လူအကန်တော့ခံတဲ့ ဆင်ဖြူနဲ့ ဟိန္ဒူဗုဒ္ဓဝါဒ

burma

ဓာတ်ပုံ ရင်းမြစ်, ugurhan

ဓာတ်ပုံ ပုံစာ, ပုဂံ စူဠာမဏိဘုရားက ဆတ်တံဆင်ဖျူ မင်စာနဲ့ ပုံ
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ပဒေသရာဇ်ခေတ်က အာရှတောင်ပိုင်းမှာ ဘုန်းတန်ခိုး အဆောင်အယောင်အဖြစ် တန်ဖိုးထားခဲ့ကြတဲ့ ဆင်ဖြူတော်ဟာ ကိုလိုနီခေတ်က စပြီး တိရစ္ဆာန်ရုံမှာ ပြစရာ၊ ငွေရှာစရာ ဖြစ်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် လက်ဝဲဝါဒထွန်းကားလာတဲ့ မြန်မာပြည်မှာ ခမ်းနားပြီး အသုံးမဝင်တဲ့ အရာတွေကို ဆင်ဖြူတော်နဲ့ ရည်ညွှန်း ပြောခဲ့ကြပါတယ်။ နဝတခေတ်မှာတော့ ဘုရင်ခေတ်ပုံစံ ဆင်ဖြူတော် ကိုးကွယ်မှု ပြန်ပေါ်လာပြီး နောက်ဆုံး အာဏာသိမ်း ပြီးနောက်မှာလည်း ဆင်ဖြူတော် တစီး ပေါ်လာပြီး ဆင်ဖြူတခေတ်ဆန်းတာကို တွေ့ရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ဆင်ကျမ်းပုရပိုက်လာ ဆင်ဖြူများ

စကြဝတေးရောဂါ

အိန္ဒိယက ဟိန္ဒူဗုဒ္ဓဘာသာ အစဉ်အလာတွေ ထွန်းကားတဲ့ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေမှာ စကြာမင်းလောင်း ကိုးကွယ်မှု နဲ့အတူ ဆင်ဖြူတော် ရတနာ ဆိုက်ရောက်တာကို စကြဝတေးရဲ့ ရတနာခုနစ်ပါး အကြိုနိမိတ်အဖြစ် ရှုမြင်တတ်ကြကြောင်း ဆရာဝန် တင်မောင်ကြည်က မိန်းမချောတွေ ပေါတဲ့ခေတ် ဆောင်းပါးစုမှာ ရေးသားခဲ့ပါတယ်။ ဟိန္ဒူဝါဒအရ အဖြူရောင် တိရစ္ဆာန်တွေကို ဘုန်းရှိတယ်ဆိုပြီး ယုံကြည်မှုကြောင့် ဆင်ဖြူ၊ မြင်းဖြူ၊ နွားဖြူ ၊ ဒေါင်းဖြူတွေကို အမြတ်တနိုးထား မွေးကြတယ်လို့လည်း မြန်မာမှုအစဉ်အလာနှင့် ဆင်ဖြူရတနာ ဆောင်းပါးမှာ မောင်သန်းဆွေ (ထားဝယ်) က ရေးပါတယ်။ ဝေဿန္တရာဇာတ်၊ ဆဒ္ဒန်ဆင်မင်းဇာတ် စတဲ့ ဇာတကကျမ်းလာ ဆင်ဖြူတော်တွေ အကြောင်းကလည်း ဗုဒ္ဓစာပေတွေနဲ့ ပျို့ကဗျာတွေကနေ ဒေသတွင်း ပြည်သူတွေကြား စိမ့်ဝင်လွှမ်းမိုးခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Frank Bienewald

