အမေရိကန် မပါဘဲ ဥရောပက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မလား

ဓာတ်ပုံ ရင်းမြစ်, Ukraine Presidential Press Service
ရေဗက်ကာ သွန်း
ဘီဘီစီ ကမ္ဘာတလွှား ဌာန
ရုရှားကျူးကျော်မှုကို ယူကရိန်းက ကာကွယ်နိုင်ဖို့အရေး လိုအပ်တဲ့ ရန်ပုံငွေကို ဖြည့်ဆည်းဖို့အတွက် ဥရောပနိုင်ငံတွေ အနေနဲ့ "များများ" ထည့်ဝင်ကြဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်က သူ့ရဲ့ ပထမဆုံး နိုင်ငံတကာ ခရီးစဉ်မှာ ပြောကြား လိုက်ပါတယ်။
ဒါက ဥရောပအတွက် ဘယ်လိုအဓိပ္ပာယ် ဆောင်ပါလဲ။
ဆော်ဒီအာရေဗျမှာ ရုရှားနဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွေ တွေ့ဆုံ စကားပြော နေချိန် ဟက်ဆက်ရဲ့ အခုလို စကားပေါ်ထွက်လာတာဖြစ်ပြီး ဒါဟာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် ထရမ့်ရဲ့ ဗျူဟာကို ရည်ညွှန်းဖော်ပြတာလည်း ဖြစ်ပါတယ်။
အမေရိကန် ဒုတိယ သမ္မတ ဂျေဒီ ဗန့်စ်ကလည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မြူးနစ် လုံခြုံရေး ညီလာခံမှာ ဥရောပဟာ "ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက် ထည့်ဝင် ထောက်ပံ့မှုကို အရှိန်မြှင့်ကြပါ" လို့ ဆိုပြီး ဥရောပဟာ ကိုယ့်လုံခြုံရေးအတွက် အခုထက်ပို တာဝန်ယူကြဖို့ ပြောခဲ့ပါတယ်။
အမေရိကန်ရဲ့ ရပ်တည်မှု ရုတ်တရက်ပြောင်းလဲသွားတာက ဥရောပ ခေါင်းဆောင် တွေကို အထိတ်တလန့် ဖြစ်စေပြီး ဒီစစ်ပွဲနဲ့ ဥရောပတိုက် လုံခြုံရေးကို ဆွေးနွေးကြဖို့ ပဲရစ်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ကြပါတယ်။
ဥရောပလုံခြုံရေးအတွက် ဥရောပနိုင်ငံတွေက အမေရိကန်ကို ဘယ်လောက် အားကိုးနေရလဲ၊ ဥရောပဟာ သူတို့ သက်သက်နဲ့ပဲ ကာကွယ်နိုင်မလားဆိုတဲ့ အမေးက ထွက်ပေါ် လာပါတယ်။
ပထမအစပိုင်းမှာ အမေရိကန်က ဥရောပတပ်တွေနဲ့ ဘာလို့ ပေါင်းခဲ့တာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အရင်တုန်းက ဥရောပမှာ ဆိုဗီယက် ပြည်ထောင်စုက ချဲ့ထွင်လာနေတာကို တားဆီးဖို့ အတွက် နေတိုး - မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (North Atlantic Treaty Organization – Nato) ကို ဖွဲ့ခဲ့ကြတာပါ။
အမေရိကန်ကလည်း ဒီအဖွဲ့ တည်ထောင်တဲ့ အထဲမှာ ပါပါတယ်။ ၁၉၄၉ မှာ စဖွဲ့ခဲ့ကြတာပါ။
ဒီလို ချဲ့ထွင်လာတာကို ကာကွယ်ဖို့အတွက် ဥရောပအနေနဲ့ စီးပွားရေးအရ၊ စစ်ရေးအရ ခိုင်မာမှ ရမယ်လို့ အမေရိကန်က ရှုမြင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြောင့် ကြီးကြီးမားမား ပျက်စီးသွားတာကို ဥရောပ အနေနဲ့ ပြန်လည် တည်ဆောက်ဖို့အတွက် အထောက်အပံ့ အကူအညီတွေ အများကြီး ပေးခဲ့တယ်။
