ရန်ဖက်သူငယ်ချင်းကောင်း ဒါမှမဟုတ် အမေရိကန်နဲ့ ဥရောပတို့ဆက်ဆံရေး အရင်နဲ့မတူ တမူထူးနိုင်လား

‌ဒေါ်နယ်ထရမ့်ကို ထိပ်ပိုင်းမှာ မြင်တွေ့ရပြီး ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ကရွန်း၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာနဲ့ ဂျာမနီဝန်ကြီးချုပ် အိုလတ်ဖ် ရှို့လ်ဇ် တို့ကို အောက်ပိုင်းမှာ တန်းစီထားတဲ့ ပုံအဆက်
    • ရေးသားသူ, ကတ်တယာ အက်တလာ
    • ရာထူးတာဝန်, ဥရောပ အယ်ဒီတာ

"တကယ် မထင်ရဘူး။ ကျွန်မတို့မှာ ရွေးကောက်ပွဲကြီးရှိနေတယ်။ တိုင်းပြည်က မွဲသယောင်ပြနေပြီ၊ စီးပွားရေးကလည်း တန့်နေတယ်။ ... ဒါပေမဲ့ ဂျာမနီသတင်းစာတွေမှာတော့ ထရမ့်၊ ထရမ့်ဆိုတာချည်းပဲ မြင်နေရတယ်"

ဂျာမနီအရှေ့မြောက်ပိုင်းက၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဆရာမ အိုင်းရစ်မူလာ ဟာ ဖေဖော်ဝါရီမှာ ကျင်းပမယ့်ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် ကျွန်မ စကားပြောဖြစ်တဲ့ မဲဆန္ဒရှင်တွေထဲက တစ်ဦးပါ။ ဒါပေမဲ့ ဒီလို အမြင်ရှိနေတာကတော့ သူတစ်ယောက်တည်း မဟုတ်ပါဘူး။

ဥရောပသမဂ္ဂအဖွဲ့ဝင် ထိပ်တန်းနိုင်ငံကြီးတွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီတို့သာမက ဥရောပက နိုင်ငံတွေဟာ ပြည်တွင်းမှာ ပြဿနာပေါင်းစုံ ရင်ဆိုင်နေရပေမဲ့ နိုဝင်ဘာလ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရပြီးကတည်းက ထရမ့်အရေးကိုပဲ အာရုံရနေကြပါတယ်။

''အမေရိကန်ပြည်ထောင်စုကို ပြန်အရေးထားစို့'' လို့ဆိုတဲ့ စာတန်းပါတဲ့​ဦးထုပ်အနီရောင်ကို ဆောင်းထားတဲ့ထရမ့် တစ်ယောက် အလေးပြုနေတာကို မြင်ရပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိမ်ဖြူတော်ကို ထရမ့် တကျော့ပြန်ရောက်မှုဟာ ဥရောပခေါင်းဆောင်တွေအတွက်တေတာ့ သူတို့ ဥရောပတိုက်ရဲ့ ထိခိုက်လွယ်အနေအထားကို ပြန်ပြီး ထင်ဟပ်နေစေပါတယ်

ထရမ့်ရဲ့ ပြီးခဲ့တဲ့ သမ္မတသက်တမ်းတုန်းကတော့ ဥရောပနဲ့ ထရမ့်အကြားမှာ အဖုအထစ်တွေရှိခဲ့ဖူးပါတယ်။ အခုလည်း ထရမ့် ရဲ့ နောက်သမ္မတသက်တမ်းများလည်း ဆိုးဝါးတာတွေရှိလာနိုင်ပါတယ်။ ဥရောပမှာ အင်အားကြီးတယ်လို့ မှတ်ယူခံထားရတဲ့နိုင်ငံတွေဟာလည်း ပြဿနာ ကိုယ်စီနဲ့ပါ။

ပြင်သစ်နဲ့ ဂျာမနီတို့ကလည်း ကာလရှည်နိုင်ငံရေး အခက်အခဲတွေအပြင် စီးပွားရေး ကပ်ဆိုက်နေကြတာပါ။ စျေးကွက်ယှဥ်ပြိုင်မှုအကြောင်းပြောကြမယ်ဆိုရင်လည်း ဥရောပသမဂ္ဂတစ်ခုလုံးဟာ အမေရိကန်နဲ့ တရုတ်နောက်မှာ ကျန်ခဲ့ပါပြီ။ ဗြိတိန်ဆိုရင်လည်း ပြည်သူ့ဝန်ဆောင်မှုတွေဟာ ဥရောပက တရုတ် နောက်ကို ရောက်နေပြီး၊ ဗြိတိန်ရဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကလည်း အလွန်ဆိုးဝါးတဲ့ အခြေအနေကို ရောက်နေပါတယ်။

