နေပြည်တော်နဲ့ သူ့ရဲ့ဇာတ်ကောင်တွေ

ငလျင်ကြီးလှုပ်အပြီးပျက်စီးသွားတဲ့ ရုံးနဲ့အဆောက်အအုံတွေပြန်ဆောက်ဖို့အတွက် နေပြည်တော်တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေကို စစ်ကောင်စီက ပြန်ဆက်သွယ်ခိုင်းတဲ့အတွက် လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က တည်ဆောက်ရေးလုပ်ငန်းမှာပါခဲ့တဲ့ လုပ်ငန်းရှင်တွေကြားမှာ လှုပ်လှုပ်ခပ်ခပ် ဖြစ်သွားပါတယ်။
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မြို့တော်သစ်တည်ရာမှာပါဝင်ခဲ့တဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်းမှာ အနိမ့်အမြင့်အတက်အကျတွေကို ရင်ဆိုင်ခဲ့ကြရပြီးပါပြီ။
နေပြည်တော်တည်တဲ့ ကုန်ကျစရိတ်ဟာ အခုထက်ထိ လျှို့ဝှက်ချက်တစ်ခုဖြစ်နေပေမဲ့ နေပြည်တော်ကြောင့် ချမ်းသာသွားကြတဲ့ ဇာတ်လမ်းတွေကတော့ လျှို့ဝှက်ချက်မဟုတ်ပါဘူး။
နေပြည်တော်ကို ဘယ်သူတွေက ဘယ်လိုတည်ဆောက်ခဲ့ကြလဲ။ ငလျင်အလွန် နေပြည်တော် ပြန်တည်ဆောက်ရေးအတွက် လုပ်ငန်းရှင်တွေကရော ပြန်လာကြမှာပါလား။
နေပြည်တော်မင်းသားကြီးတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
'နေပြည်တော်တည်ဆောက်ရေး အထူးဖွံ့ဖြိုးရေးစီမံကိန်း' အတွက် အဓိက တာဝန်ပေးခံရတာက အဲဒီတုန်းက စစ်ထောက်ချုပ် ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး ဖြစ်ပါတယ်။
စစ်တက္ကသိုလ်အပတ်စဉ် ၁၂ ဆင်း ဖြစ်သူ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အထူးယုံကြည်အားကိုးရသူဖြစ်ပြီး အစိုးရအပြောင်းအလဲမှာ ဒုတိယသမ္မတ (၁) အထိ တာဝန်ယူခဲ့ပါတယ်။
နေပြည်တော်ကို စစ်ထောက်ချုပ်ရုံးနဲ့ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးက တာဝန်ယူတည်ဆောက်ခဲ့ပေမဲ့ စီမံကိန်းတွေများလွန်းလို့ အထူးဆောက်လုပ်ရေးစီမံကိန်းများအဖွဲ့ကိုပါ ဖွဲ့စည်းတာဝန်ပေးခဲ့ရပါတယ်။
တွဲဖက် စစ်ထောက်ချုပ် ဗိုလ်ချုပ်ခင်မောင်ထွန်း၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးဗိုလ်ချုပ်တင်ထွန်း နဲ့ အထူးဆောက်လုပ်ရေးစီမံကိန်းများအဖွဲ့ ဗိုလ်ချုပ်သက်စိုး တို့က စစ်ဘက်ဆိုင်ရာ အဆောက်အဦတွေကို အဓိက တည်ဆောက်ကြပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး နဲ့ တပတ်စဉ်တည်းဖြစ်သူ နေပြည်တော် မြို့တော်ဝန်ဟောင်း ဗိုလ်မှူးကြီးသိန်းညွန့် နဲ့ နေပြည်တော်တိုင်းမှူးဟောင်း ဗိုလ်ချုပ်ဝေလွင်တို့ကလည်း အရေးပါကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေပြည်တော်တည်ဆောက်တာကို လှည့်လည်စစ်ဆေးချိန်မှာ ဗိုလ်ချုပ်ဝေလွင်နဲ့ ဗိုလ်မှူးကြီးသိန်းညွန့် တို့က လေးနှစ်လောက်ကို အတူရှိခဲ့ကြတယ်လို့ ဗိုလ်ချုပ်ဝေလွင် ရေးတဲ့ ''ကိုယ်နှင့်သက်ကို နှင်းဆက်လို၍'' စာအုပ်မှာ ထည့်ရေးပါတယ်။
