"ကျောင်းက ဆရာမတိုင်း စိတ်ပူ သောကရောက်နေကြတယ်"

၂၀၂၀ ရွေးကောက်ပွဲကာလ မဲရေတွက်နေကြတဲ့ပညာရေးဝန်ထမ်းတွေ၊ မဲရုံစောင့်တစ်ဦးနဲ့ အမျိုးသားတစ်ယောက် မဲစာရင်းကို ခါးကုန်း ကျောပေးကြည်နတေဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြစ်နေချိန် ပြုလုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲနဲ့ဆက်နွှယ်ပြီး လုံခြုံရေးအတွက် စိုးရိမ်သောက ပိုကြီးလာသူတွေ ရှိနေပါတယ်။

ရွေးကောက်ပွဲဖြစ်မြောက်ချင်တဲ့စစ်တပ်က ရွေးကောက်ပွဲအကာကွယ်ပေးရေးဥပဒေနဲ့ လူရာကျော်ကို အမှုဖွင့်အရေးယူထားပါတယ်။ အဲဒီဥပဒေပါ ပုဒ်မတွေရဲ့အမြင့်ဆုံးပြစ်ဒဏ်တွေကို လည်း ခပ်မြန်မြန်ချမှတ်နေပါတယ်။

တော်လှန်ရေးဘက်ကလည်း ရွေးကောက်ပွဲဖြစ်မြောက်ရေးမှာ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူမယ့် ဥပဒေတစ်ရပ်ကို မကြာခင်ကပဲ ထုတ်ပါတယ်။

မဲရုံတာဝန်ကျမယ့် ပညာရေးဝန်ထမ်းအချို့ကတော့ ဒီလိုအခြေအနေတွေကြောင့် အခုကာလမှာ သူတို့ရဲ့ ပူပန်မှု အမြင့်ဆုံးလို့ ဆိုကြပါတယ်။

"ကျွန်မတစ်ယောက်တည်း စိတ်ပူနေတာမဟုတ်ဘူး။ ကျောင်းက ဆရာမတိုင်း စိတ်သောကရောက်နေတာ" လို့ မွန်ပြည်နယ်က မဲရုံတာဝန်ကျမယ့် ဆရာမ ဒေါ်စံပယ်က ပြောပါတယ်။

ဘီဘီစီက စကားပြောခဲ့သူတွေရဲ့တုံ့ပြန်ချက်အရ ဒီလိုသောကနဲ့ ဖိအားတွေဟာ မဲရုံစောင့်မယ့်သူတွေတင်မကပါဘူး။ မဲဆန္ဒရှင်အချို့အပေါ်မှာပါ သက်ရောက်နေပါတယ်။

ပါတီရုပ်ပုံနဲ့ နာမည်တွေ ပါတဲ့ မဲစာရွက်ကို ထောင်ပြနေတဲ့ မက်စ်တပ်ထားတဲ့ အမျိုးသမီးတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ဆန္ဒမဲရေတွက်နေတဲ့ ဆရာမတစ်ဦး (ပုံဟောင်း)

လုံခြုံရေးအာမခံချက်နဲ့ မဲရုံတာဝန်ကျမယ့်သူရဲ့စိုးရိမ်ချက်

မဲပေးနေတဲ့အမျိုးသမီးနဲ့ ဘေးဘယ်ယာမှာရပ်နေတဲ့ အမျိုးသားတစ်ဦးနဲ့ ရဲတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတုန်းက မဲပေးနေတဲ့အခြေအနေ(ပုံဟောင်း)

ဒေါ်စံပယ်က ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံတာဝန်ကျခဲ့ဖူးတဲ့ ပညာရေးဝန်ထမ်းဖြစ်ပါတယ်။

