ဦးသိန်းစိန်ဟာ ၁၉၄၄- ၁၉၄၅ ကာလ မြစ်ဝကျွန်းပေါ်မှာ မွေးဖွားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၂ဝဝ၃ မှာ နအဖအတွင်းရေးမှူး (၂) ဖြစ်လာပြီး ၂ဝဝ၄ ခုနှစ်မှာ အတွင်းရေးမှူး (၁) ဖြစ်လာပါတယ်။

၂ဝဝ၇ က စပြီး ဗိုလ်ချုပ်ကြီးရာထူးနဲ့ ဝန်ကြီးချုပ် တာဝန်ယူခဲ့သလို အမျိုးသား ညီလာခံကို ပြီးပြတ်အောင် ကျင်းပပေးခဲ့ပါတယ်။ ၂ဝဝ၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းမှာတော့ ကယ်ဆယ်ရေးတွေ မဆောင်ရွက်နိုင်သူအဖြစ် ဝေဖန်ခံခဲ့ရပါတယ်။

နောက် ၂ဝ၁ဝ မှာ တပ်ကထွက်ပြီး ကြံ့ခိုင်ရေး ပါတီကို တည်ထောင်ခဲ့ပါတယ်။ ၂ဝ၁၁ မှာ ကြံ့ခိုင်ရေးအစိုးရသစ် ခေါင်းဆောင် ဖြစ်လာပြီး ၂ဝ၁၂ နောက်ပိုင်း နိုင်ငံတံခါးဖွင့်ရေးကို ဦးဆောင်ခဲ့သူအဖြစ် မီဒီယာတွေမှာ ဖော်ပြခံခဲ့ရပါတယ်။ တချိန်တည်းမှာပဲ ရခိုင်မှာဖြစ်တဲ့ လူမျိုးရေး အဓိကရုဏ်းကနေ ပြည်မနဲ့ ပြည်နယ်တချို့ကို ကူးစက်ခံရချိန်မှာတော့ မွတ်ဆလင် လူနည်းစုကို ကာကွယ်ဖို့ ပျက်ကွက်တယ်ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။

၂ဝ၁၅ မှာတော့ လူမျိုးစုလက်နက်ကိုင် ရှစ်ဖွဲ့နဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။ သူ့လက်ထက် စီးပွားရေးပြုပြင်မှုတွေနဲ့အတူ သတင်းမီဒီယာနဲ့ တခြားလွတ်လပ်ခွင့်ပိုင်းတွေမှာလည်း ဖြေလျှော့မှုတွေ လုပ်ခဲ့ပါတယ်။

၂ဝ၁၆ နောက်ပိုင်း ကြံ့ခိုင်ရေးပါတီနာယကအဖြစ် ဆက်လက် တာဝန်ယူဆဲ ဖြစ်ပါတယ်။

ဦးတင်အေး

burma

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးတင်အေး

တံတားဦးဇာတိ ဦးတင်အေးဟာ မန္တလေးမြို့မှာ ကြီးပြင်းခဲ့ပါတယ်။ မစိုးရိမ်ကျောင်းဒကာ ဦးသက်ရှည်ရဲ့မြစ်နဲ့ လက်ထပ်ပြီး ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ရဲ့ ယောက်ဖ တော်စပ်ပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီမှာ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ပါဝင်ခဲ့ပြီး ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ကျင်းပပေးခဲ့ပါတယ်။

စစ်လက်နက်ပစ္စည်းအရာရှိချုပ် ဖြစ်ခဲ့သလို တပ်မတော်စီးပွားရေး လုပ်ငန်းကြီး ဖြစ်တဲ့ ဦးပိုင်မှာလည်း ဥက္ကဋ္ဌဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးနဲ့ စာနယ်ဇင်း