ဓာတ်ပုံ ပုံစာ, မုံရွာ ဗောဓိတထောင်က ဆင်ဖြူခံ ဘုရား

ဒါကြောင့် ဆင်ဖြူရဖို့ စစ်ခင်းတဲ့အထိ ဖြစ်တတ်တဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ်က နိုင်ငံတွေမှာ ဆင်ဖြူရှင် ဘွဲ့ခံတဲ့ ဘုရင်တွေ ရှိသလို ဆင်တပ်ကို မြင်းတပ်၊ လှေတပ်၊ ခြေလျင်တပ်တွေလိုပဲ ဖွဲ့စည်းခဲ့တာကိုလည်း ၁၉ ရာစုကုန်ထိ တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံက ဆင်ဖြူရှင်ဘွဲ့ခံ ဘုရင်တွေထဲမှာ ဟံသာဝတီက ဘုရင့်နောင် ဆင်ဖြူများရှင် မင်းတရားကြီး ထင်ရှားသလို ကုန်းဘောင်ခေတ်က ဆင်ဖြူရှင် မြေဒူးမင်းဟာလည်း တန်ခိုးအကြီးဆုံး စစ်ဘုရင်တပါး ဖြစ်ခဲ့ပါတယ်။ မိဘုရားထဲမှာတော့ ရှားရှားပါးပါး မင်းတုန်းမင်းရဲ့ အလယ်နန်းမတော် မိဘုရား ဆင်ဖြူမရှင်တပါးပဲ ဆင်ဖြူရှင်ဘွဲ့ခံ အမျိုးသမီး ဖြစ်ခဲ့ပါတယ်။

စစ်တောင်းဧရာနဲ့ ကုလားတန်က ဆင်ဖြူများ

ပျူခေတ်ကနေ ကုန်းဘောင်ခေတ်ထိ မွန်မြန်မာရခိုင် ရာဇဝင်တွေမှာ ဆင်ဖြူတော်တွေအကြောင်း မကြာခဏ ပါတတ်ပါတယ်။ ပျူခေတ်က တရုတ် ဘုရားဖူး ခရီးသည်တွေရဲ့ မှတ်တမ်းမှာ သရေခေတ္တရာပြည်က ပေတရာမြင့်ပြီး ကျောက်ဖြူသားနဲ့ ထုတဲ့ ဆင်ဖြူရုပ်ကြီးနှစ်ရုပ် ကိုးကွယ်မှုအကြောင်း ပါသလို ဒါကို ဗိဿနိုးရုပ် လို့လည်း ယူဆသူတွေ ရှိပါတယ်။ ပုဂံခေတ်မှာတော့ အနော်ရထာမင်းကို ဆင်ဖြူ ၃၈ စီးပိုင်တဲ့ ဘုရင်အဖြစ် ဖော်ပြကြပါတယ်။ သထုံကို အောင်နိုင်ပြီး ပင့်လာတဲ့ ပိဋကတ်ကျမ်းစာတွေကို မနုဟာဘုရင်ရဲ့ ဆင်ဖြူ ၃၂ စီးနဲ့ ပုဂံကို ပင့်ခဲ့တယ်ဆိုပြီး မြန်မာရာဇဝင်တွေမှာ အစဉ်အဆက် ဖော်ပြ ကြပါတယ်။ နောက် ပုဂံရဲ့ တန်ခိုးကြီး မင်းတပါးဖြစ်တဲ့ အလောင်းစည်သူမှာလည်း ဆင်ဖြူတော် ၃၆ စီး သခင်ဆိုပြီး ရွှေမုဋ္ဌောကျောက်စာမှာ ရေးထိုးခဲ့ပါတယ်။

