ထိပ်တန်းစစ်ဘက်ရာထူးတွေ အပြောင်းအလဲဖြစ်

ရွေးကောက်ပွဲဝင်ဖို့အနားပေးလိုက်တဲ့ စစ်ဗိုလ်ချုပ်တွေနေရာမှာ အစားထိုးခန့်အပ်မှုတွေလုပ်လိုက်တဲ့အတွက်ထိပ်တန်းစစ်ဘက်ရာထူးအပြောင်းအလဲတွေဖြစ်ပေါ်
ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲဝင်ဖို့အနားပေးလိုက်တဲ့ စစ်ဗိုလ်ချုပ်တွေနေရာမှာ အစားထိုးခန့်အပ်မှုတွေလုပ်လိုက်တဲ့အတွက်ထိပ်တန်းစစ်ဘက်ရာထူးအပြောင်းအလဲတွေဖြစ်ပေါ်

ရွေးကောက်ပွဲဝင်ဖို့အနားပေးလိုက်တဲ့ စစ်ဗိုလ်ချုပ်တွေနေရာမှာ အစားထိုးခန့်အပ်မှုတွေလုပ်လိုက်တဲ့အတွက် ထိပ်တန်းစစ်ဘက်ရာထူးအပြောင်းအလဲတွေဖြစ်ပေါ်ခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ဒီအပြောင်းအလဲမှာ စစ်ခေါင်းဆောင်ရဲ့ စစ်ဘက်လက်ထောက် ဗိုလ်ချုပ်မိုးမြင့်ဆွေလည်း ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်သွားပါတယ်။

ဒါ့အပြင် နေပြည်တော်နဲ့ ရန်ကုန်လုံခြုံရေးကို အဓိကကိုင်တွယ်ရတဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူးနေရာတွေပါ အပြောင်းအလဲဖြစ်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးက ရန်ကုန်တိုင်းကို ကိုင်ရမယ့် ကစထမှူး ဖြစ်လာပါတယ်။

အရာရှိချုပ်အပြောင်းအလဲတွေလည်း ဖြစ်ပေါ်ခဲ့ပြီးတိုင်းမှူး တချို့လည်း ဒုတိယဗိုလ်ချုပ်ကြီးတွေ ဖြစ်လာပါတယ်။

စစ်ဘက်လက်ထောက် ဗိုလ်ချုပ်မိုးမြင့်ဆွေ ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာ

လွတ်လပ်ရေးနေ့မှာ စစ်ဘက်ဆိုင်ရာဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ ဇေယျကျော်ထင်ဘွဲ့ ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗိုလ်ချုပ်မိုးမြင့်ဆွေကိုချီးမြှင့်

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, လွတ်လပ်ရေးနေ့မှာ စစ်ဘက်ဆိုင်ရာဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ ဇေယျကျော်ထင်ဘွဲ့ ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗိုလ်ချုပ်မိုးမြင့်ဆွေကိုချီးမြှင့်

ဒီထဲမှာ ထူးခြားတဲ့အပြောင်းအလဲကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့လူယုံ စစ်ဘက်လက်ထောက် ဗိုလ်ချုပ်မိုးမြင့်ဆွေက ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဖြစ်လာပါတယ်။

ဗိုလ်ချုပ်မိုးမြင့်ဆွေက တိုင်းမှူးမလုပ်ဖူးဘဲ ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာတာပါ။

ဗိုလ်ချုပ်မိုးမြင့်ဆွေနေရာကို စစ်ရုံးက ဗိုလ်မှူးချုပ်တင့်ဇော်ခိုင် ရောက်လာပြီး စစ်ဘက်လက်ထောက်အသစ် ဖြစ်လာပါတယ်။

စစ်ဘက်လက်ထောက်ဆိုတာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေရဲ့ အထူးယုံကြည်စိတ်ချရသူတွေဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းသမ္မတလုပ်စဥ်က သူ့ရဲ့လူယုံ ဗိုလ်ချုပ်တင်ဦးကို သမ္မတရဲ့စစ်ဘက်လက်ထောက်ဆိုပြီး စတင်ဖန်တီးခဲ့တဲ့ ရာထူးဖြစ်ပါတယ်။

