သမ္မတဟောင်းဦးထင်ကျော်ရဲ့ စာပေလက်ရာအသစ်တွေ ဖတ်ရတော့မလား

htin kyaw

ဓာတ်ပုံ ရင်းမြစ်, SOE THAN WIN

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည် လွတ်တဲ့နေ့က ဦးထင်ကျော်နဲ့အတူ
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ဦးထင်ကျော်က တွေ့ခွင့်ပြုပါတယ် ဆိုပြီး သူ့ရဲ့ ကိုယ်ရေးအတွင်းရေးမှူးက ပြန်ကြားလာချိန်မှာ အံ့သြဝမ်းသာမိပါတယ်။

မတွေ့တာက ၁၁ နှစ် ရှိပါပြီ။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု မစခင် တရက်မှာ ဆူးလေ ဘုရားနားက ရာပြည့် စာအုပ်ဆိုင် လေးမှာ သူနဲ့ နောက်ဆုံး တွေ့ခဲ့ရ တာပါ။

အဲဒီ အချိန်က ဆန္ဒပြပွဲတွေ ဖြစ်လာမယ် ထင်လို့ သတင်းထောက်တွေနဲ့ တက်ကြွ လှုပ်ရှားသူတွေ မြို့ထဲမှာ စုရုံး မိနေကြတဲ့ အချိန် ဖြစ်ပါတယ်။ ဒီလို အချိန်မှာ သူ့ကို တွေ့လိုက်ရတော့ အံ့သြမိပါတယ်။

အဲဒီ အချိန်က နေအိမ် အကျယ်ချုပ် ကျနေတဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်လိုက်လို့ လာကြည့် တာလား လို့လည်း စိတ်ထဲက တွေးမိပါသေးတယ်။

အန်ကယ် ဘာလာလုပ်တာလဲလို့ မေးမိတော့ ဘာမှ မဟုတ်ပါဘူး၊ စာအုပ်ကလေး လာကြည့်တာ ပါလို့ ဖြေတယ်လို့ပဲ မှတ်မိ ပါတယ်။

ဟုတ်မှာပါ။ ဦးထင်ကျော်က စာသမား ဆိုတော့ စာအုပ်ဆိုင်တွေမှာ သူနဲ့ဆုံတာက မထူးဆန်းပါဘူး။

စာသမားတွေဆုံတဲ့ ပွဲတွေကိုလည်း သူ လာတတ်ပါတယ်။

ဓာတ်ပုံ အဟောင်းတွေ ပြန်ကြည့်တော့ တော်ဘုရားကလေး အမှတ်တရ စာပေဆုပေးပွဲကို အဲဒီတုန်းက တက်လာတဲ့ ဦးထင်ကျော် ကို ပြန်တွေ့ရပါတယ်။

အဲဒီတုန်းက သူ့နားမှာ သမ္မတကြီး ဆိုပြီး လူတွေ ဝိုင်းနေတာလည်း မရှိပါဘူး။

minthuwun

ဓာတ်ပုံ ရင်းမြစ်, Edgar Wun

ဓာတ်ပုံ ပုံစာ, မင်းသုဝဏ်နဲ့ ဦးထင်ကျော်တို့သားအဖ

ဗြိတိန်ကို ရောက်လာပြီးနောက် သူရေးတဲ့ စာတွေ ဆက်ဖတ်ရပါတယ်။ သူ့ဖခင် စာဆိုကြီး မင်းသုဝဏ်နဲ့ ခေတ်ပြိုင်တွေ အကြောင်း ပြုစုတာမှာ တိကျပြီး အကိုးအကား စုံလှလို့ စာသမားတိုင်း ချီးကျူးရတဲ့ ဆောင်းပါးတွေ ဖြစ်ပါတယ်။

တဆက်တည်း ပြောရရင် မင်းသုဝဏ်ရဲ့ အစုအဆောင်း အသိမ်းအဆည်း ကောင်းပုံ၊ မှတ်တမ်းပြုစု သေချာ ပုံကလည်း မြန်မာ နိုင်ငံ မှာ ရှားပါးတဲ့ အလေ့အထ တခု ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် စစ်နဲ့ ခြဒဏ်၊ အပြောင်းအရွှေ့တွေကို ဖြတ်ကျော်ပြီး အထောက်အထားတွေ စုံအောင် သိမ်းနိုင်တဲ့ သုတေသီ စိတ်ထားက ချီးကျူး အတုယူစရာ ဖြစ်ပါတယ်။

