အင်အားကြီးနိုင်ငံတွေရဲ့အရှေ့တောင်အာရှ မြေရှားလွန်ဆွဲပွဲနဲ့ မြန်မာ

၂၀၂၅ အောက်တိုဘာ ၃၀ ရက်က ကိုရီးယားနိုင်ငံ မှာ တွေ့ဆုံခဲ့ကြတဲ့ အမေရိကန်သမ္မတ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၅ အောက်တိုဘာ ၃၀ ရက်က တောင်ကိုရီးယားနိုင်ငံ မှာ တွေ့ဆုံခဲ့ကြတဲ့ အမေရိကန် သမ္မတထရမ့်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်
ဖတ်ရန်အချိန်: မိနစ် ၁၅

စစ်ဘက်သုံးပစ္စည်းတွေအပါအဝင် မိုဘိုင်းဖုန်းအစ မော်တော်ကားအဆုံး အီလက်ထရောနစ်ပစ္စည်းမျိုးစုံထုတ်လုပ်မှုမှာ အရေးပါတဲ့မြေရှားသတ္ထုဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ စီးပွားရေးအရ အခရာကျပါတယ်။ ဒါကြောင့် မြေရှားသတ္တုသိုက်တွေရှိတဲ့၊ ပိုင်ဆိုင်ထိန်းချုပ်နိုင်တဲ့ ဒေသတွေ နိုင်ငံတွေက ပထဝီနိုင်ငံရေးအရ အရေးပါလာပါတယ်။

ကမ္ဘာ့မြေရှားတင်ပို့မှုကို ချုပ်ကိုင်ထားတဲ့ တရုတ်က အမေရိကန်ကိုရော အိန္ဒိယနိုင်ငံကိုပါ မြေရှားတင်ပို့မှု တင်းကျပ်လိုက်ပြီးတဲ့နောက်မှာ နှစ်နိုင်ငံခေါင်းဆောင်တွေက တရုတ်အပေါ် မှီခိုမှုကို လျှော့ချဖို့ မြေရှားအရင်းအမြစ်အသစ်တွေ ရှာဖွေခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလဆန်းမှာပဲ နိုင်ငံအတွင်း မြေရှားအပါအဝင် အရေးပါတဲ့သတ္ထုတွေ အမေရိကန်ပြည်ထောင်စုမှာ သိုလှောင်ဖို့ ' Project Vault ' ဆိုပြီး မိတ်ဆက်လိုက်ပါတယ်။ ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာလည်း ကမ္ဘာတခြမ်းက အာရှနိုင်ငံတွေဆီ ခရီးနှင်လာပြီး နားလည် မှုစာချွန်လွှာတွေ ရေးထိုးခဲ့ပါတယ်။

အမေရိကန် အိမ်ဖြူတော်ကလည်း မြန်မာ့မြေရှားအကြောင်းပါဝင်တဲ့ အစီရင်ခံစာတွေကို လက်ခံရယူနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံပိုင်ကုမ္ပဏီက တာဝန်ရှိသူတွေကလည်း ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ကချင်ပြည်နယ်ကို ရောက်လာပြီး မြန်မာ့မြေရှားအကြောင်း ဆွေးနွေးတာတွေ လုပ်ခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်ရဲ့ မြေရှားလွန်ဆွဲပွဲမှာ မြန်မာက ဘယ်အခန်းကဏ္ဍမှာ ပါဝင်နေပါသလဲ။

ထရမ့်ရဲ့ နားလည်မှုစာချွန်လွှာတွေ

အောက်တိုဘာ ၂၆ ရက် က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ်သဘောတူလက်မှတ်ရေးထိုးစဉ်တွေ့ရတဲ့ ထိုင်းဝန်ကြီးချုပ် အနုတင် နဲ့ အမေရိကန် သမ္မတ ထရမ့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ်သဘောတူလက်မှတ်ရေးထိုးစဉ်တွေ့ရတဲ့ ထိုင်းဝန်ကြီးချုပ် အနုတင်နဲ့ အမေရိကန် သမ္မတ ထရမ့်

မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာ (CSIS)ရဲ့ အစီရင်ခံစာ တစ်စောင်မှာတော့ မြေရှားကို F-35 တိုက်လေယာဉ်တွေ၊ တိုမာဟော့ ဒုံးကျည်တွေနဲ့ Predator မောင်းသူမဲ့ ဒရုန်းတွေ ထုတ်လုပ်ရေးမှာ အသုံးပြုနေတယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်ဟာ တူးဖော်ထုတ်လုပ်သမျှ မြေရှားသတ္တုတွေကို အချောအဆင့် ပြည့်ပြည့်ဝ၀ သန့်စင်နိုင်စွမ်း မရှိတာကြောင့် ကမ္ဘာ့မြေရှားသတ္တုစုစုပေါင်း ၉၀ ရာခိုင်နှုန်းအထိ သန့်စင်စက်ရုံရှိတဲ့တရုတ်ထံကို သူ့ရဲ့ မြေရှားသတ္တုအရိုင်းတွေကို ပို့ရပါတယ်။

CSIS ကတော့ ဒါဟာ တရုတ်ကလွဲရင် လေးလံမြေရှားသတ္တုတွေကို သန့်စင်ဖို့ တခြားနေရာဆီ မပို့နိုင်တဲ့ အမေရိကန်အတွက် အားနည်းချက်ဖြစ်စေတယ်လို့ ထောက်ပြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်မြေရှားအပေါ် မှီခိုမှု လျှော့ချဖို့ နားလည်မှု စာချွန်လွှာတွေ ရေးထိုးမယ့် သူ့ရဲ့အာရှခရီးစဉ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလထဲမှာ စတင်ခဲ့ပါတယ်။

သမ္မတထရမ့်ဟာ ဩစတြေးလျနိုင်ငံနဲ့ "အ‌ရေးကြီးသတ္တုများနှင့်မြေရှား" နားလည်မှုစာချွန်လွှာကို ပထမဆုံးရေးထိုးခဲ့ပါတယ်။

အဲဒီနောက်မှာ မလေးရှား၊ ထိုင်းနိုင်ငံတွေနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ နားလည်မှုစာ ချွန်လွှာတွေ ရေးထိုးပါတယ်။

ပြီးတော့ သမ္မတထရမ့်က ဂျပန်နိုင်ငံကို ခရီးဆက်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ်နဲ့ နားလည်မှုစာချွန်လွှာ တွေ ထပ်ပြီး ရေးထိုးခဲ့ပါတယ်။

"စီးပွားရေးအရရော၊ ပထဝီနိုင်ငံရေးအရရော ကြည့်မယ်ဆိုရင် ထိုင်း-အမေရိကန် MoU က အမေရိကန်ရဲ့တခြားနိုင်ငံတွေနဲ့ ထိုးထားတဲ့ MoU တွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ကုန်ကုန် ပြောရရင် တရုတ်အပေါ်မမှီခိုပဲ တခြားရွေးချယ်စရာ အရင်းအမြစ်တွေထူထောင်ထားဖို့ ဖြစ်ပါတယ်" လို့ ထိုင်းနိုင်ငံ၊ သမာဆက်တက္ကသိုလ်က လက်ထောက်ပါမောက္ခ ဒေါက်တာ ဂျေရုပရာဖာ့ ရတ်ဖွန်းက ပြောပါတယ်။

MoU ရေးထိုးခဲ့တဲ့ နိုင်ငံတွေအထဲမှာ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ နားလည်မှုစာချွန်လွှာမှာ ပါတဲ့အချက်တွေက တခြားနိုင်ငံတွေထက် ပိုပိုသာသာ သုံးနှုန်းထားတယ်လို့ သူက ပြောပါတယ်။

နားလည်မှုစာချွန်လွှာရဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အပိုင်း ၄ မှာဆိုရင် "တခြား တင်ဒါ‌ခေါ်မယ့်သူတွေ၊ ပရောဂျက်တွေရှိလာရင် လက်မှတ်ရေးထိုးထားသူကို အမြန်ဆုံးသတင်း အချက်အလက်မျှဝေရမယ်။ ဒီသတင်းအချက်အလက်ရတဲ့အခါမှ လက်မှတ်ရေးထိုးသူနိုင်ငံက ကုမ္ပဏီတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ ပါဝင်နိုင်ဖို့ အချိန်ပိုရမှာဖြစ်တယ်" ဆိုပြီး ဖော်ပြထားပါတယ်။

