အရေးကြီး ရာထူးနှစ်ခု ရွေးဖို့ ကျန်နေသေးတဲ့ ကြံ့ခိုင်ရေးပါတီ ညီလာခံ နောက်ကွယ်

ဓာတ်ပုံ ရင်းမြစ်, USDP
နောက်ထပ် ၅ နှစ်သက်တမ်းအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေကို ညီလာခံ နှစ်ရက်ကြာကျင်းပပြီး တင်မြှောက်ခဲ့ပေမဲ့ ဥက္ကဋ္ဌ ဦးသန်းဌေး အနားယူသွားတာကလွဲလို့ ‘ပိုနေမြဲကျားနေမြဲ‘ သဘောဆောင်ခဲ့ပါတယ်။
ကြိုတင်ရေပန်းစားတဲ့အတိုင်း ဒု ဥက္ကဋ္ဌ ဦးခင်ရီက ဥက္ကဋ္ဌ ဖြစ်လာပြီး အရေးကြီးတဲ့ နေရာတွေဖြစ်တဲ့ ဒု ဥက္ကဋ္ဌ တစ်နေရာ နဲ့ အထွေထွေအတွင်းရေးမှူးနေရာကိုတော့ ပါတီညီလာခံမှာ မကြေညာနိုင်ခဲ့ပါဘူး။
ဒီနေရာတွေဟာ တပ်ကလာမယ့် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးတွေအတွက်ချန်လှပ်ထားတာလို့ ယူဆတဲ့အကြောင်း ပါတီဗဟိုကော်မတီဝင်တွေက သုံးသပ်ပါတယ်။
ခေါင်းဆောင်ပိုင်း ၂ နေရာသာ အပြောင်းအလဲဖြစ်ခဲ့လို့ ထူးခြားဟန်မပြခဲ့ပေမဲ့ ကြံ့ခိုင်ရေးပါတီညီလာခံက နောက်ကွယ်မှာ စိတ်ဝင်စားစရာအဖြစ်အပျက်တချို့ရှိခဲ့ပါတယ်။
အကွဲအပြဲတွေရှိခဲ့သလား

ဓာတ်ပုံ ရင်းမြစ်, USDP
ပြီးခဲ့တဲ့ မေလက ဘီဘီစီမြန်မာပိုင်းနဲ့ ပြုလုပ်ခဲ့တဲ့ မေးမြန်းခန်းမှာဖြေကြားခဲ့တဲ့စကားတွေအရ ဦးသန်းဌေးတစ်ယောက် ဥက္ကဋ္ဌ ရာထူးက အနားယူချင်ပုံမပြဘဲ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအထိ ပါတီကို ဦးဆောင်သွားချင်တဲ့ဆန္ဒရှိခဲ့ပါတယ်။
ဒါပေမဲ့ ပါတီထဲမှာ ဦးသန်းဌေးရဲ့ ခေါင်းဆောင်မှုကို မနှစ်သက်သူတွေ ပေါ်လာပြီး နောက်ပိုင်းမှာ သူ့ရဲ့ခေါင်းဆောင်မှုနဲ့ပတ်သက်လို့ မေးခွန်းထုတ်တာတွေ၊ လူသိရှင်ကြားဝေဖန်တာတွေ ပါတီထိပ်ပိုင်းတာဝန်ရှိသူတချို့ကြားကနေ ထွက်ခဲ့ပါတယ်။
အဲဒီလိုအခြေအနေမှာပဲ သြဂုတ်လထဲမှာ စစ်ကောင်စီက ဦးခင်ရီကို လဝက ဝန်ကြီးနေရာကနေ အနားပေးလိုက်တဲ့နောက် ပါတီကို ဦးခင်ရီ ပြန်ရောက်လာပါတယ်။
ဒါ့အပြင် ဦးသန်းဌေးရဲ့ ဥက္ကဋ္ဌ နေရာကိုလည်း ညီလာခံမတိုင်ခင်လေးမှာ လွှဲယူလိုက်တာက ထူးခြားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကျန်းမာရေးကိစ္စလို့အကြောင်းပြပေမဲ့ ဦးသန်းဌေးတစ်ယောက် ရုံးပုံမှန်လာတက်နေခဲ့တယ်လို့ ပါတီဌာနချုပ်က လူတချို့ဆီက သိရပါတယ်။
ဦးသန်းဌေးက ဥက္ကဋ္ဌ ရာထူးကနေ သူနုတ်ထွက်တာက သူ့ကိုတိုက်ခိုက်မှုတွေကြောင့်မဟုတ်ဘဲ ရွေးကောက်ပွဲ အနိုင်မရခဲ့တာ ၊ ပါတီဝင်တွေသတ်ဖြတ်ခံရတာကို အကာအကွယ်မပေးနိုင်တာ နဲ့ ခါးဝေဒနာ ကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ပါတီကိုဦးမဆောင်နိုင်တော့မှာမို့ နုတ်ထွက်တာလို့ ညီလာခံမိန့်ခွန်းမှာ အကြောင်းပြခဲ့ပါတယ်။
ဒါပေမဲ့ ဦးသန်းဌေးနဲ့အတူ အနားယူခဲ့တဲ့ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းကတော့ ပါတီဗဟိုအတိုင်ပင်ခံအဖွဲ့ထဲပြန်ပါခဲ့ပေမဲ့ ဦးသန်းဌေးကတော့ ပြန်ပါမလာတော့ပါဘူး။