ဒီမှတ်တမ်းတွေကို သားလက်ထက်မှာ ဆက်ပြီး စာတစောင်ပေတဖွဲ့ မှတ်တမ်းပြုနိုင်တာကတော့ ဦးထင်ကျော်ရဲ့ အရည် အချင်း ဖြစ်ပါတယ်။

အများအားဖြင့် တွေ့ရတတ်တာဆိုရင် မိဘစုဆောင်းခဲ့သမျှ အမှိုက်ဖြစ်ကုန်တာ၊ လှူဒါန်းပစ်တာတွေပဲ ရှိကြပါတယ်။

ဦးထင်ကျော်ဟာ သူ့မူလ နယ်ပယ်က စာပေ မဟုတ်ပေမယ့် ဖခင်ကို ချစ်စိတ်နဲ့ စာပေကိုပြုစုခဲ့သူ ဖြစ်ပါတယ်။

တနည်း ပြောရင် ဆယ်စုနှစ်နဲ့ချီပြီး မင်းသုဝဏ်အကြောင်း ရေးသားပြောဆိုတာတွေကို ပိတ်ပစ်ထားခဲ့မှုကို သူက အညံ့မခံဘဲ သူ့နည်းနဲ့သူ တန်ပြန်ခဲ့တာပါ။

အသံဖိုင် ပုံစာ, သပြေညို အနှစ် ၈ဝ
htin kyaw

ဓာတ်ပုံ ရင်းမြစ်, ROMEO GACAD

ဓာတ်ပုံ ပုံစာ, သမ္မတဖြစ်စဉ်က စတုဒိသာကျွေးပွဲ

နောက် သူ သမ္မတ ဖြစ်တယ် ဆိုတဲ့ သတင်းထွက်လာပါတယ်။

၂ဝ၁၆ အာဏာ အလွှဲအပြောင်းမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မလား အခြေခံဥပဒေ အကန့်အသတ်ကြားက စောင့်မျှော်နေကြဆဲ ဒီသတင်း ထွက်လာတာပါ။

သူ့ပညာအရည်အချင်း၊ မိဘ အသိုင်းအဝိုင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နီးစပ်ယုံကြည်မှု ရတာတွေကြောင့် ဖြစ်သင့်တယ် ဆိုသူတွေ ရှိကြသလို နိုင်ငံရေးသမား မဟုတ်လို့ မဖြစ်သင့်ဘူး ဝေဖန်သူတွေလည်း ရှိပါတယ်။

ဦးထင်ကျော် သမ္မတ ဖြစ်သွားလို့ စာပေ လက်ရာသစ်တွေ မဖတ်ရမှာပဲ စိုးရိမ်မိခဲ့ပါတယ်။

htin kyaw

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ, သမ္မတ ကျမ်းကျိန်ပွဲ ညစာတက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်

မြန်မာ့နိုင်ငံရေးမှာ အနှစ် ၅ဝ ကျော်အတွင်း ပထမဆုံး အရပ်သား ခေါင်းဆောင်သစ်ကို ရလို့ ပြည်သူတွေ ပျော်ရွှင်တာ လည်း တွေ့ခဲ့ရပါတယ်။

ကာယကံရှင် ဦးထင်ကျော် ကိုယ်တိုင်ကတော့ ပျော်ရဲ့လား မသိပါ။

သူ့ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားဆရာလို့ ရေးတဲ့ ပြည်ပ သတင်းတွေကို ဖတ်ရတဲ့အခါလည်း တုန်လှုပ်မိပါတယ်။

ဒါဟာ နိုင်ငံရေးရာထူး ယူသူတိုင်း ကြုံရမယ့် လောကဓံ တခုပဲ အောက်မေ့လိုက်ရပါတယ်။

နောက်ပိုင်း ကျန်းမာရေး မကောင်းကြောင်း သတင်းတွေ ထွက်လာတဲ့အခါမှာတော့ စိတ်ပူမိပါတယ်။