နောက်ပြီး ထိုင်းနိုင်ငံမှာ အရေးကြီးသတ္တုတွေ ရောင်းချတဲ့အခါ ဒါမှမဟုတ် ထိုင်းနိုင်ငံထဲမှာ ရုံးစိုက်တဲ့ကုမ္ပဏီတစ်ခုက ရောင်းချတဲ့အခါ လက်မှတ်ရေးထိုးသူက ပထမဆုံး ရင်းနှီးမြှုပ်နှံခွင့် ပေးရမယ်ဆိုပြီး ပါရှိပါတယ်။

ဒေါက်တာ ဂျေရုပရာဖာ့ ရတ်ဖွန်း ကတော့ "ဒါကို Most Favoured Nation (MFN) အလေးပေးခံရဆုံးနိုင်ငံလို့ သုံးနှုန်းပါတယ်။ ဥပမာပြောရရင် ထိုင်းနိုင်ငံက အနာဂတ်မှာ ဥရောပပဲ ဖြစ်ဖြစ်၊ တရုတ်နဲ့ပဲဖြစ်ဖြစ် MoU ရေးထိုးတဲ့အခါ အမေရိကန်က ဦးစားပေးနိုင်ငံအဖြစ်ရှိရမယ်ဆိုတဲ့ ပုံစံမျိုး" လို့ ပြောပါတယ်။

ဒီ MoU ကို ခြုံကြည့်ရင် မြေရှားအပါအဝင် အရေးကြီးသတ္တုတွေနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမှုတွေ၊ သတင်းအချက်အလက်တွေ မျှဝေဖို့၊ နည်းပညာမျှဝေဖို့၊ ထုတ်လုပ်မှုစက်ရုံတွေ အဆင့်မြင့်တင်ဖို့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

မြန်မာမြေရှားရဲ့ အခန်းကဏ္ဍ

မြန်မာနိုင်ငံက တရုတ်ကို အဓိကတင်ပို့နေတဲ့ Terbium နဲ့ Dysprosium လေးလံမြေရှား ဒြပ်စင်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံက တရုတ်ကို အဓိကတင်ပို့နေတဲ့ Terbium နဲ့ Dysprosium လေးလံမြေရှား ဒြပ်စင်တွေ

အမေရိကန် ဘူမိဗေဒသုတေသနဌာန (USGS) ရဲ့ ၂၀၂၄ ခုနှစ် စာရင်းအရ ကမ္ဘာ့မြေရှားထုတ်လုပ်မှု အများဆုံးနိုင်ငံတွေထဲမှာ တရုတ်က အဆင့် ၁၊ အမေရိကန်က အဆင့် ၂ နဲ့ မြန်မာနိုင်ငံက အဆင့် ၃၊ ထိုင်းနိုင်ငံက အဆင့် ၆ မှာ ရှိနေတယ်လို့ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံဟာ မြေရှားတူးဖော်မှုထက် တခြားနိုင်ငံတွေက ကုန်ကြမ်းတွေကို အဓိကတင်သွင်းပြီး မြေရှားသတ္တု သန့်စင်တဲ့လုပ်ငန်းအဆင့်ဆင့် (processing) ကို အဓိကထား ထုတ်လုပ်တယ်လို့ မြေရှားအရေးစောင့်ကြည်သူတွေက ပြောပါတယ်။

ဒါပေမယ့် ထိုင်းအစိုးရကတော့ မြေရှားတင်သွင်းမှုတွေမှာ ပွင့်လင်းမြင့်သာစွာ ချပြထားတာမရှိဘူးလို့ မြေရှားစောင့်ကြည့်သူတွေက ပြောပါတယ်။

ဘီဘီစီက မေးမြန်းခဲ့တဲ့ ထိုင်း-အမေရိကန် သဘောတူညီမှုကို စောင့်ကြည့်နေသူတွေကတော့ ဒါဟာ အိမ်နီးချင်း မြန်မာနိုင်ငံကနေ တရားမဝင် မြေရှားတင်သွင်းမှု၊ ခဝါချမှုတွေကို ဦးတည်နိုင်တယ်လို့ သတိပေးကြပါတယ်။

အခုလို ထိုင်းနိုင်ငံက အမေရိကန်နဲ့ နားလည်မှုစာချွန်လွှာရေးထိုးတာကို မြို့တော် ဘန်ကောက်မှာ လည်း ဆန့်ကျင်ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