ပုဂံအပျက်မှာ ပင်းယခေတ်ကို ထူထောင်တဲ့ သီဟသူဟာ ပန်းလောင်မြစ်ထဲ မျောလာတဲ့ ဆင်ဖြူမ အသေကောင်ကို ဆယ်ပြီး တစီးရှင်ဘွဲ့ခံသလို သူ့သားတော် ဥဇနာလက်ထက်မှာလည်း ညီတော် ကျော်စွာမှာ ဆင်ဖြူငါးစီးပိုင်လို့ ဆိုပြီး နန်းလွှဲပေးခဲ့ပါတယ်။ မုတ္တမမှာ မွန်မင်းဆက်ကို ပြန်ထူထောင်တဲ့ ဝါရီရူးခေါ် မဂဒူးမင်းကို ထိုင်းက ယောက္ခမတော် သောက္ကတဲမင်းက ဆင်ဖြူဆက်တယ်ဆိုပြီး ရေးပါတယ်။

အဲဒီနောက်က အင်းဝ၊ ဟံသာဝတီခေတ်တွေမှာ ဆင်ဖြူဟာ ဆက်ပြီး အရေးကြီးတဲ့နေရာက ပါခဲ့ပါတယ်။ အင်းဝမှာတော့ မင်းကြီးစွာရဲ့ သားတော်က ဆင်ဖြူရှင် တရဖျားဘွဲ့နဲ့ ဘုရင်ဖြစ်ခဲ့သလို လုပ်ကြံခံရပြီးနောက်မှာလည်း မင်းတရားနတ်ဆိုပြီး အပြင် ၃၇ မင်းနတ်တပါး အနေနဲ့ ကိုးကွယ်ကြဆဲ ဖြစ်ပါတယ်။ ပထမအင်းဝမင်းဆက်မှာ ဆင်ဖြူရှင်သီဟသူ ရှိသလို ဟံသာဝတီမှာလည်း ဆင်ဖြူရှင် ဗညားဦးရှိပါတယ်။ ဗညားဦးရဲ့ သားတော် ရာဇာဓိရာဇ်ကိုတော့ အယုဒ္ဓယဘုရင် ရာမေဆွန်က ဆင်ဖြူလာဆက်ရာမှာ ကမန်ပိုက်ထိ ဆင်းပြီး မှူးမတ်တွေကို ကြိုစေခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ဆင်ဖြူရှင်ဘွဲ့ခံ နှစ် ၄ဝဝ ကျော်က ရခိုင်ဒင်္ဂါးများ

အထက် အောက်နိုင်ငံတွေကို စုစည်းပြီး ဟံသာဝတီမှာ ထီးနန်းစိုက်ခဲ့တဲ့ ဘုရင့်နောင်လက်ထက်မှာတော့ သူ့မှာ ဆင်ဖြူတွေ အများကြီးရှိရက်နဲ့ ထိုင်းက ဆင်ဖြူ တစီးကို တောင်းရာက မပေးတဲ့အတွက် စစ်ဖြစ်ပြီး အယုဒ္ဓယကို သိမ်းပိုက်ကာ ဆင်ဖြူ လေးစီးလုံး ယူလာခဲ့ပါတယ်။ သူ့ဆင်ဖြူတွေကို လာကြည့်သူတွေ ဆီက ဒင်္ဂါးတပြားစီ ကောက်ပြီး ဆင်ဖြူတွေအတွက် ပြန်သုံးတယ်လို့လည်း ဗင်းနစ်မြို့သား ဆီဇာဖရက်ဒရစ်ရဲ့ ပဲခူးသွားမှတ်တမ်းမှာ ပါရှိပါတယ်။ ညောင်ရမ်းခေတ် တနင်္ဂနွေမင်းလက်ထက်မှာ ရတဲ့ ဆင်ဖြူကိုတော့ ဆဒ္ဒန်ပြောင်မွန်ဘွဲ့ နှင်းခဲ့ပါတယ်။