အဆက်အသွယ် လုပ်ရခက်တဲ့ နေရာ ရောက်နေတဲ့အတွက် သူနဲ့ နီးစပ်သူတွေ ဆီက ရတဲ့ သတင်းတွေနဲ့ပဲ ကျေနပ်ရ ပါတယ်။

အပြင်မှာ သတင်းဘယ်လိုထွက်နေပေမယ့် ကြားရသလောက် မဆိုးဘူးလို့ သိနေရလို့ ဖြစ်ပါတယ်။

htin kyaw

ဓာတ်ပုံ ရင်းမြစ်, PRAKASH SINGH

ဓာတ်ပုံ ပုံစာ, ပြည်ပခရီးတခုက ဦးထင်ကျော်

သူ သမ္မတ ဖြစ်ချိန်မှာ သူ့ဖခင် မင်းသုဝဏ်ကို ချီးကျူးတဲ့ စာတွေ ပလူပျံအောင် တွေ့ရတဲ့ အခါ မင်းသုဝဏ် အတ္ထုပ္ပတ္တိ ကို မြန်မာ့ စွယ်စုံကျမ်းနှစ်ချုပ်လို အစိုးရထုတ် စာအုပ်တွေမှာ ချန်လှပ်ခဲ့တဲ့ ခေတ်တခေတ်ကို ပြန်အမှတ်ရမိပါတယ်။

ကလေးစာပေပွဲတွေ လုပ်ပြီး ကလေးတွေ စာဖတ်ဖို့ ဦးထင်ကျော် အားပေးတာကိုလည်း တွေ့ရပါတယ်။

ကလေးစာပေဟာ နိုင်ငံအတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာ ကလေးစာပေ ဖခင် ဖြစ်တဲ့ မင်းသုဝဏ်က သိလို့ ကလေးကဗျာတွေကို စတင် စပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဦးထင်ကျော် သမ္မတ ရာထူးက ဆင်းပြီးနောက်မှာလည်း ဒီအားပေးမှု အရှိန်ကို ပြန်ကြားရေး ဌာနက မလျှော့သင့်ဘူးလို့ပဲ ထင်ပါတယ်။

htin kyaw

ဓာတ်ပုံ ရင်းမြစ်, Bo Bo/BBC Burmese

ဓာတ်ပုံ ပုံစာ, နေပြည်တော်မှာ နေတဲ့ ဦးထင်ကျော်တို့ ဇနီးမောင်နှံနဲ့အတူ

မြန်မာပြည် ပြန်ရောက်တဲ့အခါ သူ့ကို တွေ့ဖြစ်အောင် တွေ့ဖို့ ကြိုးစားခဲ့ပါတယ်။

သူဘာတွေ လုပ်နေသလဲ၊ နေကောင်းပြီလား သိချင်စိတ်တွေက များကြပါတယ်။

တွေ့ခွင့်ရတော့ နေပြည်တော်မှာ အိမ်အသစ် ဆောက်ပြီး နေကြတဲ့ သူတို့ ဇနီးမောင်နှံဆီ ရောက်သွားခဲ့ပါတယ်။

ဒီမြေကွက်ကို ဝယ်တာက အစ ဆောက်တာ အဆုံး ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဆောက်တာလို့ ကြားခဲ့ရပါတယ်။

ကြားရတဲ့အတိုင်းပဲ ဖခင် မင်းသုဝဏ်ရဲ့ ဦးထွန်းလင်းခြံလမ်း မြေကွက်မှာ ဆောက်ထားတဲ့ တိုက်ခန်းတချို့နဲ့ ယောက္ခမ ဖြစ်သူ ဦးလွင်ခြံမြေ ရောင်းရငွေထဲက စုပြီး ဒီမြေကို ဝယ်ယူ ဆောက်လုပ်တာလို့ ဦးထင်ကျော်တို့က ရှင်းပြပါတယ်။