ဒါကြောင့် ဥရောပဟာ ဒေါ်နယ်ထရမ့်အတွက် ပြင်ထားပြီးပါပြီလား ဒါမှမဟုတ် တကျော့ပြန်သံသရာ ထပ်ကြုံရဦးမှာလား။

မဟာမိတ်မထားတဲ့ စီးပွားရေးသမား

ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးကိစ္စတွေမှာ ဒေါ်နယ်ထရမ့်ဟာ သမုဒ္ဒရာတစ်ဖက်ခြမ်းက မဟာမိတ်တွေတန်ဖိုးကို အလေးထားတဲ့ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန် တိုင်းပြုပြည်ပြုနိုင်ငံရေးသမားတွေလိုမျိုး မဟုတ်ပါဘူး။ နိုင်ငံရေးသမားတစ်ဦးထက် စီးပွားရေးသမား ပိုဆန်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့မိတ်ဖက်ဆက်ဆံရေးတွေကို သူ မယုံကြည်ဘူး'' လို့ ဂျာမနီ အဓိပတိဟောင်း အန်ကလာ မာကဲက ကျွန်မကို ပြောပါတယ်။ ကမ္ဘာကြီးမှာ နိုင်ရင်နိုင်၊ မနိုင်ရင်အရှုံးဆိုတဲ့မျက်မှန်နဲ့ ကြည့်တတ်တဲ့ ထရမ့်ရဲ့ အမြင်၊ နောက် အဲဒီအမြင်တွေနဲ့ သူ့အမြင် တစ်သဘောတည်း မရှိခဲ့ဖူးတာကိုလည်း အန်ခလာ မာကယ်တစ်ယောက် ထရမ့်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းမှာ ကြုံခဲ့ရပြီးဖြစ်ပါတယ်။

ဥရောပဟာ အမေရိကန်ကနေ အမြတ်ထုတ်နေတာ နှစ်ချို့နေပြီဖြစ်တာကြောင့် ဒီခြေအနေကို ရပ်တန့်ရမယ်လို့ ထရမ့်က မှတ်ယူထားပုံရပါတယ်။

နိုဝင်ဘာတုန်းက ကျင်းပခဲ့တဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ထရမ့်တစ်ယောက် ဒုတိယအကြိမ်ထပ် နိုင်ခဲ့တဲ့အခြေအနေကို ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းမှာ ဥရောပခေါင်းဆောင်တွေ ပါးစပ်အဟောင်းသားဖြစ်ခဲ့ကြပါတယ်။ ထရမ့်ဟာ ဗျူဟာမြောက်တဲ့ခြိမ်းခြောက်မှုလို့ သူမြင်ထားတဲ့တရုတ်ထက် ဥရောပနဲ့ ကနေဒါက သူ့မဟာမိတ်နိုင်ငံတွေကို လူသိရှင်ကြား ပြင်းပြင်း ထန်ထန်ဝေဖန်ထားတာပါ။

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး)ကနေ အမေရိကန်ကို နုတ်ထွက်နိုင်ခြေကိုလည်း ထရမ့် ကြိုးရှည်ရှည်လှန်ပြီး ပြောထားပါတယ်။ ဥရောပဟာ သူရဲ့လုံခြုံရေးအတွက် အန္တလန္တိတ်သမုဒ္ဒရာတစ်ဖက်တစ်ခြမ်းစီမှာရှိတဲ့ နိုင်ငံတွေ စုဖွဲ့ထားတဲ့ စစ်မဟာမိတ်အဖွဲ့အပေါ်မှာသာ မီခိုနေရတာ ဆယ်စုနှစ်ချီကြာမြင့်နေပါပြီ။

ဥရောပမဟာမိတ်တွေအနေနဲ့ ထည့်ဝင်သင့် ထည့်ဝင်ထိုက်တဲ့ငွေကြေးသုံးစွဲမှု မလုပ်ဘူးဆိုရင်၊ နောက်ပြီး ကာကွယ်ရေးအသုံးစရိတ်တွေ တိုးမသုံးဘူးဆိုရင် ''ဥရောပကို ကြိုက်သလိုသာလုပ်တော့'' လို့ ဆိုပြီး သူ ရုရှားကို တိုက်တွန်းမယ်လို့တောင် ပြောထားတာပါ။

NATO အလံကို ကိုင်ထားကြတဲ့ ပိုလန်နိုင်ငံသား စစ်သားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါ်နယ်ထရမ့်ရဲ့အပြောတွေကြောင့် အမေရိကန်ကို နေတိုးအဖွဲ့ကနေ နုတ်ထွက်စေတော့ မလားဆိုတဲ့စိုးရိမ်မှုတွေ ရှိလာကြပါတယ်