ဦးအေးသာအောင်

ဦးအေးသာအောင်

ဓာတ်ပုံ ရင်းမြစ်, amyotha hluttaw website

၁၉၄၅ မှာမွေးတဲ့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်ဟာ ရခိုင်ပြည်နယ် မြေပုံဇာတိဖြစ်ပြီး ကပစတပ်မှာ အရာခံဗိုလ်လုပ်ခဲ့ပါတယ်။ မြေအောက်လှုပ်ရှားမှုတွေမှာ ပါဝင်လို့ တပ်ကဖယ်ရှားခံရပြီး မန္တလေးထောင်မှာ ထိန်းသိမ်းခံခဲ့ရပြီးနောက် ၁၉၇၄ မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

စစ်အစိုးရခေတ်မှာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ အဖွဲ့ချုပ် အတွင်းရေးမှူးနဲ့ ၁၉၉၈ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီအတွင်းရေးမှူးတွေ ဖြစ်ခဲ့ပါတယ်။

၂ဝ၁၂ မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး လက်ရှိ ရခိုင်အမျိုးသားပါတီမှာ ဗဟိုအလုပ်မှုဆောင်အဖြစ် ထမ်းဆောင်နေပါတယ်။ ၂ဝဝဝ မှာ နိုင်ငံရေးအရ ဖမ်းဆီးခံခဲ့ရပါတယ်။ ၂ဝ၁၆ မှာ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဖြစ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးမှာ ပါဝင်မှုနည်းသွားခဲ့ပါတယ်။

ရဲဘော်ဖိုးသံချောင်း

burma

ဓာတ်ပုံ ရင်းမြစ်, Than Joung Po

ဓာတ်ပုံ ပုံစာ, ကွန်မြူနစ် ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်း

သတင်းစာဆရာလူထုဦးလှနဲ့ ဒေါ်အမာရဲ့သားအဖြစ် ထင်ရှားတဲ့ ဦးဖိုးသံချောင်းဟာလည်း ၁၉၄၅ ခုနှစ်ဖွား ဖြစ်ပါတယ်။ ၁၉၄၉ က မန္တလေးမြို့မှာ အစိုးရတပ်တွေက မိသားစုဝင်တွေကို သတ်ဖြတ်ဖို့ ကြိုးစားရာမှာ ဘုန်းတော်ကြီးတပါးရဲ့ ဖြန်ဖြေမှုကြောင့် အသက်ဘေးကလွတ်မြောက်ခဲ့ပြီး ၁၉၆၂ နောက်ပိုင်း မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ တက်ကြွပါဝင်ခဲ့ပါတယ်။

၁၉၆၃ ပြည်တွင်းငြိမ်းချမ်းရေး ပျက်ပြီးနောက် ဖမ်းဆီးခံရပြီး ကိုကိုးကျွန်းမှာ ထိန်းသိမ်းခံရပါတယ်။ ၁၉၇၂ မှာ လွတ်မြောက်ခဲ့ပြီး ၁၉၇၆ မှာတော့ နောက်ထပ် ဖမ်းဆီးခံရမယ့်ဘေးက ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီမှာ ပါဝင်ခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူအဖြစ် ထမ်းဆောင်နေဆဲ ဖြစ်သလို ကလောင်အမျိုးမျိုးနဲ့လည်း စာပေရေးသားဆဲဖြစ်ပါတယ်။ အမည်ရင်းက မောင်ချစ်ခင်ဖြစ်ပြီး သူ့အကြောင်း ထောင်နှင့်မိခင် ဆိုပြီး လူထုဒေါ်အမာက ရေးသားခဲ့သလို မြသန်းတင့်ရဲ့ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကိုဖြတ်မည်ဝတ္ထုမှာလည်း သူ့အမည်ကို ဇာတ်ကောင်အမည်အဖြစ် ထည့်သွင်း သုံးစွဲခဲ့ပါတယ်။