''ဒါပေမဲ့ နေပြည်တော် တည်ဆောက်ရေးမှာတော့ ရှစ်လုံးကြီးကို ဘယ်ဗိုလ်ချုပ်မှ ကျော်လို့မရဘူး'' လို့ နေပြည်တော်တည်ဆောက်ချိန်က စစ်ထောက်ချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
နေပြည်တော်တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထိပ်တန်းလျှို့ဝှက်အဖြစ် သတ်မှတ်ခဲ့ပြီး မှတ်တမ်းမှတ်ရာတွေမကျန်အောင် ရှင်းလင်းခိုင်းခဲ့တဲ့အကြောင်း သူကပြန်ပြောပြပါတယ်။
ဗိုလ်ချုပ်ကြီးတွေ နဲ့ သူတို့ရဲ့သူကြွယ်တွေ

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နေပြည်တော်တည်ဆောက်ဖို့ ပုဂ္ဂလိကကုမ္ပဏီတွေကို သုံးတဲ့အခါမှာ ဗိုလ်ချုပ်ကြီးတွေနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေ အသီးသီးပေါ်ထွက်လာပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်က အေးရှားဝေါလုပ်ငန်းစုက ဦးထွန်းမြင့်နိုင် ဖြစ်ပါတယ်။
နာမည်ကျော် ကိုးကန့်ခေါင်းဆောင် လော်စစ်ဟန်ရဲ့သား ဦးထွန်းမြင့်နိုင်(ခ) စတီဗင်လော ဟာ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူစဉ်က ရင်းနှီးခဲ့ကြသူတွေဖြစ်ပါတယ်။
ဒါ့အပြင် ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးနဲ့ ရင်းနှီးတဲ့ Original Group ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးသာဌေးကလည်း နေပြည်တော်တည်ဆောက်ရေးမှာ နာမည်ကြီးပြီး တည်ဆောက်ခွင့်အများအပြားရခဲ့ပါတယ်။
နာမည်ကြီးလုပ်ငန်းရှင် ဦးတေဇကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ လူလို့ သိကြပြီး သူကလည်း နေပြည်တော်တည်ဆောက်ရေးမှာ အခရာကျတဲ့ လုပ်ငန်းရှင်ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးသူရရွှေမန်းရဲ့ သားတွေ နဲ့ နီးစပ်သူက ဦးဇော်ဇော်ဖြစ်ပြီး သူ့ရဲ့ Max Myanmar လုပ်ငန်းစု က အဆောက်အအုံ၊ အားကစားကွင်းတွေ နဲ့ လမ်းဖောက်လုပ်ခွင့်တွေ ရခဲ့ပါတယ်။
ဒါပေမဲ့ သမ္မတအိမ်တော်၊ ဇေယျာသီရိဗိမာန်နဲ့ တပ်မတော်စစ်သမိုင်းပြတိုက်တွေကို ဆောက်ခွင့်ရခဲ့တာကတော့ ဦးချစ်ခိုင်ရဲ့ ဧဒင်လုပ်ငန်းစုဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ စီနီယာ ဗိုလ်ချုပ်လှဦးနဲ့ ဦးချစ်ခိုင်က ယောက်ဖတော်ပြီး အဲဒီကာလက ဦးချစ်ခိုင်ဟာ တပ်ရဲ့လက်စွဲ ကန်ထရိုက်တာအဖြစ် စီးပွားရေးအသိုင်းအဝိုင်းမှာ လူသိများပါတယ်။
''ဗိုလ်ချုပ်လှဦးကလည်း ဦးအေးတို့ဆီ အပ်ထားတယ်။ တပ်အဆောက်အအုံတွေကို ဦးချစ်ခိုင် ဆောက်တာတွေကို ဗိုလ်ချုပ်မှူးကြီး(သန်းရွှေ)ကလည်း သဘောကျတယ်'' လို့ ပြည်ထောင်စုဝန်ကြီးဟောင်းတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
နေပြည်တော် ခြောက်လုံးတန်းက အိမ်ရှင်တွေနဲ့ ဆောက်လုပ်ပေးခဲ့ကြသူတွေကိုကြည့်ရင် နီးစပ်မှုတွေကို ပိုမြင်ရမှာပါ။
