"စစ်တပ်က ဒီစစ်ပွဲကို ဘယ်တော့မှ နိုင်မှာ မဟုတ်ပါဘူး။ အချိန် ဘယ်လောက်ဆက်ကြာမလဲဆိုတာပဲ ရှိပါတယ်" - ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ် အဲရစ် (ခ) ကိုထိန်လင်း

မိခင်ရဲ့ မွေးနေ့မှာ အမှတ်တရစကားပြောချင်တဲ့ ကိုထိန်လင်း

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်မှာ အသက် ၇၈ နှစ်ပြည့်ပါပြီ။ ဒါပေမဲ့ စစ်ကောင်စီက တရားစွဲထောင်ချထားလို့ နေပြည်တော်က အကျဥ်းထောင်ထဲမှာ သူ့ရဲ့မွေးနေ့ကို တစ်ယောက်တည်း ဖြတ်သန်းနေရပါတယ်။ အကျဉ်းကျနေတဲ့ မိခင်နဲ့ ပတ်သက်လို့ ဘယ်လို အမှတ်တရတွေရှိနေလဲ၊ မွေးနေ့မှာ မှတ်မှတ်ထင်ထင် မိခင်ကို ပြောချင်နေတဲ့စကားတွေရှိနေလား၊ သားအမိ ပြန်ဆုံနိုင်မယ့်မျှော်လင့်ချက်ကရော၊ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ် အဲရစ် (ခ) ကိုထိန်လင်းကို လန်ဒန်မြို့က ဘီဘီစီ စတူဒီယိုထဲကို ဖိတ်ခေါ်ပြီး မစန္ဒာဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားတာကို ဖတ်ရှုနိုင်ပါတယ်။

ဘီဘီစီ။ ။ ကိုထိန်လင်း အနေနဲ့ အမေနဲ့ နောက်ဆုံး ဘယ်တုန်းကတွေ့ခဲ့ကြတာလဲ

ကိုထိန်လင်း။ ။ ကျွန်တော် မေ့မေ့ကို နောက်ဆုံးတွေ့တာက ၂၀၁၆ တုန်းက သူ ယူကေကို လာတုန်းကပါ။ ဆိုတော့ မတွေ့တာ အတော်ကြာနေပါပြီ။ အဲဒီကတည်းက မေ့မေ့ကို တွေ့ဖို့ရော၊ စကားပြောဖို့ပါ အခွင့်အလမ်းက မရှိသလောက် နည်းသွားတယ်။ မြန်မာနိုင်ငံတွင်းမှာ သူ့အလုပ်တွေ အတော်များနေတာကြောင့် ဖြစ်ပါတယ်။

ဘီဘီစီ။ ။ အဲဒီအချိန်တုန်းက အမေဟာ တစ်ချိန်မှာ ဒီလိုမျိုး တရားစွဲထောင်ချခံတာတွေနဲ့ ကြုံရမယ်ဆိုတာ တွေးမိခဲ့ဖူးလား။

ကိုထိန်လင်း။ ။ အင်း အဲဒီအချိန်တုန်းကတော့ မြန်မာနိုင်ငံမှာက အခြေအနေတွေ ပိုကောင်းလာနေတဲ့အချိန်ပါ။ နိုင်ငံအတွက် မျှော်လင့်ချက်တွေလည်း အများကြီး ရှိနေတယ်။ ဒီလိုတွေ မကြာခင် ဖြစ်လာမယ်လို့ အဲဒီအချိန်တုန်းကတော့ မထင်ခဲ့ပါဘူး။ ဒါပေမဲ့ မြန်မာပြည်နဲ့ပတ်သက်ရင် ကျွန်တော့်အနေနဲ့က ဘာမှ ကြိုပြီး ခန့်မှန်းတွက်ချက် မထားသင့်ဘူးဆိုတာ လေ့လာသင်ယူထားပါတယ်။ ကျွန်တော့်ဘဝတစ်လျှောက်လုံး မြန်မာပြည်ရဲ့ အတက်အကျတွေကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် အများကြီး မျှော်လင့် မထားဖို့ ကြိုတင် ပြင်ဆင်ထားခဲ့တယ်။ ဆိုတော့ ကျွန်တော့်အနေနဲ့ ဒီအခြေအနေကို မျှော်လင့်မထားဘူးလို့ ပြောလို့ရသလို မမျှော်လင့် မထားဘူးလို့လည်း မဆိုနိုင်ပါဘူး။