"စိတ်ခံစားချက်က အရင်ကနဲ့မတူတော့ဘူးပေါ့။ တာဝန်ဆိုတော့ ရှောင်လို့လည်းမရဘူးလေ" လို့ သူက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကတော့ ဒီရွေးကောက်ပွဲမှာ ပညာရေးဝန်ထမ်း ဘယ်လောက်သုံးသွားမယ်ဆိုတာကို အတိအကျ ထုတ်ပြန်တာမရှိသေးပါဘူး။

၂၀၂၀ ရွေးကောက်ပွဲမှာတော့ မဲရုံ ၃၉,၀၀၀ ကျော်အတွက် ပညာရေးဝန်ထမ်း တစ်သိန်းခွဲက တာဝန်ယူခဲ့ကြပါတယ်။

ဒေါ်စံပယ်တို့ကျောင်းမှာလည်း ဆရာ၊ ဆရာမ အားလုံးနီးပါး မဲရုံတာဝန်ကျကြမှာဖြစ်ပါတယ်။

"၉၀ ရာခိုင်နှုန်းကျော်‌လောက်က မဲရုံတာဝန်ကျတယ်။ အသက်ကြီးပြီး ပင်စင်ယူရခါနီး သုံးလေး ယောက်ပဲ မပါတာ။ အရေးပေါ်ခွဲစိတ်ရမယ့်သူတောင် ခွင့်တင်တာ ရမရ အခုထိ အကြောင်းမပြန်သေးဘူး" လို့ ဒေါ်စံပယ်က ပြောပါတယ်။

ပညာရေးဝန်ထမ်းတွေအတွက် မဲရုံတာဝန်က ငြင်းဆန်ခွင့်မရှိသလို တစ်ဖက်မှာလည်း ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ရင် အရေးယူမယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ချက်တွေ ရှိနေပါတယ်။

မွန်၊ ကရင်နဲ့ တနင်္သာရီထဲက ပညာရေးဝန်ထမ်း ၁၅ ဦးထက်မနည်းကို ရွေးကောက်ပွဲမှာ မပူးပေါင်းဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးသတိပေးခဲ့တာကို မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းနဲ့ စစ်တပ်ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

"လုံခြုံရေးကို အာမခံတယ်လို့တော့ ပြောထားတာမရှိဘူး။ သင်တန်းတက်တဲ့နေ့မှာ ယူနီဖောင်း မဝတ်လာနဲ့။ လမ်းမှာ မဲရုံသင်တန်းသွားတယ်မပြောနဲ့လို့ သတိပေးတာလောက်ပဲရှိတယ်" လို့ ဒေါ်စံပယ်က ပြောပါတယ်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းရဲ့ စစ်တမ်းကောက်ယူချက်အရ ဖမ်းဆီးခံရတဲ့ ပညာရေးဝန်ထမ်းတွေက ပြန်လည်လွတ်မြောက်လာပေမဲ့ ရပ်/ကျေးဝန်ထမ်းတွေကတော့ ခြိမ်းခြောက်ခံရတာထက်ကျော်လွန်ပြီး သတ်ဖြတ်ခံရတာရှိတယ်လို့ စီမံကိန်းဒါရိုက်တာ နိုင်အဲမွန်က ပြောပါတယ်။

မွန်ပြည်နယ်ထဲက မုဒုံ၊ ကျိုက်မရောနဲ့ ချောင်းဆုံမြို့နယ်အပါအဝင် မြို့နယ် ၇ ခုထက်မနည်းမှာ မဲစာရင်းလာကြည့်ဖို့ ရပ်/ကျေးတွေက လိုက်ဆော်သြနေကြပါတယ်။

"နေ့တိုင်းနီးပါးကို လိုက်ဆော်သြတာရှိတယ်။ ချောင်းဆုံဘက်ဆိုရင် မဲစာရင်းကိုင်ပြီး အိမ်ပေါ်အထိ တက်ပြီး အတင်းကြည့်ခိုင်းတယ်" လို့ နိုင်အဲမွန်က ပြောပါတယ်။