ရခိုင်ပြည် မြောက်ဦးခေတ်က မင်းရာဇာကြီး၊ သီရိသုဓမ္မ စတဲ့ ဘုရင်တွေကတော့ ဆင်ဖြူသခင် ဆင်နီသခင် တံဆိပ်နှိပ်တဲ့ ဒင်္ဂါးတွေ သွန်းလုပ် ခဲ့ပါတယ်။ ရခိုင်ဘုရင် ဆင်ဖြူသျှင်ဘွဲ့ခံ ကလီမန်ရှားခေါ် ဘစောဖြူ ဟာ ဘင်္ဂလားသြဇာကို တွန်းလှန်ပြီး စစ်တကောင်းကို ချီတက်တိုက်ခိုက်တယ်လို့လည်း မောင်အေးချမ်းက မြောက်ဦးခေတ် အစောပိုင်း ရခိုင်သမိုင်းမှာ ရေးပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, DEA / BIBLIOTECA AMBROSIANA

ဓာတ်ပုံ ပုံစာ, ဘိုးတော်ဘုရား ဆင်ဖြူတော်

တန်ခိုးအကြီးဆုံး ဆင်မင်းကြီး

ကုန်းဘောင်ခေတ် အလောင်းဘုရားက ဗြိတိန်က ဒုတိယ ဂျော့ဘုရင်ဆီ ပို့တဲ့ ပတ္တမြားစီ ရွှေပြားသဝဏ်လွှာမှာ သူ့ကိုယ်သူ ဆင်ဖြူ၊ဆင်နီ၊ ဆင်ကျားများ သခင်လို့ ရည်ညွှန်းပါတယ်။ ဆင်ဖြူရှင်အဖြစ် ထင်ရှားခဲ့တဲ့ သူ့သားတော် လက်ထက်မှာ ဆဒ္ဒန်ပြောင်ကျော် ဆင်တော်ရခဲ့သလို မဏိပူရကနေ ထိုင်းထိ ကျယ်ဝန်းတဲ့ နိုင်ငံကို ပိုင်ခဲ့ပြီး မန်ချူးတရုတ်စစ်ကိုလည်း နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာသမိုင်းမှာ အထင်ရှားဆုံး ဆင်ဖြူကတော့ ဘိုးတော်ဘုရား လက်ထက်မှာ ရခဲ့ပြီး နိဗ္ဗာနပစ္စယ နာဂရာဇာ အမည်နဲ့ ထင်ရှားခဲ့ပါတယ်။

ပဲခူးနားက နိဗ္ဗာန်ရွာ တောထဲက ရခဲ့တဲ့ ဒီဆင်ဖြူတော်ဟာ အနှစ် ၅ဝ ကျော် မြန်မာနန်းတွင်းမှာ စံမြန်းခဲ့ပြီး မင်းငါးဆက် မီခဲ့ပါတယ်။ ဘိုးတော်ဘုရားမှာ ဆင်ဖြူ ၁၁ ကောင် ရှိပေမယ့် ဒီနိဗ္ဗာန်ဆင်ကိုပဲ ဆင်မင်းအဖြစ် တခမ်းတနား မြှောက်စားခဲ့ပါတယ်။ ဆင်မင်းကို ပုဂံထိ ဘုရင်ကိုယ်တိုင် တပ်ခင်းပြီး သွားကြိုခဲ့သလို ဘိသိက်သွန်းပွဲကိုလည်း တခမ်းတနား မင်းသားတွေကိုယ်တိုင် ဆင်ဖြူကို ရေချိုးသန့်စင်ပေးပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီဆင်ကို မြတ်နိုးလွန်းအားကြီးတဲ့အတွက် ဘိုးတော်ဘုရားက ခေတ်ဟောင်းက ဆင်ဖြူတွေဟာ သူ့ဆင်လို ဆင်ဖြူမှ စစ်ရဲ့လားလို့ စောဒက တက်ခဲ့ ပါတယ်။ စလင်းနဲ့ ဖောင်လင်းနှစ်မြို့ကို ဆင်ဖြူအတွက် အပိုင်စားပေးပြီး အဖိုးသိန်းချီတန်တဲ့ ရတနာစိန်ကျောက်တွေ လက်ဖွဲ့ခဲ့ပါတယ်။