ဥက္ကဋ္ဌ ရာထူး အလွှဲအပြောင်းကို ‘အစဉ်အလာကောင်းသော USDP ၏ လက်ဆင့်ကမ်းတာဝန်’ ဆိုပြီး ဦးခင်ရီ က သူ့လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။
ဝါရင့်ပါတီဝင်တချို့ကတော့ ဒါဟာ ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းတို့ဖြစ်ခဲ့တဲ့ သန်းခေါင်ယံအာဏာသိမ်းပွဲလိုကိစ္စတွေ ကြံ့ခိုင်ရေးမှာမရှိတော့တာကို ပြတာလို့ သုံးသပ်ပါတယ်။
ဒါပေမဲ့ ဦးသန်းဌေးနဲ့ ပါတီဗဟိုအလုပ်အမှုဆောင်တချို့ကြားမှာ အဖုအထစ်တချို့ရှိခဲ့တယ်လို့ ပါတီဗဟိုကော်မတီဝင် ဦးလှဆွေ ကပြောပါတယ်။
ဒီလိုအဖုအထစ်တွေရှိခဲ့ပေမဲ့ ဦးသန်းဌေးထွက်သွားတဲ့အခါ သူနဲ့အဆင်မပြေတဲ့သူတွေကို ရာထူးတိုးမြှင့်ပေးလိုက်တာ မတွေ့ရဘူးလို့ သူကဆက်ပြောပါတယ်။
‘တိုက်ခိုက်ရင်အပေါ်ရောက်တယ် ဆိုတာမျိုး မဖြစ်စေချင်တာလို့ ကျွန်တော်ထင်တယ်။’ လို့ ဦးလှဆွေ ကပြောပါတယ်။
ညီလာခံက ဦးခင်ရီရဲ့ ဥက္ကဋ္ဌနေရာကို အတည်ပြုပေးရုံသက်သက်ထက်မပိုခဲ့ဘဲ ဒီမိုကရေစီနည်းကျ မဲပေးရွေးချယ်မှုလည်း မဟုတ်ခဲ့ဘူးလို့ ညီလာခံကိုယ်စားလှယ်တွေထံက သိရပါတယ်။
ရွေးချယ်ရေးအဖွဲ့က ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌ နဲ့ ဗဟိုအလုပ်အမှုဆောင်လူစာရင်းကိုကြေညာခဲ့ပြီး သဘောတူမတူမေးပြီးမှ အတည်ပြုတဲ့စနစ်လို့ ညီလာခံကိုယ်စားလှယ် တစ်ဦးကပြောပြပါတယ်။
‘ဘယ်သူကသဘောမတူဘူးလို့ဖြေရဲမှာလဲဗျာ’ လို့ ညီလာခံကိုယ်စားလှယ် တစ်ဦးက ဘီဘီစီကိုပြောပြီး မဲပေးရွေးချယ်မှုရှိရင် ပိုကောင်းမယ်လို့ဆိုပါတယ်။
ပါတီညီလာခံ သုံးကြိမ်လုံးတက်ခဲ့တဲ့ ဦးလှဆွေကတော့ သုံးကြိမ်လုံးမှာရွေးချယ်တဲ့ပုံစံက အတူတူပဲလို့ ပြောပြပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကို ၂၀၁၀ ပြည့်နှစ်မှာ တည်ထောင်တုန်းက ဦးသိန်းစိန်က ဥက္ကဋ္ဌဖြစ်ပြီး ပထမအကြိမ် ၂၀၁၂ ပါတီညီလာခံမှာ သူရဦးရွှေမန်းက ဥက္ကဋ္ဌ ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အငြင်းပွားမှုတွေဖြစ်ခဲ့ပါတယ်။ ၂၀၁၆ ပါတီညီလာခံမှာ ဦးသန်းဌေး ဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး အခုတော့ ဦးခင်ရီ ဖြစ်လာခဲ့တာပါ။
ညီလာခံမတိုင်ခင်က ရွေးချယ်ရေးအဖွဲ့ကို ဦးဆောင်ဖို့ သမ္မတဟောင်းဦးသိန်းစိန်ကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တချို့က ချဥ်းကပ်ခဲ့ကြတဲ့အကြောင်း ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ရွေးချယ်ရေးအဖွဲ့မှာ ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဦးသိန်းစိန်၊ ဦးခင်အောင်မြင့်၊ ဦးဌေးဦး၊ ဦးစိုးသိန်း၊ ဦးသိန်းဇော်တို့အပါအဝင် ၁၁ ဦး ပါဝင်ခဲ့ပေမဲ့ အဲဒီအဖွဲ့လည်း ညီလာခံမတိုင်ခင် ပျက်သွားတယ်လို့ သူကဆက်ပြောပါတယ်။
‘သေချာတာကတော့ ဒီညီလာခံမှာ ဦးသိန်းစိန် တင်မကဘူး၊ ဦးသန်းရွှေရော ဦးအေးရဲ့လွှမ်းမိုးမှုပါမပါဘူး’ လို့ ဦးလှဆွေကပြောပါတယ်။
