ဒီမိုကရေစီသက်တမ်းနုနု ရွေးကောက်ပွဲများများနဲ့ မြန်မာ

မြန်မာမှာ ၁၉၂၂ ခုနှစ် ကစပြီး ရေတွက်မယ်ဆိုရင် အထွေထွေရွေးကောက်ပွဲပေါင်း ၁၇ ခု ထက်မနည်းကျင်းပခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကစလို့ နဝတစစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့်တွေ သတ်မှတ်ပြီး ကျင်းပခဲ့ပါတယ်။
နိုင်ငံဟာ ဒီမိုကရေစီစနစ်နဲ့ အရပ်သားအစိုးရအုပ်ချုပ်ရတဲ့ သက်တမ်းကာလအပိုင်းအခြားတွေ နုနယ်လွန်းပေမဲ့ရွေးကောက်ပွဲ အတွေ့အကြုံ များများစားစားရှိခဲ့ပါတယ်။
အင်္ဂလိပ်အစိုးရက ကျင်းပပေးတဲ့ ဒိုင်အာခီ (Dyarchy) ရွေးကောက်ပွဲက တဆင့် မြန်မာလူထုက ရွေးကောက်ပွဲအလေ့အထနဲ့ စတင်ထိတွေ့မှု ရှိခဲ့ပါတယ်။
မြန်မာက ခေတ်အဆက်ဆက် ရွေးကောက်ပွဲများအကြောင်းနဲ့ စစ်အာဏာသိမ်းအောက်က ၂၀၂၅ ရွေးကောက်ပွဲအကြောင်း စုစည်းထားပါတယ်။
မြန်မာ့ပထမဆုံး ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒိုင်အာခီ (Dyarchy) ရွေးကောက်ပွဲက မြန်မာနိုင်ငံရဲ့ ပထမဆုံးရွေးကောက်ပွဲဖြစ်ပါတယ်။ ၁၈၈၆ ခုနှစ် သီပေါမင်း ပါတော်မူပြီး ၃၆ နှစ်အကြာ ကိုလိုနီခေတ် ၁၉၂၂ ခုနှစ် နိုဝင်ဘာလ မှာ အင်္ဂလိပ်အစိုးရက ကျင်းပပေးခဲ့တာဖြစ်ပါတယ်။
ဒိုင်အာခီအုပ်ချုပ်ရေးဆိုတာက ဗြိတိသျှနဲ့ မြန်မာနှစ်ဖက် ပူးတွဲတာဝန်ခံအုပ်ချုပ်ရေးဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်အစိုးရက မြန်မာတွေကို အုပ်ချုပ်ရေးအာဏာပြောပလောက်အောင် မပေးခဲ့ပါဘူး။
အဲဒီအချိန်က ဒိုင်အာခီအုပ် ချုပ်ရေးဆိုတာ မြန်မာပြည်သူတို့ လိုလားတဲ့ ဟုမ္မရူး (Home Rule) လို့ခေါ် တဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးကို အင်္ဂလိပ်က မပေးလိုတာကြောင့် အချိန်ဆွဲတဲ့အနေနဲ့ စီမံခဲ့တဲ့အုပ်ချုပ်ရေးအဖြစ် သမိုင်းအထောက်အထားတွေက ဖော်ပြပါတယ်။
ဒိုင်အာခီစနစ်အရ ၁၉၂၅၊ ၁၉၂၈၊ ၁၉၃၂၊ ၁၉၃၆ တို့မှာ ရွေးကောက်ပွဲတွေ ဆက်ရှိခဲ့ပါတယ်။
နန်းရင်းဝန်(ဝန်ကြီးချုပ်) ဦးပု၊ ဒေါက်တာ ဘမော်၊ ဦးစောတို့ အုပ်ချုပ်ရေးအစိုးရခေတ် ၉၁ ဌာနအုပ်ချုပ်ရေး ရွေးကောက်ပွဲတွေ ရှိခဲ့ပါတယ်။
အဲဒီနောက် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ မှာ ဂျပန်ဆီကနေ မြန်မာကို အင်္ဂလိပ်တို့ ပြန်လည်သိမ်းပိုက်ပြီးချိန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလအဖွဲ့ချုပ်ကြီး သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ စရှိခဲ့ပါတယ်။
အဲဒီရွေးကောက်ပွဲက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှနန်းရင်းဝန် ကလီမင့် အက်တလီတို့ သဘောတူခဲ့တဲ့ အောင်ဆန်း-အက်တလီစာချုပ်အရ ဖြစ်ပေါ်ခဲ့တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။
တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တိုင်းပြည်ပြုလွှတ်တော်ဆိုတာက အဲဒီကာလက နိုင်ငံအတွက်လိုအပ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲနိုင်ရေး ပြည်သူက ရွေးကောက်တင်မြှောက်ပြီး အခွင့်အာဏာလွှဲအပ်ခြင်းခံရတဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လွှတ်တော်ရွေးကောက်ပွဲကို ဆိုလိုပါတယ်။
၁၉၄၇ က အဲဒီရွေးကောက်ပွဲမှာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ) က ၉၅ ဒသမ ၃ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် လူထုထောက်ခံမှုအပြည့်ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ခဲ့ပါတယ်။
သူက အခြေခံဥပဒေပေါ်ထွန်းရေးအတွက်လွှတ်တော်သာဖြစ်လို့ ပါလီမန်လွှတ်တော်မျိုးတော့မဟုတ်ပါဘူး။ ဖဆပလအဖွဲ့ချုပ်ကြီးက ပြုစုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို တိုင်းပြည်ပြုလွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။
အဲဒီ အခြေခံဥပဒေကို အချောသပ်ဆောင်ရွက်နေချိန် ၁၉၄၇ ဇူလိုင် ၁၉ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူရဲ့ ဝန်ကြီးအဖွဲ့ လုပ်ကြံခံခဲ့ရပါတယ်။ ၁၉၄၇ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှာ တိုင်းပြုပြည်ပြု လွှတ်တော်က မြန်မာ့ပထမဆုံး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။
၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာတော့ ဗြိတိသျှတို့ထံကနေ မြန်မာပြည်လွတ်လပ်ရေးရရှိခဲ့ပါတယ်။
၁၉၅၁-၁၉၅၂ ခုနှစ် အထွေထွေရွေးကောက်ပွဲ
အင်္ဂလိပ်ဆီကနေ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်က စလို့ လွတ်လပ်ပြီး ပါလီမန်ဒီမိုကရေစီခေတ် ဖြစ်တဲ့ ၁၉၄၈-၁၉၆၂ နှစ်တွေကြားမှာ ပါလီမန်လွှတ်တော် ရွေးကောက်ပွဲတွေရှိခဲ့ပါတယ်။
လွတ်လပ်ရေးရပြီး ပထမဆုံးကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကြီးက ၁၉၅၁ ဇွန်လ ကနေ ၁၉၅၂ ဧပြီလအထိ ၁ နှစ်နဲ့ ၂ လ ကြာ အပိုင်းလိုက်ကျင်းပခဲ့ရပါတယ်။ တစ်ဆက်တည်း မကျင်းပနိုင်ခဲ့ရတဲ့ အဓိက အကြောင်းရင်းက လွတ်လပ်ရေးရပြီးနောက် ၃ လအတွင်း ပေါ်ပေါ်လာတဲ့ ပြည်တွင်းစစ်ကြောင့် ဖြစ်ပါတယ်။ ။
၁၉၅၁ - ၅၂ အပိုင်းလိုက်ကျင်းပတဲ့ အဲဒီရွေးကောက်ပွဲမှာ ဦးနုရဲ့ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖ.ဆ.ပ.လ) က အများစုအနိုင်ရခဲ့ပြီး ဦးနု ကပဲ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခဲ့ပါတယ်။
၁၉၅၆ ခုနှစ် အထွေထွေရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၅၆ အထွေထွေရွေးကောက်ပွဲကို မဲဆန္ဒနယ် ၂၅၀ ရှိတဲ့အထဲ မဲဆန္ဒနယ် ၂၂၀ မှာ တပြိုင်တည်းကျင်းပခဲ့ပါတယ်။ ဖလပလအဖွဲ့ချုပ်ကပဲ အနိုင်ရခဲ့ပေမဲ့ ပမညတ လို့ခေါ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုနဲ့ မဲအရေအတွက် ကွာခြားချက်များများစားစားမရှိခဲ့ဘူးလို့ သမိုင်းအထောက်အထားတွေက ဖော်ပြပါတယ်။