ဒီဇင်ဘာ ၈ ရက်က မုဒုံမြို့နယ်၊ နိုင်လုံကျေးရွာက ယာယီအုပ်ချုပ်ရေးမှူးနဲ့ ကော်မတီဝင်တစ်ဦး အသတ်ခံခဲ့ရပါတယ်။

ဒီမတိုင်ခင် ရှေ့ ၂ ရက်ကလည်း တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာက စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီအားပေးသူတွေကို အရေးယူခဲ့တယ်လို့ ပုလော PDF က ထုတ်ပြန်ပါတယ်။

ကျောက္ကာကျေးရွာနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ဥက္ကဋ္ဌ ဦးကြည်သန်းနဲ့ ကျောက္ကာရွာ အုပ်ချုပ်ရေးမှူး ဒေါ်ပင့်ယော့ (ခ) ဒေါ်စန်းစန်းမူရဲ့ လက်ထောက်ဖြစ်သူ မချိုတို့ကို ဖမ်းဆီးရာမှာ လက်နက်နဲ့ခုခံတဲ့ ဦးကြည်သန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပဲခူးတိုင်း၊ နတ်တလင်းနယ်ထဲမှာလည်း နတ်တလင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၃၈၀၁) တပ်ခွဲ (၃) က စစ်တပ်ရွေးကောက်ပွဲမှာ မဲရုံစောင့်ရမယ့် ပညာရေးဝန်ထမ်းနဲ့ ရပ်ကျေးတွေကို ပူးပေါင်းပါဝင်တာမလုပ်ဖို့ သတိပေးနေပါတယ်။

နိုဝင်ဘာ ၁၁ ရက်က ကြို့ပင်ကောက်မြို့နယ်၊ စစ်ကုန်းရွာက မဲရုံမှူး ဆရာမတစ်ဦးကို သတိပေးပြီးတဲ့နောက် အဲဒီဆရာမက တာဝန်က နုတ်ထွက်သွားတယ်လို့ နတ်စစ်သည်လို့ နာမည်ပေးထားတဲ့ အဲဒီအဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။​

"လက်ရှိအချိန်ထိတော့ အပြစ်ပေးအရေးယူတာ မရှိပါဘူး။ နောက်နောင်မှာဆိုရင်တော့ အပြစ်ပေးတာ ရှိလာနိုင်ပါတယ်" လို့ သူက ဆိုပါတယ်။​

စစ်ခေါင်းဆောင်ကို နိုင်ငံရေးထွက်ပေါက်ပေးတဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် ဒါကို မဖြစ်မြောက်စေချင်တာ ဖြစ်တယ်လို့ နတ်စစ်သည်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။​

မဲပုံးမလာတဲ့ အမျိုးသား ၂ ဦးနဲ့ အနောက်က လိုက်လာတဲ့ ဆရာမရဲ့ အနောက်မှာ ကြည့်နေကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မဲပုံးမလာတဲ့ အမျိုးသား ၂ ဦးနဲ့ အနောက်က လိုက်လာတဲ့ ဆရာမရဲ့ အနောက်မှာ ကြည့်နေကြသူတွေ

၂၀၂၁ အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ပမှာဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကလည်း စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်သူတွေကို ဖမ်းဆီးအရေးယူမယ့် ဥပဒေတစ်ရပ်ကို ဒီဇင်ဘာ ၅ ရက်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။

ဒီဥပဒေကို စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီအခြေခံအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဥပဒေ လို့ နာမည်ပေးထားပါတယ်။

ဥပဒေအရ ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး ရွေးကောက်ပွဲမှာ မပါဝင်ဖို့ လူထုကို အသိပေးတာ၊ ရွေးကောက်ပွဲအတွက်ဆောင်ရွက်နေတယ်လို့ သတင်းပေးခံရသူကို ဖမ်းဝရမ်းထုတ်တာ၊ ဖမ်းဆီးရမိသူကို တရားစွဲဆိုနိုင်ရေး ဆက်လုပ်တာတွေ လုပ်သွားမယ်လို့ ဥပဒေမှာ ဖော်ပြပါတယ်။