"အမေရိကန်က မြန်မာနိုင်ငံကို ဆန်ရှင်ပိတ်ဆို့မှုတွေ လုပ်ထားတဲ့အတွက် မြန်မာနိုင်ငံကနေ တိုက်ရိုက် တင်ပို့လို့ မရဘူး၊ စီးပွားရေးလည်း အတူလက်တွဲလုပ်လို့ မရဘူး။ ဒီ MoU ကိုကြည့်ရင် တခြားနိုင်ငံတွေက သတ္တုတွေကို တင်သွင်းဖို့ ထိုင်းနိုင်ငံက ကြားခံသဘောမျိုးဖြစ်နေတယ်" လို့ River and Rights Organization ရဲ့ ဒါရိုက်တာ ပိုင် ဒီးတက်က ပြောပါတယ်။

River And Rights Organization အဖွဲ့က ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင်ရေးရာ တက်ကြွ လှုပ်ရှားတဲ့အဖွဲ့ဖြစ်သလို မြန်မာနိုင်ငံက မြစ်ဆုံစီမံကိန်းအရေးမှာလည်း ဒေသခံတွေဘက်က ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ဖူးပါတယ်။

"တချိန်တည်းမှာပဲ မြန်မာနိုင်ငံထဲက ကချင်ပြည်နယ်၊ နောက်ပြီး ထိုင်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ရှမ်းပြည်နယ်တွေမှာ မြေရှားတူးဖော်မှုတွေက ပိုပြီး လုပ်လာနေတာ။ ဒီ MoU က အန္တရာယ် ရှိနိုင်တယ်" လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့မြန်မာနိုင်ငံထဲ၊ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားတဲ့ ရှမ်းအ‌ရှေ့ပိုင်းက မိုင်းဆတ်မြို့နယ်အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်မှာ မြေရှားလုပ်ကွက်တွေ တိုးချဲ့လုပ်ကိုင်နေတာတွေ့ရတဲ့အကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်ထားပါတယ်။

အဲဒီလုပ်ကွက်တွေဟာ တောင်စောင်းတွေထဲကို ဓာတုပစ္စည်း ပမာဏအများအပြား ထိုးသွင်းရတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့ 'in-situ leaching' နည်းလမ်းကို အသုံးပြုနေတယ်လို့ (SHRF) က ဖော်ပြပါတယ်။

ဒီလုပ်ကွက်တွေက စွန့်ပစ်လိုက်တဲ့ စွန့်ပစ်အညစ်အကြေးတွေဟာ နမ့်ခုတ်မြစ်ကနေ ထိုင်းမြောက်ပိုင်းက လူဦးရေ တစ်သန်းကျော်နေထိုင်တဲ့ ချင်းမိုင်၊ ချင်းရိုင်ခရိုင်တွေထဲကို စီးဆင်းသလို၊ ဒီနမ့်ခုတ်မြစ်ဟာ မဲခေါင်မြစ်ရဲ့ မြစ်လက်တက်ဖြစ်လို့ မဲခေါင်မြစ်ကို အမှီသဟဲပြုနေထိုင်စားသောက်ကြသူ သန်းနဲ့ချီကို ထိခိုက်နေတယ်လို့ ထိုင်းနဲ့ မြန်မာ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားတွေက ပြောကြပါတယ်။

ထိုင်းအစိုးရရဲ့မြစ်ရေ အရည်အသွေး စိစစ်မှုမှာလည်း ရေထဲမှာ အဆိပ်အတောက် အာဆင်းနစ် (arsenic) ဓာတ်တွေဟာ ရှိသင့်တာထက်ကို ၅ ဆ နီးပါးလောက်များနေတယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံထဲက ဒီလုပ်ကွက်တွေကို ရပ်တန့်ပေးဖို့ တောက်လျှောက် တောင်းဆိုမှုတွေ ပြုလုပ်နေတာပါ။

ကမ္ဘာ့မြေရှားချုပ်ကိုင်သူ တရုတ်နဲ့ မြန်မာမြေရှား

မေလ ၁၇ ရက်က၊ တရုတ်နိုင်ငံ၊ ဘေကျင်းမြို့၊ တရုတ်သိပ္ပံအကယ်ဒမီမှာ ခင်းကျင်းပြသတဲ့ မြေရှားသတ္ထုတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မေလ ၁၇ ရက်က တရုတ်နိုင်ငံ၊ ဘေကျင်းမြို့၊ တရုတ်သိပ္ပံအကယ်ဒမီမှာ ခင်းကျင်းပြသတဲ့ မြေရှားသတ္တုတွေ

