လွှတ်တော်မတက်ဘဲ ထောင်ထဲဝင်ရတဲ့အမတ်များနဲ့ စင်ပြိုင်အစိုးရ

ဓာတ်ပုံ ရင်းမြစ်, AFP
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
၁၉၉ဝ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲက တင်မြှောက်လိုက်တဲ့ လွှတ်တော်အမတ်တွေဟာ မြန်မာပြည်ရဲ့ ပထမဆုံး လွှတ်တော်မတက်လိုက်ရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်ကြပါတယ်။ ဒီလွှတ်တော်က အများဆုံး အနိုင်ရတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့တကွ တခြား ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ် အများအပြား လွှတ်တော်တာဝန်တွေ မထမ်းဆောင်ရဘဲ ထုတ်ပယ်အကျဉ်းချခံရတာတွေ ဖြစ်ခဲ့သလို ပြည်ပကို ထွက်ပြေးတိမ်းရှောင်ကြတာတွေ ရှိခဲ့ပါတယ်။
ဒီလွှတ်တော်ရွေးကောက်ပွဲဟာ မြန်မာပြည်မှာ အနှစ် ၃ဝ အတွင်း ပထမဆုံး ပါတီစုံလွှတ်တော်ရွေးကောက်ပွဲဖြစ်ပြီး လွတ်လပ်စွာ မဲဆွယ်ခွင့် သိပ်မရှိပေမယ့် ရွေးကောက်တင်မြှောက်ခွင့် ရှိတယ်လို့ ဆိုကြပါတယ်။ ဒီရွေးကောက်ပွဲဟာ ၁၉၈၈ ဆန္ဒပြပွဲတွေအပြီး အာဏာသိမ်း စစ်အစိုးရ လုပ်ပေးတဲ့ ရွေးကောက်ပွဲဖြစ်သလို ရွေးကောက်ပွဲအပြီးမှာ လွှတ်တော်ခေါ်မပေးတဲ့အတွက် ရွေးကောက်ပွဲကတိ ဖျက်တယ်ဆိုပြီး စစ်အစိုးရကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Science Photo Library
နောက်အမတ်နေရာ ၄၉၂ နေရာရှိတဲ့ ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်မခေါ်ခဲ့တဲ့ ဖြစ်ရပ်ဟာ မြန်မာ့နိုင်ငံရေး အနှစ် ၂ဝ နောက်ကျ သွားစေခဲ့တဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီလွှတ်တော်က ပညာရှင်၊ နိုင်ငံရေးသမား၊ စစ်ဘက်အရပ်ဘက် အရာရှိဟောင်းအများအပြားကို ရွေးကောက် တင်မြှောက်လိုက်ပေမယ့် သူတို့ရဲ့ လုပ်အားကို နိုင်ငံအတွက် အကျိုးရှိအောင် မသုံးနိုင်ခဲ့ပါဘူး။ နောက် ဒီလို လွှတ်တော် မခေါ်နိုင်ဘဲ စစ်အစိုးရအုပ်ချုပ်နေတဲ့အတွက် နိုင်ငံတကာရဲ့ဖိအားပေး ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ကာလဖြစ်သလို ပြည်တွင်းမှာလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ မရှိခဲ့တဲ့ ကာလဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ကိုယ်ပျောက်အမတ်များ
ဒီလွှတ်တော်အမတ်တွေထဲမှာ ထင်ရှားတဲ့ နိုင်ငံသိပုဂ္ဂိုလ်တွေ ပါသလို ၁၉၈၈ နောက်ပိုင်း ပေါ်ထွက်လာတဲ့ လူငယ်နိုင်ငံရေးသမား တချို့လည်း ပါပါတယ်။ နောက် ဗိုလ်ချုပ်ကြီးနေဝင်းခေတ်အစိုးရမှာ ပါဝင်ခဲ့တဲ့ စစ်အရာရှိကြီးတွေနဲ့ အစိုးရအရာရှိတွေ၊ တက္ကသိုလ် ပညာရှင်တွေ ပါဝင်တာကိုလည်း တွေ့ရပါတယ်။ နောက် လူမျိုးစုဒေသတွေက ခေါင်းဆောင်တချို့လည်း ရွေးကောက်ခံခဲ့ရပါတယ်။