ဒီဥပဒေထဲမှာ ရွေးကောက်ပွဲဆိုင်ရာ ပုဂ္ဂိုလ်မည်သူမဆို ခေါင်းဆောင်အဆင့်၊ အလယ်အလတ် အဆင့်နဲ့ အောက်ခြေအဆင့်ဆိုပြီး အဆင့်အလိုက် ပြစ်ဒဏ်တွေလည်းထည့်သွင်းထားပါတယ်။

အဆင့်အလိုက် ‌ထောင်ဒဏ်ငွေဒဏ်တွေလည်း ပြဋ္ဌာန်းထားပါတယ်။

အနည်းဆုံးထောင်ဒဏ် ၆ လကနေ အများဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်တဲ့ ပြစ်ဒဏ်တွေ ဖြစ်ပါတယ်။

လွှတ်တော်ပိုင်းက ဥပဒေကြမ်းတည်ပြုပြီးတဲ့နောက်မှာ အုပ်ချုပ်ရေးပိုင်းက ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ဘီဘီစီကို ပြောပါတယ်။​

ဦးအောင်ကြည်ညွန့်က "ပြစ်ဒဏ်တွေကို အခုကာလအတွင်း ဖမ်းဆီးပြစ်ဒဏ်ချနိုင်တဲ့ ဒေသတွေ ရှိနိုင်သလို မှတ်တမ်းထားနိုင်တာမျိုးလောက် လုပ်နိုင်တာလည်း ရှိနိုင်ပါတယ်"​လို့ ဆိုပါတယ်။​

ဥပဒေပြဋ္ဌာန်းလိုက်တာဟာ မတရားတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဥပဒေစည်းကမ်းနဲ့အညီသာ တုံ့ပြန်နိုင်ဖို့ ဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။​

ဒီဥပဒေမှာ ဘယ်ဌာနတွေရဲ့ ဝန်ထမ်းတွေ အရေးယူခံရနိုင်တာလဲဆိုတာ အသေးစိတ်ပြောထားတာ မရှိပါဘူး။

တိုင်ကြားခံရသူရှိနေပြီလားဆိုတဲ့ ဘီဘီစီရဲ့ မေးမြန်းချက်ကို ဥပဒေပြဋ္ဌာန်းထားတာ မကြာသေးတဲ့အတွက် ကော်မရှင်ဖွဲ့စည်းဖို့ စီစဥ်နေဆဲဖြစ်တယ်လို့ NUG က ပြန်လည်ဖြေဆိုထားပါတယ်။

အခုဥပဒေနဲ့ပါ အရေးယူခံရမယ့်ထဲမှာ ရွေးကောက်ပွဲမှာ မဖြစ်မနေပါဝင်လုပ်ပေးရမယ့် ပညာရေးဝန်ထမ်းတွေပါနိုင်လား၊ ဖမ်းဆီးခံရနိုင်လား ဆိုတဲ့အပေါ် ရှင်းရှင်းလင်းလင်းမသိပေမဲ့ စိုးရိမ်မိတယ်လို့ မွန်ပြည်နယ်၊ တော်လှန်ရေးထိန်းချုပ် နယ်မြေနဲ့နီးတဲ့မြို့နယ်က အလယ်တန်းပြဆရာမတစ်ဦးက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကာလတုန်းကတော့ ပညာ‌ရေးဝန်ထမ်းတွေဟာ ကိုဗစ်ကူးစက်နိုင်မယ့် အခြေအနေအတွက် စိုးရိမ်ချက်ရှိခဲ့ကြပေမဲ့ လုံခြုံရေးအရ စိုးရိမ်ရတာတွေ မရှိခဲ့ကြပါဘူး။