ကုန်သွယ်ရေးနဲ့ပတ်သက်လာရင် ထရမ့်ဟာ သူရဲ့ပထမသက်တမ်းတုန်းကလိုပဲ လက်ရှိ ဥရောပသမဂ္ဂကို ဒေါသထွက်မှာ သေချာပါတယ်။ ဥရောပသမဂ္ဂဟာ အမေရိကန်ကနေ ကုန်ပစ္စည်း ဝယ်တယ်ဆိုတာထက် အမေရိကန်ကို ကုန်ပစ္စည်းတွေ တင်ပို့တာက များနေပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီမှာဆိုရင် ဒီလို ပို့ကုန်သွင်းကုန်တန်ဖိုးခြားနားမှုက ယူရိုငွေ ၁၅.၄ ဘီလျံအထိရှိခဲ့ပါတယ်။

ဆိုတော့ ဒေါ်နယ်ထရမ့်ရဲ့ အဖြေက ဘာဖြစ်မှာလဲ။ ထရမ့်ကတော့ ပြည်ပကနေတင်သွင်းလာတဲ့ကုန် တွေကို အခွန် ၁၀-၂၀ ရာခိုင်နှုန်းအထိ တိုးကောက်မယ်လို့ပြောထားပါတယ်။ ကားလိုမျိုး ကုန်တွေဆိုရင် အခွန်ပိုတိုးကောက်တာတောင်ဖြစ်နိုင်ပါတယ်။

ကားထုတ်လုပ်ပြီး ပြည်ပကိုပို့တဲ့လုပ်ငန်းအပေါ် မှီခိုနေရတဲ့ ဂျာမနီလိုနိုင်ငံမျိုးအတွက်တော့ ဒါက ဆိုးရွားရွားကြုံလာရနိုင်ခြေရှိတဲ့အခင်းအကျင်းပါ။ ဂျာမနီရဲ့ စီးပွားရေးဟာလည်း အခက်အခဲတွေရှိနေသလို ပြီးခဲ့တဲ့ နှစ်က ၀.၂ ရာခိုင်နှုန်းအထိ ကျုံ့သွားပါတယ်။

ဥရောပဇုန်ထဲမှာ စီးပွားရေးအကြီးမားဆုံးဖြစ်တဲ့ဂျာမနီမှာ ဘဏ္ဍာရေးကျပ်မယ်ဆိုရင် ဥရောပ တစ်ခုလုံးမှာ သုံးတဲ့ယူရိုငွေကြေးအတွက် အခက်ဖြစ်လာနိုင်ပါတယ်။

''ထရမ့် တို့ထားတဲ့စာရင်းထဲ ထိပ်ရောက်နေ''တဲ့ ဂျာမနီ

ထရမ့် ပထမသမ္မတသက်တမ်းတုန်းကလည်း ထရမ့် တို့ထားတဲ့စာရင်းထဲမှာ ဂျာမနီပါခဲ့ပုံရတယ် လို့ ဂျာမနီအဓိပတိဟောင်း မာကယ်က ပြောပါတယ်။

"ထရမ့် ကိုင်တွယ်မယ့် ဥရောပက စာရင်းထဲ''မှာ ဂျာမနီဟာ ထိပ်ဆုံးမှာ ရှိနေဦးမယ်လို့ မှတ်ယူတဲ့အကြောင်း ဥရောပပြုပြင်ပြောင်းလဲရေးစင်တာရဲ့ ဒုတိယညွှန်ကြားရေးမှူး အီယန်ဘွန်းက ပြောပါတယ်။

"မာစီဒီးကားတွေကို နယူးယောက်ရဲ့လမ်းတွေပေါ်မှာ မမြင်ချင်တော့ဘူးလို့ သူအရင်တုန်းက ပြောခဲ့ဖူးတာ ရှိခဲ့တယ်။ ဒါပေမဲ့ အမှန်တကယ်တော့ နယူးယောက်လမ်းတွေပေါ်မှာတွေ့ရတဲ့ကားတွေက အမေရိကန်ပြည်ထောင်စု၊ အလာဘားမားပြည်နယ်မှာရှိတဲ့ မာစီဒီးစက်ရုံကြီးကနေ ထုတ်တာပါ"

စက်မှု ထိပ်သီး ၇ G7 အစည်းအဝေးမှာ ခုံပေါ် လက်ထောက်ပြီး ထရမ့်ဘက်ကို မာကယ်က ခါးကိုင်းပြောနေ၊ ထရမ့်ကတော့ ခုံတစ်ဖက်ခြမ်းမှာ လက်ပိုက်ပြီး ထိုင်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အန်ခလာ မာကယ်(ဓာတ်ပုံအလယ်က အမျိုးသမီး)ကတော့ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းတုန်းကလည်း ဂျာမနီဟာ ထရမ့် ကိုင်တွယ်ဖို့ တို့ထားတဲ့စာရင်းထဲ ပါခဲ့ပုံပေါ်တယ်လို့ ပြောပါတယ်

