ထိုင်းဘုရင်သွေး မကင်းတဲ့ မြန်မာတွေ

- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ကုန်းဘောင်ခေတ် ဘုရင်တွေ ထိုင်းနိုင်ငံ ကို သိမ်းပိုက် ရင်း ခေါ်ဆောင်လာတဲ့ ထိုင်းမင်းဆွေစိုးမျိုး တွေထဲက တချို့ဟာ ကုန်းဘောင် မင်းဆက်တွေနဲ့ လက်ဆက်ပြီး မြန်မာ မင်းမျိုးထဲကို ရောက်လာတယ်လို့ သမိုင်းပညာရှင် တွေက ရေးသားပါတယ်။
အထင်ရှားဆုံးကို ပြရရင် သမ္မတဟောင်းဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင် ဖြစ်ပါတယ်။

သူ့ အဘေး တော်စပ်တဲ့ ကုန်းဘောင်ဆက် ရာဇဝင် ပြုစုသူ ဦးမောင်မောင်တင်ဟာ ကုန်းဘောင် မင်းဆက်က မင်းသား တပါး ဖြစ်သလို အယုဒ္ဓယက ပါလာတဲ့ မင်းသမီးတွေက ဆင်းသက်လာတာပါ။
ဦးမောင်မောင်တင်ရဲ့ အစ်မတော် ချွန်းတောင် မင်းသမီးကတော့ သီပေါမင်း သမီးတော်တွေရဲ့ အထိန်းတော် ဖြစ်ပါတယ်။
ဦးမောင်မောင်တင် ငယ်စဉ်က မင်းတုန်းမင်းကြီးနားမှာ ခစားခဲ့ရသလို သီပေါမင်း ပါတော်မူပြီးနောက်လည်း လက်နက်ကိုင် တော်လှန်ခဲ့ပါတယ်။
နောက်မှ ကင်းဝန်မင်းကြီးက တဆင့် မြို့ပေါ် ပြန်ဝင်ပြီး အစိုးရ အမှုထမ်း လုပ်ခဲ့တာပါ။
ဆင်ဖြူရှင်မင်းနဲ့ အယုဒ္ဓယက ခေါ်လာတဲ့ ဘုရင့် သမီးတော် ကျောက်ဖွားစောခေါ် သခင်ဥတို့ သင့်မြတ်ရာကနေ ဦးမောင်မောင်တင်တို့ ဆင်းသက်လာပြီး တခြား ထိုင်းမင်းသမီး မင်းမြေးတွေနဲ့ လက်ဆက်တာတွေလည်း သူတို့ မျိုးရိုးမှာ ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Konbaung
နောက် တခြား ထင်ရှားတဲ့ ထိုင်းအနွယ် တပါးကတော့ မင်းတုန်းမင်း သမီးတော် ထရံကာ မင်းသမီးပါ။
သူ့မယ်တော် ငါန်းဇွန် မိဘုရားကလည်း ထိုင်းမင်းသား တပါးရဲ့ မြေးဖြစ်ပါတယ်။
ထရံကာ မင်းသမီး ကတော့ ၁၉၆၃ ခုနှစ်မှာမှ ကွယ်လွန်တာမို့ သက်တော်ရှည် မင်းသမီးတပါး အဖြစ် လူသိများပါတယ်။
စစ်တွင်း ကာလမှာ ဂျပန် အာဏာပိုင်တွေက မြန်မာ မင်းဆက် ပြန်နန်းတင်ဖို့ ကြိုးစားရာမှာ သူ့ရဲ့ ကြင်ယာတော် ပျဉ်းမနား မင်းသားကြီးကို ကမ်းလှမ်းခဲ့ဖူးပါတယ်။
ဒါကို မင်းသမီးကြီးက လိမ္မာ ပါးနပ်စွာနဲ့ ငြင်းပယ်ခဲ့ကြောင်း သူ နတ်ရွာစံစဉ်က စာရေးဆရာ လူထုဦးလှက အမှတ်တရ ရေးခဲ့ပါတယ်။
ထိုင်းသမိုင်း ပညာရှင် မင်းသားကြီး ဒမ္မရောင်း ၁၉၃၆ က မြန်မာ နိုင်ငံ လာစဉ်ကလည်း ထရံကာ မင်းသမီးနဲ့ ပျဉ်းမနား မင်းသားတို့ အိမ်တော်ကို ဝင်ရောက် လည်ပတ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ko Nyi Nyi
ဒီပြင် ထိုင်းအနွယ်တွေထဲက ကုန်းဘောင် မင်းမျိုးထဲ ရောက်လာသူတွေက မင်းတုန်းမင်းရဲ့ ခုနစ်ရွာ တိုက်စား မိဘုရားကြီး ဖြစ်ပါတယ်။
သူ့သားတော် သုံးဆယ် မင်းသားဟာလည်း မင်းတုန်းမင်း ရဲ့ အရိုက်အရာကို ဆက်ခံဖို့ အထိ ရည်မှန်း ခံခဲ့ရသူတွေထဲမှာ ပါပေမယ့် သီပေါမင်း နန်းတက်စမှာ တခြား မင်းသား မင်းသမီးတွေနဲ့ အတူ သတ်ဖြတ် ခံခဲ့ရပါတယ်။
ကွယ်လွန်သူ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်ဟာလည်း သူနဲ့ သွေးမကင်းတဲ့ ခုနစ်ရွာ မိဘုရားကြီးရဲ့ အိမ်တော်မှာ ကြီးပြင်းခဲ့ကြောင်း အမှတ်တရ ရေးခဲ့ဖူးပါတယ်။
ထိုင်းမင်းမျိုးတွေကို မနှိမ့်မချ လက်ဆက်လေ့ ရှိပေမယ့် ဆောင်ရ နန်းရ မိဘုရားကြီး အဆင့်ထိ ပေးလေ့ မရှိဘဲ သာမန် မိဘုရား အရာသာ ထားလေ့ ရှိတယ်လို့လည်း သမိုင်းပညာရှင် ဦးသန်းဆွေ (မောင်သန်းဆွေ -ထားဝယ် ) က ရှင်းပြပါတယ်။
ဒီမင်းမျိုးတွေကို စစ်ကိုင်းနားက ငွေထည်လုပ်တဲ့ ရွာထောင်နဲ့ မန္တလေးမြို့ မုန့်တီစု၊ မင်းသားစု စတဲ့ ရပ်ကွက်တွေမှာ နေရာချထားခဲ့သလို နောက်ဆုံး အယုဒ္ဓယ ဘုရင် ကိုယ်တိုင်လည်း မန္တလေး ရဟိုင်းစျေး နားက ပေါင်းလဲတိုက်မှာ ရဟန်းဝတ်နဲ့ ပျံလွန်ခဲ့ပါတယ်။