အဲဒီတုန်းက ရွေးကောက်ပွဲအပြည့်အဝမကျင်းပနိုင်တဲ့ မြို့နယ် ၅၅ မြို့နယ်ရှိခဲ့တဲ့ စံချိန်တင်မှတ်တမ်းကို ဒီတစ်ခါ ရွေးကောက်ပွဲက အပြတ်အသတ်ထပ်ချိုးလိုက်တာပါ။

နယ်မြေမထိန်းချုပ်နိုင်တာကြောင့် ရွေးကောက်ပွဲလုံးဝ မကျင်းပတာနဲ့ အပြည့်အဝမကျင်းပနိုင်တဲ့ မြို့နယ်အရေအတွက်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲထက် နှစ်ဆမက မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။​

အရင်တုန်းက မဲရုံတာဝန်ကျခဲ့တဲ့အပေါ် ပြန်တွေးကြည့်ရင် ဂုဏ်ယူမိသလို ပျော်ခဲ့ကြတယ်လို့ CDM လုပ်ထားတဲ့ ဆရာမ ဒေါ်နီလာက ပြောပါတယ်။

"ကိုဗစ် အကာအကွယ်ပစ္စည်းအပြည့်အစုံနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ စီစဉ်ပေးထား၊ လေ့ကျင့်ပေးထားတာတွေရှိတော့ ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့ကြတာပါပဲ။ မနက် ၅ နာရီကစကြ ရတာ။ ည ၁၂ နာရီမှပဲ အားလုံးသိမ်းဆည်း ပြီးစီးကြတယ်" လို့ သူကပြောပါတယ်။

ကပ်ရောဂါဘေးကြုံနေရချိန်မှာ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ခဲ့ကြရချိန် မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းတွေကို မဲမသမာမှုနဲ့ ရွေးကောက်ပွဲမှာ မမှန်မကန်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲဆိုမှု ၂ မှုရှိခဲ့ပါတယ်။

"၂၀၂၀ တုန်းက ကျောင်းဆရာဆရာမတွေ အများဆုံးတာဝန်ယူပေးခဲ့တဲ့ လုပ်ငန်းလုပ်ဆောင်မှုကို တန်ဖိုးမထားဘဲ ကျွန်မတို့ဂုဏ်သိက္ခာကို ချနင်းခံခဲ့ရတယ်" လို့ ဒေါ်နီလာက ပြောပါတယ်။

ဒီတစ်ခါရွေးကောက်ပွဲမှာလည်း စစ်တပ်က မဲရုံတာဝန်ကို ပညာရေးဝန်ထမ်းတွေကိုသာ တာဝန်ပြန်ပေးလာခဲ့ပေမဲ့ လုံခြုံရေးအတွက် ဘယ်လိုအာမခံချက်ပေးနိုင်တယ်ဆိုတာမျိုး ထုတ်ပြောတာ မရှိသေးပါဘူး။

ဆရာမတွေ ဖမ်းဆီးခံရတဲ့ သတင်းကြောင့် စိုးရိမ်မကင်းဖြစ်နေတဲ့ ဒေါ်စံပယ် က "အဲဒီနေ့ (ရွေးကောက်ပွဲနေ့) ကျရင် ဘာဖြစ်ဦးမလဲမသိဘူး။ အားလုံးလည်း ကိုယ့်လိုပဲ တွေးပူနေကြတာပဲ" လို့ ပြောပါတယ်။

မဲဆန္ဒရှင်တွေနဲ့ ဖိအား

သပြေခန်းလို့ နာမည်ပေးထားတဲ့ အစိမ်းရောင်စာသင်ခန်းရှေ့မှာ တန်းစီနေကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးမယ့်တန်းစီနေကြသူတွေ(ပုံဟောင်း)

"ဘယ်သူ့မှ မကြိုက်လို့ မဲ မပေးချင်ဘူး" လို့ မွန်ပြည်နယ်မှာနေတဲ့ အသက် ၆၀ အရွယ် ဒေါ်မြဝင်းက ပြောပါတယ်။