၁၉၅၆ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဦးဝင်းမောင် ရွေးချယ်ခံရပြီး ဦးနုကတော့ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ၁၉၅၆ ဇွန်လမှာ ဦးနု ရာထူးကနုတ်ထွက်ခဲ့ပြီး ဦးဗဆွေက ဝန်ကြီးချုပ်သစ် ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၅၇ မတ်လ မှာ ဝန်ကြီးချုပ်နေရာကို ဦးနု တာဝန်ပြန်လည်ထမ်းဆောင်ခဲ့ပါတယ်။
အဲဒီမှာ ဦးဗဆွေ-ဦးကျော်ငြိမ်းတို့ရဲ့ တည်မြဲဖဆပလနဲ့ ဦးနု-သခင်တင်တို့ရဲ့ သန့်ရှင်းဖဆပလ ဆိုပြီး နှစ်ခြမ်း ကွဲခဲ့ပါတယ်။ တည်မြဲဘက်တော်သားအစိုးရအဖွဲ့ဝင်တွေကို အစိုးရအဖွဲ့က ထုတ်ပယ်ခဲ့ပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီနောက်မှာတော့ မြန်မာစစ်တပ်လက်အောက်ကို နိုင်ငံ့အာဏာတွေ ပြန်ရောက်စေခဲ့တဲ့ အပြောင်းအလဲတွေဖြစ်ခဲ့ပါတယ်။
တပ်က အာဏာသိမ်းမယ့် အခြေအနေတွေ ပေါ်ထွက်လာတာကြောင့်ဆိုပြီး ၁၉၅၈ စက်တင်ဘာလ ၂၆ ရက်မှာ ဦးနုက တိုင်းပြည်ကို ရေဒီယိုက တစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ပြီး စစ်တပ်ကို အစိုးရ အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။ ဦးနုကတော့ တိုင်းပြည်မှာ အာဏာသိမ်းတဲ့ အစဥ်အလာဖြစ်မသွားစေချင်လို့ လွှဲပေးခဲ့တာလို့ အဲဒီတုန်းက ပြောခဲ့ပါတယ်။
အဲဒီနောက်မှာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ အိမ်စောင့်အစိုးရကို ဖွဲ့စည်းခဲ့ပြီး အာဏာလွှဲပြောင်း ရယူခဲ့ပါတယ်။၂ နှစ်အကြာ ၁၉၆၀ မှာ အိမ်စောင့်အစိုးရက ရွေးကောက်ပွဲတွေ လုပ်ပေးခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲက ပါလီမန်ဒီမိုကရေစီခေတ်ရဲ့ နောက်ဆုံးရွေးကောက်ပွဲလို့ ပြောနိုင်ပါတယ်။
၁၉၆၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ
၁၉၆၀ ရွေးကောက်ပွဲမှာ ဖဆပလ အဖွဲ့ကြီး နှစ်ခြမ်းကွဲခဲ့ပြီး ဦးနုရဲ့ သန့်ရှင်းဖဆပလ နဲ့ ဦးဗဆွေ ရဲ့ တည်မြဲ ဖဆပလ တို့ ပြိုင်ဆိုင်ခဲ့ကြရာ သန့်ရှင်း ဖဆပလက အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။
အဲဒီရွေးကောက်ပွဲမှာ ထူးခြားတာကတော့ တည်မြဲဘက်ကို ဘက်လိုက်တယ်လို့ စွပ်စွဲခံရပြီး တပ်မှူးကြီးတချို့ကို ဗိုလ်ချုပ်နေဝင်းက တပ်က ထုတ်ပယ်ခဲ့တာပါ။ ထုတ်ပယ်ခံရတဲ့ထဲမှာ နောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်လာမယ့် ဗိုလ်မှူးချုပ်အောင်ရွှေလည်း ပါခဲ့ပါတယ်။
သန့်ရှင်း ဖဆပလနိုင်ခဲ့လို့ ဦးနု ကပဲ ဝန်ကြီးချုပ်ဆက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ် မတ်လမှာ အဲဒီအချိန်က မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက ဝန်ကြီးချုပ်ဦးနု အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းလို့ တော်လှန်ရေးကောင်စီကို ဖွဲ့စည်းအုပ်ချုပ်ခဲ့ပါတယ်။ အဲဒီအချိန်က ရွေးကောက်ပွဲတွေမှာ မဲဆန္ဒနယ် ၂ မျိုးသာရှိပြီး ပြည်သူ့လွှတ်တော်နဲ့ လူမျိုးစုလွှတ်တော်တို့ဖြစ်ပါတယ်။