ကိန်းဂဏန်းတွေအရ တရုတ်က ကမ္ဘာ့မြေရှားထုတ်လုပ်မှုမှာ ၈၀ ရာခိုင်နှုန်းရှိပြီး၊ သန့်စင်ပြီးသား မြေရှားတင်ပို့မှုမှာ ၉၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ အမေရိကန်ဘူမိ‌ဗေဒအဖွဲ့က ဖော်ပြပါတယ်။

မြေရှားသတ္တုမှာ ဒြပ်စင် ၁၇ မျိုးရှိပါတယ်။ ၇ မျိုးကတော့ လေးလံမြေရှား ဒြပ်စင်တွေဖြစ်ပါတယ်။

မြန်မာကနေ တရုတ်ကို တင်ပို့မှုအများစုဟာ Terbium (Tb) နဲ့ dysprosium (Dy) လို့ ခေါ်တဲ့ လေးလံ မြေရှားဒြပ်စင်တွေဖြစ်တယ်လို့ ကချင်ဒေသခံတွေက ပြောပါတယ်။

ဒီ သတ္တုတွေကို လေအားလျှပ်စစ်ထုတ်တဲ့စက်တွေ၊ လျှပ်စစ်ကားတွေနဲ့ ကာကွယ်ရေးပစ္စည်းတွေမှာ သုံးပါတယ်။

တရုတ်က ၂၀၂၅ ဧပြီလကကမ္ဘာကို မြေရှားတင်ပို့မှု တင်းကျပ်လိုက်တဲ့ မြေရှားဒြပ်စင် ၇ ခုမှာ မြန်မာက တင်ပို့နေတဲ့ Terbium(Tb) နဲ့ Dysprosium (Dy) ဒြပ်စင်တွေ ပါဝင်ပါတယ်။

မြန်မာ-တရုတ် နယ်စပ်ဒေသတွေဖြစ်တဲ့ ပန်ဝါ၊ ချီဖွေ၊ ဆော့လော်နဲ့ ဖီမော်ဒေသတွေမှာ အဲဒီမြေရှားသတ္တုတွေကို အများဆုံး ထုတ်လုပ်ပါတယ်။

ဒီဒေသတွေကို အရင်က ကချင်ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိမ့်ယိမ်း ထိန်းချုပ်ခဲ့ပေမယ့် လက်ရှိ အုပ်ချုပ်သူကတော့ အဲဒီနယ်မြေကို သိမ်းထားတဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) ဖြစ်ပါတယ်။

ကချင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို ပို့တဲ့မြေရှားတွေကို KIA က အခွန် ၂၀ ရာခိုင်နှုန်း ငွေသားကောက်ယူတယ်လို့ KIA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA)ရဲ့ စာရင်းအရ ကမ္ဘာ့မြေရှားထုတ်လုပ်မှုမှာ မြန်မာနိုင်ငံက တရုတ်ပြီးရင် ဒုတိယနိုင်ငံအများဆုံး ထုတ်လုပ်တဲ့နိုင်ငံအဖြစ်ဆက်ပြီး ရှိနေပါတယ်။

၂၀၂၅ ခုနှစ်၊ ကိုးလတာအတွင်း တရုတ်နိုင်ငံရဲ့မြေရှားတင်သွင်းမှု စုစုပေါင်း တန်ချိန် ၅၂,၀၀၀ ကျော် ရှိခဲ့ပြီး ၅၃ ရာခိုင်နှုန်း ဖြစ်တဲ့ တန်ချိန် ၂၈,၀၀၀ ကျော်ကို မြန်မာနိုင်ငံက တင်ပို့ထားတာဖြစ်တယ်လို့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) က ဖော်ပြထားပါတယ်။

တန်ကြေးအားဖြင့် အမေရိကန် ဒေါ်လာ သန်း ၆၀၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရင်နှစ် ကာလတူနဲ့ ယှဉ်ရင်တော့ တန်ကြေး ဒေါ်လာ သန်း ၁၀၀ လောက် လျော့ကျသွားတယ်လို့ ISP Myanmar က ဆိုပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်း မြေရှားသတ္တုတူးဖော်မှုတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းပဋိပက္ခနဲ့လည်း တိုက်ရိုက် သက်ဆိုင်နေတယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။