ဒီဆင်မင်းကို ကလေးဘဝထဲက နို့ထိန်းသည် ၁၆ ယောက်က အလှည့်ကျ နို့တိုက်ရပြီး ကြီးပြင်းလာတဲ့အခါမှာလည်း ကြံကို ခွာကျွေးမှ စားတတ်တဲ့ဆင်လို့ မောင်သန်းဆွေက ရေးပါတယ်။ ထမင်းဟင်း၊ ကွမ်းလက်ဖက်တွေလည်း စားတတ်ပါတယ်။ လူဘုရင်လိုပဲ ဘုရားကျောင်းကန်သွားတာ၊ သီတင်းသီလ စောင့်တာ၊ ရေစက်ချတရားနာတာတွေ ရှိပြီး အခါကြီးရက်ကြီးတွေမှာလည်း ဆင်မင်းကို ကျေးကျွန်အမှုထမ်းတွေက ပူဇော်ကန်တော့ကြပါတယ်။ ဆင်ဖြူတော်မှီပြီး ကြံစုပ်တယ် ဆိုတဲ့ စကားဟာ ဒီဆင်မင်းကြီးလက်ထက်မှာ ပေါ်တဲ့ စကားလို့လည်း လူထုဒေါ်အမာက ရတနာပုံ မန္တလေး ကျွန်မတို့ မန္တလေး စာအုပ်မှာ ရေးပါတယ်။

ဆင်မင်းကြီး ကြာပန်းတွေခူးပြီး ဆက်တဲ့ ဆင်ဖြူရှင်မယ်မင်းသမီးက စကြာမင်းသားကို ဖွားမြင်တာ ဖြစ်ပါတယ်။ မန္တလေး ချမ်းမြသာစည် လေဆိပ်ဟောင်းနားမှာ ဆင်ဖြူကန်ဆိုပြီး ဆင်ဖြူတွေ ရေချိုးတဲ့ကန်ရှိခဲ့ဖူးပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Heritage Images

ဓာတ်ပုံ ပုံစာ, အမရပူရက ဆင်မင်းကြီးနန်း

၁၈၂၆ မှာတော့ ပထမ အင်္ဂလိပ်-မြန်မာစစ်ရှုံးတဲ့ ဘကြီးတော်မင်းက ဆင်မင်းဆီက ငွေချေးပြီး စစ်လျော်ကြေးပေးခဲ့ရပါတယ်။ ဆင်မင်း ခေါင်းညိတ်ပြတဲ့ ရွှေ ငွေကိုသာ ယူရတာပါ။ သာယာဝတီမင်းလက်ထက် အင်းဝငလျင်ကြီးမလှုပ်ခင်မှာ ဆင်မင်းက သူ့အုတ်နန်းထဲ ဝင်သူတွေကို နှာမောင်းနဲ့ ဆွဲထုတ်ပါတယ်။ ပုဂံမင်းလက်ထက် မန္တလေး အိမ်တော်ရာဘုရား အရှေ့မုခ်မှာ ဆင်မင်းငွေနဲ့ တံတားခင်းပြီး ဆင်တံတားလို့ အမည်တွင်ခဲ့ပါတယ်။ မင်းတုန်းမင်းခေတ် ဆင်တော် ကံငြိမ်းတဲ့အခါမှာတော့ မင်းခမ်းမင်းနားနဲ့ မီးသင်္ဂြိုဟ်ပြီး ဆင်စွယ်နှစ်စုံကို နန်းတော်ဦးမှာ ထားစေပါတယ်။ ကိုလိုနီခေတ်မှာ အိုင်ယာလန် ရောက်သွားပြီး ၁၉၆၄ မှ မြန်မာပြည်က ပြန်ရခဲ့ကာ ရန်ကုန် သဘာဝသမိုင်းပြတိုက်၊ ဆင်ပြတိုက်တွေမှာ ပြထား ပါတယ်။ ဆင်စွယ် တချောင်းကို ပိဿာချိန် ၃ဝ နီးပါး စီးပြီး လေးတောင်ကျော် ရှည်တဲ့ ဆင်စွယ်ကြီးတွေ ဖြစ်ပါတယ်။

