နေပြည်တော်မှာ ဘယ်သူတွေပြိုင်မလဲ

အမတ် ၁၀ ယောက် ရွေးကောက်ခံရမယ့်နေပြည်တော်မှာ USDP ကနေ အငြိမ်းစားစစ်ဗိုလ်ချုပ် ၈ ယောက်အထိ ဝင်ပြိုင်
ဓာတ်ပုံ ပုံစာ, အမတ် ၁၀ ယောက် ရွေးကောက်ခံရမယ့်နေပြည်တော်မှာ USDP ကနေ အငြိမ်းစားစစ်ဗိုလ်ချုပ် ၈ ယောက်အထိ ဝင်ပြိုင်

နေပြည်တော်က မဲဆန္ဒနယ်တွေမှာ အငြိမ်းစားဗိုလ်ချုပ်ကြီးတွေ ရွေးကောက်ပွဲဝင်ပြိုင်ကြဖို့ရှိပြီး စစ်ရုံးရှိတဲ့နေရာလည်းဖြစ်လို့ တခြားမဲဆန္ဒနယ်တွေထက် အနိုင်ရဖို့ ပိုမျှော်လင့်စရာရှိနေပါတယ်။

အစဥ်အလာအားဖြင့်လည်း နေပြည်တော်မှာ စစ်ဗိုလ်ချုပ်တွေ ရွေးကောက်ပွဲဝင်ပြီး သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌလို အရေးကြီးနေရာတွေရခဲ့ဖူးပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လူယုံ အငြိမ်းစားဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးခင်ရီတို့ နေပြည်တော်က ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အမတ် ၁၀ ယောက် ရွေးကောက်ခံရမယ့်နေပြည်တော်မှာ USDP ကနေ အငြိမ်းစားစစ်ဗိုလ်ချုပ် ၈ ယောက်အထိ ဝင်ပြိုင်တာ တွေ့ရပါတယ်။

စစ်ရုံးနဲ့ အစိုးရရုံးစိုက်ရာနေပြည်တော်မှာ အစိုးရဝန်ထမ်းတွေမဲပေးကြမှာဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ဇေယျာသီရိမဲဆန္ဒနယ်ကနေ မဲပေးနေကျဖြစ်ပါတယ်။

ဘယ်သူတွေပြိုင်မလဲ

နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အအုံတွေကို မြင်နေရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမတ် ၁၀ ယောက် ရွေးကောက်ခံရမယ့်နေပြည်တော်မှာ USDP ကနေ အငြိမ်းစားစစ်ဗိုလ်ချုပ် ၈ ယောက်အထိ ဝင်ပြိုင်

နေပြည်တော်မှာ သီရိ ၅ မြို့နယ်နဲ့ ကောင်စီနယ်မြေ ၃ မြို့နယ်ရှိလို့ စုစုပေါင်း ၈ မြို့နယ်ရှိပါတယ်။

ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်နဲ့ ပျဉ်းမနားမြို့နယ် တွေဖြစ်ကြပါတယ်။

ဒီမြို့နယ်တွေကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၈ ယောက်ထွက်လာမှာဖြစ်ပါတယ်။

စစ်ရုံးရှိတဲ့ ဇေယျာသီရိမြို့နယ်မှာ ဦးခင်ရီဝင်ပြိုင်မယ် လို့ ဘီဘီစီကစုံစမ်းသိရှိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတုန်းက USDP ဥက္ကဋ္ဌ ဦးသန်းဌေးလည်း ဇေယျာသီရိမြို့နယ်ကပဲ ဝင်ပြိုင်ခဲ့တာြဖစ်ပါတယ်။

စစ်ရုံးရှိတဲ့ ဇေယျာသီရိမှာ အငြိမ်းစားဗိုလ်ချုပ်ကြီးတွေအရင်ကတည်းက ယှဥ်ပြိုင်အနိုင်ရကြပါတယ်။

နက်ပြာရောင် အခမ်းအနားတက် ရဲချုပ်ဝတ်စုံဖြင့် ဦးခင်ရီပုံဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Khin Ye fb

