ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချ

ဓာတ်ပုံ ရင်းမြစ်, DICA
နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊စစ်စည်းကမ်းဖောက်ဖျက်မှု၊ တံစိုးလက်ဆောင်ရယူမှု၊ နိုင်ငံခြားသုံးငွေတရားမဝင်လက်ဝယ်ထားမှု အပါအဝင် တခြားစွဲချက်တွေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို စစ်တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်လိုက်ပါတယ်။
ဒါဟာ နှစ်ပေါင်းများစွာအတွင်း ကြည်းတပ်ရဲ့ နံပါတ်(၄) အဆင့် စစ်ဦးစီးအရာရှိချုပ် (ကြည်း) တစ်ဦးကို အာဏာအလွဲသုံးစားမှုနဲ့ ထောင်ချလိုက်တာဖြစ်ပြီး စစ်ကောင်စီရဲ့ ဒီကနေ့ည ကြေညာချက်အရ သူဟာ အနှစ်နှစ်ဆယ်နဲ့ ညီမျှတဲ့ ထောင်ဒဏ်တစ်သက်ကို ကျခံရမှာဖြစ်ပါတယ်။
စစ်ကောင်စီဝင်လည်းဖြစ်တဲ့ သူဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ နဲ့ နိုင်ငံခြားငွေ ကြီးကြပ်ရေးကော်မတီ (FESC) မှာ ဥက္ကဋ္ဌ တာဝန်တွေထမ်းဆောင်စဉ်အတွင်းမှာ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရအောင် ဆောင်ရွက်ခဲ့မှုတွေကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုအပါအဝင် ပုဒ်မတွေတပ်ပြီး အခုလိုအရေးယူခဲ့တာ ဖြစ်ပါတယ်။
ပြည်ပက စားသုံးဆီ တင်သွင်းမှုမှာ ဗဟိုဘဏ်က သတ်မှတ်ပေးထားတဲ့ ဒေါ်လာစျေးထက် စျေးတင်ရောင်းချတာကို သိရက်နဲ့ အရေးမယူတဲ့အပြင် ပါဝင်ပတ်သက်တဲ့တာကလည်း သူထောင်ဒဏ်ချမှတ်ခံရတဲ့အကြောင်းအရင်းတွေထဲကတစ်ခုဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုးမြင့်ထွန်းဟာ ကုမ္ပဏီတွေဆီကလည်း တံစိုးလက်ဆောင်တွေရယူခဲ့တယ် လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဟောင်းဟာ အရပ်ဘက်စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
သူ့ရဲ့ လက်ရုံးဖြစ်တဲ့ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးကိုလည်း အနှစ်နှစ်ဆယ်နဲ့ ညီမျှတဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဆီးစစ်ဆေးမှုအရ ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးက အရင်ဖမ်းဆီး ခံရတာဖြစ်ပြီး သူ့ရဲ့ထွက်ဆိုချက်အရ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ လာဘ်စားမှုတွေပါ ပေါ်ပေါက်လာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စက်တင်ဘာ ၁၉ ရက်မှာ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို စတင်စစ်ဆေးပြီး သုံးပတ်အတွင်း အခုလိုအရေးယူတာလည်းဖြစ်ပါတယ်။
စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ စစ်တပ်တစ်ခုလုံးမှာ နံပါတ် (၆) အဆင့်မှာ ရှိပြီး သူ့အထက်မှာ ငါးဦးပဲ ရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် နဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် တို့ ဖြစ်ပါတယ်။
ကြည်းတပ်မှာဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တို့ ပြီးရင် နံပါတ် (၄) အဆင့်ဖြစ်ပါတယ်။
စစ်တက္ကသိုလ်အပတ်စဉ် (၃၀) ဆင်း ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ အယောက် ၂၀ ဝန်းကျင်လောက်ရှိတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေထဲမှာ ရာထူးနေရာ အမြင့်ဆုံး ဖြစ်သလို စစ်ကောင်စီထဲမှာလည်း နံပါတ် ၅ ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ရဲ့ များပြားတဲ့ ရာထူးတွေ နဲ့ သူ့ နာမည်ကို အစွဲပြုပြီး Sky လို့ အမည်ဝှက် နဲ့ ခေါ်ကြပါတယ်။
သူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အစိုးရလက်ထက်က စီးပွားရေးကဏ္ဍကို အဓိက ဦးဆောင်ရသူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ရဲ့ ကိုယ်ရေးအရာရှိလုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ကို တွေ့ခွင့်ရဖို့ ဒေါ်လာသောင်းဂဏန်းပေးရတယ် ဆိုတဲ့ သတင်းတွေအပေါ် ဘီဘီစီက လုပ်ငန်းရှင်တွေဆီ စုံစမ်းကြည့်ခဲ့တဲ့အခါ MIC ဥက္ကဋ္ဌ ဗိုလ်ချုပ်ဟာ ဒေါ်လာတွေလက်ခံခဲ့တယ် ဆိုတာ ပေါ်ပေါက်ခဲ့ပါတယ်။
ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့တဲ့ လုပ်ငန်းရှင် သုံးဦးက ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို လုပ်ငန်းရှင်တွေဟာ ဒေါ်လာလက်ဆောင်ပေးခဲ့ကြတဲ့အကြောင်း အတည်ပြုခဲ့ကြပါတယ်။
ဘီဘီစီရဲ့ စုံစမ်းမှုအရ လုပ်ငန်းရှင်တွေက ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို လက်ဆောင်ပေးရတဲ့ ပုံစံက သုံးမျိုးရှိပြီး မြန်မာငွေကိုဒေါ်လာနဲ့လဲလှယ်ပြီး လက်ဆောင်ပေးတာ၊ ဒေါ်လာတိုက်ရိုက်လက်ဆောင်ပေးတာ နဲ့ နာရီအပါအဝင် တခြား ကမ္ဘာကျော်အမှတ်တံဆိပ်တွေ လက်ဆောင်ပေးတာ တွေ လို့ သိရပါတယ်။
၂၀၂၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ (FESC) မှာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီးတဲ့နောက် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဟာ ပြည်တွင်းကဒေါ်လာတွေနဲ့ ပတ်သက်လို့ အဆုံးအဖြတ်ပေးရတဲ့လူ ဖြစ်လာခဲ့ပါတယ်။
ဒီကော်မတီဟာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ၊ ကုန်ထုတ်လုပ်ငန်းတွေ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းတွေရဲ့ နိုင်ငံခြားသုံးငွေလည်ပတ်မှုကို ကြီးကြပ်ကွပ်ကဲ စိစစ်ခွင့်ပြုပေးရတဲ့ အခွင့်အာဏာ ရှိနေခဲ့တာပါ။








