ယူကရိန်း မြေရှားသတ္တုတွေ ဒေါ်နယ်ထရမ့် ဘာကြောင့်လိုချင်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရေဗက်ကာ သွန်း
ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်
အန်နာ ခွန်ဒီရန်ကို
ဘီဘီစီ ယူကရိန်းဌာန
နာဗင်း ဆင်း
ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ်၊ သဘာဝပတ်ဝန်းကျင် သတင်းထောက်
ယူကရိန်းက သတ္တုသိုက်တွေကို ရှာဖွေ တူးဖော်ခွင့်ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဆိုပြုချက်ကို သမ္မတ ဗိုလော့ဒီမီယာ ဇယ်လန်းစကီးက ပယ်ချလိုက်ပြီးတဲ့နောက် "ကျွန်တော်တို့ နိုင်ငံကို မရောင်းဘူး"လို့ ပြောလိုက်ပါတယ်။
ယူကရိန်းမှာ မြေရှားသတ္တုသိုက်နေရာ အများအပြားရှိပါတယ်၊ ဒါပေမဲ့ အဲဒီ ဧရိယာတွေကို ရုရှား စစ်တပ်က ထိန်းချုပ်ထားတာပါ။
ရုရှားကို ကာကွယ်တိုက်ခိုက်နေတဲ့ စစ်ပွဲအတွက် ယူကရိန်းကို အမေရိကန်က ဆက်လက်ကူညီဖို့ အတွက် ဒါတွေကို အလဲအလှယ် လုပ်ရမယ်လို့ ထရမ့်က ပြောပါတယ်။
"ကျွန်တော် ယူကရိန်းကို ပြောတယ်၊ ဒေါ်လာ ဘီလျံ ၅၀၀ တန်ဖိုးရှိတဲ့ မြေရှားသတ္တုတွေ ကျွန်တော် လိုချင်တယ်၊ သူတို့ ဒါကို သဘောတူဖို့ လိုတယ်" လို့ ပြောခဲ့တဲ့ အကြောင်း သမ္မတထရမ့်က ဖောက်စ် သတင်းဌာနက သတင်းထောက် ဘရက် ဘီရာကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။
"ဒါက အလေးအနက်နဲ့ ပြောကြ ဆိုကြတာလည်း မဟုတ်ဘူး"လို့ ဇယ်လန်းစကီးက ပြောရင်း "ကျွန်တော့်နိုင်ငံကို ကျွန်တော် မရောင်းနိုင်ဘူး" လို့ ဆိုပါတယ်။
ဒီသတ္တုတွေဟာ အမေရိကန်အတွက် အရေးကြီးတယ်ဆိုတာကို ထရမ့်ရဲ့ အဆိုပြုချက်က ညွှန်းဆိုပြနေပါတယ်။ ဒါတွေက ဘယ်လိုနေရာမှာ လိုအပ်တာလဲ၊ ဒါတွေက အမေရိကန်ကို ဘယ်လို အကျိုးပြုနိုင်ပါလဲ။

မြေရှားသတ္တုတွေဆိုတာ ဘာလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"မြေရှားသတ္တုတွေ" ဆိုတာက ခေတ်မီ နည်းပညာ ကုန်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ အကျယ်အပြန့်အသုံးပြုနေကြပြီး ဓာတုနည်းအရ ဆင်ဆင်လေးတူကြတဲ့ ဒြပ်စင် ၁၇ မျိုးကို ခြုံပြီးခေါ်ဝေါ်ထားတာပါ။
ဒီဒြပ်စင်တွေက စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ ကျန်းမာရေးဆိုင်ရာ ပစ္စည်းကိရိယာတွေ အပြင် ပစ္စည်းအတော် များများအတွက် အရေးပါပါတယ်။