သူက ကိုဗစ်ကပ်ရောဂါဘေးကြီးထဲ ကျင်းပခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ တက်တက်ကြွကြွနဲ့ မဲပေးခဲ့သူပါ။

၂၀၂၀ ရွေးကောက်ပွဲတုန်းက မွန်ပြည်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ မွန်ညီညွတ်ရေးပါတီတို့ပဲ မဲဆန္ဒနယ် ၄၅ နေရာလုံးမှာ အနိုင်ရခဲ့တာပါ။

မဲဆန္ဒရှင်ပေါင်း တစ်သန်းကျော် ဝင်ရောက်မဲပေးခဲ့ကြပါတယ်။

အာဏာသိမ်းလိုက်တာက အဲဒီတုန်းက သူ့ ရွေးချယ်မှုကို စော်ကားခံရတယ်လို့ အခုထိ ဒေါ်မြဝင်း ခံစားနေရတုန်းပါ။

အခုရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်ရွေးကောက်ပွဲမှာ NLD မပါတော့ဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ ပြည်သူ့ပါတီ(PP)၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)၊ မြန်မာနိုင်ငံတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီ (MUP)နဲ့ ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဝင်ပြိုင်ကြမှာပါ။

"ခြင်ဆေးခွေ တစ်ခွေ ကျပ် ၅၀၀ ခေတ်ကနေ ၂,၀၀၀ ဖြစ်အောင်လုပ်နိုင်လို့ စိတ်နာတယ်။ သူတို့ (စစ်တပ်) ပဲ ပြန် တက်လာမှာပဲဆိုတော့ အယုံအကြည်မရှိဘူး" လို့ ဒေါ်မြဝင်းက ဆိုပါတယ်။

ဒါပေမဲ့ သူ မဲသွားထည့်ရမှာပါ။

"ဖိအားပေးတယ်လို့ ပြောရမလား။ ထွေအုပ်ဝန်ထမ်းက ကိုယ်သွားမကြည့်လည်း အိမ်ထိလာပြောနေတယ်" လို့ သူကြုံနေရတဲ့ အခြေအနေကို ပြောပြပါတယ်။

စစ်တပ်ဟာ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဒီရွေးကောက်ပွဲမဖြစ်မြောက်အောင် တားဆီးတဲ့သူတွေကို သေဒဏ်အထိပေးနိုင်တဲ့ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေကို ဇူလိုင် ၃၀ ရက်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။

ဒီဥပဒေနဲ့ အခုအထိ လူပေါင်း ၁၀၀ ထက်မနည်းကိုလည်း အမှုဖွင့်အရေးယူထားပါတယ်။

ဒီထဲမှာ အွန်လိုင်းမှာ ရွေးကောက်ပွဲအကြောင်းနဲ့ဆက်စပ်ပြီး ဝေဖန်ရေးသားသူနဲ့ အဲဒီပို့စ်ကို တုံ့ပြန် (reaction) ပေးသူတွေလည်း ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

နာမည်ကျော် ဒါရိုက်တာတွေနဲ့ သရုပ်ဆောင်တွေကို စစ်ကော်မရှင် တရားရုံးအသီးသီးက ဒီဥပဒေပါ သက်ဆိုင်ရာပုဒ်မတွေရဲ့အမြင့်ဆုံး ထောင်ဒဏ်တွေ မြန်မြန် ချမှတ်လိုက်တာဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေမှာ မဲမပေးတဲ့သူကို အရေးယူမယ်လို့ ထည့်သွင်းဖော်ပြထားတာတော့မရှိပါဘူး။