မောင်ဝံသ

burma

ဓာတ်ပုံ ရင်းမြစ်, Maung Wuntha

ဓာတ်ပုံ ပုံစာ, သတင်းစာဆရာ မောင်ဝံသ

သတင်းစာဆရာနဲ့ NLD အမတ်ဟောင်း ဦးစိုးသိမ်းခေါ် မောင်ဝံသဟာလည်း ၁၉၄၅ ခုနှစ်ဖွားဖြစ်ပါတယ်။ ၁၉၆၂-၆၃ ကစပြီး အထောက်တော်သတင်းစာရဲ့ တက္ကသိုလ် သတင်းထောက်ဖြစ်ခဲ့သလို တပ်ဦးနဲ့ တခြားကျောင်းသားအဖွဲ့တွေမှာ ပါခဲ့ပါတယ်။ ဆဲဗင်းဇူလိုင် အရေးအခင်းမှာ တပ်ဦးအတွင်းရေးမှူးအဖြစ်ပါဝင်ခဲ့လို့ ကျောင်းထုတ် ခံရဖူးပါတယ်။

၁၉၆၄ ကစပြီး လုပ်သားသတင်းထောက်၊ လက်ထောက်အယ်ဒီတာတွေ လုပ်ခဲ့သလို မြန်မာ့အလင်း၊ ဟံသာဝတီ၊ ဗိုလ်တထောင်စတဲ့ အစိုးရသတင်းစာတွေမှာ အယ်ဒီတာလုပ်ခဲ့ပါတယ်။ ကစ်ဆင်းဂျားနဲ့ မိုရှေဒါယန်စတဲ့ နိုင်ငံတကာရေးရာနဲ့ ပယ်ရီမေဆင် စုံထောက်စာအုပ်တွေ ပြန်ဆိုခဲ့ပါတယ်။ အမေရိကန်က မစ်ရှီဂန်တက္ကသိုလ်မှာလည်း သတင်းစာသင်တန်း တက်ခဲ့ပါတယ်။

၁၉၈၄ မှာ အတွေးအမြင်စာစဉ်နဲ့ ဒေါင်းစာပေကိုတည်ထောင်ခဲ့ပြီး ၁၉၈၈ မှာ နိုင်ငံရေး လှုပ်ရှားမှုကြောင့် အယ်ဒီတာတာဝန်က ရပ်စဲခံရပါတယ်။ NLD တတ်သိပညာရှင်အဖွဲ့မှာပါခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ထိ တာဝန်ယူခဲ့ပါတယ်။ ၁၉၈၉ မှာ ခဏအဖမ်းခံရပြီး ပြန်လွတ်လာကာ ၁၉၉ဝ မှာ ဝေါမြို့နယ်က အမတ်ရွေးခံခဲ့ရပါတယ်။

၁၉၉ဝ မှာ လွှတ်တော်ခေါ်ရေးအတွက် နည်းလမ်းသုံးသွယ်စာတမ်းအမှုနဲ့ မောင်စူးစမ်း၊ ဗိသုကာကျော်မင်း၊ ဦးခင်မောင်ဆွေ စသူတွေနဲ့အတူ ဖမ်းဆီးထောင်ချခံရပါတယ်။ ၁၉၉၁ မှာ အမတ်အဖြစ်က ပယ်ဖျက်ခံရပြီး ၁၉၉၂ မှာ လွတ်မြောက်ခဲ့ပါတယ်။ ၁၉၉၆ မှာ အကြမ်းမဖက်လှုပ်ရှားမှု ဆောင်းပါးတွေရေးလို့ အဖမ်းခံရပြီး ၂ဝဝ၁ အထိ ထောင်ချခံခဲ့ရပါတယ်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိယဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ရင်း ၂ဝ၁၃ မှာ ကွယ်လွန်ခဲ့ပါတယ်။ ပြည်သူ့ခေတ်ဂျာနယ်ကိုလည်း ထုတ်ဝေခဲ့ပြီး သတင်းစာပညာ သဘောတရားနှင့်လက်တွေ့၊ ဝေါမြို့က လာခဲ့တယ်၊ ရှာမှရှားတဲ့ နိုင်ငံရေးသမား စတဲ့စာအုပ်တွေကို ရေးသားခဲ့ပါတယ်။