ရာဇသင်္ဂဟအဝိုင်းအနီးမှာရှိတဲ့ ခြောက်လုံးတန်းမှာ နေပြည်တော် တည်တဲ့အချိန်က စစ်အစိုးရ ခေါင်းဆောင်တွေဖြစ်ကြတဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နယက) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ အဖွဲ့ဝင်တွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး နဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး တို့ နေထိုင်ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အိမ်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦးတို့ အိမ်တွေကို ဦးထွန်းမြင့်နိုင်က ဆောက်ပေးခဲ့တာပါ။
ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ အိမ်ကို ဦးတေဇက ဆောက်ပေးပြီး ဦးချစ်ခိုင်ကတော့ ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ သူရဦးရွှေမန်းတို့ရဲ့ အိမ်တွေကို ဆောက်ပေးခဲ့ရပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးသိန်းစိန်တို့နဲ့ ရင်းနှီးတဲ့ ACE ကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်းက လွှတ်တော်အဆောက်အအုံတွေကို ဆောက်လုပ်ခွင့်ရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ လွှတ်တော်အဆောက်အအုံတွေကို နေ့စဉ်လိုလိုသွားရောက်ကြည့်ရှုခဲ့ပြီး ဦးတင့်ဆန်းရဲ့ လုပ်ပုံကိုင်ပုံကို သဘောကျခဲ့တယ်လို့ ဆောက်လုပ်ရေးမှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လူယုံ စက်မှု (၁) ဝန်ကြီးလုပ်ခဲ့သူ ဦးအောင်သောင်းရဲ့ သား ဦးနေအောင် ကလည်း IGE ကုမ္ပဏီ နဲ့အတူ နေပြည်တော် တည်ဆောက်ရေးမှာ ပါဝင်ခဲ့ပါတယ်။
''နေပြည်တော်တည်ဆောက်ရေးမှာ ထိပ်တန်းသူဌေးတွေ အားလုံးနီးနီးပါကြပါတယ်။ ဒုတိယတန်းစား သူဌေးတွေလည်း နောင်မှာ သူဌေးကြီးတွေဖြစ်လာကြတာပဲ'' လို့ နေပြည်တော် တည်ဆောက်ရေး စီမံကိန်းမှာ ပါဝင်ခဲ့တဲ့ လုပ်ငန်းရှင်တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
အမိန့်အာဏာနဲ့ ဆောက်တဲ့မြို့

ဓာတ်ပုံ ရင်းမြစ်, Getty Images
နေပြည်တော်ကို ဆောက်တဲ့အခါ ''အရှေ့ရွာ'' လို့ ခေါ်ကြတဲ့ စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေကို အရင်ဆုံး ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနောက် အရပ်ဘက်ဌာနဆိုင်ရာအဆောက်အအုံတွေကိုပါ တပြိုင်တည်း တည်ဆောက်စေပါတယ်။
ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးဟာ နေပြည်တော်တည်ဆောက်ရေးကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ပြီး အမြန်ဆုံးပြီးစီးဖို့ တွန်းအားပေးခဲ့တယ် လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
''မြန်မြန်ပြီးချင်တယ်။ အရမ်းတွန်းတယ်။ အမိန့်ပဲ'' လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။