ဘီဘီစီ။ ။ ကျွန်မသိသလောက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကိုထိန်လင်း အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ်ရဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတယ်ဆိုတော့ ၊ ဘယ်လိုနည်းနဲ့ ကြိုးစားခဲ့တာလဲ ၊ ဘယ်လိုရလဒ်တွေ ရခဲ့လဲ။

ကိုထိန်လင်း။ ။ ကျွန်တော် ဘာရလဒ်မှ မရခဲ့ပါဘူး။ မြန်မာစစ်တပ်က ကျွန်တော့်ရဲ့ မေးမြန်းစုံစမ်းမှုတွေကို ဘာမှ အကြောင်းမပြန်ပါဘူး။ ကျွန်တော်ဟာ ဗြိတိန်နိုင်ငံခြားရေးရုံးက တစ်ဆင့် ဆက်သွယ်ခဲ့သလို လန်ဒန်မှာရှိတဲ့ မြန်မာသံရုံးကိုလည်း တိုက်ရိုက်ဆက်သွယ်ခဲ့ပါတယ်။ နောက်ပြီး နိုင်ငံတကာကြက်ခြေနီအဖွဲ့ကနေလည်း ဆက်သွယ်ခဲ့ပါတယ်။ ရလဒ်ကတော့ အတူတူပါပဲ။ ဘယ်လိုအဖြေမှ လုံးဝ မရခဲ့ပါဘူး။

ဘီဘီစီ။ ။ ကိုထိန်လင်းလည်း တွေ့မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စုစုပေါင်း ၁၉ မှုနဲ့ တရားစွဲထားပြီး ထောင် ၃၃နှစ် ချထားတော့ သားတစ်ယောက် အနေနဲ့ ၊ အမေ့အကြောင်း ကိုလည်း ကောင်းကောင်းသိသူ တစ်ယောက် အနေနဲ့ သူ့အပေါ် စွဲဆိုထားချက်တွေအပေါ် ဘယ်လို မြင်လဲ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကိုထိန်လင်း။ ။ သေချာတာကတော့ ဒီစွဲချက်တွေအပေါ် ကျွန်တော် စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ ဒီစွဲချက်တွေက လုံးဝ လိမ်ညာမှုတွေပဲ ဖြစ်လို့ ကျွန်တော် အလေးအနက်တော့ မထားပါဘူး။ ဒီတရားရေးစနစ်ဟာ လူတွေက တရားမျှတမှုလို့ ယူဆကြတဲ့ စနစ်နဲ့က ကိုက်ညီမှုမရှိပါဘူး။ ဒါကြောင့် ဒီစွဲချက်တွေကို ဂရုမထားပါဘူး။

ဘီဘီစီ။ ။ အခုတလော ကိုထိန်လင်းကို ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လန်ဒန်က ဆန္ဒပြပွဲတွေမှာ တွေ့ရလေ့ရှိတယ်နော်၊ အရင်က အခုလောက် တက်တက်ကြွကြွ မရှိဘဲ အခုမှ ဆန္ဒပြပွဲတွေ တက်လာတာ ဘာကြောင့်လဲ။

ကိုထိန်လင်း။ ။ အရင်တုန်းကတော့ ကျွန်တော်က မီဒီယာကို စကားပြောဖို့ ဆန္ဒမရှိခဲ့သလို ဒီလိုကိစ္စတွေမှာ အများကြီး မပါဝင်ခဲ့ပါဘူး။ မေမေကလည်း ကျွန်တော့်ကို နိုင်ငံရေးထဲ မဝင်စေချင်သလို ကျွန်တော်လည်း နိုင်ငံရေးနဲ့ ကင်းအောင် နေခဲ့ပါတယ်။ ကျွန်တော် တစ်ခုခု ပြောလိုက်လို့၊ ကျွန်တော်ပြောလိုက်တာကို တလွဲအဓိပ္ပာယ်ကောက်လိုက်လို့ မေမေ ပိုဒုက္ခရောက်မှာလည်း မလိုလားပါဘူး။ ဒါကြောင့် ကင်းကင်းနေတာက အကောင်းဆုံးပဲလို့ ထင်ခဲ့ပါတယ်။ အခုတော့ မေမေလည်း ထောင်ချခံရပြီးပြီ။ စစ်တပ်ကလည်း ဆင်ခြင်တုံတရားမရှိတာ ထင်ရှားပါတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာ ပြောသင့်ပြီ ထင်ပါတယ်။ မြန်မာပြည်အကြောင်းက သတင်းတွေထဲမှာလည်း အများကြီးမပါတော့ ကျွန်တော်ပြောချင်တဲ့ စကားကို လူတွေပိုသိအောင် ကျွန်တော် တတ်နိုင်သလောက် လုပ်ရပါတယ်။ ကျွန်တော့်မေမေ ထောင်ထဲမှာပဲ မှေးမှိန်အားနည်းသွားတဲ့အထိ မဖြစ်မခံနိုင်ဘူး။ ဒီအခြေအနေကို ကမ္ဘာကြီးက သိအောင်လုပ်ဖို့ဆိုရင် ကျွန်တော် အကောင်းဆုံးကြိုးစားပြီး တစ်ခုခု မပြောဘဲ နေလို့ မရပါဘူး။