ဒီလွှတ်တော်ဟာ စစ်ဆိုရှယ်လစ်ခေတ်အလွန် မြန်မာပြည်နိုင်ငံရေးကို ထင်ဟပ်ခဲ့ပေမယ့် လက်တွေ့ မပေါ်ပေါက်ခဲ့တဲ့လွှတ်တော်ဖြစ်လို့ ကိုယ်ပျောက်လွှတ်တော်အဖြစ် သမိုင်းတွင်ခဲ့ပါတယ်။ ဂန္ဓီခန်းမကြေညာချက်အပါအဝင် NLD ရဲ့ လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ်တွေ လည်း စစ်အစိုးရရဲ့ ၁/၉ဝ ကြေညာချက်အပါအဝင် ဖိနှိပ်မှု အဆင့်ဆင့်အောက်မှာ ပျောက်ကွယ်ခဲ့ရပြီး လွှတ်တော်ကို ဇွတ်ခေါ်လို့မရဘူး ဆိုတဲ့ ခေါင်းစီးနဲ့ သတင်းစာဆောင်းပါးတွေ ကိုလည်း စစ်အစိုးရ သတင်းစာ တွေက ဖော်ပြခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Peter Charlesworth
ဒီလွှတ်တော်အမတ်တွေထဲမှာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးတို့တော့မပါဝင်ပါဘူး။ ရွေးကောက်ပွဲမတိုင်ခင် ၁၉၈၉ ကတည်းက သူတို့ကို နေအိမ်အကျယ်ချုပ်ချထားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်လောင်း လျှောက်လွှာကိုလည်း တစညပါတီဘက်ကကန့်ကွက်လို့ ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး ငြင်းပယ်ခံခဲ့ရပါတယ်။
တကယ်တော့ ဒီရွေးကောက်ပွဲဟာ ဦးကြည်မောင်ရဲ့ ဦးဆောင်မှုအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပြီး အေးရှားဝိမဂ္ဂဇင်းပါ ဦးကြည်မောင်ရဲ့ပြောစကားကို အကြောင်းပြပြီး စစ်အစိုးရဘက်က အာဏာလွှဲဖို့ ငြင်းဆန်တာတွေ ဖြစ်လာခဲ့ပါတယ်။ တခြားဘက်က လည်း ဖွဲ့စည်းပုံအသစ်ဆွဲဖို့ဆိုပြီး အမျိုးသားညီလာခံခေါ်တာတွေ ရှိလာပါတယ်။ ဒီအခြေအနေတွေကြားက အနှစ် ၂ဝ နီးပါး ဖြတ်သန်း ခဲ့ရတဲ့ လွှတ်တော်အမတ်တွေရဲ့အကြောင်းကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
တပ်မှူးကြီးများ
ဦးကြည်မောင်နဲ့ တကွ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးချစ်ခိုင် စတဲ့ စစ်အရာရှိဟောင်းကြီးတွေဟာ လွတ်လပ်ရေး ကြိုးပမ်းမှုအဆင့်ဆင့်မှာ ပါဝင်ခဲ့ပြီး တပ်မတော်တာဝန်နဲ့ အစိုးရတာဝန်တွေ ထမ်းဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ လမ်းစဉ်ပါတီခေတ်မှာ သူတို့အငြိမ်းစားပေး ခံရတာတွေ ရှိလာပြီး ၁၉၈၈ မှာ တပ်မှူးဟောင်းများ၊ မျိုးချစ်ရဲဘော်ဟောင်းများအဖြစ် ပြန်လည်ထွက်ပေါ်လာတဲ့သူတွေ ဖြစ်ကြပါတယ်။