အဲဒီ ဒြပ်စင်တွေက Sc – စကန်ဒီယမ်၊ Y – ရက်တရီယမ်၊ La – လန်သန်နမ်၊ Ce – စီရီယမ်၊ Pr – ပရက်စီယိုဒင်မီယမ်၊ Nd – နီယိုဒင်မီယမ်၊ Pm – ပရိုမီသီယမ်၊ Sm – ဆမ်မာရီယမ်၊ Eu – ယူရိုပီယမ်၊ Gd – ဂဒိုလီနီယမ်၊ Tb – တာဘီယမ်၊ Dy – ဒစ်ပိုဆီယမ်၊ Ho – ဟိုမီယမ်၊ Er – အာဘီယမ်၊ Tm – သူလီယမ်၊ Yb – ရက်တာဘီယမ်၊ Lu – လူတက်ယမ် တို့ဖြစ်ပါတယ်။
သူတို့ထဲက တချို့ကို ကမ္ဘာအနှံ့အပြားမှာတွေ့ရတတ်ပေမဲ့ အဲဒီ ဒြပ်တွေကို သန့်စင်တဲ့ အနေအထားမျိုးတွေ့ရလေ့ မရှိတာကြောင့် သူတို့ကို "ရှားပါး" တယ်လို့ သတ်မှတ်ကြတာပါ။
မြေရှားသတ္တုတွေကို ရေဒီယိုသတ္တိကြွ ဒြပ်စင်တွေ၊ ဥပမာ - သော်ရီယံ၊ ယူရေနီယံ စတာတွေနဲ့ ရောပြီးတွေ့တတ်ကြပါတယ်။
ဒါကြောင့်မို့ သူတို့ကို ခွဲထုတ်ဖို့က အဆိပ်ပြင်းတဲ့ ဓာတုဒြပ်ပေါင်းတွေ လိုအပ်သလို ခက်လည်း ခက်ခဲပြီး ငွေကုန်ကြေးကျကလည်း များပါတယ်။
ယူကရိန်းမှာ ဘယ်လို မြေရှားသတ္တုတွေ ရှိသလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဥရောပသမဂ္ဂက "အရေးပါတဲ့ သတ္တုရိုင်းတွေ" လို့ သတ်မှတ်ထားတဲ့ သတ္တု အမျိုးအစား ၃၀ ထဲက ၂၁ မျိုးက ယူကရိန်းမှာ ရှိပြီး သူတို့ဆီက သတ္တုသိုက် ပမာဏက တကမ္ဘာလုံးက ပမာဏရဲ့ ၅ % ရှိပါတယ်။
ဒီဒြပ်စင်တွေ ရှိတဲ့နေရာက ယူကရိန်းတောင်ဘက်မှာဖြစ်ပြီး အက်ဇ်ဇော့ဗ် ပင်လယ်တောင်ဘက်က ယူကရိန်း ခရစ်စတယ်လင်း ကျောက်လွှာမှာပါ။ ဒီနယ်မြေတွေ အများစုကို လောလောဆယ်မှာ ရုရှားက သိမ်းပိုက်ထားပါတယ်။
ဒါပေမဲ့ ဒီဒြပ်စင်တွေကို ယူကရိန်းရဲ့ ဘုဇ်၊ ကိယက်ဗ်၊ ဗင်နစ်ဆီယာ၊ ဇိုင်တိုမာ စတဲ့ ဒေသတွေမှာလည်း တွေ့နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒီဒြပ်စင်တွေ ရှာတွေ့နိုင်တဲ့ ရာနဲ့ချီနေရာတွေကို ကျွမ်းကျင်သူတွေက ထုတ်ဖော်သတ်မှတ်ထားကြပါတယ်၊ ဒါပေမဲ့ ဒီနေရာတွေထဲက တချို့နေရာတွေမှာသာ စီးပွားဖြစ် ထုတ်ယူနိုင်မယ့် အနေအထားရှိတာပါ။
"ခန့်မှန်းထားကြတာတွေက တကယ့်ကို မှန်းထားချက် သက်သက်ပါပဲ" လို့ ဘန့်ချ်မတ် သတ္တု ထောက်လှမ်းရေး အဖွဲ့၊ ဘက်ထရီ သတ္တုရိုင်းရေးရာ အကြီးအကဲ အက်ဒမ် ဝက်ဘ်က ပြောပါတယ်။
"ရတဲ့ သတ္တုရိုင်းတွေကို ဆန်းစစ်ပြီး စီးပွားဖြစ်အောင် ထုတ်နိုင်တဲ့ သတ္တုသိုက် ဟုတ်၊ မဟုတ်ကို အသေအချာ သိရဖို့ အတော့်ကို လုပ်ရဦးမှာပါ"