၁၉၆၂ အာဏာသိမ်းချိန်မှာ ပါလီမန်လွှတ်တော် ၂ ရပ်လုံး ကို အာဏာသိမ်းစစ်အစိုးရက ဖျက်သိမ်းခဲ့ပြီး ဗိုလ်ချုပ်နေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီကို ထူထောင်ခဲ့ပါတယ်။
တော်လှန်ရေးကောင်စီအစိုးရ က ၁၉၆၂ ကနေ ၁၉၇၄ ခုနှစ်အထိစစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းက ၁၂ နှစ် အုပ်ချုပ်ခဲ့ပါတယ်။ အဲဒီကာလကစလို့ မြန်မာမှာရွေးကောက်ပွဲတွေ ဆိတ်သုဥ်းသွားခဲ့ပါတယ်။
၁၉၇၄ ခုနှစ် အထွေထွေရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၂ နှစ်အကြာ ၁၉၇၄ ခုနှစ် မှာ ရွေးကောက်ပွဲ ပြန်လုပ်ခဲ့ပါတယ်။ ဆိုရှယ်လစ်စနစ်ကို အခြေခံတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီရဲ့ ဦးဆောင်မှုကို ပြဋ္ဌာန်းပေးထားတဲ့ ၁၉၇၄ အခြေခံဥပဒေအရ ပြုလုပ်တဲ့ ပထမဆုံးရွေးကောက်ပွဲ ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲကာလက ၁၅ ရက်ကြာခဲ့ပါတယ်။
ဒါပေမဲ့ ဦးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)ပါတီကသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့လို့ ဦးနေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌ အနေနဲ့ တစ်ပါတီအာဏာရှင်စနစ်နဲ့ ဆက်လက်အုပ်ချုပ်ခဲ့ပါတယ်။
အဲဒီကနေ ၁၉၇၇၊ ၁၉၈၁ နဲ့ ၁၉၈၅ ခုနှစ် တွေမှာ လေးနှစ်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲတွေလုပ်ခဲ့ပေမဲ့ မ.ဆ.လ ပါတီ တစ်ပါတီတည်းကသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိခဲ့ပါတယ်။
အဲဒီကာလတွေမှာတော့ ပြည်သူ့လွှတ်တော်တစ်ခုတည်းသာရှိပြီး ပြည်သူ့လွှတ်တော်ကို နိုင်ငံရဲ့ ဥပဒေပြုရေးအမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဖော်ပြခဲ့ပါတယ်။
တိုင်း/ပြည်နယ်အတွက် နိုင်ငံတော်ကောင်စီနဲ့ ခရိုင်၊ မြို့နယ်အဆင့်ဆင့်အတွက်တော့ ပြည်သူ့ကောင်စီ ရွေးချယ်တင်မြှောက်ပွဲတွေ ရှိခဲ့ပါတယ်။ လွှတ်တော်က ဥပဒေပြုရေး၊ ကောင်စီက အုပ်ချုပ်ရေးဖြစ်ပြီး သူတို့အထက်မှာ ပါတီက ဦးဆောင်ခဲ့ပါတယ်။
ဒါကြောင့် ဒေသပါတီကော်မတီဥက္ကဋ္ဌက ကောင်စီဥက္ကဋ္ဌထက် အာဏာပိုကြီးခဲ့ပါတယ်။
၁၉၈၈ မှာ လူထုအုံကြွမှုကြောင့် ဦးနေဝင်းရဲ့ မဆလအစိုးရ ပြိုလဲခဲ့ပါတယ်။ ဦးနေဝင်း နောက်မှာ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ နဲ့ သမ္မတအဖြစ် ဦးစိန်လွင်နဲ့ ဒေါက်တာမောင်မောင်တို့က ကာလတို အသီးသီးတာဝန်ယူခဲ့ကြပြီး ၁၉၈၈ မှာပဲ ရွေးကောက်ပွဲ ကျင်းပပေးဖို့ ပြင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