တပ်မှူးဟောင်းတိုင်း NLD ခေါင်းဆောင်ဖြစ်မလာပေမယ့် NLD မှာ တပ်မှူးဟောင်းတွေ နေရာရခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတ်သိပညာရှင်အုပ်စုထက် တပ်မှူးဟောင်းအုပ်စုက နောက်ပိုင်းမှာ ပိုသြဇာညောင်းလာတာကိုလည်း တွေ့ရပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျတဲ့နှစ်တွေအတွင်း ဦးကြည်မောင်၊ ဦးအောင်ရွှေ၊ ဦးလွင်စတဲ့ တပ်မှူးဟောင်းတွေက တာဝန်ယူပြီး ပါတီကို ခေါင်းဆောင်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Yvan Cohen
ဦးကြည်မောင်ဟာ ၁၉၆၂ အာဏာသိမ်းစမှာ တိုင်းမှူးတာဝန်က ဖယ်ရှားခံရတဲ့ ဗိုလ်မှူးကြီးဟောင်းဖြစ်ပါတယ်။ သူဟာ ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရရဲ့ ဖမ်းဆီးမှုတွေ ခံခဲ့ရသလို နဝတ စစ်အစိုးရလက်ထက်မှာလည်း အကြိမ်ကြိမ် ထောင်သွင်းအကျဉ်းချခံခဲ့ရပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲအပြီး သတင်းထောက် ဒေါမနစ်ဖောင်ဒါနဲ့ တွေ့ဆုံခန်းမှာ နူရင်ဘတ်ခုံရုံးမှာ ရုံးတင်ခံရတဲ့ ဂျာမန်တွေ ဘယ်လောက် ရှိလို့လဲ ပြောခဲ့လို့ ဆိုပြီး စစ်အစိုးရ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့်က သတိပေးပြောဆိုခဲ့ပါတယ်။ သူ့ကြောင့် အာဏာလွှဲပြောင်းရေး မဖြစ်မြောက်ခဲ့ဘူး ဆိုကြပေမယ့် မထင်မှတ်ဘဲ NLD အောင်နိုင်မှုကြောင့် စစ်အစိုးရဘက်က လွှဲပြောင်းဖို့ ရှောင်လွှဲခဲ့တယ်လို့လည်း ဆိုကြပါတယ်။ နောက်ပိုင်းမှာ NLD တာဝန်ကနေ အနားယူပြီး ဦးကြည်မောင် ကွယ်လွန်သွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Peter Charlesworth
သူ့ရဲ့ ယောက်ဖ ဦးလွင်နဲ့ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ရွှေတို့ကလည်း NLD မှာ နှစ်ပေါင်းများစွာ အတွင်းရေးမှူး၊ ဥက္ကဋ္ဌ တာဝန်တွေနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။ သူတို့ကို စည်းကမ်းတင်းကျပ်တဲ့ အဘိုးကြီးတွေ၊ ပါတီတွင်း ထိန်းချုပ်မှု လွန်ကဲသူတွေလို့ လူငယ်ပိုင်းက ဝေဖန်ခဲ့ကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်ကိုးစားမှုကို ရခဲ့သူတွေ ဖြစ်ကြပါတယ်။
သူတို့နဲ့ ခေတ်ပြိုင် စစ်အရာရှိဟောင်းအများအပြား လမ်းစဥ်ပါတီက ပြောင်းလဲလိုက်တဲ့ တစညပါတီမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပေမယ့် တပါတီလုံးမှ ၁ဝ ယောက်ပဲ နိုင်ခဲ့ပါတယ်။ NLD အမတ်ဖြစ်ခဲ့တဲ့ တပ်မှူးဟောင်းတွေထဲမှာ ဦးလွန်းတင်၊ ဦးရွှေ၊ ဦးစံဝင်း စတဲ့ ဝန်ကြီးဟောင်းတွေ ပါသလို တချို့လည်း ပါတီက နုတ်ထွက်သွားတာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နိုင်ငံရေးသမားများ