သံတမန်

ဦးကျော်တင့်ဆွေ

burma

ဓာတ်ပုံ ရင်းမြစ်, HOW HWEE YOUNG

ဓာတ်ပုံ ပုံစာ, ဝန်ကြီး ဦးကျော်တင့်ဆွေ

နအဖအစိုးရခေတ်မှာ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ် ကိုးနှစ်ဖြစ်ခဲ့တဲ့ ဦးကျော်တင့်ဆွေဟာလည်း ၁၉၄၅ ခုနှစ်မွေးသူဖြစ်ပါတယ်။ နိုင်ငံခြားရေးဌာနမှာ ညွှန်ကြားရေးမှူးချုပ်တာဝန်တွေ ယူခဲ့ဖူးသလို စစ်အစိုးရခေတ် ၁၉၉ဝ ကနေ ၁၉၉၃ နဲ့ ၁၉၉၇ ကနေ ၂ဝဝ၁ အထိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မရှင်အတွင်းရေးမှူးဖြစ်ခဲ့ပြီး အာစီယံရုံးက ပတ်ဝန်းကျင်ဆိုင်ရာ အရာရှိများ အဖွဲ့မှာလည်း ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။

ဦးသိန်းစိန်လက်ထက် လူ့အခွင့်အရေးကော်မရှင်မှာလည်း ဒုတိယဥက္ကဋ္ဌဖြစ်ခဲ့ပြီး လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလုပ်ခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ခေတ်မှာ အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဖြစ်လာပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာလည်း ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် တာဝန်ယူ နေပါတယ်။

အနုပညာရှင်များ

ဇော်ဝမ်း

သူဆိုခဲ့တဲ့ သင်္ကြန်သီချင်းတွေကြောင့်လည်း ဇော်ဝမ်းကို လူကြိုက်များခဲ့

ဓာတ်ပုံ ရင်းမြစ်, Aungmyint Oo

ကျောက်ခဲသီချင်းနဲ့ စေလိုရာစေ ဇာတ်ကားမှာ နာမည်ကြီးခဲ့တဲ့ ဇော်ဝမ်းဟာ မန္တလေးက ဖက်ဆစ်တော်လှန်ရေးသမား တိုင်းချစ်သခင်သိန်းဖေနဲ့ စာရေးဆရာမ ဒေါ်မြမြတို့ရဲ့ သားဖြစ်ပြီး ၁၉၄၅ မှာ မွေးပါတယ်။ ဒါရိုက်တာ မောင်တင်ဦးရဲ့ညီဖြစ်ပြီး အစ်ကိုက အကယ်ဒမီငါးဆု ရခဲ့ပေမယ့် ဇော်ဝမ်းကတော့ တဆုမှ မရခဲ့ပါဘူး။ ဒါပေမဲ့ သင်္ကြန်မိုးဇာတ်ကားမှာ သူ့ရဲ့သရုပ်ဆောင်မှုနဲ့အတူ သူဆိုခဲ့တဲ့ သင်္ကြန်သီချင်းတွေကြောင့်လည်း ဇော်ဝမ်းကို လူကြိုက်များခဲ့ပါတယ်။

နေထွက်သောည၊ ကျွန်တော်နှင့် ကိုဘကျော် ၊ ဘယ်သူပြိုင်လို့ လှပါတော့နိုင်၊ ပလက်ဖောင်းမင်းသားစတဲ့ ဇာတ်ကားတွေမှာ ထင်ရှားခဲ့ပြီး နွေရူပမှာ အကယ်ဒမီရဖို့ တစ်ပြေးခဲ့ဖူးပါတယ်။

ဇော်ဝမ်းဟာ မူးယစ်ဆေးအမှုနဲ့ ၁၉၇ဝ ကျော်မှာ ထောင်ကျခဲ့ပြီးမှ တကျော့ပြန် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ၂ဝဝ၉ က ကွယ်လွန်ခဲ့ပြီး ဖြစ်ပါတယ်။