ဒါက နေပြည်တော်တည်ဆောက်ရေးနဲ့ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မူဝါဒကို ထင်ဟပ်စေပါတယ်။
''တို့တာဝန်ယူစဉ်အတွင်း တိုင်းပြည်အတွက် လိုအပ်ချက်မှန်သမျှအတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်သွားမယ်။ နိုင်ငံရေးပါတီအစိုးရခေတ်ရောက်လာရင် အခုလို မြန်မြန်ဆန်ဆန် လုပ်နိုင်မှာမဟုတ်ဘူး။ ငြင်းခုန်စကားများနေတာနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘူး'' လို့ နေပြည်တော်တည်ဆောက်ရေးကာလအတွင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောတဲ့အကြောင်း ဦးဝေလွင်က သူ့စာအုပ်ထဲ ထည့်ရေးပါတယ်။
နေပြည်တော်က သင်္ဂဟဟိုတယ်ကိုဆောက်ဖို့ အချိန်လေးလပဲ ပေးခဲ့တဲ့အကြောင်း ဧဒင်ဦးချစ်ခိုင်က Myanmar B2B TV နဲ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
အဲဒီတုန်းက သဘာဝဓာတ်ငွေ့ရောင်းချတာကနေရတဲ့ နိုင်ငံခြားငွေ ဒေါ်လာဘီလျံချီရှိနေတဲ့ အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေပြည်တော်တည်ဆောက်ရေးအတွက် ငွေသုံးနိုင်ခဲ့တယ် လို့ အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
၂၀၀၀ ခုနှစ် အစောပိုင်းနှစ်တွေကတည်းက လျှို့ဝှက်တည်ဆောက်ခဲ့တဲ့ နေပြည်တော်စီမံကိန်းက ၂၀၀၅ ခုနှစ်မှာ ရန်ကုန်ကနေ ဝန်ထမ်းတွေပြောင်းလာတဲ့အထိ မပြီးသေးပါဘူး။
ဘတ်ဂျက်တွေ ဘီလျံချီသုံးပြီးတဲ့နောက်မှာ ဘတ်ဂျက်ထပ်မထုတ်ပေးတော့ဘဲ လုပ်ငန်းရှင်တွေကို ငွေစိုက်ထုတ်သုံးဖို့ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက အမိန့်ပေးခဲ့တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
နေပြည်တော်က နိုင်ငံတော်ဧည့်ဂေဟာ စီမံကိန်းတစ်ခုကို တည်ဆောက်နေတုန်း အစိုးရက ဘတ်ဂျက်ထုတ်မပေးတော့ဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် တည်ဆောက်စေခဲ့တယ် လို့ ဦးချစ်ခိုင်က Myanmar B2B နဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။
''နိုင်ငံတော်က ငါးကျပ်တိုး နဲ့ငွေချေးပေးတယ်'' လို့ သူက ပြောပါတယ်။
အဲဒီလိုပုံစံနဲ့ မြန်မာ့စီးပွားရေးဘဏ်ကနေ နေပြည်တော်တည်ဆောက်ရေးအတွက် ကျပ်ဘီလျံချီ ငွေချေးပေးခဲ့တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစိုးရကပေးတဲ့ ပုံစံဒီဇိုင်းနဲ့ ဘတ်ဂျက်အတိုင်းပဲ ဆောက်ရတာဖြစ်ပြီး အရည်အသွေးစစ်ဆေးမှု အပိုင်းမှာလည်း အမြန်ပြီးရေးကသာ ဦးစားပေးဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။
နောက်တစ်ခုက အရေးယူပိတ်ဆို့မှုတွေရှိနေတဲ့အတွက် နေပြည်တော်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ ပြည်ပက သွင်းတဲ့ ပစ္စည်းတွေက အကန့်အသတ် ရှိခဲ့သလို ပေါက်စျေးထက်ပိုပေးရတဲ့ အဖြစ်မျိုးတွေလည်း ကြုံခဲ့ကြရပါတယ်။