အထွေထွေအတွင်းရေးမှူး မရွေးနိုင်ခဲ့တဲ့ ညီလာခံ

ဓာတ်ပုံ ရင်းမြစ်, USDP
ပါတီရဲ့ အရေးကြီးတဲ့ရာထူးတွေဖြစ်တဲ့ ဒုဥက္ကဋ္ဌ တစ်နေရာနဲ့ အထွေထွေအတွင်းရေးမှူးရာထူးကိုတော့ ညီလာခံကာလအတွင်းမှာရွေးချယ်နိုင်ခဲ့ခြင်းမရှိပါဘူး။
ဒီနေရာတွေကို ညီလာခံကာလအတွင်းမှာပဲ စစ်တပ်က အငြိမ်းစားယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး အတွက် လျာထားတယ်လို့ သတင်းတွေထွက်နေပေမဲ့ အောက်တိုဘာ ၇ ရက်အထိ မွန်းလွဲပိုင်းအထိ မခန့်အပ်နိုင်သေးပါဘူး။
ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးလှဆွေကတော့ အငြိမ်းစားဗိုလ်ချုပ်ကြီးတွေအနေနဲ့ ပါတီဝင်နံပါတ်ထွက်အောင် အရင်လုပ်ရမှာဖြစ်ပြီး ရာထူးကြီးတွေ တိုက်ရိုက်တန်းပေးလို့မရဘဲ လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ဖြတ်ကျော်ရဦးမှာဖြစ်လို့ ကြန့်ကြာနေတာလို့ ပြောပါတယ်။
အထွေထွေအတွင်းရေးမှူးအသစ်ဖြစ်လာမယ်လို့ ရေပန်းစားခဲ့တဲ့ ဦးသောင်းအေးက ပါတီညီလာခံမှာ
ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်အဖြစ်ပဲ ပြန်ရွေးခံရပါတယ်။
အထွေထွေအတွင်းရေးမှူး ရာထူးမရွေးချယ်နိုင်မှုနဲ့ပတ်သက်လို့ သူ့ကိုမေးကြည့်တော့
'လူမှန်နေရာမှန်ဖြစ်အောင် ရွေးနေလို့ ဆက်စောင့်ကြည့်ပါ' လို့ ပြောပါတယ်။
အထွေထွေအတွင်းရေးမှူး နေရာကို မရွေးချယ်နိုင်ခဲ့ပေမဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူးရာထူးကိုတော့ အငြိမ်းစား ဗိုလ်ချုပ် ဦးတင်အောင်ချစ်ကို ခန့်အပ်ခဲ့ပါတယ်။
ထူးခြားတာတစ်ခုက အနားယူသွားတဲ့ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းကလည်း အရင်က နယ်စပ်ရေးရာဝန်ကြီးဖြစ်ခဲ့ပြီး ဦးတင်အောင်ချစ် ကလည်း နယ်စပ်ရေးရာ ဒုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
အရင်က တွဲဖက်အထွေထွေအတွင်းရေးမှူးရာထူးဆိုတာ မရှိခဲ့ဘဲ ဒီညီလာခံကျမှ ထွင်လိုက်တဲ့ရာထူးဖြစ်ပါတယ်။
စစ်ဗိုလ်ချုပ်တွေရဲ့ပါတီ

ဓာတ်ပုံ ရင်းမြစ်, MOI
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၉၃ ခုနှစ်မှာ လူမှုရေးအသင်းအဖြစ် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ ပါတီအဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် ရွေးချယ်ပေးတဲ့ ဗဟိုအလုပ်မှုဆောင်စာရင်းကို ဦးသိန်းစိန်က ဦးဆောင်ခဲ့ပြီး ရွေးကောက်ပွဲပြီးတော့ သမ္မတဖြစ်လာပါတယ်။
လက်ရှိအချိန်အထိလည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တပည့်တွေပဲ ပါတီကိုဆက်လွှမ်းမိုးထားပါတယ်။
ထူးခြားတာတစ်ခုက စစ်တက္ကသိုလ်အပတ်စဥ် (၁၇) ဆင်းတွေဖြစ်တဲ့ ဦးခင်ရီ၊ ဦးမြတ်ဟိန်းနဲ့ ဦးလှထွန်းတို့က ပါတီကို ဦးဆောင်နေကြပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထက် စီနီယာကျသူတွေဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, USDP