NLD မှာ အရင် ဖဆပလခေတ်က နိုင်ငံရေးသမားတွေနဲ့ သခင်ဟောင်းတချို့ ပါဝင်တာကိုလည်း တွေ့ရပါတယ်။ တပ်မှူးဟောင်းတွေ လောက် ရှေ့မထွက်ခဲ့ပေမယ့် သခင်စိုးမြင့်၊ ဦးလှဖေ၊ ဦးသန်းထွန်း စတဲ့ နိုင်ငံရေးသမားကြီးတွေဟာ ပါတီဗဟိုအလုပ်အမှုဆောင် တာဝန်တွေ ယူခဲ့ကြသလို လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP မှာလည်း ပါဝင်ခဲ့ကြပါတယ်။ ကော့မှူးအမတ် မြောင်းမြဘဆွေ ဟာလည်း နိုင်ငံရေး လက်ဟောင်းထဲက ဖြစ်ပါတယ်။ ခရိုင်အဆင့်၊ မြို့နယ်အဆင့် သခင်၊ ဖဆပလနဲ့ လမ်းစဉ်ပါတီဝင်ဟောင်း နိုင်ငံရေးသမားတွေလည်း NLD အမတ်အဖြစ် အရွေးခံခဲ့ရပါတယ်။
နောက် ၁၉၅ဝ၊ ၁၉၆ဝ ပြည့်နှစ်တွေက တက္ကသိုလ်နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တချို့လည်း NLD ကနေ ဝင်အရွေးခံတာကို တွေ့ရပါတယ်။ ခရမ်းဦးတင်မောင်ဝင်း၊ ဘဏ်ဦးအုန်းမောင် စတဲ့ ဒီလက်ဝဲသမားတွေကို စစ်အစိုးရက နှစ်ရှည်ထောင်ချ ခဲ့သလို ထောင်ထဲ မှာပဲ ကွယ်လွန်ခဲ့ကြသူတွေလည်း ရှိပါတယ်။ သမဂ္ဂခေါင်းဆောင်ဟောင်းတွေထဲက သတင်းစာဆရာ ဦးစိုးသိန်းခေါ် မောင်ဝံသလည်း လွှတ်တော်အမတ်ဖြစ်လာပြီး ထောင်အကျဉ်းကျခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu Collection
ပညာရှင်များ
NLD က ရွေးချယ်လိုက်တဲ့ ပညာရှင် ပါမောက္ခတွေထဲမှာ အထင်ရှားဆုံးက ခေတ်စမ်းကဗျာဆရာကြီး မင်းသုဝဏ် ဖြစ်ပါတယ်။ အသက် ၈၁ နှစ်အရွယ် မြန်မာစာပါမောက္ခဟောင်း ဦးဝန်ခေါ် မင်းသုဝဏ်ဟာ အရင်က နိုင်ငံရေးမှာ ပါဝင်တက်ကြွမှု မရှိခဲ့ပေမယ့် သူ့ရဲ့ သပြေညို ကဗျာဟာ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အရေးကြီးတဲ့ လှုံ့ဆော်ကဗျာတပုဒ် ဖြစ်ခဲ့ပါတယ်။ ၁၉၆ဝ ကျော် ကျောင်းသားလှုပ်ရှားမှုတွေ အထိ မင်းသုဝဏ်ဟာ ကဗျာနဲ့ အားပေး ထောက်ခံတာတွေ လုပ်ခဲ့ပါတယ်။ သူ အမတ်အရွေးခံရပြီးနောက်ပိုင်းမှာတော့ သူ့ကလောင်ကို စစ်အစိုးရက ပိတ်ပင်တာ၊ သူ့အမည်ကို စာနယ်ဇင်းမှာ ဖော်ပြခွင့်မပြုတာတွေ လုပ်ခဲ့ပါတယ်။ နောက်ဆုံး အမတ်အဖြစ်က ဖိအားပေး နုတ်ထွက်ခိုင်းခဲ့ပါတယ်။ သူမရှိတဲ့နောက် ၂ဝ၁၆ မှာ သူ့သား ဦးထင်ကျော်က NLD အစိုးရခေတ် သမ္မတ ဖြစ်လာပါတယ်။
တခြားပညာရှင်အမတ်တွေထဲမှာ အမေရိကန်က မဟာဝိဇ္ဇာဘွဲ့ရတဲ့ ပညာရေးတက္ကသိုလ် ပါမောက္ခဟောင်းဦးထွန်းကြွယ်နဲ့ ဂျာမနီက သင်္ချာပါရဂူဘွဲ့ရပြီး သီရိလင်္ကာနဲ့ ကင်ညာမှာ ကထိကလုပ်ခဲ့တဲ့ဒေါက်တာ စိန်ဝင်းတို့ ပါဝင်ပါတယ်။ မန္တလေး အရှေ့တောင်အမတ် ဦးထင်ကျော်ကတော့ နယူးဒေလီမှာ နိုင်ငံတကာရေးရာ ပါရဂူတန်းထိ ဆည်းပူးခဲ့သူ ဖြစ်ပါတယ်။