လူကြီးတွေ အနားယူရင် အိမ်ဆောက်ပေးချင်သူတွေ များတဲ့ခေတ်မှာ ဦးထင်ကျော်တို့ အတွက် ကတော့ ကိုယ်ထူကိုယ်ထ ပဲ ဖြစ်ပါတယ်။

htin kyaw

ဓာတ်ပုံ ရင်းမြစ်, Bo Bo/BBC Burmese

ဓာတ်ပုံ ပုံစာ, ပျဉ်းမငုတ်တို ပန်းချီကားရှေ့မှာ ဓာတ်ပုံရိုက်

အိမ်သစ်ကြီးရဲ့ ပုံထုတ်သူကတော့ သမ္မတကတော်ဟောင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်ပဲ ဖြစ်ပါတယ်။

သူငယ်ချင်း ဖြစ်သူ ပညာရေးနဲ့ နိုင်ငံခြားရေး ဒုတိယဝန်ကြီးဟောင်း ဒေါက်တာမျိုးမြင့်နဲ့ အနားမှာ တူတူနေကြဖို့ ဒီမြေကို ဝယ်ဆောက်ကြပေမယ့် ဒေါက်တာ မျိုးမြင့်က ကွယ်လွန်သွားခဲ့ပါတယ်။

အိမ်ကို ရန်ကုန်က စာအုပ်တွေ ရွှေ့ရင်း စာအုပ်တွေ ပြန်စီနေတဲ့ အကြောင်းလည်း ဦးထင်ကျော်က ပြောပြပါတယ်။

စာသမားအတွက်အကြီးဆုံး ဒုက္ခကတော့ စာအုပ်အရွှေ့အပြောင်းနဲ့ ခြ အန္တရာယ်၊ စာအုပ် အထားအသိုပဲ ဖြစ်ပါတယ်။

မြန်မာပြည်လို စာအုပ် ထုတ်ဝေမှု အားနည်းတဲ့ နိုင်ငံတွေမှာ စာအုပ်ဟောင်းတွေ ရေရှည်ထိန်းဖို့ ခက်ပါတယ်။

စာကြည့်တိုက်ကောင်းတွေ နည်းပါးတဲ့အတွက် လိုချင်ရင် အချိန်မရွေးရတဲ့ နေရာ မရှိတော့ အိမ်တွေမှာပဲ ဖြစ်သလို ထားကြရပါတယ်။

မင်းသုဝဏ်လက်ထက်ကနေ ခုထိ ဦးထင်ကျော်တို့ ထိန်းသိမ်းလာတဲ့ စာအုပ်တွေထဲမှာ တချို့က အနှစ် ရာကျော်နေပြီ ဖြစ်ပါတယ်။

စာအုပ်တွေ စီရင်းက လူထုဦးလှက မင်းသုဝဏ်ဆီကို အနှစ် ၄ဝ ကျော် ရေးပို့တဲ့ စာတွေကို ဖိုင်တွဲပြီး ဦးထင်ကျော်က ပြပါ တယ်။

minthuwun

ဓာတ်ပုံ ရင်းမြစ်, Khin Oo

ဓာတ်ပုံ ပုံစာ, လူထုဦးလှ၊ ဇော်ဂျီ၊ မင်းသုဝဏ်နဲ့ ခေတ်စမ်းစာဆိုများ

ရန်ကုန်ကနေ အောက်စဖို့ဒ်မှာ စာသင်နေတဲ့ မင်းသုဝဏ်ဆီကို ဦးလှက စာတွေရေး၊ စာပေသတင်းတွေ ဖလှယ်၊ စာအုပ်တွေ ပို့တာတွေ လုပ်ခဲ့ပါတယ်။

၁၉၃၆ က စာတွေကို ခုထိ နဂိုမပျက် ထိန်းထားနိုင်တဲ့အတွက် ဝမ်းသာရပါတယ်။

မင်းသုဝဏ်က ဦးလှဆီ ပေးတဲ့စာတွေကို ရှာပေးပါ့မယ် လို့ပဲ တုံ့ပြန် ကျေးဇူးစကား ဆိုရပါတယ်။

ဦးထင်ကျော် အနားရပြီးနောက် စာပေတွေ ဆက်ပြုစုဖို့နဲ့ ဗြိတိန်၊ ဆွစ်ဇာလန်၊ အီတလီ နိုင်ငံတွေမှာ မင်းသုဝဏ် ရောက် ခဲ့တဲ့ နေရာတွေမှာ သူစပ် ခဲ့တဲ့ ကဗျာတွေကို အမှတ်တရ ဖြစ်ရကြောင်း ပြောဆိုရပါတယ်။