"Conflict Economy (ပဋိပက္ခစီးပွားရေး) ဖြစ်နေလို့သာ ဗုံးပေါလအော လုပ်လို့ရနေလို့တာ။ KIA က income (ဝင်ငွေ) ရနေတာ။ တရားဝင်ကြီး တူးမယ်၊ OECD Guideline(လမ်းညွှန်ချက်) တွေ Compliance (လိုက်နာရမယ့်အရာ) တွေ လိုက်နာမယ်ဆိုရင် အခုတူးတဲ့ ဈေးထက် ၆ ဆ ကနေ ၈ ထိ ပိုကုန်သွားမှာ" လို့ အမေရိကန်အခြေစိုက် Stimson Center ရဲ့ တရုတ်အစီအစဉ်မှာ ဆောင်းပါးရေးသူ ကိုအမရသီဟက ပြောပါတယ်။

နောက်ပြီး မြန်မာဟာ ကုန်ကြမ်းအဆင့်သာတင်ပို့နိုင်တာကြောင့် အိမ်နီးချင်း ကမ္ဘာ့အင်အားကြီး တရုတ်ကိုပဲ တင်ပို့နေရတာဖြစ်တယ်လို့ ISP Myanmar ရဲ့ ပြင်ပဆက်ဆံရေးဒါရိုက်တာ ဦးအောင်သူငြိမ်းက ပြောပါတယ်။

မြန်မာလိုမျိုးပဲ ပဋိပက္ခဖြစ်နေပြီး တရုတ်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ ကွန်ဂိုနိုင်ငံနဲ့ နောက် တောင်အာဖရိကနိုင်ငံမှာလည်း မြန်မာအရည်အသွေးနီးပါးရှိတဲ့ မြေရှားထုတ်လုပ်မှုတွေဟာရေရှည်မှာ မြန်မာ့ မြေရှားအရေးပါမှုအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်တယ်လို့ အမေရိကန် ယေးလ်တက္ကသိုလ်က ဆုရထားသူလည်းဖြစ်၊ ဂျပန်က ကျိုတိုတက္ကသိုလ်မှာ ကမ္ဘာ့စီးပွားရေးရာ ဘာသာရပ်ကို ဒေါက်တာဘွဲ့အတွက် လေ့လာနေသူလည်းဖြစ်တဲ့ ကိုသန့်သူရဇန်က ပြောပါတယ်။

"ထုတ်လုပ်မှုမှာ လောလောဆယ်မှာတော့ အရေးပါတဲ့အပိုင်းမှာရှိတယ်။ မြန်မာပြည်က မြေရှားထုတ်တယ်။ မြန်မာထိပ်ဆုံးမှာ ရောက်နေတယ်။ သဘောက ပြိုင်ဘက်မရှိတဲ့ ကွင်းထဲမှာ ကိုယ်တစ်ယောက်တည်းပြေးနေလို့ ထိပ်ဆုံးရောက်နေတဲ့သဘောပါ"

"မြန်မာမြေရှားအရည်အသွေးနီးပါး ပိုင်ဆိုင်ထားတဲ့ တောင်အာဖရိကနိုင်ငံတွေ၊ ကွန်ဂိုနိုင်ငံလိုနိုင်ငံတို့မှာလည်း ထုတ်ဖို့ ကြိုးစားနေတယ်။ ပြိုင်ဘက်တွေဝင်လာရင် အဲဒီနေရာမှာ ရှိနေဦးမလားဆိုတာလည်း စဉ်းစားစရာပါပဲ" လို့ ကိုသန့်သူရဇန်က ပြောပါတယ်။

နောက်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင်လထဲမှာ သတင်းတွေထွက်ပေါ်ခဲ့တဲ့ အမေရိကန်အိမ်ဖြူတော်မှာ မြန်မာမြေရှားအဆိုပြုချက်တွေ ပြုလုပ်ခဲ့တယ်ဆိုတာကလည်း ကုန်သွယ်ရေးလမ်းကြောင်း အခြေအနေအရရော၊ ပထဝီနိုင်ငံရေးအခြေအနေအရရော ဖြစ်တန်စွမ်းမရှိဘူးလို့ သုတေသီတွေက သုံးသပ်ကြပါတယ်။

