အငြိမ်းစား စစ်ဗိုလ်ချုပ် ဦးမြင့်လှိုင် ဘာကြောင့် အဖမ်းခံရသလဲ

ဓာတ်ပုံ ရင်းမြစ်, USDP
သဘောထားတင်းမာသူလို့ အသိများကြတဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ် ဦးမြင့်လှိုင်ကို မြေယာနဲ့ဆိုင်တဲ့ အဂတိမှုနဲ့ ရုတ်တရက် ဖမ်းလိုက်တာက နေပြည်တော်အသိုင်းအဝိုင်းကို လှုပ်ခတ်သွားစေပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာသိမ်းကာလမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ စစ်အစိုးရလက်ထက်က လူဟောင်းဖြစ်သူ ဦးသိန်းစိန်အစိုးရလက်ထက်ဝန်ကြီးတစ်ဦး ပထမဆုံးနောက်ကြောင်းပြန် အရေးယူခံရတာလည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖြုတ်ချဖို့ ကြံစည်လို့ အကြောင်းပြချက်တစ်ခုနဲ့ ဖမ်းဆီးလိုက်တာလို့ ယူဆသုံးသပ်ချက်တချို့ ထွက်ပေါ်နေပေမယ့် အဲဒီအကြောင်းကြောင့်ဆိုတဲ့အထောက်အထား ခိုင်ခိုင်မာမာတော့ မရှိသေးပါဘူး။
ဦးမြင့်လှိုင်ဟာ ခြောက်လုံးတန်း (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် အငြိမ်းစားစစ်ခေါင်းဆောင်တွေရဲ့ အိမ်ရာ)ကို အဝင်အထွက်ရှိပြီး ဧပြီလထဲမှာပဲ သွားခဲ့သေးတဲ့အကြောင်း ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ခြောက်လုံးတန်း နဲ့ အဆက်အသွယ်ရှိတဲ့ ဦးမြင့်လှိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နေပြည်တော် ရာဇသင်္ဂဟအဝိုင်းအနီးမှာရှိတဲ့ ခြောက်လုံးတန်းမှာ အရင် အငြိမ်းစား စစ်အစိုးရ ခေါင်းဆောင်တွေဖြစ်ကြတဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ အဖွဲ့ဝင်တွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး နဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး တို့ နေထိုင်ကြပါတယ်။
ဦးမြင့်လှိုင်က ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ရဲ့ ကိုယ်ရေးအရာရှိလုပ်ခဲ့ဖူးပြီး ခြောက်လုံးတန်းကို မကြာခဏ အဝင်အထွက်ရှိသူတစ်ဦး ဖြစ်ပါတယ်။
ဝန်ကြီးချုပ်နဲ့ ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့် အနားပေးခံရတဲ့အထိ ဖြစ်ခဲ့တဲ့ ထောက်လှမ်းရေးတွေ အရေးယူခံခဲ့ရတဲ့ ၂၀၀၄ ခုနှစ် ဖြစ်စဉ်ဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း)က မူဆယ် (၁၀၅) မိုင် မှာ အစပြုခဲ့တာဖြစ်ပါတယ်။
အဲဒီကာလ ရှမ်းပြည်နယ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဗိုလ်ချုပ်မြင့်လှိုင်ဖြစ်ပြီး ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
‘’မူဆယ် (၁၀၅) မိုင် ကိစ္စမှာ တိုင်းမှူးက တိုင်စာရတယ်။ စုံခုံဖွဲ့စစ်တယ်။ မှန်တယ်ဆိုပြီး ကက(ကြည်း) ကိုသတင်းပို့တယ်။ သူ့အဆင့်နဲ့မရှင်းနိုင်ပါဘူးပေါ့’’ လို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အရာရှိကြီးတစ်ဦးက ဒီဖြစ်စဉ်အကြောင်း ဘီဘီစီကိုပြောပါတယ်။
အဲဒီကာလက တိုင်းစစ်ဌာနချုပ်တွေ နဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ကြားက ဆက်ဆံရေးကဆိုးရွားခဲ့တဲ့ကာလဖြစ်ပြီး မူဆယ်(၁၀၅)မိုင်မှာ ထောက်လှမ်းရေးအဖွဲ့တွေရဲ့ လာဘ်ပေးလာဘ်ယူမှုကို ဗိုလ်ချုပ်မြင့်လှိုင်က ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး အထိ တိုင်ကြားခဲ့တာလို့ သူက ရှင်းပြပါတယ်။