နောက် ၁၉၃၆ က ထုတ်တဲ့ သူရိယ သတင်းစာတစောင်မှာ မင်းသုဝဏ်နဲ့ သစ်တော ပညာသင် ဦးကြည်တို့ နှစ်ယောက် အောက်စဖို့ဒ်မှာ လှေလှော်ရင်း လှေမှောက်ကြတဲ့ အကြောင်း ပါလာတယ်လို့လည်း ဦးထင်ကျော်က ပြောပါတယ်။

အဲဒီ သတင်းစာမှာပဲ ကိုအောင်ဆန်း မလာနိုင်၍ အစည်းအဝေးကို မအမာတက်မည် ဆိုတဲ့ သတင်းတပုဒ် ပါတယ် လို့လည်း ဆိုပါတယ်။

အမျိုးသမီးနဲ့ ခေါင်းဆောင်မှုအကြောင်း လေ့လာသူတွေ အသုံးကျမယ့် သတင်းဟောင်း တပုဒ် ဖြစ်ပါတယ်။

uk

ဓာတ်ပုံ ရင်းမြစ်, Bo Bo/BBC Burmese

ဓာတ်ပုံ ပုံစာ, ၁၉၃ဝ ကျော်က မင်းသုဝဏ် အပန်းဖြေ ခရီးထွက်ခဲ့တဲ့ ဒီဗွန်ရှိုင်းယားနယ်က ဘရစ်ဆမ် ရွာကလေး

ဦးထင်ကျော်မှာ သူ့မိသားစု အကြောင်း အဓိက ရေးလို့ ရေးစရာ ရှားတယ် ထင်သူတွေ ရှိမှာပါ။

ဖခင် မင်းသုဝဏ်ရဲ့ အနှစ် ၉ဝ ကျော် ဘဝခရီးကို နေ့စဉ်မှတ်တမ်း ပြုသွားခဲ့တဲ့အတွက် ဒီမှတ်တမ်းတွေကပဲ စာအုပ်တွေ ထွက်လာနိုင်ပါတယ်။

နောက်ပြီး မင်းသုဝဏ်ရဲ့ နှမ နုယဉ်နဲ့ တက်တိုး၊ မင်းသုဝဏ်ရဲ့ မယားညီအစ်ကိုတွေနဲ့ မရီး၊ ခယ်မတွေ၊ ယောက်ဖတွေ အကြောင်းကိုလည်း လူအများ စိတ်ဝင်စားကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ သပိတ်မှောက်ဖက် အင်းယားက ခြင်းကြား ကလောင်ရှင် ဒေါ်မမကြီးဟာ ဦးထင်ကျော်ရဲ့ အဒေါ်တော် သလို ဆရာမလည်း ဖြစ်ပါတယ်။

သူ့ခင်ပွန်း ဗိုလ်မှူးထွန်းအုံ ဟာလည်း သပိတ်မှောက်ဖက် ဖြစ်ရုံမက ဗိုလ်ချုပ်အောင်ဆန်း တော်လှန်ရေး အတွက် တပ်ဖျောက် စဉ်မှာ သူနဲ့ တကားတည်း စီးနင်း လိုက်ပါသွားသူ ဖြစ်ပါတယ်။

ဒီလို ပုဂ္ဂိုလ်တွေ အကြောင်း မပျောက်ပျက်ရအောင် ဦးထင်ကျော် စာတွေဆက်ရေးမယ်လို့ ယူဆရပါတယ်။

သူ့ယောက္ခမ NLD ဦးလွင်တို့ဘက် အကြောင်းကိုတော့ သမီးဖြစ်သူ ဒေါ်စုစုလွင် ရေးမယ်လို့ မျှော်လင့်ရပါတယ်။

u lwin

ဓာတ်ပုံ ရင်းမြစ်, LAW EH SOE

ဓာတ်ပုံ ပုံစာ, သတင်းသမားတွေနဲ့ NLD ဦးလွင်