"ဥရောပမှာရှိတဲ့ အခြားနိုင်ငံတွေထက် ဂျာမနီအပေါ်ကို သူက ပိုပြီးတော့ ရန်လိုနေတာ၊ အဲဒါက ဂျာမနီကို ရှေးရိုးစွဲအစိုးရပုံစံမျိုးကို လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရနိုင်ခြေ ပိုလွယ်သွားအောင် တွန်းပို့နေသလို ဖြစ်စေမှာမို့ အသက်တောင် ဖြောင့်ဖြောင့်မရှုနိုင်တော့ပါဘူး"

အမေရိကန်နဲ့ ကုန်သွယ်မှု ကွာဟချက် ကြီးကြီးမားမားမရှိတဲ့ ဗြိတိန်ကတော့ ထရမ့်ရဲ့ အခွန်စည်းကြပ်မှုတွေကို ရှောင်ရှားနိုင်ဖို့ မျှော်လင့်နေတာပါ။ ဒါ‌ပေမဲ့ ဥရောပ-အမေရိကန် ကုန်သွယ်‌ရေး စစ်ပွဲဖြစ်လာခဲ့ရင် ဗြိတိန်အနေနဲ့လည်း အဖျားခတ်တဲ့ဒဏ်ကို ခံရနိုင်ပါတယ်။

ဒီတော့ ဥရောပဘက်က ဒါကို ဘယ်လောက် ကြိုတင်ပြင်ဆင်ထားလဲ

ထရမ့်ရဲ့ ပထမ သမ္မတသက်တမ်းမှာ ကြုံခဲ့ရတဲ့အတွေ့အကြုံကြောင့် ထရမ့်ရဲ့ အနိုင်ကျင့်မှုဆန်ဆန်ပုံစံမျိုးကို ဥရောပက သူ့ မဟာမိတ်တွေအတွက်တော့ အဆန်းတကြယ် မဟုတ်တော့ပါဘူး။ ဒီမှာ တကယ့်ပြဿနာက မှန်းမရတဲ့ ထရမ့် စိတ်ပါ။ ခြောက်ရုံ လှန့်ရုံ အပြောနဲ့ပဲပြီးမလား၊ တကယ်ပဲ လုပ်လာမလားဆိုတာပါ။

အမေရိကန်အခြေစိုက် ပညာရှင်အဖွဲ့ဖြစ်တဲ့ ဂျာမန်မာရှယ် ရံပုံငွေ အမေရိကန်ပညာရှင်အဖွဲ့ ဒုတိယဥက္ကဌဖြစ်သူ အီယန်လက်ဆာကတော့ "ထရမ့်ရဲ့ အခွန်းစည်းကြပ်မယ့် ခြိမ်းခြောက်မှုဟာ တကယ်ဖြစ်လာမှာပါ။ ဒီအတွက် ဥရောပဘက်မှာ အသင့်ဖြစ်နေပြီဆိုထက် အဝေးကြီးမှာ ရှိနေသေးတယ်'' လို့ ပြောပါတယ်။

"ဘယ်သူကမှ တကယ့်ကို မပြင်ဆင်ထားကြဘူး။ ကမ္ဘာ့ကုန်သွယ်‌ရေးနဲ့ပတ်သက်ပြီး ဒီလိုမတူကွဲပြားတဲ့ချဥ်းကပ်မှုကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ တစ်ဆင့်ချင်းတက်လာခဲ့တဲ့ နိုင်ငံတကာစီးပွားရေးကဏ္ဍ အုတ်မြစ်ကောင်းတွေကို ပျက်ရာပျက်ကြောင်း ဖြစ်လာစေနိုင်တယ်။''

A close up of a person holding a red hat that reads 'Make America Great Again'

ဓာတ်ပုံ ရင်းမြစ်, Getty Images

ထရမ့်တစ်ယောက် အိမ်ဖြူတော်ကို ရောက်လာတာနဲ့ လုပ်နိုင်လာခြေရှိတဲ့ ခြေလှမ်းတွေကိုတော့ ဥရောပ ကော်မရှင်ဘက်က အသင့်ရှိနေတယ်လို့ ဆိုကြပါတယ်။ ဥရောပ ကော်မရှင်ဟာ ကမ္ဘာ့စင်မြင့်ထက်မှာ ကြီးမားတဲ့ကုန်သွယ်အင်အားရှိပါတယ်။