ဓာတ်ပုံ ပုံစာ, စစ်ရုံးရှိတဲ့ ဇေယျာသီရိမြို့နယ်မှာ ဦးခင်ရီဝင်ပြိုင်မယ်

၂၀၁၀ ရွေးကောက်ပွဲတုန်းက သူရဦးရွှေမန်း၊ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဦးလှဌေးဝင်းတို့ ဝင်ပြိုင်ခဲ့ကြပြီး နှစ်ဦးလုံးက ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးတွေဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဥတ္တရသီရိကနေ ဝင်ပြိုင်မှာပါ။

ဒီမဲဆန္ဒနယ်ဟာ သမ္မတရုံးဝန်ကြီးဟောင်း ဦးကျော်စွာခိုင် ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဝင်ပြိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။

သမ္မတဟောင်းဦးသိန်းစိန်ရဲ့ မဲဆန္ဒနယ်ဖြစ်ခဲ့ဖူးတဲ့ ဇမ္ဗူသီရိမြို့နယ်မှာတော့ ဦးမောင်မြင့်က ဝင်ပြိုင်မှာပါ။

မင်းကင်းမောင်မြင့်လို့ နာမည်ကြီးတဲ့ မင်းကင်းအမတ်ဟောင်း ဦးမောင်မြင့်ဟာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေအားကောင်းတဲ့ စစ်ကိုင်းမှာမပြိုင်ဘဲ နေပြည်တော်မှာလာပြိုင်တာ ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်(လေ)ဟောင်းဖြစ်သူ အငြိမ်းစားဗိုလ်ချုပ်ကြီးမြတ်ဟိန်းက ဒက္ခိဏသီရိမြို့နယ်က ဝင်ပြိုင်မှာပါ။

ကာကီရောင် အခမ်းအနားတက် စစ်ဝတ်စုံဖြင့် လက်တင်အလေးပြုနေတဲ့ ဗိုလ်ချုပ်ကြီးမြတ်ဟိန်း ပုံဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အငြိမ်းစားဗိုလ်ချုပ်ကြီးမြတ်ဟိန်း

ဦးမြတ်ဟိန်းက USDP ဒုဥက္ကဋ္ဌဖြစ်ပြီး အနားယူမယ်လို့ သတင်းထွက်ပြီးမှ အမတ်လောင်းစာရင်းမှာ ပြန်ပါလာတာဖြစ်ပါတယ်။

ဒီမဲဆန္ဒနယ်က အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးမြင့်လှိုင် ၂၀၁၀ တုန်းက ဝင်ပြိုင်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

ပုဗ္ဗသီရိမြို့နယ်မှာတော့ ဘူးလက်လှဆွေလို့ နာမည်ကြီးတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေဝင်ပြိုင်မှာပါ။

ဒီမဲဆန္ဒနယ်က ဒုသမ္မတဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး ၂၀၁၀ က ဝင်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်လည်းဖြစ်ပါတယ်။

လက်ရှိပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်အုန်းက မြန်မာ့ရုပ်မြင်သံကြားရုံးချုပ်တည်ရှိတဲ့ တပ်ကုန်းကနေ ဝင်ပြိုင်မှာဖြစ်ပါတယ်။

တပ်ကုန်းဟာ ၂၀၁၀ တုန်းက ပြည်ထဲရေးဝန်ကြီးဟောင်း အငြိမ်းစားဗိုလ်ချုပ်မောင်ဦး ဝင်ပြိုင်ခဲ့တဲ့ နေရာဖြစ်ပါတယ်။

ဆိုတော့ နေပြည်တော်က ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၈ ခုထဲက ၆ ခုမှာ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ ဝင်ပြိုင်ကြမှာပါ။

ပျဥ်းမနားနဲ့ လယ်ဝေး မြို့နယ်နှစ်ခုအတွက်ပဲ USDP အမာခံ အရပ်သားတွေဖြစ်တဲ့ ဦးခင်မောင်ဌေးနဲ့ ဦးဝင်းဌေးတို့ ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနေရာ နေပြည်တော်က ဖြစ်မလား