ကိုလိုနီနဲ့ ကိုလိုနီလွန် ဆင်ဖြူများ

ဘကြီးတော်၊ သာယာဝတီနဲ့ မင်းတုန်းမင်းလက်ထက်တွေမှာ ဆင်ဖြူ တစီး၊ ခြောက်စီး၊ ၁၂ စီး စသဖြင့် အသီးသီး ရှိခဲ့ကြပေမယ့် မင်းတုန်းမင်းလက်ထက် ကလေးသောင်သွပ်က ရတဲ့ မောရိယပစ္စယနာဂရာဇာကိုပဲ ရာဇာ အဆင့် ပေးပါတယ်။ ထားဝယ်က လာဆက်တဲ့ ဆင်ဖြူမကိုတော့ မိဘုရားခေါင်ကြီး နေရာမှန်းတဲ့ အလယ်နန်းမိဘုရားအတွက် နှစ်သိမ့်ဆုအဖြစ် ချီးမြှင့် ပါတယ်။ သီပေါမင်း လက်ထက် ၁၈၈၅ ဧပြီလမှာ တောင်ငူ ရန်အောင်မြင်တောက ဆက်တဲ့ ဇေယျဝဍ္ဎန ပစ္စယနာဂရာဇာဟာ ဘုရင်ခေတ်မှာ နောက်ဆုံး ရတဲ့ ဆင်ဖြူတော် ဖြစ်ပါတယ်။ ဒီဆင်ကို နန်းတွင်းသွင်းချိန်မှာ မင်းမှုထမ်း ယောက်ျားမိန်းမတွေက ဟန်ကပွဲတွေ ခင်းကျင်းကခုန်ပြီး တခမ်းတနား ကြိုရတယ်လို့လည်း ဝန်ထောက်ဦးမောင်မောင်တင်ရဲ့ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးမှာ ပါရှိပါတယ်။

ဘုရင်ပါတော်မူတဲ့အခါ ဆင်အမှုထမ်းတွေ အလုပ်ပြုတ်ကုန်ပြီး သီပေါမင်း ဆင်ဖြူကြီးအတွက် အိန္ဒိယအမျိုးသားနှစ်ယောက်ပဲ အစောင့်ပေးခဲ့ပါတယ်။ ဒီဆင်ဖြူကို ဗြိတိသျှအစိုးရက ဘာလုပ်ရမှန်းမသိလို့ ထိုင်းဘုရင်ပေးရကောင်းမလား၊ လန်ဒန်နဲ့ နယူးယော့ တိရစ္ဆာန်ရုံတွေကို ပို့ရမလား၊ ရောင်းရမလား စဉ်းစားခဲ့တယ်လို့ ဒါဟမ်တက္ကသိုလ်က တောင်အာရှသမိုင်းတွဲဖက်ပါမောက္ခ ဂျွန်နသန်ဆာဟာ က ရေးပါတယ်။ နောက်ဆုံး ပါတော်မူစမှာ ပုန်ကန်နေတဲ့ မြန်မာတွေ မကျေနပ်မှာစိုးလို့ ဘယ်မှ မရောင်းမပို့ဘဲ ရန်ကုန်ဆေးရုံကြီးနေရာက ဖယ်ယာ ဥယျာဉ်ကို ၁၈၈၇ မှာ ရွှေ့ခဲ့ပါတယ်။ ရုတ်တရက် မပြောမဆို ရွှေ့တာ ဖြစ်လို့ ဆင်ဖြူကို အစာ လာကျွေး နေကျ ဝက်မစွတ်ဝန်ထောက်မင်းတောင် မသိလိုက်ပါဘူး။ ၁၉ဝ၅ မှာ ရန်ကုန်တိရစ္ဆာန်ရုံ ထောင်တဲ့အခါ အဲဒီကို ပြောင်းရွှေ့ထားပြီး ၁၉၁ဝ မှာ မုန်ယိုလို့ ပစ်သတ် မြေမြှုပ်ခဲ့ပါတယ်။ ပါတော်မူခါစမှာ ဆင်ဖြူတစီး ကံငြိမ်းသွားလို့ အနောက်တံခါးကနေ အိန္ဒိယ စစ်ဗာရီ တပ်သားတွေ ဆွဲချမြေမြှုပ်ခဲ့ကြောင်းလည်း သန့်မြင့်ဦးရဲ့ ခေတ်မြန်မာတည်ထောင်ခြင်း စာအုပ်မှာ ပါရှိပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, duncan1890