စစ်တက္ကသိုလ်အပတ်စဉ် (၁၇) ဆင်းဖြစ်တဲ့ ဦးမြင့်လှိုင်ဟာ လက်ရှိကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဟောင်း ဦးမြတ်ဟိန်း၊ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်တို့နဲ့ တစ်ပတ်စဉ်တည်း တက်ခဲ့သူတွေဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ထောက်ခံမှုကြောင့် အပတ်စဉ် (၁၇) ဆင်းတွေထဲမှာ တိုင်းမှုး နဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာထူးတွေကို အစောဆုံးရခဲ့သူဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဖြစ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲရှုံးနိမ့်ပြီးတဲ့နောက် ကြံ့ခိုင်ရေးပါတီမှာ ထိပ်တန်းရာထူးတွေ ဆက်လက်ရယူခဲ့ပါတယ်။
ကြံ့ခိုင်ရေးပါတီကနေ နုတ်ထွက်မယ့်အကြောင်း ဒီဧပြီလထဲမှာပဲ ခြောက်လုံးတန်းကို သွားပြီး ဦးမြင့်လှိုင်က တင်ပြခဲ့တယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
‘’ဦးသန်းရွှေ နဲ့ ဦးအေး ကို သွားတွေ့ပြီး သူပါတီက နုတ်ထွက်မယ့်အကြောင်း သွားတင်ပြခဲ့တယ်။ တခြားဘာတွေပြောခဲ့လဲတော့ ကျွန်တော်တို့လည်းမသိဘူး’’ လို့ ခြောက်လုံးတန်း နဲ့ အဆက်အသွယ်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဦးမြင့်လှိုင် အဖမ်းခံရမှု ပဟေဠိ

ဓာတ်ပုံ ရင်းမြစ်, USDP
ဦးမြင့်လှိုင်အဖမ်းခံရမှုဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖြုတ်ချဖို့ ကြံစည်လို့ တခြားအကြောင်းပြချက်တစ်ခုနဲ့ ဖမ်းဆီးလိုက်တာလို့ သုံးသပ်ချက်တွေထွက်ပေါ်နေပေမယ့် လက်တွေ့မှာ ဖြစ်နိုင်ခြေနည်းတဲ့အကြောင်း တပ်အရာရှိဟောင်းတချို့က သုံးသပ်ပါတယ်။
‘’အာဏာသိမ်းတယ်ဆိုတာ တပ်ရှိမှ၊ တပ်မရှိရင် သိမ်းဖို့မဖြစ်နိုင်သလောက်ပဲ’’ လို့ တပ်အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းဖို့သာအမှန်တကယ်ကြံစည်ရင် ကြံရာပါတွေရှိနိုင်ပြီး နောက်ဆက်တွဲဖမ်းဆီးခံရသူတွေ ရှိလာနိုင်တယ် လို့ သူက သုံးသပ်ပါတယ်။
မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ တပ်တွင်းအာဏာသိမ်းမှု တစ်ကြိမ်သာဖြစ်ခဲ့ဖူးပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်မှူးကြီးစောမောင်ဆီက ပြန်လည်သိမ်းယူခဲ့တာပဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြေးတွေ အာဏာသိမ်းဖို့ ကြံစည်မှုက နာမည်ကြီးပြီး မအောင်မြင်ခဲ့ပါဘူး။
ဦးမြင့်လှိုင်ကို အမှုဖွင့်ထားတဲ့ လယ်ယာမြေအမှုက လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်က အမှုကို နောက်ကြောင်းပြန်စွဲတာဖြစ်လို့ အကြောင်းပြချက်သက်သက်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ဦးမြင့်လှိုင်ကို သူ ရာထူးရှိချိန်က ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းက လယ်မြေဧက ၁၇၀၀ ကျော်ကို သားမက်ဖြစ်သူနဲ့ အတူ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်ထားတယ်လို့ ရဲကြေးနန်းအရ သိရပါတယ်။
‘’ဒါကအကြောင်းပြချက် သက်သက်ပါ။ ရယ်စရာကောင်းပါတယ်။ အရေးယူချင်ရင် ကြာရောပေါ့။ သူလုပ်တာ၊ ပြောတာတစ်ခုခုအပေါ် အရေးယူချင်လို့ အဂတိပုဒ်မ ကောက်တပ်တာပါ’’ လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်တစ်ဦးက သုံးသပ်ပါတယ်။