ဗဟိုအလုပ်အမှုဆောင်တွေထဲမှာဆိုလည်း အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ ဦးမြင့်လှိုင်၊ ဦးသောင်းအေး၊ ဦးမြင့်စိုး တို့အပါအဝင် အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ ပါဝင်နေပါတယ်။
လက်ရှိ စစ်ကောင်စီအစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်၊ အလုပ်သမားဝန်ကြီးဒေါက်တာပွင့်ဆန်း နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တို့လည်း ဗဟိုအလုပ်အမှုဆောင်စာရင်းထဲ ပါလာပါတယ်။
တပ်မတော်ဘက်ကပြောင်းလာပြီး ဒုတိယ ဥက္ကဋ္ဌ နေရာအတွက် လျာထားခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက စစ်တက္ကသိုလ် အပတ်စဉ် (၂၈) က ဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူရင်းလည်း ဖြစ်ပါတယ်။
အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးကတော့ စစ်တက္ကသိုလ် အပတ်စဉ် (၂၆) က ဖြစ်ပြီး သမ္မတဟောင်း ဦးသိန်းစိန်ရဲ့တပည့်အရင်းတစ်ဦး ဖြစ်ပါတယ်။
ဦးအောင်စိုးက အထွေထွေအတွင်းရေးမှူးရာထူး သို့မဟုတ် နိုင်ငံတကာဆက်ဆံရေးဌာန တစ်ခုခုကိုရောက်မယ်လို့လည်း ဗဟိုကော်မတီဝင်တစ်ဦးကပြောပါတယ်။
ဒုတိယ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဗိုလ်ချုပ်မျိုးမြင့်ကတော့ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဟောင်း ပျော်ဘွယ်အမတ်ဦးသောင်းအေးရဲ့ လူယုံ တစ်ဦး ဖြစ်ပါတယ်။
ဦးမျိုးမြင့်က ကျပ်ဘီလျံနဲ့ချီကြွယ်ဝတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ဘဏ္ဍာရေးကို ကိုင်တွယ်စစ်ဆေးရမယ့်သူဖြစ်လာနိုင်တယ်လို့ ဗဟိုကော်မတီဝင်တစ်ဦးက သုံးသပ်ပါတယ်။
ဒီအငြိမ်းစားစစ်ဗိုလ်ချုပ် ၃ ဦး အတွက်အဓိကစိန်ခေါ်ချက်က ပါတီကိုရောက်နှင့်နေတဲ့ သူတို့ထက် များစွာ စီနီယာကျတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာပဲဖြစ်တယ်လို့ ပါတီအမာခံတစ်ဦးကပြောပါတယ်။
အငြိမ်းစားယူလိုက်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းနဲ့ ဗိုလ်ချုပ်မျိုးမြင့်တို့ အောက်တိုဘာ ၆ ရက်က ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ကို ရောက်လာကြပြီး ပါတီဝင်တွေဖြစ်လာကြတဲ့အကြောင်း ဌာနချုပ်က ပါတီဝင်တစ်ဦးကပြောပါတယ်။
‘သူတို့ကို ရာထူးတွေတော့ တရားဝင်ခန့်အပ်လိုက်တာတော့ မရှိသေးဘူး။ သူတို့အတွက် ရုံးခန်းတွေပြင်ဆင်နေလို့ လာမယ့်အင်္ဂါနေ့မှ ရုံးစတက်မယ်’ လို့ သူကပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ စစ်တပ်ကနေအငြိမ်းစားယူပြီး ပါတီမှာရာထူးကြီးတွေ တန်းရတာမျိုးတွေဆက်ဖြစ်နေတာက ပါတီတွင်း အောက်ခြေလူထုနဲ့ ထိတွေ့တက်လာသူတွေရဲ့ ရှုံးနိမ့်မှု လို့ပြောပါတယ်။
‘အဲဒီအတိုင်းဆက်လုပ်နေရင်တော့ သူတို့ကို တပ်ပါတီ ဆိုတဲ့အမြင်ကလည်း ပြောင်းလဲလာမှာမဟုတ်ဘူး’ လို့ သူကသုံးသပ်ပါတယ်။