နေပြည်တော်လေယာဥ်ကွင်းမှာ အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လက်ဆွဲနှုတ်ဆက်နေတဲ့ တိုက်ပုံအဖြူဝတ်ထားတဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ကိုတွေ့ရပါတယ်။ သူတို့နှစ်ဦးနဲ့အတူ တိုက်ပုံအဖြူရောင်ဝတ်ထားတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုပါ တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင်ရဲ့လူရင်း အငြိမ်းစားဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက PR စနစ်နဲ့ ဝင်အရွေးခံမှာဖြစ်ပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နေပြည်တော်မှာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် နှစ်ခုရှိပြီး နိုင်သူအကုန်ယူစနစ်နဲ့တစ်ယောက် အချိုးကျကိုယ်စားပြုစနစ် PR နဲ့ နှစ်ယောက်တက်လာမှာပါ။

နိုင်သူအကုန်ယူစနစ်နဲ့ဝင်ပြိုင်မယ့်သူကတော့ နေပြည်တော်ကောင်စီဥက္ကဋ္ဌလုပ်ဖူးသူ လက်ရှိ ယဥ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီး ဦးတင်ဦးလွင် ဖြစ်ပါတယ်။

သူက စစ်တက္ကသိုလ်အပတ်စဥ် ၁၉ ဆင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အပတ်စဥ်တစ်ခုတည်းဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့လူရင်း အငြိမ်းစားဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက PR စနစ်နဲ့ ဝင်အရွေးခံမှာဖြစ်ပါတယ်။

သူဟာ ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက် အရေးကြီးတာဝန်တွေဖြစ်တဲ့ စစ်ကောင်စီအတွင်းရေးမှူးနေရာနဲ့ လက်ရှိအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်တာဝန်တွေ ယူထားတာဖြစ်ပါတယ်။

စစ်ဥပဒေချုပ် တာဝန်လည်း ယူခဲ့ဖူးသူဖြစ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်ဖို့ ရေပန်းစားနေပါတယ်။

နောက်ထပ်အရေးကြီးတာတစ်ခုက ပြည်ထောင်စုလွှတ်တော်က သမ္မတရွေးချယ်ပေးရတာဖြစ်ပြီး အဲဒီရွေးချယ်မှု လုပ်ငန်းစဥ်ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် ဦးစီးဦးဆောင်ပြုပေးရမှာဖြစ်ပါတယ်။

လွှတ်တော်သက်တမ်း ၅ နှစ်အတွင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှစ်ဦးက နာယက တာဝန်ကို နှစ်နှစ်ခွဲစီတာဝန်ယူရတာဖြစ်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဦးဆုံးတာဝန်ယူရတာဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအလွန်မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ ၂၀၁၅ အလွန်မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့ လုပ်ခဲ့ရတဲ့ပုံစံမျိုးဖြစ်ပါတယ်။

ဦးအောင်လင်းဒွေးပြိုင်မယ့် PR မဲဆန္ဒနယ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အပြောင်းအလဲလုပ်ခဲ့တာကလည်း သတိထားစရာဖြစ်ပါတယ်။

နေပြည်တော်ရဲ့ PR မဲဆန္ဒနယ်ဟာ မန္တလေးတိုင်းဒေသကြီးအမျိုးသားလွှတ်တော် အမှတ် ၃ ဖြစ်ပါတယ်။

အမှတ် ၃ မဲဆန္ဒနယ်ကို နေပြည်တော်နဲ့ ရမည်းသင်းခရိုင် နှစ်ခုနဲ့ပဲ ဖွဲ့စည်းထားရာကနေ မိထ္ထီလာခရိုင်ပါထည့်သွင်းလိုက်တာဖြစ်ပါတယ်။