အခုဆိုရင် နေတိုးဟာ အရှေ့ဥရောပ နိုင်ငံအများအပြားပါ ပါဝင်လာတဲ့ အဖွဲ့အစည်း ဖြစ်လာပြီး အဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံ ဖြစ်လာပါပြီ။ နေတိုး အဖွဲ့ဝင် နိုင်ငံ တနိုင်ငံ တိုက်ခိုက်တာ ခံရရင် အဲဒီအဖွဲ့ဝင် နိုင်ငံ ခုခံနိုင်စွမ်းရှိအောင် ကျန်တဲ့ နိုင်ငံတွေက ဝိုင်းကူကြဖို့ သဘောတူထားကြပါတယ်။
ဒါပေမဲ့ အခုတော့ စစ်ပြီးခေတ် ဥရောပ လုံခြုံရေး ဗိသုကာကြီး ၂ ယောက် ပြဿနာ တက်နေပါပြီ။
နေတိုးထဲမှာ အမေရိကန် ဆက်ရှိနေဆဲဖြစ်ပေမဲ့ ဥရောပ အနေနဲ့ အမေရိကန်ရဲ့ အကူအညီက ရေရှည်မှာ အားထားလို့ ရပါ့မလား ဆိုပြီး စိုးရွံ့ နေကြပါတယ်။
ဥရောပနိုင်ငံတွေက ကာကွယ်ရေး ဘတ်ဂျက် ဘယ်လောက်ချမှတ်ထားလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ နိုင်ငံ့ဝင်ငွေ (ဂျီဒီပီ လို့လည်း ခေါ်ဝေါ် )ရဲ့ အနည်းဆုံး ၂ % ကို ကာကွယ်ရေးအတွက် သုံးစွဲရမယ်လို့ နေတိုး မဟာမိတ်အဖွဲ့ က တောင်းဆိုထား ပါတယ်။
၂၀၂၄ အတွက် နေတိုးရဲ့ ခန့်မှန်းချက်တွေအရ ပိုလန်က သုံးစွဲမှု အများဆုံးဖြစ်ပြီး သူ့ ဂျီဒီပီရဲ့ ၄.၁ % သုံးကြောင်း သိရပါတယ်။
အက်စတိုးနီးယားက ၃.၄ % သုံးပြီး ဒုတိယ၊ အမေရိကန်ကလည်း ၃.၄ % နဲ့ တတိယ ချိတ်ပါတယ်။ အမေရိကန်က ပြီးခဲ့တဲ့ ၁၀ စုနှစ် အတွင်း ဒီပမာဏကို နှစ်တိုင်း သုံးစွဲခဲ့ပါတယ်။
ဗြိတိန်က ဒီစာရင်းမှာ နံပတ် ၉ ချိတ်ပြီး သူက ၂.၃% သုံးပါတယ်။ ဗြိတိန်ဟာ ၂.၅% အထိ သုံးဖို့ "လုံးဝ ရည်သန်ထား" ကြောင်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ဒေးဗစ် လမ်မီက ပြောခဲ့သလို၊ သူတို့အနေနဲ့ အဲဒီပန်းတိုင် ပြည့်မီဖို့ လာမယ့် လအနည်းငယ် အတွင်းမှာ လုပ်ငန်းစဉ် တခု ချမှတ်မယ် လို့လည်း ဆိုပါတယ်။
ဥရောပက နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ ကနေဒါတို့ရဲ့ ပျမ်းမျှ အသုံးစရိတ်ကတော့ ၂.၀ % ပါ။
နေတိုးရဲ့ ကာကွယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုရေးရာပိုင်းကို တာဝန်ယူခဲ့ပြီး အဖွဲ့ရဲ့ လက်ထောက် အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့ဖူးတဲ့ ကမ်မယ် ဂရန်းက ဥရောပနိုင်ငံတွေ ပိုပြီး ထည့်ဝင်ရင်းနှီးကြဖို့ အမေရိကန်ရဲ့ ပန်ကြားမှုက အံ့အားသင့်စရာ မဟုတ်ကြောင်း ပြောပါတယ်။
"ဥရောပသားတွေ လိုအပ်တာကို ပြည့်မီအောင် မထည့်ဝင်တာက ဆယ်စုနှစ် အတော်လေး များလာနေပါပြီ" လို့ သူက ပြောပါတယ်။