ဒါပေမဲ့ မစ္စတာ လက်ဆာကတော့ ထရမ့်က တရုတ်နိုင်ငံအပေါ် ရန်လိုတဲ့ ကုန်သွယ်ရေးစစ်ပွဲဆင်နွဲခဲ့ရင် ဥရောပမှာလည်း ကြီးမားတဲ့သက်ရောက်မှုဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ စျေးချိုပြီး အန္တရာယ်များတဲ့ကုန်ပစ္စည်းတွေ ဥရောပစျေးကွက်ကို ဝင်ရောက်လာနိုင်သလို ဥရောပနဲ့ တရုတရုတ်ရဲ့ ကုန်သွယ်ထောက်ပံ့ရေးလမ်းကြောင်းတွေအပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဒါတွေက ပြည်တွင်းစီပွားရေးလုပ်ငန်းတွေကိုလည်း သက်ရောက်မှုရှိလာနိုင်ပါတယ်။

"ဥရောပအတွက်တော့ နှစ်ထပ်ကွင်း သက်ရောက်မှုဖြစ်လာနိုင်တယ်။ အမေရိကန်ကြောင့် ဖြစ်မယ့် သက်ရောက်မှုနဲ့ တရုတ်က အမေရိကန်ကို ပြန်တုံ့ပြန်မယ့် သက်ရောက်မှုကြောင့် ပေါ့"

ကုန်သွယ်ရေး၊ ကာကွယ်ရေးနဲ့ မက်စ် ကိစ္စ

ထရမ့်နဲ့ သူ့အစိုးရဟာ ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးကို သီးခြားစီလို့ မမြင်ထားတာကလည်း အကြောင်းခြင်းရာတွေကို ပိုရှုပ်ထွေးလာစေတဲ့အချက်ပါ။ ဂရင်းလန်းကို အမေရိကန်လက်ထဲ ပြန်မထည့်ဘူးဆိုရင် ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ဝင် ဒိန်းမတ်ကို စီးပွားရေး ဒါမှမဟုတ် စစ်ရေးအရ ဘယ်လို ကိုင်တွယ်မလဲဆိုတာကို ထရမ့်က ယတိပြတ်မပြောထားသေးပါဘူး။

ပြီးတော့ ဥရောပကို အမေရိကန်က အကာအကွယ်ပေးတဲ့အပိုင်းဟာ ဥရောပသမဂ္ဂက လုပ်ထုံးလုပ်နည်း စည်းကမ်းဆိုင်ရာအာဏာပိုင်တွေအနေနဲ့ လူမှုကွန်ရက် X(အရင်က တွစ်တာ)ကို ခပ်လှမ်းလှမ်းမှာ နေခွင့်ပေး၊ မပေးအပေါ် အများကြီးသက်ဆိုင်တယ်လို့ ထရမ့်ရွေးချယ်ခဲ့တဲ့ ဒုတိယသမ္မတ ဂျေဒီဗန့်စ်က သူ ဒုတိယသမ္မတ တာဝန်မယူခင် နွေဦးရာသီတုန်းက ပြောထားပါတယ်။

X ကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေဦးမယ်ဆိုရင် နေတိုးကို ‌ထောက်ပံ့ပေးနေတာတွေကို ရပ်ဆိုင်းပစ်နိုင်ခြေရှိတဲ့အကြောင်း ဂျေဒီဗန့်က ရေးသားသတိပေးခဲ့တာဖြစ်ပါတယ်။ X ကို ထရမ့်အတွက် ဒေါ်လာသန်းချီသုံးပြီး ကိုယ်တိုင်မဲထွက်ဆွယ်ခဲ့တဲ့ အီလွန် မတ်စ်က ပိုင်ပါတယ်။

လူထုစုဝေးပွဲတစ်ခုမှာ ထရမ့် မိန့်ခွန်း ပြောနေချိန်မှာ စင်မြင့်ထက်မှာ ခုန်ပေါက်နေတဲ့ အီလွန်မက်စ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဥရောပမှာတော့ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မက်စ်ကို ယုံကြည်မှု နည်းတယ်လို့ အမြင်သဘောထား စစ်တမ်းတွေမှာ ဖော်ပြနေပါတယ်

မစ္စတာမတ်စ် ကိုယ်တိုင်ကလည်း ဥရောပနိုင်ငံရေးမှာ ဘက်တွေ ရွေးလိုတဲ့အကြောင်း မကြာသေးခင်တုန်းက ပြသထားပါတယ်။

သူဟာ ဥရောပက ဗဟိုလက်ဝဲနိုင်ငံရေးသမားတွေဖြစ်တဲ့ ဗြိတိန်ဝန်ကြီး ဆာ ကီယာ စတာမာ၊ နောက် တာဝန်ကနေ အနားယူတော့မယ့် ဂျာမနီအဓိပတိ အိုလတ်ဖ် ရှို့လ်ဇ် တို့ကို လူမှုကွန်ရက် X ကနေ ထပ်ခါတလဲလဲ တိုက်ခိုက်တာတွေ လုပ်နေပါတယ်။