ဒါပေမဲ့ ဒီလိုဖမ်းဆီးမှုတွေ၊ အုပ်ချုပ်ရေးဝန်ထမ်းတွေရဲ့ ဖိအားကြောင့် မဲမပေးရင် ဖမ်းဆီးခံရမလား ဆိုတဲ့ စိုးရိမ်စိတ်တွေ မဲပေးခွင့်ရှိသူတွေမှာ ခံစားနေရတာလို့ ဘီဘီစီနဲ့ စကားပြောခဲ့သူ ၃ ဦးက ဆိုပါတယ်။

စစ်ကိုင်းမြို့က လူငယ်တစ်ဦးကလည်း "ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး။ သွားမပေးရင် တစ်ခုခု များလာလုပ်မလားလို့ပဲ စိတ်ပူတာပေါ့" လို့ ပြောပါတယ်။

မဲပေးခွင့်ရှိတဲ့ အသက်အကျုံးဝင်တက္ကသိုလ်ကျောင်းသားတွေကိုလည်း ကျောင်းအပ်ချိန်မှာ ကြိုတင်မဲပေးခဲ့တဲ့ အထောက်အထားယူလာကြဖို့ တက္ကသိုလ်တွေက ဖိအားပေးခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကတော့ ဒါဟာ ကျောင်းသားတွေရဲ့ မဲ‌ပေးခွင့်မဆုံးရှုံးစေချင်လို့ဆိုပြီး ပြောဆိုထားပါတယ်။

နတ်တလင်းနယ်ထဲမှာလည်း ခရီးဝေးသွားနေသူနဲ့ တခြားနယ်မှာ အလုပ်လုပ်နေသူတွေကို အုပ်ချုပ်ရေးအပိုင်းက ပြန်ခေါ်ပြီး ကြိုတင်မဲပေးခိုင်းတာတွေရှိနေတယ်လို့ နတ်စစ်သည်အဖွဲ့တာဝန် ရှိသူက ပြောပါတယ်။​

"သူတို့ ဒီလိုဖိအား မပေးကြဖို့ ကျွန်တော်တို့ဘက်က သတိပေးတာပါ။​ လုံခြုံရေးအပိုင်းမှာလည်း မဲရုံမှာ ပူးပေါင်းပါဝင်သူတွေ၊ စစ်သားတွေနဲ့ရဲတွေကိုပဲ ဦးတည်ပစ်မှတ်ထားတာပါ။ ပြည်သူတွေထိခိုက်အောင် မလုပ်ပါဘူး"​လို့ သူကဆိုပါတယ်။​

လူအခွင့်အရေးရှုထောင့်ကကြည့်ရင် စစ်တပ်ရဲ့ ဖိအားပေးမှုတွေက အဓမ္မဆန်တယ်လို့ နိုင်အဲ မွန်က ဆိုပါတယ်။

"ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးပဋိညာဉ် အချက် ၃၀ မှာပါတဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးကိုချိုးဖောက်တာ ဖြစ်တယ်။ ကိုယ်ယုံကြည်သက်ဝင်မှုမရှိတဲ့ သူကို အတင်းဖိအား‌ပေးမဲထည့်ရတာနဲ့ နိုင်ငံရေးဖြစ်စဥ်မှာ ပူးပေါင်းပါဝင်ခိုင်းတာက လူ့အခွင့်အရေးချိုးဖောက်ရာကျတယ်"

"မဲပေးချင်တဲ့သူကိုလည်း သူကိုယ်ယုံကြည်ရာကို ပေးခွင့်ရှိတယ်။ ကန့်သတ်လို့မရဘူး" လို့ သူကလူ့အခွင့်အရေးရှုထောင့်ကနေ ထောက်ပြပါတယ်။

အသိပေးချက် - ဆောင်းပါးအတွင်း အင်တာဗျူးဖြေဆိုသူ ဆရာမနဲ့ မဲပေးခွင့်သူရှိသူတွေရဲ့ နာမည်ကို လုံခြုံရေးအခြေအနေအရ ပြောင်းလဲအသုံးပြုထားပါတယ်။​