အခု သူတို့ ဒါကို ဖြေရှင်းဖို့ လိုနေပါပြီ။
"အမေရိကန်က ဒီလိုတောင်းဆိုတာက သဘာဝကျပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေက ဘာ့ကြောင့် ပိုပြီး မပေးဘဲ နေလို့ရမလဲ။"
'ဥရောပ စစ်တပ်' ဆိုတာ ဖြစ်နိုင်ခြေရှိလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်က အကူအညီတွေ ရုပ်သိမ်းနိုင်တဲ့ အဖြစ်ကို တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်း သမ္မတ ဗိုလော့ဒီမီယာ ဇယ်လန်းစကီးက 'ဥရောပ စစ်တပ်' ထူထောင်ကြဖို့ တောင်းဆို ခဲ့ပါတယ်။
"ရှင်းရှင်းလေး တွေးကြည့်ရအောင်၊ ဥရောပ ခြိမ်းခြောက်ခံရင် အမေရိကန်က တို့ မကူနိုင်ဘူးလို့ ပြောလာနိုင်တာကို ထည့်တွက်ထားဖို့လိုပြီ" လို့ သူက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြောခဲ့ပါတယ်။
"ဥရောပ အနေနဲ့ ကိုယ်ပိုင် စစ်တပ် - ဥရောပ စစ်တပ် ရှိဖို့ လိုတယ်လို့ ခေါင်းဆောင် အများအပြားက ပြောနေကြပါပြီ။"
ပြင်သစ် ခေါင်းဆောင် အီမန်နျူရယ် မက်ခရွန်းက ဥရောပအနေနဲ့ အမေရိကန် အပေါ် မှီခိုမှု အတိုင်းအတာကို လျှော့ချပြီး စစ်ရေးပိုင်းကို ကိုယ့်ဘာသာကိုယ် တည်ဆောက် ကြဖို့ ထောက်ခံ ပြောဆိုလာတာ ကြာပါပြီ။
ဒါပေမဲ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာ အကြီးအကဲ ခါရာ ကာလတ်စ်က ခပ်မြန်မြန်ပဲ ပယ်ချထားခဲ့ပါတယ်။
ဥရောပ နေတိုးနိုင်ငံတွေ အနေနဲ့ ရုရှားလို နိုင်ငံမျိုးကို ထိထိရောက်ရောက် ကာကွယ် နိုင်ဖို့ အတွက် ဓနပိုင်ဆိုင်မှုအရ တတ်နိုင်ပေမယ့် စုဖွဲ့လုပ်ကိုင်ရမယ့် အပိုင်းမှာ စိန်ခေါ်မှု ကြီးကြီးမားမားရှိတယ်လို့ ကန့် တက္ကသိုလ်က နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ် ပါမောက္ခ ရစ်ချတ် ဝစ်မန်းက ဘီဘီစီကို ပြောပါတယ်။
"ဒါတွေ အားလုံးကို ပြောဆို ဆွေးနွေးကြဖို့ သူတို့ ဘယ်လို လုပ်ကြမလဲ၊ အဝေးကနေ သူတို့ ပေါင်းစပ်လုပ်နိုင်ကြမလား" လို့ သူက မေးခွန်းထုတ်ပါတယ်။
ရုရှားလို ပါဝါကြီးတဲ့ နိုင်ငံကို 'ဥရောပ စစ်တပ်' နဲ့ ကာကွယ်ဖို့ ဆိုတာက လုံးဝ မဖြစ်နိုင်သလောက်ပဲ လို့ ဆာရေး တက္ကသိုလ်မှာ ဗြိတိန်နဲ့ ဥရောပအကြောင်း လေ့လာရေးစင်တာ တည်ထောင်သူ ပါမောက္ခ အမ်မလီယာ ဟက်ဖီးက ပြောပါတယ်။
"နေတိုးက ဆက်စပ်ပူးပေါင်းဆောင်ရွက်တာမှာ သိပ်ကို အဆင့်မြင့်ပါတယ်။ လေ့ကျင့် မှုတွေ၊ ကျွမ်းကျင်မှုတွေ အများကြီးလိုအပ်ပါတယ်" လို့ မစ္စ ဟက်ဖီးက ထောက်ပြပြီး စွမ်းရည်ပိုင်း မတူညီတဲ့ စစ်တပ်တွေက အတူပူးပေါင်း ဆောင်ရွက်ရေးမှာ တွေ့ရမယ့် အခက်အခဲတွေကို ပြောပြပါတယ်။