သိပ်မကြာသေးခင်ကတော့ နောက်ထပ်အကြံပြုချက်အနေနဲ့ Forbes မဂ္ဂဇင်း မှာ ဆောင်းပါးရေးသားသူ Wesley Alexander Hill ဝက်စ်လေ အဲလက်ဇန်းဒါး ဟေး က မြန်မာမြေရှားကို သမ္မတထရမ့်အစိုးရ အသစ်မိတ်ဆက်လိုက်တဲ့ ' Project Vault ' မှာ ထည့်စဉ်းစားဖို့ ဖေဖော်ဝါရီလဆန်းက ထွက်လာတဲ့ သူ့ရဲ့ ဆောင်းပါးမှာ တိုက်တွန်းထားပါတယ်။

Project Vault ဆိုတာကတော့ မြေရှား အပါအဝင် သတ္တုအမျိုးအစားပေါင်း ၆၀ မျိုးကို ရှာဖွေပြီး အမေရိကန် နိုင်ငံအတွင်းမှာ သိုလှောင်မှာဖြစ်ပါတယ်။ အစိုးရ EXIM ဘဏ် က အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ မတည်ပေးမှာပါ။

အဓိကကတော့ စီးပွားရေးလုပ်ငန်းတွေ၊ စက်ပစ္စည်းထုတ်လုပ်မှုတွေ ရေရှည်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ သတ္တုအမျိုးအစားတွေ လုံအလောက်ရှိထားဖို့ ရည်ရွယ်ပါတယ်။

အမေရိကန် ကားကုမ္ပဏီ Ford ဟာ မြေရှားပြတ်လပ်မှုကြောင့် သူ့ရဲ့ 'Explorer' ကားအမျိုးအစားတွေကို ထုတ်လုပ်မှုရပ်နားခဲ့ဖူးပါတယ်။

မြေရှားပြတ်လပ်မှုက အမေရိကန်ရဲ့ ကာကွယ်ရေးကိစ္စရပ် တွေသာမက စီးပွားရေး၊ ထုတ်လုပ်ရေးလုပ်ငန်းကြီးတွေမှာပါ သက်ရောက်မှုကြီးခဲ့တာပါ။

ဆောင်းပါးရှင် ဝက်စလေ အဲလက်ဇန်းဒါးဟေး အကြံပြုတာကတော့ မြန်မာကို အရင်အမေရိကန်အစိုးရတွေလိုမျိုး ဖယ်ကျဉ်ထားမှုတွေ မလုပ်ဘဲ စည်းစနစ်ကျတဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်ဖို့၊ မြန်မာကို အရေးပေါ်အခြေအနေကြေညာပြီး စီးပွားရေးပိတ်ဆို့မှုတွေလုပ်တဲ့ သမ္မတ အမိန့်အမှတ် (၁၄၀၁၄) ကို ပြန်လည် သုံးသပ်ဖို့ စတာတွေ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက အိမ်ဖြူတော်ကို ပေးပို့တဲ့ နှစ်စဉ်အစီရင်ခံစာမှာ မြန်မာမြေရှားအတွက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဂုဏ်သိက္ခာဆိုင်ရာရော၊ စည်းမျဉ်းစည်းကမ်းတွေအရရော အထူးဂရုစိုက်ပြီး သတိနဲ့ စစ်ဆေးလုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

အမေရိကန်ဟာ မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့တဲ့စာရင်းထဲမှာ ထည့်ထားသလို၊ လက်ရှိအခြေအနေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ကလည်း မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။

နောက်ထပ် မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယကလည်း တရုတ်ရဲ့မြေရှားတင်ပို့မှု တင်းကျပ်လိုက်တဲ့ ၂၀၂၅ ဧပြီလထဲမှာပဲ National Critical Mineral Mission ဆိုတဲ့ အဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး နည်းလမ်းအသစ်တွေနဲ့ မြေရှား ရှာဖွေခဲ့တယ်လို့ ISP China Desk ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အိန္ဒိယအစိုးရပိုင်ကုမ္ပဏီက အရာရှိတွေဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက မြန်မာမြေရှား နမူနာတချို့ယူသွားခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးသတင်းအရင်းအမြစ်နဲ့ KIA နဲ့ နီးစပ်သူဆီက သိရပါတယ်။