ဓာတ်ပုံ ပုံစာ, ကမ္ဘာပတ်ပြခဲ့တဲ့ တောင်တလုံးဆင်ဖြူ

ဒီအချိန်မှာပဲ ၁၈၈၄ မှာ သီပေါမင်းဆီက ဝယ်ထားတဲ့ ဆင်ဆိုပြီး အနောက်နိုင်ငံတွေမှာ ပြသခဲ့တဲ့ တောင်တလုံးနာမည်နဲ့ ဆင်ဖြူတစီး ပေါ်ခဲ့ပြီး ၁၈၈၇ မှာ အမေရိကန်မှာ မီးလောင်ပြီး ကံငြိမ်းခဲ့ပါတယ်။ ၁၉၂၆ မှာတော့ တောင်ငူက ဒေါက်တာ စောဒီဖိုးမင်းရဲ့ ဆင်ဖြူကို အမေရိကန် ဗြိတိန်နိုင်ငံတွေကို လှည့်လည် ပြသခဲ့ပြီး ၁၉၂၈ မှာ ကံငြိမ်းပါတယ်။ ဒီဖိုးမင်းရဲ့ အဆက် မေတ္တာဗြဟ္မစိုရ်ဂိုဏ်းကတော့ ဆင်ဖြူတော် အမှတ်တံဆိပ်နဲ့ ခုထိ လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Thierry Falise

ဓာတ်ပုံ ပုံစာ, ဆင်ဖြူကိုးကွယ်တဲ့ မေတ္တာဗြဟ္မစိုရ်ဂိုဏ်း

လွတ်လပ်ရေးရပြီး ဦးနုခေတ် ၁၉၅၈ မှာ ကချင်ပြည်နယ် ကာမိုင်းက ဆင်ဖြူမတစီး ရရှိပါတယ်။ ဒီဆင်ဖြူဟာ သစ်တောပိုင် ဆင်မကြီးက မွေးတာဖြစ်လို့ မွေးခါနီး ငလျင်လှုပ်တာ၊ တော်လဲတာကစပြီး မှတ်တမ်းရှိတဲ့ ဆင်ဖြူ ဖြစ်ပါတယ်။ မန္တလေးရုပ်ရှင်က ရိုက်တဲ့ ဤလူ့ဘောင်တွင် ဇာတ်ကားမှာ ထည့်သွင်း ရိုက်ကူးပြီးနောက် တနိုင်ငံလုံးထိ ရောက်သွားတဲ့ ဆင်ဖြူလည်း ဖြစ်ပါတယ်။ ဒီဆင်ဖြူတော် ပေါ်ခါစကလည်း ကချင် စစ်ကိုင်းဘက်က လူမျိုးပေါင်းစုံ သွားရောက် ကြည့်ရှုကြသလို ရန်ကုန်တိရစ္ဆာန်ရုံကို ခေါ်လာတော့လည်း လမ်းတလျှောက်မြို့ရွာတွေမှာ သည်းသည်းလှုပ် အုံခဲကြည့်ခဲ့ကြသလို ထိုင်ကန်တော့ကြတဲ့ သက်ကြီးပိုင်းတွေလည်း ရှိပါတယ်။ ရန်ကုန်တိရိစ္ဆာန်ရုံထဲက သီပေါမင်း ဆင်ဖြူတော် စံသွားတဲ့ ဆင်အိမ်မှာတင် မျက်နှာကြက်ကို ပိတ်ဖြူအုပ်ပေးပြီး ဆင်ဖြူလေးကို ထားရှိပါတယ်။ အစောင့်အကြပ်နဲ့ ထားပေမယ့်လည်း တချို့က အလစ်မှာ ဆင်ဖြူကို မဖွယ်မရာတွေ ကျွေးကြပါတယ်။ ၁၉၆၃ မှာ ကံငြိမ်းတဲ့အခါ ဗိုက်ခွဲစစ်ဆေး ကြည့်တော့ ရာဘာဖိနပ်တွေ တွေ့ရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, နဝတခေတ်ပေါ် ဆင်ဖြူတော်တစီး