ဦးမြင့်လှိုင်ကို ဧပြီ ၁၀ ရက် မနက်အစောပိုင်းမှာပဲ နေပြည်တော်ကနေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားပြီး ကားဆယ်စီးဝန်းကျင်နဲ့ စစ်သားတွေရော အရပ်ဝတ်တွေပါ ပါဝင်တယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
လယ်ယာမြေလုပ်ပိုင်ခွင့်ကိုအမည်ပြောင်းတဲ့အမှုလောက်နဲ့ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး တစ်ဦးရဲ့အိမ်ကို ချိပ်ပိတ်တာ နဲ့ စစ်ကြောရေးချက်ချင်းပို့တာမျိုး လုပ်စရာမလိုဘူးလို့ ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။
‘’တစ်ခုရှိတာက ဦးမြင့်လှိုင်က အသာတကြည်အဖမ်းခံမယ့်လူမဟုတ်ဘူး။ ပြန်တုံ့ပြန်မယ့်လူ။ ဒါကြောင့် အင်အားသုံးတာဖြစ်နိုင်တယ်’’ လို့ သူက ပြောပါတယ်၊
ဒါပေမယ့် ဦးမြင့်လှိုင်က အရင်ကတည်းက အငြင်းပွားဖွယ်စကားတွေ ပြောတတ်ပြီး အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာလည်း တပ်ထိပ်ပိုင်းခေါင်းဆောင်တွေမကြိုက်တဲ့ လုပ်ရပ်တချို့ကို သူလုပ်ခဲ့တယ်လို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဦးမြင့်လှိုင် နဲ့ ဝါးချွန်ပေးအပ်ပွဲ

ဓာတ်ပုံ ရင်းမြစ်, MNP
ဦးသိန်းစိန်အစိုးရလက်ထက်မှာ လယ်သမားတွေကို ထမင်းတစ်နပ်လျှော့စားခိုင်းပြီး ချေးငွေပြန်ဆပ်ခိုင်းတဲ့ မိန့်ခွန်းကြောင့် ဦးမြင့်လှိုင်ဟာ ‘’တစ်နပ်စားမြင့်လှိုင်’’ လို့ နာမည်ကျော်ခဲ့ပါတယ်။
‘’သူက ပါးစပ်စည်းကမ်းမရှိဘူး။ ထောင်လွှားလွန်းတယ်’’ လို့ သူ့မိတ်ဆွေတစ်ဦးက ပြောပါတယ်။
သူက ချမ်းသာကြွယ်ဝတဲ့ မိသားစုကနေ ဆင်းသက်လာပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးလို ဆရာသမားမျိုးလည်း ပိုင်ဆိုင်ခဲ့တဲ့ အတွက် မာနကြီးပြီး ယုံကြည်မှုလွန်ကဲသူ လို့ သူ့မိတ်ဆွေက ပြောပါတယ်။
ဝန်ကြီးတာဝန် သာမကဘဲ ကြံ့ခိုင်ရေးပါတီနေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ တာဝန်ယူချိန်တွေမှာလည်း မိန့်ခွန်းပြောတဲ့ အချိန်တွေမှာ ကြမ်းတမ်းတဲ့ စကားတွေပြောခဲ့တယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ နေပြည်တော်ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌဖြစ်ခဲ့ဖူးတဲ့ ဦးမြင့်လှိုင်ဟာ မနှစ်က ဖေဖော်ဝါရီမှာ ပါတီဝင်တွေကို ဝါးရင်းတုတ် နဲ့ ဝါးချွန်တွေပေးအပ်ခဲ့တာကို စစ်ရုံးဘက်က မကျေနပ်ခဲ့ပါဘူး။
‘’သူက ကြံ့ခိုင်ရေးပါတီဝင်တချို့ကို လက်နက်တပ်ပေးဖို့ လိုင်စင်တွေလျှောက်ထားတယ်။ များတော့ ပြည်ထဲရေးက မချပေးဘူး။ အဲဒီမှာ လက်နက်တပ်ဆင်ပွဲဆိုပြီး ဝါးချွန်တွေပေးတော့ တပ်ဘက်ကစိတ်ဆိုးတယ်။ သူကလည်း ရွဲ့တာ’’လို့ ဦးမြင့်လှိုင်ရဲ့ မိတ်ဆွေက ပြောပါတယ်။
အဲဒီနောက် ဦးမြင့်လှိုင်ဟာ ပါတီထိပ်ပိုင်းရာထူးကနေ လျှော့ချခံရတာတွေ ဖြစ်လာပြီးတဲ့နောက် နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် ကြံ့ခိုင်ရေးပါတီဝင်တွေအသတ်ခံရတာများလာတဲ့အခါ ပြည်သူ့စစ်ဖွဲ့ဖို့ နဲ့ လက်နက်တပ်ဆင်တာတွေလုပ်ဖို့ ဦးမြင့်လှိုင်က တက်တက်ကြွကြွ တိုက်တွန်းခဲ့သူ လို့ နေပြည်တော် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကစလို့ တပ်စခန်းတွေ ဆက်တိုက်အသိမ်းခံရတဲ့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခေါင်းဆောင်မှုကို မကြာခဏ ပြင်းပြင်းထန်ထန်ဝေဖန်သူ တစ်ဦးဖြစ်တယ်လို့ ဦးမြင့်လှိုင်ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။