နောက်ပြီး အင်္ဂလိပ်ခေတ်က ဖောက်လုပ်ခဲ့ပြီး ကချင်ပြည်နယ်၊ ဗန်းမော်၊ မြစ်ကြီးနားကနေ အိန္ဒိယအထိပေါက်တဲ့ လီဒိုလမ်းမကြီးကိုလည်း အိန္ဒိယအစိုးရက တာဝန်ယူ ပြင်ဆင်ပေးဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့်လည်း ဒီလမ်းတလျှောက်မှာ KIA ရော စစ်တပ်ပါ လှုပ်ရှားမှု ရှိနေတာကြောင့် ဒါဟာ မြေရှားသယ်ယူဖို့ ရည်ရွယ်ချက်သက်သက် မဖြစ်နိုင်ဘူးလို့ အိန္ဒိယနိုင်ငံခြားရေးသတင်းအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိ မြေရှားတူးဖော်မှုတွေပြုလုပ်နေတဲ့ဒေသတွေကို တရုတ် လွှမ်းမိုးမှုရှိတဲ့ ဝ တပ်ဖွဲ့ UWSA နဲ့ တိုင်းရင်းသားလက်နက်ကိုင် ကချင်လွတ်လပ်ရေးတပ် (KIA) တို့က ထိန်းချုပ်ထားတာပါ။

မြေရှားပိုင်ဆိုင်မှုဟာ ကမ္ဘာ့နိုင်ငံရေးစင်မြင့်ထက်မှာရော စီးပွားရေး၊ ကုန်ထုတ်လုပ်ငန်းတွေမှာ ပါ သူများထက် ခြေလှမ်းသာစေတာကြောင့် တရုတ်အနေနဲ့ တခြားနိုင်ငံကို ရောင်းခွင့်ပေးတာ၊ ခွဲဝေတာမျိုးဆိုတာ မဖြစ်နိုင်ဘူးလို့ ISP China Desk ရဲ့ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပါတယ်။

တချိန်က ကမ္ဘာ့နိုင်ငံတွေအတွက် ရေနံဟာ အဓိက အရေးပါခဲ့ပေမဲ့ အခုတော့ နိုင်ငံအများစုက သဘာဝအရင်းမြစ်စွမ်းအင်ကို ပိုပြီး ဦးစားပေးလာတာကြောင့် မြေရှားသတ္တုတွေဟာ ရေနံလိုပဲ အရေးပါလာပြီဖြစ်ပါတယ်။

ဒီလို အရေးပါတဲ့ကမ္ဘာ့မြေရှားကို ထိန်းချုပ်ဖို့ဆိုရင် တရုတ်ဟာ မြန်မာမြေရှားလိုပဲ ရနိုင်တဲ့ အရင်းအမြစ်တွေကို အရယူဦးမှာဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

တဖက်မှာလည်း မြန်မာဟာ တရုတ်နဲ့ အမေရိကန်ပြီးရင် ကမ္ဘာမှာ မြေရှားအများဆုံးထုတ်တဲ့နိုင်ငံဖြစ်နေပေမဲ့ မြန်မာ့မြေရှားဟာ နယ်မြေထိန်းချုပ်ထားသူတွေနဲ့လိုက်ပြီး ပြည်တွင်းပဋိပက္ခ အကျိုးစီးပွား ယှက်နွှယ်မှုတွေလည်း ရှိနေပြန်ပါတယ်။

ဒီအချိန်မှာ နေပြည်တော်နဲ့ မြေရှားနယ်မြေတွေကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်တွေဟာ ဆက်ဆံရေးဖြစ်တည်မှုကို လိုက်ပြီး အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယ ဘက်ကို ယိမ်းမလား၊ စီးပွားရေးဒဏ်ခတ်ပိတ်ဆိုမှုတွေလုပ်နေတဲ့ အနောက်ကမ္ဘာက အမေရိကန်ဘက်ကို သံခင်းတမန်ခင်းနဲ့ အသိအမှတ်ပြုမှုအရ ယိမ်းမလားဆိုတာက စိတ်ဝင်စားစရာဖြစ်နေပါတယ်။