မန်ချက်စတာ တက္ကသိုလ်က မဟာသိပ္ပံဘွဲ့ရ ကျန်းမာရေးပညာပေး စာအုပ်တွေ ရေးခဲ့တဲ့ ဒေါက်တာအောင်ခင်ဆင့်ဟာလည်း မင်္ဂလာ တောင်ညွန့် လွှတ်တော်အမတ် ဖြစ်ခဲ့ပါတယ်။ ဒေါက်တာအောင်ခင်ဆင့်ဟာ အမျိုးသားညီလာခံကို ဆန့်ကျင်တဲ့ စာရွက်စာတမ်းတွေ ထုတ်မှုနဲ့ ညီလာခံက ထုတ်ပယ် ခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Brendan Smialowski
နောက် ထင်ရှားတဲ့ ပညာရှင်အမတ်တွေထဲမှာ စာရေးဆရာတွေလည်း ပါပါတယ်။ ဘောဂဗေဒအထူးအရာရှိအဖြစ် ဗိုလ်ချုပ်ကြီးနေဝင်း ဆီမှာ အမှုထမ်းဖူးတဲ့ မောင်စူးစမ်းခေါ် ဦးချမ်းအေးလည်း NLD မော်လမြိုင်အမတ်ဖြစ်ပြီး အကျဉ်းကျပြီးနောက် ပြန်နုတ်ထွက်ခဲ့တာကို တွေ့ရပါတယ်။ မကွယ်လွန်ခင် မှာတော့ မောင်စူးစမ်းဟာ စစ်အစိုးရပြဋ္ဌာန်းတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ကျင်းပတဲ့ ရွေးကောက်ပွဲကို တခုတည်းသော ထွက်ပေါက်အဖြစ် တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ ဗန်းမော်က ဦးပုထွေးခေါ် ဗန်းမော်ညိုနွဲ့ဟာလည်း ထင်ရှားတဲ့ ကဗျာဆရာ NLD အမတ်ဖြစ်ပြီး စာရေးသားခွင့် ပိတ်ပင်ခံခဲ့ရလို့ သူ့ကဗျာတွေကို ဘီဘီစီ၊ ဗီအိုအေ ရေဒီယိုတွေကနေ ထုတ်လွှင့်ခဲ့ ပါတယ်။ စာပေ လောက စာအုပ်တိုက် ပိုင်ရှင် သခင်ခင်ညွန့်လည်း NLD ရေနံချောင်းအမတ် ဖြစ်ခဲ့ပြီး အမျိုးသားစာပေဆုရ ကျွန်တော့်သားကြီး သေမင်းနှင့် စစ်ခင်းသူ စာအုပ် ရေးသူ ဒေါက်တာအုန်းမောင်က မိုးမိတ်အမတ် ဖြစ်ပါတယ်။
နောက် NLD မှာ ပါတဲ့ အလွှာတခုကတော့ အရာရှိဟောင်းများနဲ့ ဆရာဝန် ရှေ့နေ အင်ဂျင်နီယာများ ဖြစ်ပါတယ်။ ဒီထဲမှာတော့ ဟားဗတ်တက္ကသိုလ်က မဟာဘွဲ့ရတဲ့ ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း ဦးညွန့်ဝေ၊ အမေရိကန်ပြန် ဗိသုကာ ဦးကျော်မင်း၊ ဒေါက်တာ မြင့်နိုင်၊ ဒေါက်တာဇော်မြင့်မောင်စတဲ့သူတွေ ပါပါတယ်။ အရွေးခံအမတ်တွေထဲမှာ တပ်သားဟောင်း ၄၂ ယောက်၊ အရပ်ဘက် ဝန်ထမ်းဟောင်း ၁၄၅ ယောက်၊ ရှေ့နေ ၅၄ ဦး၊ ဆရာဝန် ၅ဝ နဲ့ အရပ်သား ၁၉၄ ယောက်ပါတယ်လို့ ဦးခင်ကျော်ဟန် စာအုပ်အရ သိရပါတယ်။ ဒီထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ရပ်ရွာမှာ ထင်ရှားတဲ့ လူမှုဝန်ထမ်းသမားတွေလည်း ပါပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SNLD
လူမျိုးစုခေါင်းဆောင်များ