ဘီဘီစီ။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ နဲ့ အခက်အခဲ ကြုံနေတဲ့ မြန်မာနိုင်ငံ ကို ကူညီဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဘာတွေ လုပ်သင့်တယ် ထင်လဲ။

ကိုထိန်လင်း။ ။ ကျွန်တော့်မေမေနဲ့ တခြားနိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ဖို့အတွက် ပထမဆုံးက မြန်မာစစ်တပ်အပေါ် အဓိပ္ပာယ်ရှိတဲ့ ဖိအားပေးမှုတွေ စလုပ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ တစ်ချိန်တည်းမှာပဲ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအပေါ် အကူအညီတွေ သေသေချာချာ ပေးသင့်ပါတယ်။ နိုင်ငံတကာအနေနဲ့ အထူးသဖြင့် အစိုးရတွေအနေနဲ့ မြန်မာ့အရေး စတင်လုပ်ဆောင်ဖို့ လိုနေပါပြီ။ အဲဒီထဲမှာ မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှု ပိတ်ပင်တာတွေ သေသေချာချာ လုပ့်လိုပါတယ်။ နောက်ပြီး မြန်မာစစ်တပ်ကို တွန်းလှန်တိုက်ခိုက်သူတွေကိုလည်း အထောက်အပံ့ပေးသင့်ပါတယ်။

ဘီဘီစီ။ ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာဖို့ ကိုထိန်လင်း အနေနဲ့ ဘယ်လောက် မျှော်လင့်ထားလဲ

ကိုထိန်လင်း။ ။ ကျွန်တော့်မေမေ ထောင်ထဲမှာ အကြာကြီးမနေရလောက်ဘူးလို့တော့ ကျွန်တော် မျှော်လင့်ချက် ကြီးကြီးမားမား ထားထားပါတယ်။ တစ်နှစ် နှစ်နှစ်လောက်တော့ ဖြစ်ကောင်းဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က ဒီလောက်အကြာကြီး ဆက်ရှိမယ်လို့ ကျွန်တော်မယုံပါဘူး။ စစ်တပ်က ဒီစစ်ပွဲကို ဘယ်တော့မှ နိုင်မှာ မဟုတ်ပါဘူး။ အချိန် ဘယ်လောက်ဆက်ကြာမလဲဆိုတာပဲ ရှိပါတယ်။ သူတို့သိသင့်တာက ကျွန်တော့်မေမေနဲ့ ဒီမိုကရေစီနည်းကျရွေးကောက်ခံထားရတဲ့ အစိုးရကို အာဏာပြန်လွှဲပေးလိုက်ရင် မြန်မြန်လွှဲလေ တိုင်းပြည်မှာ တိုးတက်မှုတွေက ပြန်ပြီး မြန်မြန်ဖြစ်ထွန်းလေ ဖြစ်လာမှာပါ။

ဘီဘီစီ။ ။ တကယ်လို့များ ကိုထိန်လင်း အမေနဲ့ အတူ အခုလို သူ့မွေးနေ့မှာ အတူရှိနေမယ် ဆိုရင် ဘယ်လို ဖြတ်သန်းဖြစ်ကြမလဲ ၊