၁၉၉၀ အထွေထွေရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၈၈ စက်တင်ဘာ ၁၈ ရက်မှာတော့ အဘက်ဘက်က ပြိုလဲနေတဲ့ နိုင်ငံတော် အာဏာကို ထိန်းသိမ်းရန် ဆိုပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)ကို ဖွဲ့စည်းအုပ်ချုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးဆောင်တဲ့ ၁၉ ဦးအဖွဲ့ဖြစ်ပါတယ်။
ရွေးကောက်ပွဲကျင်းပပေးမယ်လို့ တပါတည်းထည့်ကြေငြာပြီး ပါတီတွေ ပြင်ဆင်ထားဖို့နဲ့ မူလရွေးကောက်ပွဲကော်မရှင် ခေါင်းဆောင်ကိုပါ ဆက်လက်ခန့်ထားခဲ့ပါတယ်။
ရွေးကောက်ပွဲဝင်မယ့် ပါတီတွေက မှတ်ပုံတင်ပြီးမှ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ခွင့်ဆိုတာကို အဲဒီကတည်းက စတင်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ( NLD) အပါအဝင် ပါတီပေါင်း ၂၃၅ ဖွဲ့ မှတ်ပုံတင်ခဲ့ကြပါတယ်။ ဦးနေဝင်းတည်ထောင်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အဖြစ် ပြောင်းလဲဖွဲ့ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ တပ်ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီးသူရဦးတင်ဦး နဲ့ ဗိုလ်မှူးချုပ် အောင်ကြီး တို့လို မျိုးချစ်ရဲဘော်ဟောင်းတွေဦးဆောင်ပြီး ၁၉၈၈ စက်တင်ဘာ ၂၇ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို တည်ထောင်ခဲ့ပါတယ်။
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံရေးထဲဝင်ရောက်ခဲ့ချိန်ကစလို့ လူထုရဲ့ ထောက်ခံမှုကို တခဲနက်ရခဲ့သူပါ။
NLD စတင်ချိန်ကတည်းကစွဲကိုင်လာခဲ့တဲ့ မူဝါဒက နိုင်ငံရေးမှာစစ်တပ်ပါဝင်နေတာကို လက်မခံတဲ့မူဖြစ်ပါတယ်။ အဲဒီနောက် ၁၉၉၀ ရွေးကောက်ပွဲ ကို မေလ ၂၇ ရက်မှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ရဲ့ အုပ်ချုပ်ရေးအောက်မှာ ကျင်းပခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ( NLD) က မဲအများဆုံးအနိုင်ရပြီး သူ့နောက်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တစညတို့က အသီးသီးအနိုင်ရခဲ့ကြပါတယ်။
လွှတ်တော် ကိုယ်စားလှယ် ၄၈၅ ဦးအနိုင်ရခဲ့တဲ့ အဲဒီရွေးကောက်ပွဲမှာဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ၃၉၂ ဦးနဲ့ အများဆုံးအနိုင်ရခဲ့တာဖြစ်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲက ဦးနေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံး ပါတီစုံပါဝင်တဲ့ ပြည်လုံးကျွတ် ရွေးကောက်ပွဲကြီးဖြစ်ပါတယ်။ ဒါပေမဲ့ နဝတ အစိုးရက NLD အနိုင်ရတဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ဘဲ ငြင်းပယ်ခဲ့ပါတယ်။
အဲဒီကတည်းကစလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ နဝတ၊ နောက် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဆိုပြီး ပြောင်းလဲ ဖွဲ့စည်းခဲ့တဲ့ နအဖ က နိုင်ငံကို နောက်ထပ်နှစ်ပေါင်း ၂၀ အုပ်ချုပ်ခဲ့ပြီး အဲဒီကာလတွေမှာ ရွေးကောက်ပွဲတွေ တဖန်ပြန်ဆိတ်သုဥ်းခဲ့ပါတယ်။