၁၉၉ဝ မှာ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြား လူမျိုးစုပါတီတွေကနေ ရွေးကောက်တင်မြှောက်ခံရတဲ့ အမတ် တွေလည်း ရှိခဲ့ပါတယ်။ ဒီထဲက SNLD ဥက္ကဋ္ဌ ခွန်ထွန်းဦးနဲ့ ALD ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးအေးသာအောင်၊ ဇိုမီးအမျိုးသား ကွန်ဂရက်က ပူကျင့်ရှင်းထန်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့က နိုင်ထွန်းသိန်း စတဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ ပေါ်ထွက် လာပါတယ်။ ဒီခေါင်းဆောင်တွေဟာ NLD နဲ့အတူ ၁၉၉၈ မှာ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP ဖွဲ့ရာမှာလည်း ပါဝင်ခဲ့ကြပါတယ်။ ပါတီ ၁၁ ခုက ကိုယ်စားလှယ် ၂ဝ ပါတဲ့ ဒီကော်မတီက ALD ဥက္ကဋ္ဌ ဒေါက်တာစောမြအောင်ကို လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့ ပါတယ်။ ဒေါက်တာစောမြအောင်ဟာ မန္တလေးဆေးရုံအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဟောင်း ဒေါက်တာတင်မာအောင်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။
အဲဒီအဖွဲ့မှာ အမျိုးသားလူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီက ရိုဟင်ဂျာအမတ် ဦးကျော်မင်းလည်း ပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
အမျိုးသမီးအမတ်များ
NLD လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီးအမတ်တွေပါဝင်ပြီး ၁၅ ယောက် ရှိပါတယ်။ ဒီထဲက ဒေါက်တာ မေဝင်းမြင့်၊ နန်းခင်ထွေးမြင့်၊ ဒေါ်ခင်ဌေးကြွယ်နဲ့ ဒေါ်ခင်စန်းလှိုင် တို့ဟာ ၂ဝ၂ဝ ရွေးကောက်ပွဲအထိ သုံးလေးကြိမ်တိုင် ပြန်လည်တင်မြှောက်ခံရသူ တွေ ဖြစ်ပါတယ်။ စာရေးဆရာမ ရွှေကူမေနှင်းခေါ် ဒေါ်စံမေလည်း ၁၉၉ဝ ရွေးကောက်ပွဲမှာ တင်မြှောက်ခံခဲ့ရပါတယ်။ ဒေါ်စံမေဟာ သူ့ရဲ့ နိုင်ငံရေးအကျဥ်းသူဘဝ အတွေ့အကြုံတွေကို အကျဥ်းစံမိန်းမများ၊ အင်းစိန်မှတ်တမ်း နာမည်တွေနဲ့ ရေးသားထုတ်ဝေခဲ့ပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲရလဒ်တွေကို မြန်မာ့အသံက ကြေညာချိန်က ဆိပ်ကမ်းမြို့နယ်ကိုယ်စားလှယ် ဒေါ်စန်းစန်းအမည်ကနေ စတင် ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hindustan Times
နရသိန်နဲ့မဲဇာ
နဝတ၊ နအဖစစ်အစိုးရခေတ် နိုင်ငံရေးဖိနှိပ်မှုတွေအတွင်း ဒီအမတ်အများစု ရာထူးက နုတ်ထွက်တာ၊ ထုတ်ပယ်ခံရတာတွေ ရှိခဲ့ပါတယ်။ တချို့လည်း အကြောင်းအမျိုးမျိုးနဲ့ ထောင်ချခံခဲ့ရပါတယ်။ ဒီထဲက မင်္ဂလာတောင်ညွန့်အမတ် ဒေါက်တာသန်းအောင်ကို ဆေးထိုးမှားလို့ လူနာသေတယ်ဆိုပြီး အာဏာပိုင်တွေ လက်သပ်မွေးထားတဲ့ ကြံ့ခိုင်ရေးတွေကတိုင်လို့ ထောင် ၁၄ နှစ်ချခံရတယ်လို့ ဦးခင်ကျော်ဟန်ရဲ့ ၁၉၉ဝ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှတ်တမ်း စာအုပ်မှာ ပါပါတယ်။