နေပြည်တော်အကြောင်းပြောရရင် အမြန်လမ်းကိုလည်း ချန်ထားခဲ့လို့မရပါဘူး။
အမြန်လမ်းတည်ဆောက်ရေးကိုလည်း တပ်ကပဲ ကြီးကြပ်ခဲ့တာဖြစ်ပြီး အမြန်လမ်းလုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး နာမည်ကြီးခဲ့တာက အဆိုတော် နေရဲမာန်ဖြစ်ပါတယ်။
အထူးဆောက်လုပ်ရေးစီမံကိန်းများအဖွဲ့က ဗိုလ်မှူးဝင်းဌေး တဖြစ်လဲ အဆိုတော် နေရဲမာန်ဟာ နာမည်ကျော်အဆိုတော်တွေနဲ့ တေးစီးရီးတွေထုတ်၊ နာမည်ကြီး သရုပ်ဆောင်တွေနဲ့ ဗီစီဒီတွေရိုက်ခဲ့လို့ သိုသိုသိပ်သိပ်နေဖို့ လူကြီးတွေက ခေါ်သတိပေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
နေပြည်တော်တည်ဆောက်ရေးနဲ့ အမြန်လမ်းစီမံကိန်းမှာ အလုပ်သမားသေဆုံးမှုတွေရှိခဲ့တယ်လို့ မြို့ခံတွေနဲ့ လုပ်ငန်းရှင်တချို့က အတည်ပြုပါတယ်။
''ချွေးတပ်သားတွေလိုပဲ။ ရာသီဥတုကလည်းပူ၊ ငှက်ဖျားကလည်းမိနဲ့ သေကြတာ အားကြီးပဲ'' လို့ ပျဉ်းမနားမြို့ခံတစ်ဦးက ပြောပါတယ်။
နိမ့်ချည်တခါ မြင့်ချည်တလှည့် နေပြည်တော်

ဓာတ်ပုံ ရင်းမြစ်, Getty Images
''မြို့တော်သစ်တစ်ခုကို တစ်ကနေစ စတင်ဖော်ဆောင်တာမျိုး နိုင်ငံတိုင်း မလုပ်နိုင်ပါဘူး" လို့ အင်ဒိုနီးရှား သမ္မတ ဝီဒိုဒိုက ဂျာကာတာမြို့ကနေ မြို့တော်သစ် နူဆန်တာရာမြို့ကို ပြောင်းမယ့် အပေါ် ပြောခဲ့ပါတယ်။
ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ က မြန်မာစစ်ခေါင်းဆောင်တွေက နေပြည်တော်ကို တစ်ကနေ စခဲ့တာ ဖြစ်ပါတယ်။
မြို့တော်သစ်၊ အစိုးရသစ်၊ အလံအသစ်နဲ့ နိုင်ငံတော်သစ်တည်ခန်းလို့ သတင်းစာတွေက ဝါဒဖြန့်ရေးခဲ့ပါတယ်။
စစ်အစိုးရဟာ လူထုထောက်ခံမှု အများကြီးမရခဲ့သလို နေပြည်တော်စီမံကိန်းကလည်း လူကြိုက်နည်းခဲ့ပါတယ်။
ကားတွေရှင်းနေတဲ့ လမ်း ၂၀ သွားလမ်းမကြီးတွေ၊ လမ်းလျှောက်သူမရှိတဲ့ ပလက်ဖောင်းကျယ်ကြီးတွေ နဲ့ လူသူမနေတဲ့ အဆောက်အအုံသစ်တွေ အများကြီးနဲ့မို့ တစ္ဆေမြို့လို့တောင် သမုတ်ကြပါတယ်။
ပူပြင်းခြောက်သွေ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက မြို့ဖြစ်လို့ ''နေပူတော်'' လို့ လည်း ခေါ်ကြပါတယ်။
မြောက်ကိုရီးယားရဲ့ ပြုံယမ်းနဲ့ နှိုင်းယှဉ်သူတွေလည်းရှိပါတယ်။
ဒါပေမဲ့ အမေရိကန်သမ္မတ အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ ရောက်လာတဲ့အခါမှာတော့ နေပြည်တော်က မျက်နှာပွင့်လာပါတယ်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်လာချိန်မှာတော့ နေပြည်တော်အပေါ် အမြင်တွေပြောင်းသွားကြပါပြီ။
အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ချိန်မှာ နေပြည်တော်က ဒေသတွင်းကိုပါ ဝင်ဆန့်လာပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တက်လာပြီးချိန်မှာတော့ နေပြည်တော်ဟာ မြန်မာ့နိုင်ငံရေးထိပ်သီးတွေ စုဝေးရာ အာဏာဗဟိုချက်ဖြစ်လာပါတယ်။