ကိုထိန်လင်း။ ။ ကျွန်တော့်မေမေနဲ့ အတူရှိနေတဲ့အချိန်တိုင်းက ထူးခြားတဲ့အချိန်တွေပါပဲ။ ဒီအချိန်တွေကို ဘယ်လို ဖြတ်သန်းမလဲဆိုတာက အရေးမကြီးပါဘူး။ မေမေနဲ့ အတူရှိနေဖို့ကပဲ အရေးကြီးဆုံးပါ။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဘီဘီစီ။ ။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက် မွေးနေ့မှာ အမေ့ကို ဘာပြောချင်လဲ။

ကိုထိန်လင်း။ ။ အင်း ကျွန်တော် မေ့မေ့ကို ပြောစရာတွေက အများကြီးရှိပါတယ်။ သေချာတာကတော့ A Very Big Happy Birthday ဆိုပြီး ပျော်ရွှင်စရာအကောင်းဆုံး မွေးနေ့ဖြစ်ပါစေလို့ ပြောဖြစ်မယ်။ နောက်ပြီး မေ့မေ့ကို ကျွန်တော်ပြောချင်တာက သူ ဒုက္ခအများကြီး ရောက်အောင် မနေတော့ဖို့ ပြောချင်တယ်။ ဒါပေမဲ့ သူက အဲဒီလိုနေတဲ့နေရာမှာ တော်တယ်။ ဒါနဲ့ပတ်သက်ရင် မေမေကတော့ ကျွန်တော့်စကားကို နားထောင်မှာ မဟုတ်ပါဘူး။ သူစခဲ့တဲ့ အလုပ်အတွက် အမြဲ ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ အဲဒီလိုလုပ်မယ်ဆိုတာကိုတော့ ကျွန်တော်ယုံတယ်။

ဘီဘီစီ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းထောင်ထဲမှာ ကောင်းကောင်း နေမကောင်းဘူးဆိုတဲ့ သတင်းတချို့လည်းထွက်တယ်။ အတည်တော့မပြုနိုင်ပါဘူး။ အဲဒီသတင်းတွေနဲ့ ပတ်သက်လို့ ကိုထိန်လင်း ဘယ်လို ခံစားရလဲ။

ကိုထိန်လင်း။ ။ မေမေ နေမကောင်းဘူးဆိုတဲ့သတင်းတွေ ကျွန်တော်လည်း မကြာမကြာ ကြားမိပါတယ်။ နောက်ပြီး သူ့ကို ထိန်းသိမ်းထားတဲ့ အခြေအနေကလည်း မကောင်းဘူးလို့ ကြားတယ်။ သူ့ကို နေပြည်တော်က ဘယ်နေရာမှာထားမှန်း တိတိကျကျမသိပေမဲ့ တခြားအကျဥ်းသားတွေနဲ့ ခွဲထားတယ်လို့ ကြားရတယ်။ ဒါက တစ်ဦးတည်း တိုက်ပိတ်ထားသလိုမျိုးပါပဲ။ ဒါပေမဲ့ မေမေကတော့ သူနေကောင်းပါတယ်လို့ ကျွန်တော့်ကို အမြဲပြောခဲ့တယ်။ မေမေက စိတ်ဓာတ်ကြံ့ခိုင်တော့ သူနေကောင်းပါတယ်လို့ပဲ ပြောမှာပဲ။ ဒါပေမဲ့ ဘာက အမှန်လဲဆိုတာ သိဖို့က ခက်တယ်။

ဘီဘီစီ။ ။ ကိုထိန်လင်း ၂၀၁၀ လောက်တုန်းက မြန်မာပြည်သွားတော့ အမေ့အတွက် ခွေးလေးတစ်ကောင် လက်ဆောင် ပေးခဲ့ဖူးတယ်နော် ၊ အဲဒီ ခွေးလေး တိုင်ချီတိုကို ဒေါ်အောင်ဆန်းစုကြည်ကသိပ်ချစ်တဲ့ အကြောင်းလည်း ကျမတို့ ကြားရတယ်၊ အဲဒီတုန်းက ဘာစိတ်ကူးနဲ့ ပေးခဲ့တာလဲ။