နောက် အန်စီဂျီယူဘီခေါ် အဝေးရောက်ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ထိုင်းနယ်စပ်ကို အမျိုးသားဒီမိုကရေစီပါတီအမတ် ဒေါက်တာစိန်ဝင်းနဲ့ အမတ်တချို့ ထွက်သွားခဲ့ကြပါတယ်။ ဒီထဲက အမတ်တချို့နဲ့ အိန္ဒိယရောက် ဒေါက်တာတင့်ဆွေတို့ဟာ အဝေးရောက်အစိုးရ ဝန်ကြီးတွေ ဖြစ်လာကြပါတယ်။ ဒီဝန်ကြီး တွေထဲက ရေဦးအမတ် ဦးဝင်းကို ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့က ဟိုတယ်တခုမှာ ၁၉၉၃ က သတ်ဖြတ်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ အဝေးရောက်အစိုးရ မှေးမှိန်သွား ပေမယ့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းဟာ မြန်မာပြည်ကို အစ်မဝမ်းကွဲဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လက်ထက် ၂ဝ၁၉ ကျမှ ပြန်လာလို့ ရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jonas Gratzer
စန္ဒဂုတ်တိုက်စစ်
အမတ်တွေ NLD ပါတီက နုတ်ထွက်ပယ်ဖျက် ခံရတာတွေ ရှိသလိုပဲ NLD ထဲက အမတ်တွေ သဘောကွဲပြီး ထွက်တာတွေလည်း ရှိပါတယ်။ ဒီလိုထွက်တဲ့အထဲက ဝံသာနု NLD ထောင်သူ ရှိသလို တသီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် အမျိုးသားညီလာခံ ဆက်တက်တဲ့ မင်္ဂလာဒုံက ဦးတင်ထွန်းမောင်လိုလူတွေလည်း ရှိပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံအတည်ပြုပြီးနောက်မှာတော့ အမတ်တွေကြား သဘောကွဲမှုတွေ ပိုများလာပါတယ်။ နအဖအစိုးရလုပ်တဲ့ ရွေးကောက်ပွဲ ကို ဝင်ပြိုင်လိုသူတွေက NDF အမျိုးသားဒီမိုကရေစီအင်အားစုအမည်နဲ့ ပါတီသစ် ထောင်ပါတယ်။ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့် ၊ ဦးစိန်လှဦး စတဲ့ NLD ထဲက ဒုတိယတန်းခေါင်းဆောင်တွေ ပါတီသစ်ကို ရောက်သွားပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ပြိုင် ပေမယ့်လည်း ၁၆ နေရာပဲ ရကာ ကြံ့ခိုင်ရေးကပဲ အများစု နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jonas Gratzer
ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဦးဉာဏ်ဝင်းစတဲ့ မှာ ကျန်ခဲ့သူများကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးနောက်ပိုင်း NLD ပါတီ ပြန်မှတ်ပုံတင်ပြီး ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရာကနေ လွှတ်တော်ထဲ ရောက်လာခဲ့ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲ အပြတ်အသတ် နိုင်ပြီးနောက် NLD အစိုးရ ဖွဲ့နိုင်ခဲ့ပေမယ့်လည်း ၂ဝ၂ဝ ရွေးကောက်ပွဲမှာတော့ မဲစာရင်းကိစ္စ အငြင်းပွားရာကနေ လွှတ်တော် စမယ့်နေ့မှာ တပ်အာဏာသိမ်းတာကို ခံရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Peter Charlesworth