နောက်ထပ်လစ်လပ်နေတဲ့ အရာရှိချုပ်နေရာတွေကိုလည်း ခန့်အပ်လိုက်ပြီး အဲဒီထဲမှာ စစ်ရာထူးခန့်ချုပ်၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်နဲ့ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ရာထူးတွေပါဝင်ပါတယ်။

တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက စစ်ရာထူးခန့်ချုပ် ဖြစ်လာပါတယ်။

မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကိုထိုက်က တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဖြစ်လာပါတယ်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ခိုလမ် အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ဖြစ်လာပါတယ်။

သူက တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ရာထူးကိုပါ တွဲကိုင်ရမှာပါ။

ကစထမှူး အပြောင်းအလဲတွေ

အိန္ဒိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူတွေ့ရတဲ့ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး(ယာ)

ဓာတ်ပုံ ရင်းမြစ်, Indian Army

ဓာတ်ပုံ ပုံစာ, အိန္ဒိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူတွေ့ရတဲ့ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး(ယာ)

အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးက ရန်ကုန်ကိုကိုင်တွယ်ရတဲ့ အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်လာပါတယ်။

နေပြည်တော်ကိုကိုင်တွယ်ရတဲ့ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်က အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးနေရာကို ပြောင်းရွှေ့ခံရပါတယ်။

အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူးဟာ ကချင်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေကို ကိုင်ရတဲ့ အရေးကြီးနေရာ ဖြစ်ပါတယ်။

အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ဒုတိယဗိုလ်ချုပ်ကြီး ဇော်မင်းလတ်က ရှမ်းပြည်ကိုကိုင်ရတဲ့ အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်လာပါတယ်။

လက်ရှိ အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကတော့ အရန်အင်အားကို အပို့ခံရပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ ကို ကိုင်တွယ်ရတဲ့ အမှတ်(၄) စစ်ဆင်ရေး အထူးအဖွဲ့ မှူးနေရာကတော့ အပြောင်းအလဲမရှိဘဲ ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေကပဲ ဆက်တာဝန်ယူထားပါတယ်။

အပြောင်းအလဲတွေ ထပ်လာဖို့ရှိ

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့အတူတွေ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း(ဝဲမှဒုတိယမြောက်)

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့အတူတွေ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း(ဝဲမှဒုတိယမြောက်)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရွေးကောက်ပွဲဝင်ဖို့အတွက် ထိပ်တန်းစစ်ဗိုလ်ချုပ်တချို့ကို စက်တင်ဘာလထဲမှာ အနားပေးလိုက်ပြီး အဲဒီထဲမှာ အရာရှိချုပ်တွေနဲ့ ကစထမှူးတွေပါဝင်ခဲ့တာဖြစ်ပါတယ်။

စီနီယာ စစ်ဗိုလ်ချုပ်တွေ အနားပေးခံခဲ့ရပြီး မျိုးဆက်သစ်ဗိုလ်ချုပ်တချို့ တက်လာတာတွေ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့လူယုံ ဗိုလ်ချုပ်မိုးမြင့်ဆွေက ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိတက်လာခဲ့တာပါ။

သူက စက်တင်ဘာလဆန်းတုန်းက စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဥ်မှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ မြန်မာထိပ်တန်းကိုယ်စားလှယ်အဖွဲ့စာရင်းမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။

ဒါ့အပြင် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကို ရန်ကုန်တိုင်းကို တာဝန်ပေးလိုက်တာကလည်း ရန်ကုန်က ရွေးကောက်ပွဲလုံခြုံရေးကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ချင်လို့ ဖြစ်တယ်လို့ စစ်ရုံးက ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

တိုင်းမှူးနှစ်ဦးက ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာတဲ့အတွက် လစ်လပ်နေရာတွေကို ဗိုလ်မှူးချုပ်နှစ်ယောက် တက်လာပါတယ်။

မကွေးအခြေစိုက် အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးက အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာပါတယ်။

ဗန်းမော်အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်တင်မင်းလတ်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာပါတယ်။

ဒါပေမဲ့ အရေးကြီးရာထူးနှစ်ခုဖြစ်တဲ့ စစ်ရေးချုပ်နဲ့ နေပြည်တော်ကိုကိုင်တွယ်ရတဲ့ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူးနေရာတွေကတော့ လစ်လပ်နေဆဲဖြစ်ပါတယ်။