ခြောက်လုံးတန်းမှာ အိမ်လာဆောက်တဲ့ စစ်ခေါင်းဆောင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နေပြည်တော်ကို တည်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အငြိမ်းစားယူတဲ့အခါ နေထိုင်ဖို့ အိမ်တော်တစ်လုံးကို စိတ်ကြိုက်ရွေးချယ် တည်ဆောက်ခဲ့ပါတယ်။
သူ့အိမ်အနီးမှာ သူ့တပည့်တွေလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေလည်းဖြစ်ခဲ့သူ ၅ ဦးကို နေရာချထားပေးခဲ့တဲ့အတွက် သူတို့နေထိုင်တဲ့နေရာကို 'နေပြည်တော်က ခြောက်လုံးတန်း' လို့ လူသိများပါတယ်။
အခုတော့ အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီးတွေနေထိုင်ရာ နန်းတော်တမျှခမ်းနားလှတဲ့အဲဒီအိမ်ကြီးတွေအနီးမှာ အိမ်နီးချင်းတစ်ယောက် တိုးလာဖို့ရှိနေပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ သူနေထိုင်ဖို့ အိမ်တစ်လုံးကို ခြောက်လုံးတန်းအနီးမှာ နေရာယူတည်ဆောက်လိုက်လို့ဖြစ်ပါတယ်။
ခြောက်လုံးတန်းက အိမ်ကြီးရှင်တွေ

ဓာတ်ပုံ ရင်းမြစ်, Google Map
ရာဇသင်္ဂဟအဝိုင်းအနီးမှာရှိတဲ့ ခြောက်လုံးတန်းမှာ အခုအငြိမ်းစားယူသွားကြပြီဖြစ်တဲ့ အရင် စစ်အစိုးရ ခေါင်းဆောင်တွေဖြစ်ကြတဲ့ နအဖ (နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ အဖွဲ့ဝင်တွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး နဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး တို့ နေထိုင်ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူသဘောကျတဲ့ မြေကွက်ကိုယူပြီးမှ ကျန်တဲ့သူတွေက သူ့အိမ်ဘေးမှာ ခြံရံနေထိုင်ကြတာလို့ နေပြည်တော်တည်ဆောက်ရေးစီမံကိန်းမှာပါဝင်ခဲ့တဲ့ အငြိမ်းစားအရာရှိကြီးတစ်ဦးကပြောပါတယ်။
တော်ဝင်ရတနာလမ်းမပေါ်မှာ ဦးသန်းရွှေ၊ ဦးမောင်အေး၊ သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန် တို့ရဲ့ အိမ်တွေ တောင်ကနေ မြောက်ဘက်အတိုင်း အစဉ်လိုက်ရှိနေကြတာ ဖြစ်ပါတယ်။
ဦးသန်းရွှေအိမ်ရဲ့အနောက်ဘက်မှာတော့ ဦးတင်အေး အိမ်ရှိပြီး ဦးမောင်အေးရဲ့အနောက်ဘက်မှာတော့ သီဟသူရဦးတင်အောင်မြင့်ဦးရဲ့ အိမ်ရှိပါတယ်။
"စဆောက်တုန်းက ၅ လုံးပဲဆောက်ဖို့ရည်ရွယ်တာ။ နောက်မှ ဦးတင်အေးအတွက်ပါလာတာ။ အဲဒါကြောင့် ဦးတင်အေးမြေကွက်က အသေးဆုံးဖြစ်နေတာတွေ့ရလိမ့်မယ်’’ လို့ အငြိမ်းစားအရာရှိကြီးက ပြောပါတယ်။
အိမ်နံပါတ်တွေကို ရာထူးဝါစဥ်အလိုက် သတ်မှတ်တာဖြစ်ပြီး ဦးသန်းရွှေရဲ့ အိမ်က A1 ဖြစ်ပြီး A6 အထိ အစဉ်လိုက်ဖြစ်ပါတယ်။
ခြောက်လုံးတန်းမှာ A1 ခြံက အိမ်ရှင်ကတော့ အိမ်အမြဲဆုံးဖြစ်ပြီး ဦးသန်းရွှေဟာ အငြိမ်းစားယူပြီးကတည်းက နေပြည်တော်မှာပဲ နေထိုင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, social media
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဦးမောင်အေးကတော့ လေဖြတ်ဝေဒနာခံစားနေရပြီး A2 အပြင် ဆေးရုံ နဲ့ ပြင်ဦးလွင် မှာ တစ်လှည့်စီ နေတယ်လို့ သိရပါတယ်။
ဦးသိန်းစိန် နဲ့ သူရဦးရွှေမန်းတို့ကလည်း သမ္မတနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ကြလို့ သမ္မတအိမ်တော်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အိမ်တော်တွေမှာ ၅ နှစ် သွားရောက်နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။