ဒီနေရာတွေက USDP အားကောင်းတဲ့နေရာတွေဖြစ်တဲ့အတွက် PR အမတ်တွေ လွှတ်တော်ထဲရောက်ဖို့ လိုအပ်တဲ့မဲအရေအတွက် ပူစရာမလိုတော့တဲ့အခြေအနေလို့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေက နားလည်ကြပါတယ်။

ဗိုလ်ချုပ်ကြီးတွေ ပြိုင်ဘက်ကင်းမလား

အပြာရောင်ရေတပ်ယူနီဖောင်းဝတ်ထားတဲ့
ကာကွယ်ရေးဦးစီးချုပ်(ရေ)ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးတင်အောင်စန်းကို အစည်းအဝေးခန်းမထဲမှာ မတ်တပ်ရပ်အနေအထားနဲ့တွေ့ရပါတယ်။ သူက အစီရင်ခံစာတစ်ခုကိုဖတ်ပြနေပြီး လက်ထဲမှာစာရွက်ကိုင်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ကာကွယ်ရေးဦးစီးချုပ်(ရေ)ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဥတ္တရသီရိကနေ ဝင်ပြိုင်မှာပါ။

နေပြည်တော်က USDP ရဲ့အောင်မြေလို့ ပြောလို့ရပေမဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အနိုင်ရခဲ့ပါတယ်။

၂၀၁၂ တုန်းက ပုဗ္ဗသီရိမှာ ဦးဇေယျာသော်၊ ဇမ္ဗူသီရိမှာ ဒေါ်စန္ဒာမင်း၊ ဒက္ခိဏသီရိမှာ ဦးနိုင်ငံလင်း၊

ဥတ္တရသီရိမှာဦးမင်းသူတို့ အနိုင်ရခဲ့ကြတာပါ။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာဆိုရင်လည်း ဦးဖြိုးဇေယျာသော်၊ ဦးရည်မွန်၊ ဦးမောင်မောင်ဆွေ တို့အပါအဝင် NLD အမတ်တွေကပဲ စစ်ရုံးရှိတဲ့ ဇေယျာသီရိမဲဆန္ဒနယ်ကလွဲလို့ ကျန်နေရာတွေမှာ အနိုင်ရခဲ့ပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာတော့ NLD မပါတော့တဲ့အတွက် USDP အတွက် အနိုင်ရဖို့ ပိုပြီးအခွင့်အလမ်းများနေပါတယ်။

ဒါပေမဲ့ သက်တမ်းရင့်ပါတီဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)၊ ၂၀၂၀ ရွေးကောက်ပွဲမှ ပေါ်လာတဲ့ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေဆောင်ပါတီ တို့လည်း ပြိုင်ဘက်အနေနဲ့ ရှိလာမှာဖြစ်ပါတယ်။

အမတ်လောင်းစာရင်းကို အောက်တိုဘာ ၄ ရက်ကျော်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်မှာဖြစ်လို့ တခြားပါတီတွေရဲ့ အမတ်လောင်းစာရင်းကိုတော့ အသေးစိတ် မသိရသေးပါဘူး။

NLD မပါခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ နေပြည်တော်မှာ USDP နဲ့ တစည တို့ပဲ အဓိကပြိုင်ဘက်ဖြစ်ခဲ့တာပါ။

၂၀၁၀ ရွေးကောက်ပွဲရလဒ်တွေအရ USDP က အပြတ်အသတ်နိုင်ပေမဲ့ တစည မှာလည်း အမာခံမဲတွေရှိခဲ့တာ တွေ့ရပါတယ်။

တစည ရဲ့ လက်ရှိအခြေအနေဟာ ၂၀၁၀ တုန်းက အခြေအနေနဲ့လည်း ကွာခြားလာပြီလို့ ဆိုနိုင်ပါတယ်။

နေပြည်တော်ဟာ စစ်ရုံးရောအစိုးရရုံးတွေစိုက်ရုံသာမက USDP ရုံးချုပ်ပါရှိတဲ့အတွက် ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ပိုင်းတွေက အနိုင်ရအောင်အားထုတ်လိမ့်မယ် လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။