"ဒါပေမဲ့ ၃ နှစ်အတွင်း အရေးကြီးလာလိမ့်မယ်၊ စစ်ယာဉ်ယန္တရားပိုင်း အမာထည်တွေရော၊ ကိုယ်ပိုင် တဦးချင်း အရည်အသွေးတွေရော၊ ပေါင်းစပ်လုပ်ကိုင်ကြရတဲ့ အပိုင်းမှာရော စွမ်းရည်ပြည့်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်အဖြစ် အသင့်ဖြစ်နေအောင် လုပ်ထားရမယ် ဆိုရင်တော့ တက်သုတ်ရိုက်ပြီး လုပ်နိုင်ပါလိမ့်မယ်။"
နေတိုး စဖွဲ့ကတည်းက စစ်ရေး စီမံချက်တွေကို ဥရောပ ထိပ်တန်း မဟာမိတ် တပ်မှူး (Supreme Allied Commander Europe - SACEUR) က ဦးဆောင်တာဖြစ်ပြီး ဒီတာဝန်ကို စစ်ရေး အတွေ့အကြုံရင့်တဲ့ အမေရိကန် တပ်မှူးတယောက်က အမြဲ ယူတာပါ။
ဥရောပက ဗိုလ်ချုပ်တွေက အဲဒီလောက် အတွေ့အကြုံမရှိဘူးလို့ ပါမောက္ခ ဝစ်မန်း က ပြောပြီး 'ဥရောပ စစ်တပ်' က စွမ်းဆောင်ရည်ပိုင်းမှာ အတော် ဖြည့်တင်းရဖွယ် ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် ထားခဲ့တဲ့ နိုင်ငံရေး ကလိုင်ပေါက်ကြီး ကလည်း ရှိနေဦးမှာပါ။
"အမေရိကန်က နောက်က အမာခံရပ်ထားပေး ရုံတင် မဟုတ်ပါဘူး။ တိုက်ခိုက်ဖို့ လိုအပ်တာတွေကိုလည်း ကျွန်တော်တို့ကို ပေးနေတာပါ၊ နိုင်ငံရေးအရ အာဏာပိုင်မှုကိုလည်း ယူလာပေးတယ်။ ဥရောပမှာ ပေါင်းလုပ်ကြပါပြီ ဆိုဦး၊ ဒါမျိုးတွေ နှိုင်းယှဉ် ရင် မမီသေးပါဘူး" လို့ သူက ဖြည့်ပြောပါတယ်။
ပါဝါ အပြိုင်အဆိုင်တွေလည်း ရှိလာနိုင်ပြီး ဥရောပ ကာကွယ်ရေး ဗျူဟာ ကို ဘယ်သူက ဦးဆောင်မှာလဲ ဆိုတဲ့ အမေးလည်း ပေါ်ထွက်လာမှာပါ။
ဥရောပမှာ ပြင်သစ်နဲ့ ဗြိတိန်က လုံခြုံရေး၊ ကာကွယ်ရေး အင်အားအကြီးဆုံး မိတ်ဖက်တွေ ဖြစ်တဲ့အတွက် သူတို့က ရှေ့က ဦးဆောင်နိုင်တယ်လို့ ပါမောက္ခ ဟက်ဖီးက ပြောပါတယ်။
ဒါပေမဲ့ ကာကွယ်ရေး အသုံးစားရိတ် ဘယ်သူက ဘယ်လောက် ထည့်ဝင်ကြဖို့ကို နိုင်ငံတွေအကြား ဆုံးဖြတ်ကြရမှာဖြစ်ပြီး ဘယ်သူက အများဆုံးအကုန်အကျခံမလဲ ဆိုတာလည်း ထည့်စဉ်းစား ရမှာပါ။
နောက်ပြီး ကျွမ်းကျင်သူတွေ ထပ်ထောက်ပြတာ တခုက "အချိန်" ပါ။
"ဂြိုဟ်တုတွေ ဘယ်လောက် မြန်မြန် တည်ဆောက်ပြီး ဘယ်တော့ လွှတ်တင် နိုင်မလဲ" လို့ ပါမောက္ခ ဝစ်မန်းက အမေးထုတ်ပါတယ်။
"ဒါက ရက်တွေ၊ လတွေ နဲ့ ပြီးမှာမဟုတ်ဘူး၊ နှစ်တွေ ချီပြီးကြာမှာ"
ဥရောပ လက်ရှိ ရင်ဆိုင်နေရတဲ့ ယူကရိန်း အကျပ်အတည်း အရေးအတွက် ဥရောပ စစ်တပ်က ဘယ်လောက် အသုံးဝင်မှာလဲ ဆိုတဲ့ အမေးကလည်း ရှိပါတယ်။
"ဥရောပ စစ်တပ် ဆိုတာကို ကျွန်တော်တော့ သိပ်မယုံကြည်ဘူး" လို့ မစ္စတာ ဂရန်း က ဘီဘီစီကို ပြောပါတယ်။