ရှုမဝစမ်းစမ်းအေး

burma

ဓာတ်ပုံ ရင်းမြစ်, Ngwe Kyi

ဓာတ်ပုံ ပုံစာ, စမ်းစမ်းအေးနဲ့ မောင်ယဉ်ထွေး

၁၉၆၂ က ရှုမဝရုပ်ရှင်က ရွှေရင်သိမ်းသစ်ဇာတ်ကားမှာ ထင်ရှားခဲ့တဲ့ စမ်းစမ်းအေး ဟာလည်း ၁၉၄၅ ခုနှစ်ဖွား ဖြစ်ပါတယ်။ မြန်မာ့အသံ သောတရှင် မဂ္ဂဇင်း မျက်နှာဖုံးရှင်ဘဝကနေ မင်းသမီးဖြစ်လာပြီးနောက် လေချိုတသွေးသွေး၊ ချွေးကလေးစိုစို ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ပါတယ်။

စမ်းစမ်းအေးဟာ သူနဲ့အတူ နာမည် တက်လာတဲ့ မင်းသားမောင်ယဉ်ထွေးနဲ့ လက်ထပ်ခဲ့ပြီးနောက် အိမ်ထောင်ပြိုကွဲခဲ့ပါတယ်။ အပယ်ရတနာ၊ ဒေါင်းမလေး၊ ခြေဖဝါးတော်နုနု ဇာတ်ကားတွေကို ရိုက်ကူးခဲ့ပြီးနောက် ၁၉၉၃ မှာ စိန်ခေါ်နေတဲ့အချစ်နဲ့ ဇာတ်ပို့ဆုရခဲ့ပါတယ်။ ၂ဝဝ၇ က ကွယ်လွန်ခဲ့ပါတယ်။

ပညာရှင်များ

ဒေါက်တာလှရီရီ

burma

ဓာတ်ပုံ ရင်းမြစ်, Dr Hla Yee Yee

ဓာတ်ပုံ ပုံစာ, လန်ဒန်မှာ ဇီဝကမ္မပါရဂူဘွဲ့ယူဖို့ ပြင်နေတဲ့ ဒေါက်တာလှရီရီ

၁၉၈၈ မှာ လန်ဒန် တက္ကသိုလ်က ပါရဂူဘွဲ့ရတဲ့ ဒေါက်တာလှရီရီဟာ ရန်ကုန် ဆေးတက္ကသိုလ် (၁) မှာလည်း ဇီဝကမ္မဗေဒ ပါမောက္ခအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ နောက်သူဟာ ဆေးလက်တွေ့အကြို ဘာသာရပ်တွေကို အနောက်နိုင်ငံတွေ စေလွှတ်ပြီး ပညာသင်ခွင့်ရခဲ့တဲ့ လမ်းစဉ်ပါတီခေတ်ရဲ့ နောက်ဆုံးပညာတော်သင် အုပ်စုက ဖြစ်ပါတယ်။ ၁၉၉၆ မှာ မလေးရှားကို ပြောင်းရွှေ့ ပြီး ပါမောက္ခအဖြစ် ဆက်အမှုထမ်းသလို လက်ရှိမှာလည်း မြန်မာနိုင်ငံကင်းထောက်အဖွဲ့မှာ ဝါရင့်အမျိုးသမီးကင်းထောက် တဦးအဖြစ် ကျောင်းနေဘက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဆောင်ရွက်နေပါတယ်။

ဒေါက်တာရစ်ချတ်ယုခင်

မြန်မာပြည်မှာ လူသိနည်းပေမယ့် မြန်မာထဲက စီးပွားရေးပါရဂူဘွဲ့ကို အမေရိကန် ယေးလ်တက္ကသိုလ် ကနေ ၁၉၇ဝ လောက်ကတည်းက ရရှိခဲ့သူ ဖြစ်သလို တက္ကဆက် ပြည်နယ်က စီးပွားရေးလုပ်ငန်းကြီးတွေမှာလည်း အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