ဖောက်စ် မဂ္ဂဇင်းရဲ့ အဆိုအရ ယူကရိန်းရဲ့ အရေးကြီး သတ္တုသိုက်တွေရဲ့ ၇၀% က ဒွန်းညက်စ်၊ ဒနီပရိုပင်ထရော့စ်၊ လုဟန့်စ် ဒေသတွေမှာ ရှိကြောင်း သိရပါတယ်။
ဒါကြောင့် ရုရှား ကျူးကျော်ပြီး လက်ရှိသိမ်းပိုက်ထားတဲ့ နေရာ အများအပြားမှာ အဲဒီ သတ္တုရိုင်းတွေက ရှိနေတာပါ။
ယူကရိန်းမှာ မြေရှား သတ္တုတွေအပြင် အရေးပါတဲ့ တခြားသတ္တုတွေလည်း ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်း အစိုးရက သူတို့နိုင်ငံက သတ္တုသိုက်တွေမှာ လီသီယမ် သတ္တု တန်ချိန်ပေါင်း ၄၅၀,၀၀၀ တန်လောက် ရှိတယ်လို့ ဆိုပါတယ်။ အခုလောလောဆယ် အချိန်မှာ အဲဒါတွေကို မတူးဖော်ရသေးပေမဲ့ တူးဖို့ အစီအစဉ်တွေ ရှိပါတယ်။
ရုရှားတို့က အနည်းဆုံး လီသီယမ် သတ္တုသိုက် ၂ နေရာကို သိမ်းပိုက်ထားပါတယ်၊ အဲဒီနေရာတွေကတော့ ဒွန်းညက်စ် ဒေသက ရှက်ဗ်ချန်ကစ် နဲ့ ဘက်ရာဒီယန့်စ် ဒေသက ခရုတာ ဘယ်ကာ နေရာတွေပါ။
ဒီသတ္တုတွေကို ထရမ့်က ဘာ့ကြောင့်လိုချင်တာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြေရှားသတ္တုနဲ့ အရေးပါ သတ္တုရိုင်းထုတ်လုပ်မှုတွေကို အမေရိကန်က ထိန်းချုပ်ချင်တဲ့ အကြောင်းရင်းက လောလောဆယ် အဲဒီ သတ္တုထောက်ပံ့ရေးကို ကမ္ဘာမှာ လွှမ်းမိုးထားတဲ့ တရုတ်နဲ့ ယှဉ်ပြိုင်ချင်တာကြောင့်ပါ။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြေရှားသတ္တု တူးဖော်ရေးနဲ့ သန့်စင်ရေးမှာ တရုတ်က ကမ္ဘာမှာ ဦးဆောင်နေပြီး တရုတ်မှာ ကမ္ဘာ့ထွက်နှုန်းအားလုံးရဲ့ ၆၀- ၇၀% ရှိသလို၊ သန့်စင်တဲ့လုပ်ငန်းလည်း ၉၀% ရှိပါတယ်။
ဒါတွေနဲ့ ပတ်သက်ပြီး အမေရိကန်က တရုတ်ကို မှီခိုနေရတဲ့ ကိစ္စက ထရမ့် အစိုးရအဖို့ လုံခြုံရေးအရ ကြည့်ကြည့်၊ စီးပွားရေး အရ ကြည့်ကြည့် စိုးရိမ်စရာ ဖြစ်နေပုံ ရပါတယ်။
ဒီသတ္တုတွေက အဆင့်မြင့်နည်းပညာ ထုတ်ကုန်တွေ - လျှပ်စစ်ကားက အစ စစ်သုံးကိရိယာပစ္စည်းတွေ အထိ မရှိမဖြစ် အရေးပါနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
'ဝိရောဓိ' ဖြစ်နေတာလို့ ဘီဘီစီ သဘာဝပတ်ဝန်းကျင် သတင်းထောက် နာဗင်း ဆင်းက ဆို
ကြည့်ရတာ ဝိရောဓိ ဖြစ်နေသလိုပါ။