၁၉၉၁ ခုနှစ်မှာဆိုရင် စစ်အစိုးရရဲ့ဖိအားပေးမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီက ထုတ်ပယ်ခဲ့ဖူးတဲ့ အချိန်တစ်ခုရှိခဲ့ပါတယ်။ နေအိမ်အကျယ်ချုပ်နဲ့ ထောင်သွင်းအကျဉ်းချခံခဲ့ရတဲ့ အခြေအနေတွေ အကြိမ်ကြိမ်ကြုံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီအပေါ် သြဇာညောင်းမှုက ပျက်ပြယ်မသွားပါဘူး။
၂၀၁၀ အထွေထွေရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၉၃ ခုနှစ်မှာ အမျိုးသားညီလာခံကို စတင်ခေါ်ယူခဲ့ပြီး ၁၄ နှစ်အကြာ ၂၀ဝ၈ ခုနှစ် မေလမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုပြီး စစ်အစိုးရက အတည်ပြုခဲ့ပါတယ်။
နိုင်ငံကို နှစ်ပေါင်း ၂၂ နှစ် အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရက ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၇ ရက်မှာ ၂၀၀၈ အခြေခံဥပဒေအရ အထွေထွေ ရွေးကောက်ပွဲလုပ်ခဲ့ပါတယ်။
၁၉၉၀ က အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဝင်ရောက်ယှဥ်ပြိုင်တာမရှိသလို အဲဒီအချိန်က ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ချခံထားရပြီး NLD ပါတီဝင်အများစုနဲ့ နိုင်ငံရေးသမားတွေဟာ ထောင်တွင်းအကျဥ်းချခံထားရပါတယ်။
အဲဒီ ရွေးကောက်ပွဲမှာ မူလက လူမှုရေးအသင်းအဖြစ် စစ်တပ်က ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအဖြစ် စစ်အစိုးရက အသွင်ပြောင်းခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်အစိုးရဝန်ကြီးတွေက စစ်ယူနီဖောင်းချွတ်ပြီး အဲဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပါတယ်။
ဒါအပြင် ၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက နေရာယူထားပြီးဖြစ်လို့ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းကို အရပ်ဘက်ပါတီတွေနဲ့ ကိုယ်စားလှယ်တွေ ယှဥ်ပြိုင်ရတာဖြစ်ပါတယ်။
နအဖ အစိုးရရဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က စစ်ဘက်ရာထူး ဗိုလ်ချုပ်ကြီးအဖြစ်က နုတ်ထွက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ သူ့ရဲ့ ကြံ့ခိုင်ရေးပါတီက မဲအများစုနဲ့ အနိုင်ရရှိပြီး နိုင်ငံတော်သမ္မတ ဖြစ်လာခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲက လွတ်လပ်စွာစည်းရုံးခွင့်တွေနဲ့ လူထုရဲ့ နိုင်ငံရေးမှာ လွတ်လပ်စွာ ပါဝင် ဆောင်ရွက်ခွင့်နဲ့ ပတ်သက်ပြီး ကန့်သတ်ထားမှုတွေ အများကြီး ရှိခဲ့ပါတယ်။
ရွေးကောက်ပွဲအပြီးမှာပဲ ဦးသိန်းစိန်အစိုးရက နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အထင်ကရနိုင်ငံရေးခေါင်းဆောင်တွေကို လွှတ်ပေးခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတဲ့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး အတိုက်အခံပါတီတွေဘက်က သဘောမတွေ့မှုနဲ့ လက်မခံမှုတွေရှိခဲ့သလို NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ဖို့မှာလည်း သဘောထားကွဲလွဲတာတွေ ရှိခဲ့ပါတယ်။