ဆိုရှယ်လစ်ခေတ်မှာ အကြာကြီး ပျောက်ကွယ်နေခဲ့ပြီးနောက် နအဖ စစ်အစိုးရခေတ်နဲ့ ဦးသိန်းစိန်ခေတ်မှာ ၁၅ နှစ်အတွင်း ရခိုင်က ခြောက်စီးနဲ့ ဧရာဝတီတိုင်းက နှစ်စီး၊ အားလုံး ဆင်ဖြူ ကိုးစီး ပေါ်ထွက်ခဲ့ပါတယ်။ ဒီထဲက ဆင်ဖြူမတစီးကနေ ဆင်ဖြူတစီးမွေးဖွားတာလည်း ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့် အရာမကျခင်က ပေါ်တဲ့ ဆင်ဖြူသုံးစီးကို ရန်ကုန်မှာ ထားပြီး ကျန်တဲ့ ဆင်ဖြူတွေကို နေပြည်တော်ပို့ပါတယ်။ ဆင်ဖြူပုံ ငွေစက္ကူလည်းထုတ်ပါတယ်။ ဒီထဲမှာ ပထမဆုံးတွေ့တဲ့ ဆင်ဖြူကိုပဲ ရာဇာဂဟသီရိပစ္စယ ဂဇရာဇာဘွဲ့ချည်ခဲ့ပြီး ကျန်တဲ့ ဆင်ဖြူမတွေကို ဝတီ၊ မာလာ ပါတဲ့ ဘွဲ့တွေ နှင်းပါတယ်။ ငွေဆဒ္ဒန်အမည်နဲ့ ဆင်ဖြူထီးလည်း ရှိပါတယ်။

၂ဝ၂၂ မှာ တွေ့တဲ့ ဆင်ဖြူကို လက်ရှိစစ်ကောင်စီရဲ့ အရှိန်သြဇာတက်ဖို့ အရင်စစ်ကောင်စီလိုပဲ အသုံးချမယ်လို့ ယူဆကြပါတယ်။ ဆင်ဖြူ၊ စွယ်တော် စတဲ့ စစ်တပ်နဲ့ နေ့နံတူတဲ့ အင်္ဂါနံတွေကို ကိုးကွယ်မှု ထူထောင်တယ်လို့လည်း နဝတခေတ်က ပြောစမှတ်ဖြစ်ခဲ့ဖူးပါတယ်။ ဆင်ဖြူပေါ်တိုင်း အုပ်စိုးသူတွေ ဘုန်းကြီးတယ် ဆိုတဲ့ ရှေးစကားရှိသလို ဆင်ဖြူပေါ်ပြီး နန်းကျသွားခဲ့တဲ့ သီပေါမင်း၊ ဦးနု၊ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့အဖြစ်တွေကလည်း သမိုင်းမှာ ရှိနေပါတယ်။