ထရမ့်က ပြည့်ဖြိုးမြဲစွမ်းအင် ပေါ်လစီတွေကို ဘေးပုံထားလိုက်ပြီး ရုပ်ကြွင်းလောင်စာ ထုတ်လုပ်ရေးကို ချဲ့ထွင်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ သန့်ရှင်းစွမ်းအင်ထုတ်လုပ်ရေး အတွက် အရေးပါတဲ့ သတ္တုတွေကို လိုချင်နေပါတယ်။
ဒီသတ္တုတွေက လူသုံးကုန် အီလက်ထရွန်နစ် ပစ္စည်းတွေ၊ စစ်ရေးဆိုင်ရာ ကိရိယာတွေနဲ့ အထူးသဖြင့် အေအိုင် ဒေတာ စင်တာတွေအတွက် လိုအပ်တဲ့ အခြေခံပစ္စည်းတွေပါ။
ထရမ့်က သူ့နိုင်ငံထဲမှာ အေအိုင် အခြေခံအဆောက်အအုံတွေကို တွန်းလုပ်ကြမယ်လို့ ကြေညာထားပါတယ်။ အဲဒီအတွက် ကြေးနီ၊ ဆီလီကွန်၊ ပါလာဒီယမ်၊ မြေရှားသတ္တု စတဲ့ အရေးပါတဲ့ သတ္တုတွေ အမြောက်အများ လိုအပ်ပါတယ်။
အရေးပါတဲ့ သတ္တုတွေ ရောင်းလိုအားက အခုကတည်းက စတင် ကျဆင်းနေတာဖြစ်ပြီး ဒါက သန့်ရှင်း စွမ်းအင် ထုတ်လုပ်ရေး နှေးကွေးလာစေတဲ့ အဓိက အကြောင်းရင်း တရပ်ပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြေရှား သတ္တုတွေအပါအဝင် အရေးပါတဲ့ သတ္တုတွေကို တရုတ်က လွှမ်းမိုးထားနိုင်တာက အဓိကအားဖြင့် အမေရိကန် - တရုတ် ပထဝီနိုင်ငံရေးကြောင့် ဖြစ်နေတာလို့ ပညာရှင်တွေက ပြောပါတယ်။
သတ္တုရိုင်း သန့်စင်နည်းပညာမှာ ရှေ့တန်းကို ဆယ်စုနှစ် အတော်ကြာကြာကတည်းက ရောက်နေပြီး ဖြစ်တဲ့ တရုတ်က သန့်စင်ပြီး ဂရပ်ဖိုက်နဲ့ ဒစ်ပိုဆီယမ် ထုတ်လုပ်မှုရဲ့ ၁၀၀%၊ သန့်စင်ပြီး ကိုဘော့ ထုတ်လုပ်မှု ၇၀% နဲ့ သန့်စင် လီသီယမ်နဲ့ မဂ္ဂနီးစ် ၆၀% ကို လောလောဆယ်မှာ ထိန်းချုပ်ထားကြောင်း နိုင်ငံတကာ ပြည်ဖြိုးမြဲ စွမ်းအင် အေဂျင်စီက ဆိုပါတယ်။
မြေရှား သတ္တုတွေ ထုတ်လုပ်မှုမှာလည်း သူက ထိပ်ရောက်နေပြီး အာဖရိက၊ အာရှနဲ့ တောင်အမေရိကက အဓိက သတ္တုမိုင်းတွေကိုလည်း ပိုင်ဆိုင်ထားကာ အရေးပါ သတ္တုတွေကို ကိုင်ထားနိုင်နေပါတယ်။
"ကမ္ဘာ့ထောက်ပံ့ရေး ကွင်းဆက်ကို တရုတ်က ကိုင်ထားတာ ပိုများလာတာနဲ့ အတူ ဒါကို တုံ့ပြန်ဖို့" အတွက် ဘိုင်ဒန် အစိုးရလက်ထက်မှာ အမေရိကန် House Armed Services Committee က "အရေးပါတဲ့၊ ဗျူဟာမြောက်တဲ့ သတ္တုတွေ အတွက် အမေရိကန်ဆီမှာ ကိုယ်ပိုင် ထောက်ပံ့ရေး လမ်းကြောင်းရှိရမယ်" လို့ ပြောခဲ့ပါတယ်။
ထရမ့် အစိုးရဟာ အမေရိကန်ရဲ့ ထောက်ပံ့ရေး ကွင်းဆက်အတွက် သတ္တုရိုင်းတွေ ရနိုင်ဖို့ ယူကရိန်းနဲ့ ဂရင်းလန်း တို့လို အရပ်တွေကို အသုံးချဖို့ ကြည့်နေပုံ ရပါတယ်။