ရွှေ့ပြောင်းသွားလာသူ ဝင်ရောက်မှုများတာကို ဆန့်ကျင်တဲ့ ဂျာမနီက AfD ပါတီကသာ ပြည်သူတွေအတွက် မျှော်လင့်ချက်ဖြစ်တယ်လို့ မတ်စ်က ရေးသားခဲ့တာပါ။

ဒီအပြောက ဥရောပက လူအများစုအတွက် အံသြစရာဖြစ်ခဲ့ပေမဲ့ အငြင်းပွားစရာဒီပြောဆိုချက်က ဥရောပနိုင်ငံတွေက လူထုရဲ့ အမြင်ကို လွှမ်းမိုးမှုအနည်းငယ်ပဲရှိတယ်လို့ အမြင်သဘောထား စစ်တမ်းတွေမှာ ဖော်ပြပါတယ်။

ဥရောပမှာ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မက်စ်ကို ယုံကြည်မှုနည်းတယ်လို့ နိုင်ငံခြားဆက်သွယ်ရေးဆိုင်ရာဥရောပကောင်စီက ကူညီပံ့ပိုးမှုနဲ့ ကောက်ယူတဲ့အမြင်သဘောထားစစ်တမ်းမှာ ဖော်ပြနေပါတယ်။ အမေရိကန်ရွေးကောက်ပွဲပြီးတဲ့နောက် ဥရောပနဲ့ ကမ္ဘာလုံးဆိုင်ရာပြည်သူ့အမြင်သဘောထားဆိုတဲ့ခေါင်းစဥ်နဲ့ ကောက်ယူခဲ့တာဖြစ်ပါတယ်။

အတ္တကို ထိန်းကျောင်းမှာလား၊ ငွေထွက်အောင် လုပ်တာလား

အတွင်းစကားတွေအရဆိုရင်တော့ ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ ''သမ္မတထရမ့်နဲ့ တည့်အောင်'' ကိုယ့်နည်းကိုယ့်ဟန်နဲ့ ချဥ်းကပ်ကြမှာဖြစ်ပါတယ်။ တချို့ကလည်း ကိုယ့်နိုင်ငံအရေးသာ ပထမလို့ ဆိုတဲ့သမ္မတမျိုးကို ကိုယ့်ဘက်ပါလာအောင် ပေါင်းသင်းတာတွေ ရှိကြပါတယ်။

ဒီနေရာမှာ ကျွမ်းကျင်သူက ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ကရွန်းပါ။ သူက နိုဝင်ဘာရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရပြီးပြီးချင်းမှာပဲ ဂုဏ်ပြုတဲ့အကြောင်း လူမှုကွန်ရက်ပေါ်မှာ အရင်ဆုံး ပြောဆိုတဲ့နိုင်ငံတကာခေါင်းဆောင်တွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ ပြီးတော့ ပါရီမြို့က Notre Dame ဘုရားကျောင်းကြီး ပြန်လည်ဖွင့်လှစ်တဲ့ပွဲကိုလည်း တက်ရောက်ဖို့ ခပ်သွက်သွက် ဖိတ်ကြားထားပါသေးတယ်။

သမ္မတထရမ့် ပထမသက်တမ်းတုန်းကလည်း သမ္မတ မက်ကရွန်းက ပါရီမြို့က Bastille Day နှစ်ပတ် လည်နေ့ စစ်ရေးပြအခမ်းအနားကို ထရမ့်ကို အထူးဧည့်သည်တော်အနေနဲ့ ဖိတ်ကြား ဧည့်ခံခဲ့ပါသေးတယ်။

သမ္မတ ထရမ့် ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲနိုင်တဲ့အခါ လူမှုကွန်ရက်ကနေ ပထမဆုံး လှမ်းပြီး ဂုဏ်ပြုစကားပြောသူတွေထဲ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ကရွန်းလည်း ပါဝင်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတ ထရမ့် ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲနိုင်တဲ့အခါ လူမှုကွန်ရက်ကနေ ပထမဆုံး လှမ်းပြီး ဂုဏ်ပြုစကားပြောသူတွေထဲ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ကရွန်းလည်း ပါဝင်ပါတယ်

တချိန်တည်းမှာ စကော့တလန်နဲ့ ပတ်သက်လာရင်တော့ ထရမ့်မှာ ပျော့ပြောင်းတတ်တယ်ဆိုတာကိုလည်း ဗြိတိန်က အချက်သိနေပါတယ်။ စကော့တလန်ဟာ ထရမ့်မိခင်ရဲ့ မွေးရပ်ဖြစ်တာ၊ ဗြိတိသျှ တော်ဝင်မိသားစုမျက်နှာစတဲ့အကြောင်းတွေကြောင့် ဖြစ်ပါတယ်။ အခုတော့ နတ်ရွာစံသွားပြီဖြစ်တဲ့ ဗြိတိသျှ ဘုရင်မကြီး အဲလိဇဘတ်နဲ့အတူ ၂၀၁၉ ခုနှစ်တုန်းက နိုင်ငံတော်အခမ်းအနားတွေကို တက်ရတာကို သဘောခွေ့ခဲ့တာ မြင်သာပါတယ်။ ဒီဆောင်းဦးရာသီ မင်းသားဝီလီယံနဲ့ တွေ့ဆုံပြီးနောက် ဝီလီယံကိုလည်း ချီးမွမ်းထားပါသေးတယ်။