၂၀၁၂ ခုနှစ်မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၄ နေရာထဲက ၄၃ နေရာ အနိုင်ရပြီးလွှတ်တော်အတွင်း ဝင်ရောက်ခဲ့ပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲကတော့ ဒီမိုကရေစီခေတ် အကူးအပြောင်းလုပ်ထားတဲ့ မြန်မာမှာ အတိုက်အခံပါတီတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ခဲ့တဲ့ ရွေးကောက်ပွဲကြီးဖြစ်ခဲ့ပါတယ်။ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးတင်အေးက ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပြီး ဒီရွေးကောက်ပွဲက သမာသမတ်ကျတဲ့ ရွေးကောက်ပွဲအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်း စုစုပေါင်း ၁၀၀ ကျော်က မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲကို တရားဝင်စောင့်ကြည့်လေ့လာနိုင်ခဲ့ပါတယ်။
တိုင်ကြားမှု စုစုပေါင်း ၄၅ မှုရှိခဲ့ပြီး ခုံရုံးက ပြည်သူလူထုကို ဝင်ရောက်လေ့လာနိုင်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ NLD ပါတီ သောင်ပြိုကမ်းပြို အပြတ်အသတ်အနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲအတွက် အရေးပါတဲ့ အလှည့်အပြောင်းတစ်ခုအဖြစ် ရှုမြင်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဦးဆောင်တဲ့ အစိုးရက နိုင်ငံကို ၅ နှစ်တာအုပ်ချုပ်ခဲ့ပြီး ၂၀၂၀ မှာ ရွေးကောက်ပွဲ ထပ်ရှိခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်မှာကျင်းပခဲ့ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်နေရချိန်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အန္တရာယ်ကင်းရေးကန့်သတ်ချက်တွေကြား ကျင်းပခဲ့ရတဲ့ ရွေးကောက်ပွဲအဖြစ်မှတ်တမ်းတင်ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရခဲ့ပေမဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို တွင်တွင်ပြောပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံကို အာဏာသိမ်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် ပါတီခေါင်းဆောင်တွေကို ရွေးကောက်ပွဲမသမာမှုအပါ တခြားပုဒ်မတွေနဲ့ စွပ်စွဲခဲ့ပြီး တရားစွဲဆို ထောင်ချခဲ့ပါတယ်။ ဒါအပြင် NLD ပါတီက ဝန်ကြီးတွေ၊ ပါတီခေါင်းဆောင်တွေ ပါတီဝင်တွေနဲ့ တခြားတက်ကြွလှုပ်ရှားနိုင်ငံရေးသမားတွေအများစုကို ထောင်တွင်းအကျဥ်းချထားခဲ့ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီဥက္ကဋ္ဌအနေနဲ့ တာဝန်ယူပြီး နိုင်ငံ့အာဏာကို ချုပ်ကိုင်ပါတယ်။ ဒါပေမဲ့ မြန်မာ့သမိုင်းတစ်လျှောက် စစ်တပ်ကို အဆိုးဆုံးဆန့်ကျင်မှု ကြုံခဲ့ရပြီး လက်နက်ကိုင်တပ် ရာနဲ့ချီပေါ် ပေါက်ခဲ့ပါတယ်။