သူဟာ ရန်ကုန်တက္ကသိုလ် မော်ကွန်းထိန်းနဲ့ နိုင်ငံခြားဘာသာသိပ္ပံတည်ထောင်သူ ဦးယုခင်နဲ့ ဆေးတက္ကသိုလ် (၁) အဏုဇီဝပါမောက္ခ ဒေါက်တာဒေါ်ဖေ့တို့ရဲ့သား ဖြစ်ပြီး ၁၉၄၅ မှာ မွေးပါတယ်။ မြန်မာအမျိုးသမီးထဲက သမိုင်းပါရဂူဘွဲ့ကို အစောဆုံး ရခဲ့တဲ့ ဒေါက်တာ သောင်းဘလက်မိုးရဲ့တူလည်း ဖြစ်ပါတယ်။

၁၉၆၁ ရန်ကုန်မှာ ကျင်းပတဲ့ အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲမှာ ရွက်လှေပြိုင်ပွဲ ရွှေတံဆိပ်ဆုရခဲ့ပါတယ်။ ၁၉၆၃ မှာ အမေရိကန်ကိုသွားပြီး ပညာဆည်းပူးရာကနေ ပါရဂူဘွဲ့ ဆွတ်ခူး ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မက်သဒစ်အင်္ဂလိပ်ကျောင်းမှာ အတူဆည်းပူးခဲ့ပါတယ်။

ဒေါက်တာအောင်ထွန်းသက်

ဒေါက်တာအောင်ထွန်းသက်

ဓာတ်ပုံ ရင်းမြစ်, ProfDrAungTunThet Facebook

သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးဖြစ်ခဲ့တဲ့ ဒေါက်တာအောင်ထွန်းသက် ဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တနှစ်တည်းမွေးတဲ့ ကျောင်းနေဘက် တယောက် ဖြစ်ပါတယ်။ အယ်လန်ဖေသက်ခေါ် ဦးအောင်ထွန်းသက်ဟာ ဗိုလ်မှူးကြီးဖေသက်ရဲ့ သားဖြစ်ပြီး ဗကပနောက်ဆုံးဥက္ကဋ္ဌ သခင်ဗသိန်းတင်နဲ့ ရန်ကုန်တိုင်းမှူးဟောင်း ဗိုလ်မှူးကြီးမျိုးအောင်တို့ရဲ့တူ ဖြစ်ပါတယ်။ ဗြိတိန်မှာ ဘွဲ့လွန်သင်ကြားခဲ့ပြီး ၁၉၇၇ မှာ မန်ချက်စတာ တက္ကသိုလ်က ပါရဂူဘွဲ့ရခဲ့ပါတယ်။

ဒေါက်တာအောင်ထွန်းသက်ဟာ ကျန်းမာရေးဌာနမှာ ညွှန်ကြားရေးမှူးချုပ်ဖြစ်ခဲ့ပြီး ကုလသမဂ္ဂမှာလည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မြန်မာပြည်တွင်းမှာလည်း ဟောပြောပို့ချမှုတွေကြောင့် လူသိများပါတယ်။ ကနေဒါက ဗြိတိသျှကိုလံဘီယာ တက္ကသိုလ် မှာ ဂုဏ်ထူးဆောင်ပါမောက္ခ အဖြစ် ချီးမြှင့်ခံရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လက်ထက် ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်နဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွေမှာ ပါဝင်ပြီး ရခိုင်ဆိုင်ရာ UEHRD အဖွဲ့မှာလည်း ညှိနှိုင်းရေးမှူးချုပ် ဖြစ်ပါတယ်။