ဒါပေမဲ့ ၂၀၂၁ အာဏာသိမ်းပွဲ နေပြည်တော်မှာ ဖြစ်ခဲ့ပြီးတဲ့နောက် ပြည်တွင်းစစ်တောက်လောင်ပြီး နေပြည်တော်က အထီးကျန်နေတဲ့မြို့အဖြစ်ကို ပြန်ရောက်သွားပါတယ်။
၂၀၂၅ ငလျင်ကြီးလှုပ်အပြီးမှာတော့ အုပ်ချုပ်ရေးမြို့တော်ရဲ့ ၈၀ ရာခိုင်နှုန်းပြိုကျပျက်စီးပြီး မြို့ပျက်အဖြစ်ကိုရောက်သွားပါတော့တယ်။
စစ်ကောင်စီဟာ နေပြည်တော်ကိုပြန်ဆောက်ဖို့ ကြိုးစားနေပြီး ''အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ'' ဖွဲ့ပြီး ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးကို ဥက္ကဋ္ဌ အဖြစ်တာဝန်ပေးထားပါတယ်။
ဒွိဟ တွေနဲ့ ပြန်လည်တည်ဆောက်ရေး

ဓာတ်ပုံ ရင်းမြစ်, cincds
ရုံးဌာန အဆောက်အဦတွေ ပြင်ဆင်ဖို့အတွက် မူလတည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေကို တာဝန်ပေးမယ်လို့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပထမဆုံးကျင်းပတဲ့ကော်မတီအစည်းအဝေးမှာ ပြောပါတယ်။
နေပြည်တော်စည်ပင်ရုံးကလည်း နေပြည်တော်တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီတွေကို ပြန်လည်ဆက်သွယ်ကြဖို့ အကြောင်းကြားထားပါတယ်။
ကုမ္ပဏီတချို့ ပြန်ဆက်သွယ်လာကြပြီဖြစ်ပေမဲ့ မီဒီယာတွေကို ဖြေဆိုခွင့်မပေးထားဘူး လို့ နေပြည်တော်စည်ပင် အရာရှိတစ်ဦးက ပြောပါတယ်။
နေပြည်တော်တည်ဆောက်ခဲ့တဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေထဲမှာ ဖျက်သိမ်းလိုက်တဲ့ ကုမ္ပဏီတွေတောင် ရှိတဲ့အကြောင်း နေပြည်တော်စည်ပင် အရာရှိတစ်ဦးကပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကတော့ တည်ဆောက်ရေး လျှင်မြန်ချင်တဲ့အတွက် အရင်ကဆောက်ပေးခဲ့တဲ့ ကုမ္ပဏီတွေကို ပြန်ခေါ်တာလို့ အကောင်းမြင်ပါတယ်။
ဒါပေမဲ့ ကုန်ကျစရိတ်အပါအဝင် အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူး လို့ သူကပြောပါတယ်။
အပြစ်ပေးအရေးယူမလားလို့ စိုးရိမ်နေကြတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေလည်းရှိတဲ့အကြောင်း သူကပြောပါတယ်။
''အပြစ်ပေးဖို့ ပြန်ခေါ်တာတော့ မဖြစ်နိုင်ပါဘူး'' လို့ အငြိမ်းစားပြည်ထောင်စုဝန်ကြီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ငလျင်ပြန်လည်ထူထောင်ရေးဟာ လွတ်လပ်ရေးရပြီးမြန်မာ့သမိုင်းမှာ အကြီးဆုံး ပြန်လည်ထူထောင်ရေး ဖြစ်လို့ ပြည်တွင်းသာမက ပြည်ပ အားကိုပါ ယူရမယ်လို့ သူက ပြောပါတယ်။
နေပြည်တော်အပါအဝင် ငလျင်ဒဏ်သင့်ဒေသတွေပြန်လည်ထူထောင်ရေးဟာ နှစ်ချီကြာနိုင်တယ် လို့ အငြိမ်းစားပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
''ဒီ တစ်ခါတော့ သင်ခန်းစာတွေလည်း ရလောက်ပြီ ထင်ပါတယ်'' လို့ သူကပြောပါတယ်။