ဥရောပအနေနဲ့ စစ်တပ် တပ်ဖွဲ့ဝင် ဘယ်လောက် များများ ရှိတယ် ဆိုတာလောက်နဲ့ မပြည့်စုံပါဘူး၊ သူတို့ဟာ အလျင်အမြန် ထွက်တိုက်ရမယ့် တိုက်ပွဲတွေအတွက် အသင့် ဖြစ်ပြီလား၊ လေယာဉ်တွေ လေထဲမှာပျံနေတုန်း ဆီဖြည့်နိုင်တာမျိုး၊ တာဝေးပစ် မစ်ဇိုင်းတွေမျိုး စတဲ့ အဆင့်မြင့် နည်းပညာတွေကော အဆင်သင့် ဖြစ်ပြီးလား လို့ သူက ထောက်ပြပါတယ်။
ဟားဗတ်တက္ကသိုလ်၊ သိပ္ပံနဲ့ နိုင်ငံတကာရေးရာ ဆိုင်ရာ ဘဲလ်ဖာ စင်တာက စာတမ်း တခုမှာ ဂရန်းနဲ့ သူ့ အပေါင်းပါတွေက "အတ္တလန်တိတ် တလွှား မိတ်ဖက်ဖြစ်မှုရဲ့ အဓိက အစိတ်အပိုင်းအဖြစ် ဥရောပ ကာကွယ်ရေး ခိုင်မာအောင် စွမ်းဆောင်နိုင်မှုကို နေ့ချင်း ညချင်း တခဏနဲ့ တည်ဆောက်လို့ မရပါဘူး။ ခိုင်ခိုင်မာမာ ဇွဲသန်မှု၊ မဆုတ်မနစ်အားထုတ်မှုတွေနဲ့အတူ နှစ်တွေနဲ့ ချီပြီးတည်ဆောက်ရမှာပါ" လို့ ရေးထားပါတယ်။
"ဥရောပရဲ့ လွတ်လပ်ရေးခိုင်မာစေဖို့၊ မရေရာတဲ့ ခေတ်ကာလအတွင်း အမေရိကန် ဦးဆောင်မှုကို ဆက်ထိန်းထားနိုင်ဖို့ စတာတွေ အတွက် ဥရောပ ရော၊ အမေရိကန် ကပါ ခက်ခဲတဲ့ ပြောင်းလဲမှုတွေကို လုပ်ကြရမယ်။"
ဒါတွေက ဥရောပရဲ့ အနာဂတ်ကို ဘယ်လိုသက်ရောက်လာမလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်က ဥရောပကနေ သူတို့ ဆုတ်တော့မယ်လို့ ခြိမ်းခြောက်လာချိန်မှာ ဥရောပမှာ စစ်ရေး စွမ်းဆောင်ရည် ကွာဟမှုက ထိတ်လန့် စရာ ဖြစ်လာပါတယ်။
"အမေရိကန်မပါဘဲ ဥရောပဟာ စစ်ရေးအရ စိတ်ချရဖို့ ခက်ခဲပါတယ်" လို့ ပါမောက္ခ ဝစ်မန်းက ပြောပါတယ်။
ရေရှည်ခိုင်မြဲတဲ့ စုပေါင်းတပ် ဖြစ်နိုင်ဖို့ ဥရောပနိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ ကာကွယ် ရေး အသုံးစရိတ်ကို ခပ်များများ တိုးမြှင့်ဖို့ လိုအပ်တယ်လို့ မစ္စတာ ဂရန်းက ပြော ပါတယ်။
အမေရိကန်ရဲ့ အာရုံစိုက်မှု တကယ်ပြောင်းသွား၊ မသွား သိရဖို့ ရုရှားက စမ်းကြည့်နိုင်ကြောင်း တချို့က စိုးရိမ်နေပါတယ်။
"ယူကရိန်းကတော့ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပြီ၊ ငါတို့ ပြန်တည်ဆောက်ကြရမယ်၊ ဒီလို လူတွေပြောနေကြတာမျိုး အဆန်းမဟုတ်တော့တာကိုက ဝမ်းနည်းစရာ ဖြစ်နေပါပြီ။ ရုရှားက ဆွီဒင်၊ ပိုလန်၊ ကုန်ကုန်ပြောရရင် ဗြိတိန်က နေရာတခုကို ယူတော့မယ် ဆိုတာမျိုးက အခုအချိန်မှာတော့ ဖြစ်မလာသေးပါဘူး။ ဖြစ်လာပြီ ဆိုရင်လည်း ပဋိပက္ခက အရင်ဘာနဲ့မှ မတူတဲ့ ပဋိပက္ခမျိုး ဖြစ်သွားတော့မှာပါ" လို့ ပါမောက္ခ ဟက်ဖီးက ပြောပါတယ်။
"တည်ထောင်တုန်းက အဖွဲ့ဝင်နိုင်ငံ မပါတော့ရင် ဒီအဖွဲ့က ဘာလဲဆိုတာကို နေတိုး အနေနဲ့ အမြန် အဖြေရှာဖို့ လိုအပ်နေပါပြီ။"