ဥရောပက တခြားခေါင်းဆောင်တွေကတော့ ငွေရေးကြေးရေးဘက်ကို ပိုပြီး တွက်ဆပါတယ်။

ဥရောပ ခေါင်းဆောင်တွေအနေနဲ့ ထရမ့်ဘက်က လုပ်လာနိုင်ခြေရှိတဲ့အခွန်စည်းကြပ်မယ့်ကိစ္စကို လက်တုံ့ပြန်တာမျိုးထက် သက်ဆိုင်ရာနိုင်ငံကနေ ချေးငွေနဲ့ ရင်းနှီးမြှုပ်နှံမှုရအောင်လုပ်တဲ့ သံတမန်ရေး ဗျူဟာကို ကျင့်သုံးဖို့ ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌ ခရစ်စတင်း လာဂါ့က အကြံပြုပါတယ်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အူဆူလာ ဗွန် ဒါ လီယွန်ကတော့ ဥရောပမှာ လိုနေတဲ့စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဖို့ တစ်စိတ်တစ်ပိုင်းအနေနဲ့ (ပိုစျေးကြီးတဲ့) LNG ဓာတ်ငွေ့တွေကို ဝယ်ယူဖို့ ပြောပါတယ်။

ဥရောပဟာ ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲမှု စတင်ကတည်းက ရုရှားရဲ့ စျေးပေါတဲ့ဓာတ်ငွေ့တွေကို မှီခိုနေရမှုကိုလည်း လျှော့ချနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

အမေရိကန်ဆီကနေ စိုက်ပျိုးရေး ထုတ်ကုန်တွေနဲ့ လက်နက်တွေ ပိုဝယ်တာမျိုးကိုလည်း စဥ်းစားချက်ရှိတယ်လို့ ဥရောပကော်မရှင် သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဥရောပ အနေနဲ့ ပိုပြီး အမီအခိုကင်းဖို့ လုပ်သင့်လား

ပြင်သစ် သမ္မတ မက်ကရွန်းဟာ ဥရောပရှင်သန်ဖို့ဆိုရင် ဥရောပဟာ ကိုယ့်ဘာသာ ဖူလုံရပ်တည်နိုင်မယ့် "ဗျူဟာမြောက် ကိုယ်ပိုင်ရပ်တည်နိုင်ရေး" ဆိုတာမျိုးကို စည်းရုံးပြောဆိုနေတာ ကြာမြင့်နေပြီဖြစ်ပါတယ်။

"ဥရောပက ... သေဆုံးနိုင်တယ်။ ဒီလိုမဖြစ်ဖို့ဆိုရင် ကျွန်တော်တို့ရဲ့ ရွေးချယ်မှုတွေ တစ်ခုလုံးအပေါ် မူတည်တယ်'' လို့ သူက ဒီနွေဦးမှာ ပြောခဲ့ပါတယ်။

အီမန်နျူရယ် မက်ခရွန်၊ ဂျာမနီအဓိပတိ အန်ကလာ မာကယ်နဲ့ ဒေါ် နယ် ထရမ့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အီမန်နျူရယ် မက်ကရွန်းဟာ ဥရောပ ရှင်သန်ဖို့ရာမှာ ပိုပြီး အမီအခိုကင်းရမယ်လို့ တိုက်တွန်းပြောဆိုနေသူ ဖြစ်ပါတယ်

ဥရောပဟာ တရုတ်သွင်းကုန်တွေကို ဘယ်လောက်တောင် မီခိုနေရလဲဆိုတာကို ကိုဗစ်ကာလမှာ ပြသခဲ့ပါတယ်။ အထူးသဖြင့် ဆေးဝါးပါ။ ဗလာဒီမီယာ ပူတင်ရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုဟာ ရုရှား စွမ်းအင်အပေါ် ဥရောပအနေနဲ့ မီခိုလွန်းနေရတာကိုလည်း ပေါ်လွင်ခဲ့ပါတယ်။