၂၀၂၀ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အမတ်တွေ ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပြည်ပမှာ ဖွဲ့စည်းခဲ့ပါတယ်။ အရင်ကာလ အာဏာသိမ်းချိန်တွေနဲ့ ကွာခြားချက်က NUG အစိုးရက ကိုယ်ပိုင် စစ်တပ်ဖွဲ့စည်းခဲ့ပြီး အင်အား သိန်းနဲ့ချီ ရှိတယ်လို့ ထုတ်ပြန်ပါတယ်။ ။
၄ နှစ်ခွဲကြာ ၂၀၂၅ အထိ နိုင်ငံတဝန်းမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြားမှာ ပြင်းထန်တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတဝန်းနေရာအနှံ့မှာ စစ်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေပြင်းထန်ခဲ့သလို နေပြည်တော်နဲ့ စစ်တပ်အုပ်ချုပ်ဒေသအချို့ကလွဲလို့ အစိုးရယန္တရားတွေလည်း ရပ်တန့်လုနီး ဖြစ်ခဲ့ပါတယ်။
၂၀၂၅ စစ်တပ်ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဏာသိမ်းအပြီး ၄ နှစ်ခွဲအကြာ ၂၀၂၅ မေလမှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ခေါင်းဆောင်က ထုတ်ပြောခဲ့ပါတယ်။ အဲဒီနောက် ရွေးကောက်ပွဲ ပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက် ၂၀၂၅ ခုနှစ်မှာ ကျင်းပမယ်လို့ သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကိုပြင်ဆင်ထားပုံက ၁၉၅၁-၁၉၅၂ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကာလနဲ့ ဆင်တူပါတယ်။
နိုင်ငံတဝန်းမတည်ငြိမ်မှုတွေနဲ့ လက်နက်ကိုင်တော်လှန်တိုက်ပွဲတွေကြောင့် အပိုင်းလိုက်ကျင်းပမှာဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ရဲ့ အပြောအရ အပိုင်း ၃ ပိုင်းကျင်းပမှာဖြစ်ပါတယ်။
အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက် ၊ အပိုင်း ၂ ကို ဇန်နဝါရီလထဲမှာနဲ့ အပိုင်း ၃ အထိကျင်းပမယ်လို့ နားလည်ရပါတယ်။ ဒီတကြိမ်ကျင်းပတဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲက ထူးခြားပြီး ရွေးကောက်ပွဲ စနစ် ၂ မျိုးကို ရောနှောကျင်းပတာဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၄၇ ခုနှစ်နောက်ပိုင်း မြန်မာက ရွေးကောက်ပွဲတွေက အနိုင်ရသူ အကုန်ယူစနစ် FPTP ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၅ မှာ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကတော့ နိုင်သူအကုန်ယူ FPTP စနစ်နဲ့ PR လို့ခေါ်တဲ့ အချိုးကျကိုယ်စားပြုစနစ် တို့ကို ရောနှောကျင်းပမှာဖြစ်ပါတယ်။
အခုရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၀၂၃ ဦး မှာ ဥပဒေနဲ့မညီလို့ ပယ်ဖျက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၆ ဦးရှိတယ်လို့လည်း စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောထားပါတယ်။