ဒုတိယသမ္မတဟောင်း သီဟသူရဦးတင်အောင်မြင့်ဦးက A5 နဲ့ ရန်ကုန် မှာ တစ်လှည့်စီနေပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေးကလည်း တစ်ခါတလေ ရန်ကုန်အိမ်ကိုပြန်တတ်ပါတယ်။
ပုဗ္ဗသီရိမြို့နယ်ထဲမှာပါဝင်တဲ့ ဒီအိမ်ခြောက်လုံးကနေ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးကို ဖူးမြော်နိုင်ပြီး ဘုရားနဲ့ အိမ်တွေကြားမှာ တမျှော်တခေါ်လယ်ကွင်းပြင်တွေ ခြားနေပါတယ်။
အဲဒီလယ်ကွင်းတွေကြားမှာရှိတဲ့ ဦးသိန်းစိန်ရဲ့ သမ္မတလယ်တောနဲ့ နွားခြံ ကတော့ လူသိများပါတယ်။
ဒီအိမ်တွေကို တာဝန်ယူတည်ဆောက်ပေးခဲ့တာက သီဟသူရဦးတင်အောင်မြင့်ဦး ဖြစ်ပါတယ်။
ဧကနဲ့ချီကျယ်ဝန်းတဲ့ ခြံထဲက အိမ်တွေမှာ ရေကူးကန်၊ အသေးစားဂေါက်ကွင်းနဲ့ မြေယာရှုခင်းတွေကို အိမ်ရှင်တွေလိုချင်တဲ့ ပုံစံအတိုင်း ထည့်သွင်းပေးခဲ့ရတယ်လို့ တည်ဆောက်ရေးစီမံကိန်းတွေမှာပါတဲ့ အငြိမ်းစားအရာရှိကြီးက ပြောပါတယ်။
ရာဇသင်္ဂဟလမ်းနဲ့ တော်ဝင်ရတနာလမ်း ကြားက အဲဒီ အိမ်ခြောက်လုံးအတွက် အတွင်းပတ်လမ်းတွေထားရှိပြီး လူသွားလမ်းမကြီးကိုထွက်စရာမလိုဘဲ တစ်အိမ်နဲ့တစ်အိမ် ကူးလူးသွားလာလို့ရပါတယ်။
ညောင်ပင်ကြီးစုရပ်ကွက်ထဲက ခြောက်လုံးတန်းမှာနေထိုင်သူတွေအတွက် အစိုးရအဆက်ဆက်က လုံခြုံရေးပေးထားပြီး လူနေရပ်ကွက်တွေနဲ့ သီးခြားဖြစ်ပြီးတော့ အနီးဆုံးမှာ နေပြည်တော်စည်ပင်ဝန်ထမ်းအိမ်ရာတွေပဲရှိပါတယ်။
အရှေ့ရွာက လာမယ့်သူ

ဓာတ်ပုံ ရင်းမြစ်, Google
လက်ရှိအချိန်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ ‘အရှေ့ရွာ’ လို့ အမည်ဝှက်ပေးထားတဲ့ ဇေယျာသီရိမြို့နယ်ထဲက စစ်ရုံးထဲမှာ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဗိုလ်ချုပ်ကြီးတွေနဲ့အတူ နေထိုင်ပါတယ်။
ခြောက်လုံးတန်းအနီးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် အိမ်ဆောက်ဖို့ နေရာယူထားတာကို သတိထားမိသူ များများစားစားမရှိခဲ့ပါဘူး။
မနှစ်ကတည်းက ဆောက်လုပ်ရေးလုပ်ငန်းတွေစနေခဲ့ပေမဲ့ ဒီနှစ်ဆန်းပိုင်းမှ တပ်နဲ့ ဌာနဆိုင်ရာအသိုင်းအဝိုင်းကြားမှာ ဒီသတင်းက ပျံ့နှံ့လာတာဖြစ်ပါတယ်။
‘’လမ်းမပေါ်ကနေကြည့်ရင် အထဲကိုမမြင်ရဘူး။ အပင်တွေနဲ့ကွယ်နေတယ်။ လုံခြုံရေးတွေလည်းရှိတော့ အဲဒီနေရာကို လူတွေအလွယ်တကူသတိမထားမိခဲ့ကြတာ’’ လို့ နေပြည်တော်ကောင်စီက သတင်းအရင်းအမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီမြေကွက်ကို နေပြည်တော်မြို့တော်ဝန်ဟောင်း ဒေါက်တာမောင်မောင်နိုင် လက်ထက်ကတည်းက ချပေးခဲ့တာလို့ အဲဒီသတင်းအရင်းအမြစ်က ပြောပါတယ်။
နေပြည်တော်နဲ့ ရန်ကုန်က မတူညီတဲ့နယ်ပယ်က သတင်းအရင်းအမြစ် ၅ ခုက ခြောက်လုံးတန်းအနီးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အိမ်သတင်းဟာ မှန်ကန်တယ်လို့ အတည်ပြုပါတယ်။
Google Map ကနေ မြင်ရတဲ့ ပုံတွေအရ ခြောက်လုံးတန်းအနီးမှာ မြေကွက်ဖော်ပြီးတည်ဆောက်ရေးလုပ်ငန်းတချို့ စတင်နေတာ တွေ့ရပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေအိမ်နဲ့အနီးဆုံးမှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လုံခြုံရေးအရ ခြောက်လုံးတန်းအနီးကို ရွေးချယ်ခဲ့ပုံရတယ်လို့ ဒီကိစ္စကိုသိတဲ့ အငြိမ်းစားတပ်မတော်အရာရှိတစ်ဦးက ပြောပါတယ်။