ကိုထိန်လင်း။ ။ ကျွန်တော် ရန်ကုန်မှာရှိတုန်းက တိုက်ချီတိုကို စျေးတစ်ခုမှာ တွေ့လို့ ဝယ်ခဲ့တာပါ။ လှောင်အိမ်ထဲမှာ တခြားခွေးလေးတွေက အိပ်နေချိန်မှာ သူတစ်ကောင်ပဲ နိုးနေတယ်။ အဲဒါနဲ့ သူ့ကို အိမ်ခေါ်ခဲ့တာပါ။ အဲဒီကတည်းက သူက မေမေရဲ့ သစ္စာရှိတဲ့ အဖော် ဖြစ်လာတယ်။ ကျွန်တော်ထင်တယ် ခွေးတွေက လူတွေထက် ပိုသစ္စာရှိတယ်ထင်တယ်။ ကျွန်တော်တို့မှာ အရင်က ခွေးတွေ မွေးခဲ့ဖူးတယ်။ အဲဒီထဲမှာ ထူးခြားတဲ့ နောက်တစ်ကောင်ကတော့ ပတ်ပီဆိုတဲ့ ခွေးလေးပါ။ အဲဒီခွေးလေးက ၁၈ နှစ်ထိ အသက်ရှည်ခဲ့တယ်။ သူကလည်း ကျွန်တော့်အမေကို ပြင်းပြင်းထန်ထန် ကာကွယ်ပေးခဲ့ဖူးတယ်။ ကျွန်တော်က ခွေးတွေအကြောင်း အဲဒီလို သိခဲ့တာပါ။ ဒါကြောင့် မေ့မေ့အတွက် အဲဒီခွေးလေးကို ဝယ်ပေးခဲ့တာ။

(သူ့တီရှပ်အင်္ကျီပေါ် ရိုက်နှိပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ခွေးလေးပုံ ပြရင်း)

ဒီပုံဆိုရင် နေပြည်တော်မှာ သူတို့အတူတူရှိနေကြတဲ့အချိန်လို့ ထင်တယ်။ မေမေ့ရဲ့ ရှားပါးတဲ့ အားလပ်ချိန်တစ်ခုမှာ ခွေးလေးနဲ့အတူ ရှိနေတာပါ။ မေမေဟာ တိုက်ချီတိုနဲ့ ရန်ကုန်မှာ မကြာခင် ပြန်ဆုံမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အသေအချာတော့ မသိနိုင်ပေမဲ့ မြန်မာပြည်က လာတဲ့သတင်းတစ်ခုမှာတော့ သူ့ကို ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း ပြန်ထားမလား။ နေပြည်တော်က ထောင်ထဲမှာပဲ ဆက်ထားမလားဆိုပြီး ဖြစ်နေတယ်။ စောင့်ကြည့်ရမှာပါပဲ။

ဘီဘီစီ။ ။ အခုကော တိုင်ချီတိုနဲ့ ပတ်သက်လို့ ကိုထိန်လင်း ဘာသတင်းကြားသေးလဲ ။

ကိုထိန်လင်း။ ။ အများကြီးတော့ မကြားရဘူး။ ဒါပေမဲ့ သူက ကျန်းမာရေးကောင်းတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ အသက်ကြီးလာလို့ မျက်လုံးမကောင်းဘူးတဲ့။ သူ့ကို အင်္ဂလန်ကို ခေါ်လာချင်ပေမဲ့ သူ့အသက်ကြောင့် ခရီးအဝေးကြီးသွားဖို့ မဆင်မပြေလောက်ဘူး။ ဒါပေမဲ့ မေမေနဲ့ တိုက်ချီတို တို့ တက္ကသိုလ်ရိပ်သာလမ်းအိမ်မှာ မကြာခင် ပြန်ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်။

ဘီဘီစီ။ ။ ကျေးဇူးအများကြီးတင်ပါတယ် ကိုထိန်လင်း၊ ဘီဘီစီ စတူဒီယိုထဲအထိလာပြီး အင်တာဗျူးပေးတာ ကျေးဇူးပါ၊ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ပြန်လွတ်လာဖို့ကိုလည်းမျှော်လင့်ပါတယ်။

ကိုထိန်လင်း။ ။ ကျေးဇူးတင်ပါတယ် မစန္ဒာရေ။ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေအပေါ် ကျွန်တော်ရဲ့အမြင် တချို့ ပြောပြခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မြန်မာပြည်မှာ နောက်ထပ် သွေးချောင်းစီးမှုတွေ အများကြီး မဖြစ်စေဘဲ အချိန်မနှောင်းခင် အမြန်ဆုံးဖြေရှင်းနိုင်စေဖို့ မျှော်လင့်ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images