ဒေါက်တာဒေါ်မြင့်ကြည်

မြန်မာအမျိုးသမီးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဒေါက်တာဒေါ်မြင့်ကြည်ဟာ ၁၉၄၅ မှာ ရန်ကုန်မှာ မွေးပါတယ်။ ၁၉၈၄ က ဂျပန် တိုကျိုတက္ကသိုလ်ကနေ နိုင်ငံတကာလေ့လာရေးပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခအဖြစ် ၁၉၉၉ ကနေ ၂ဝဝ၆ အထိ တာဝန်ယူခဲ့သလို နိုင်ငံခြားရေးဌာနမှာ မဟာဗျူဟာလေ့လာရေးအဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။ မြန်မာသမိုင်း အဖွဲ့ဝင်လည်း ဖြစ်ခဲ့ပါတယ်။

သမိုင်းသုတေသနဌာနက ထုတ်တဲ့ ၁၉၅၈- ၁၉၆၂ မြန်မာ့နိုင်ငံရေး စာအုပ်မှာလည်း တခြားပညာရှင်တွေနဲ့ ပူးတွဲ ရေးသားခဲ့ပြီး မြန်မာနိုင်ငံလူမှုအကျိုးပြုလုပ်ငန်းများ (၁၉၄၈-၁၉၆၂)၊ မြန်မာဂျပန် စစ်လျော်ကြေးပြဿနာစတဲ့ စာတမ်းတွေရေးသားခဲ့ပါတယ်။ ၂ဝ၁၁ ကနေ ၂ဝ၁၅ မှာတော့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။

အတန်းတူပါရဂူများ

ဒေါ်အောင်ဆန်းစုကြည်နဲ့ စိန်ဖရန်စစ်၊ မက်သဒစ်ကျောင်းတွေမှာ အတူနေခဲ့ဖူးကြတဲ့ ခေတ်ပြိုင်တွေထဲမှာ တခြားဆေးပညာနဲ့ အင်ဂျင်နီယာပါရဂူရသူတွေလည်း ရှိပါတယ်။

ဒေါက်တာဒေါ်ဝင်းမေခေါ် ဝင်မ်ဆန်ဘသိုက်ဟာ အမေရိကန် တောင်ကယ်လီဖိုးနီးယား တက္ကသိုလ်က ဆေးပညာသင်ကြားရေးပါရဂူဘွဲ့ရပြီး အဲဒီမှာပဲ အခုထိ ဆေးလက်တွေ့ သင်ကြားရေးပါမောက္ခအဖြစ် ဆောင်ရွက်နေသလို ရန်ကုန်သူနာပြုတက္ကသိုလ်ရဲ့ ပထမဆုံး ပါမောက္ခချုပ်လည်းဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှာလည်း ထမ်းဆောင်ခဲ့ပါတယ်။

ဗြိတိသျှခေတ်က ပြည်ထဲရေးဝန်ကြီးချုပ်ဆာမောင်ဘရဲ့မြေး ဒေါက်တာမာလာမောင် ကတော့ လန်ဒန်တက္ကသိုလ်ကနေ အဏုဇီဝပါရဂူဘွဲ့ရပြီး ရန်ကုန်နဲ့မလေးရှားက ဆေးတက္ကသိုလ်တွေမှာ ပါမောက္ခဖြစ်ခဲ့ပါတယ်။ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စိန်ဖရန်စစ်ကျောင်းမှာ ပညာသင်ခဲ့စဉ်က သီဝိဇာတ်ကရာမှာ သူကဥမ္မာဒန္တီ ၊ ဒေါ်စုက သီဝိမင်းကြီးလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

နောက် မက်သဒစ်ကျောင်းမှာ အတန်းတူတက်ခဲ့တဲ့အထဲက ရောဘတ်အောင်ဟာ ကနေဒါနိုင်ငံ မက်ဂီးလ်တက္ကသိုလ်မှာ ဓာတုဗေဒအင်ဂျင်နီယာပါရဂူဘွဲ့ရပြီး အီးကဖေး ဦးညွန့် ရဲ့သား ဟင်နရီညွန့်ခေါ် ဦးလှညွန့် ကတော့ ၁၉၇၄ က ဓာတုဗေဒအင်ဂျင်နီယာ ပါရဂူဘွဲ့ရခဲ့ပါတယ်။