‘’အရှေ့ရွာထဲက ထွက်လာရင်ပဲဖြစ်ဖြစ်၊ သမ္မတလုပ်ပြီးတော့အငြိမ်းစားယူရင်ပဲဖြစ်ဖြစ် ဒီနေရာကအလုံခြုံဆုံးပဲ'' လို့ သူကပြောပါတယ်။
နေအိမ်များစွာပိုင်ဆိုင်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ခြောက်လုံးတန်းအနီးမှာ အိမ်လာဆောက်တာဟာ လုံခြုံရေးအရတင်မကဘဲ နိုင်ငံရေးပါ ပါပုံရတဲ့အကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်ပါတယ်။
‘’သူ့ကိုယ်သူ နိုင်ငံ့အကြီးအကဲတစ်ယောက်လို့ သတ်မှတ်လိုက်တာပေါ့ဗျာ။ သူက ဟိုပုဂ္ဂိုလ်တွေနဲ့ တန်းတူပေါ့။ တခြားသူတွေနဲ့ အဆင့်မတူတော့ဘူးပေါ့။ အဲဒီလိုလည်းတွေးပုံပေါ်တယ်’’ လို့ သူကသုံးသပ်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့အိမ်တွေ

ဓာတ်ပုံ ရင်းမြစ်, cincds
ဘီဘီစီရဲ့ စုံစမ်းမှုတွေအရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကိုယ်ပိုင်အိမ်တွေက ၅ လုံးထက်မနည်းရှိနေတာ တွေ့ရပါတယ်။
နေပြည်တော် ဗဟိုဘဏ်အနီးက ရာဇသင်္ဂဟအိမ်ရာ (၁) နဲ့ (၂) ဟာ စစ်ဗိုလ်ချုပ်တွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေနဲ့ ညွှန်ကြားရေးမှူးချုပ်တွေ နေထိုင်ကြပြီး အဖိုးနှုန်းသက်သာလှတဲ့စျေးနဲ့ မြေကွက်တွေ ချထားပေးခဲ့တာပါ။
စစ်ကောင်စီဥက္ကဋ္ဌဟာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်မှာ ရာဇသင်္ဂဟအိမ်ရာ (၁) က တမာလမ်းထိပ်မှာ ပေ နှစ်ရာပတ်လည် မြေတစ်ကွက် ရခဲ့ပါတယ်။
သူ့ရဲ့အိမ်နီးချင်းတွေက ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဖြစ်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့အခါ တမာလမ်းထဲမှာပဲ နောက်ထပ်မြေတစ်ကွက်ထပ်ရပြီး ပထမမြေကွက်ထက် ပိုကျယ်ပါတယ်။
ဒါ့အပြင် ပြင်ဦးလွင်မှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အိမ်ပါ ပါတဲ့ ဗိုလ်ချုပ်ရွာ တစ်ခုရှိပြီး အဲဒီမှာလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အိမ်တစ်လုံးရှိပါတယ်။
ရန်ကုန်မှာဆိုရင်လည်း ကျပ်သိန်းသောင်းချီတန်တဲ့မြေကွက်တွေဖြစ်တဲ့ အင်းလျားလမ်း ခြံအမှတ်(၁၄) နဲ့ ပြည်လမ်း ခြောက်မိုင်ခွဲက အင်းယားကန်စပ်ကိုပေါက်တဲ့ မြက်ခင်းရိပ်သာလမ်းနေအိမ်တွေကို ပိုင်ဆိုင်ပါတယ်။
အင်းလျားလမ်း ခြံအမှတ်(၁၄) အပါအဝင် စစ်ခေါင်းဆောင်တွေပိုင်ဆိုင်တဲ့ နေအိမ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနှစ်က လေလံပစ်ခဲ့ပြီး ဒေါ်လာသန်းချီရခဲ့တယ်လို့ကြေညာထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ကြွယ်ဝချမ်းသာမှုအပေါ် ဝေဖန်မှုတွေရှိနေချိန်မှာပဲ နောက်ထပ်အိမ်တော်တစ်လုံးကို နေပြည်တော်မှာ တည်ဆောက်လာနေတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ လုံခြုံရေးအမြင်နဲ့ မြို့တော်ကို ရန်ကုန်ကနေ နေပြည်တော်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်ဗိုလ်ချုပ်တွေရော အငြိမ်းစားစစ်ဗိုလ်ချုပ်တွေပါ နေပြည်တော်မှာပဲ အခြေချကြပါတယ်။
လာမယ့်လပိုင်းထဲ အသက် ၆၇ နှစ်ပြည့်တော့မယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူတပ်ကအငြိမ်းစားယူရင်နေမယ့် အိမ်အတွက် ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ အငြိမ်းစားဝန်ကြီးတစ်ဦးက သုံးသပ်ပါတယ်။