အမတ်ပြန်ပေးဆွဲ
နှစ် ၃ဝ ကျော်ခဲ့ပေမယ့် ၁၉၉ဝ က လွှတ်တော်မခေါ်နိုင်ခဲ့တဲ့ဖြစ်ရပ်က မြန်မာ့နိုင်ငံရေးမှာ ရိုက်ခတ်ဆဲ ဖြစ်ပါတယ်။ မကြာခင်က ဖြစ်တဲ့ ရွေးကောက်ပွဲအငြင်းပွားမှုတွေနဲ့ အာဏာသိမ်းပွဲကြောင့်လည်း အရပ်သားနိုင်ငံရေးမှာ တပ်က ဝင်ပြီးချုပ်ချယ်တာတွေ ပိုဆိုးလာလေ မလား ဆွေးနွေးစရာတွေ ဖြစ်နေပြန်ပါတယ်။
၁၉၉၆ က NLD ပါတီအစည်းအဝေးအတွက် အမတ်တွေကို ရန်ကုန်ခေါ်ရာမှာ ၂၃၈ ယောက် အဖမ်းခံခဲ့ရပါတယ်။ စင်ပြိုင်အစိုးရ ဖွဲ့မှာ စိုးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးလှုပ်ရှားမှုရှိတိုင်း အမတ်တွေကို နယ်က တပ်စခန်းတွေမှာ ခေါ်ယူထိန်းသိမ်းတာတွေကြောင့် လည်း နုတ်ထွက်တာတွေ ဖြစ်ခဲ့ပါတယ်။ သုံးနှစ်ထိ ထိန်းသိမ်းခံရတဲ့ အမတ်တွေတောင် ရှိခဲ့ပါတယ်။ နောက် အမတ်မိသားစုတွေကို ဖိအားပေးတာနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပင်တာတွေလည်း ရှိခဲ့ပါ တယ်။ ဒီလို အစဉ်အလာရှိခဲ့တဲ့အတွက် ၂ဝ၂ဝ ရွေးကောက်ပွဲက အမတ်တွေကို စစ်အစိုးရသစ်က ဘယ်လိုသဘောထားမလဲ ပူပန်စရာ ဖြစ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KHIN MAUNG WIN
တခါ အမတ်တွေကို အယုံအကြည်မရှိကြောင်း ထောက်ခံပွဲတွေလုပ်တာ၊ လက်မှတ်ကောက်တာတွေကိုလည်း အရင်စစ်အစိုးရခေတ် တလျှောက်မှာ တွေ့ခဲ့ရပါတယ်။ အာဏာပိုင်တွေဟာ ကိုယ်အလိုမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လျစ်လျူရှုလိုက်၊ လိုချင်တဲ့ ရလဒ် ဖြစ်လာနိုးနိုးနဲ့ အသစ်ပြန်လုပ်လိုက် လုပ်နေရင် တိုင်းပြည်အနာဂတ်ကို ကလေးကစားရာ ရောက်မယ်ဆိုပြီး ဒေါ်အောင်ဆန်း စုကြည် ကလည်း ၁၉၉၈ က ပြောခဲ့ဖူးပါတယ်။ ရွေးကောက်ပွဲ လုပ်ပြီး လွှတ်တော်မခေါ်ပေးတဲ့ဖြစ်ရပ်၊ ဖျက်သိမ်းပစ်တဲ့ ဖြစ်ရပ်တွေဟာ ဒီမိုကရေစီအသားမကျတဲ့ နိုင်ငံတွေရဲ့ အားနည်းချက်ဖြစ်ပြီး နိုင်ငံတည်ငြိမ်မှုကိုလည်း ထိခိုက်စေပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲအတွက် ပါတီ မှတ်ပုံတင်ခွင့်ရ ၂၃၆ ဖွဲ့ရှိပြီး တဖြည်းဖြည်း ဖျက်သိမ်းမှုနဲ့ အဖျက်ခံရမှုတွေကြောင့် နောက်ဆုံးမှာ ဆယ်ပါတီပဲ ကျန်ရစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, STR