မက်ခရွန်းကတော့ အမေရိကန်နဲ့ပတ်သက်ပြီး ကြိုတင်ပြောဆိုချက်တွေရှိလာပါတယ်။

"အမေရိကန်မှာ ဦးစားပေး ကိစ္စ ၂ ခုရှိတယ်။ အမေရိကန်အရေးက ပထမ၊ နောက် တရုတ်အရေးက ဒုတိယဖြစ်တယ်။ ဥရောပအရေးကတော့ ပထဝီနိုင်ငံရေးအရ လာမယ့်နှစ်တွေကနဲ့ ဆယ်စုနှစ်အထိကို အဓိက မဟုတ်သေးဘူး" လို့ သူက ပြောပါတယ်။

ထရမ့်ရဲ့ အိမ်ဖြူတော် ဒုတိယခရီးဟာ ဥရောပက ခေါင်းဆောင်တွေအတွက် ဥရောပတိုက်ကြီးရဲ့အားနည်းမှုတွေအကြောင်းကို တွေးဖို့ ဖြစ်လာစေပါတယ်။

ကာကွယ်ရေးအပိုင်းမှာရှိနေတဲ့ မေးခွန်းကြီး

ကာကွယ်ရေးနဲ့ ပတ်သက်လာရင် ထရမ့် မပြတ်ပြောနေတာက ဥရောပအနေနဲ့ လက်ခံသင့်တဲ့အတိုင်းအတာထက် ပိုပြီး အသုံးပြုမှုဖြစ်ပါတယ်။ (ဒါပေမဲ့ ဘယ်လောက်သုံးကြမလဲဆိုတာကလည်း ဆွေးနွေးနေကြတဲ့အပိုင်းဖြစ်ပါတယ်) ဒါပေမဲ့ GDP အသုံးစရိတ် တိုးမြှင့်မှုအကြောင်း ပြောတဲ့အခါမှာ ဥရောပဟာ သူတို့ ကာကွယ်ရေးအသုံးစရိတ်တွေကို ဘယ်လောက်အထိ သုံးစွဲကြမလဲဆိုတာဆွေးနွေးကြသလို တိုက်ကြီးတစ်ခုလုံး လုံခြုံရေးကို ဘယ်လိုစုပေါင်းကြမလဲဆိုတာပါ။

အီမန်နျူရယ် မက်ကရွန်းဟာ ဥရောပသမဂ္ဂတစ်ခွင်လုံးလွှမ်းခြုံတဲ့ စက်မှုကာကွယ်ရေး မူဝါဒပါ။ ယူကရိန်းမှာဖြစ်နေတဲ့စစ်ပွဲဟာ ''ကျွန်တော်တို့အပိုင်းမှာ အားနည်းမှုတစ်ခုဖြစ်နေတယ် ... ဥရောပသားတွေအနေနဲ့ ကျွန်တော်တို့ ကိုယ်တိုင် တစ်ခါတလေ မြင်ကြတာရှိတယ်။ ကျွန်တော်တို့ရဲ့သေနတ်တွေမှာ ပြင်းအားမတူဘူး၊ ကျွန်တော်တို့ ဒုံးကျည်တွေ မတူညီကြဘူး''

တင့်ကားတစ်စီးအတွင်းမှာ ယူကရိန်းစစ်သားတစ်ဦးကို အနီးကပ်အနေထားနဲ့ မြင်ရတာဖြစ်ပြီး ရိုင်ဖယ်သေနတ်ကိုလည်း ကိုင်ထားပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထရမ့်ဟာ ဘိုင်ဒန်အစိုးရတုန်းက ကျောထောက်နောက်ခံပေးနေတဲ့ ယူကရိန်းကို စစ်ရေးအကူအညီလျှော့ချပေးနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ တိုးနေပါတယ်

ယူကရိန်းအတွက် အဓိကထောက်ပံ့ပေးနေသူအဖြစ် သမ္မတဘိုင်ဒန် လုပ်ခဲ့သလို အမေရိကန်က ဆက်မလုပ်ချင်တော့တဲ့ ထရမ့်ရဲ့ စဥ်းစားချက်က ဥရောပအတွက်တော့ သောကရောက်စရာ ဖြစ်နေတာပါ။

လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် အတူတကွလုပ်ဆောင်နိုင်ဖို့အရေး ဥရောပက စစ်အင်အားကြီး နိုင်ငံ ၂ နိုင်ငံက နောက်လမှာ အလွတ်တန်း တွေ့ဆုံဆွေးနွေးဖို့ ဥရောပခေါင်းဆောင်တွေက ဗြိတိန်ကို ဖိတ်ကြားထားပါတယ်။

အက်စတိုနီးယား ဝန်ကြီးချုပ်ဟောင်း၊ ဥရောပသမဂ္ဂ ကာကွယ်ရေးအကြီးအကဲလည်းဖြစ်သူ ကာဂျကယ် လက်ကတော့ ဥရောပတိုက်သားတွေ ညီညွတ်ဖို့ လိုအပ်နေတယ်လို့ ယုံကြည်ထားပါတယ်။

"ပူးပေါင်းလုပ်ဆောင်တဲ့နည်းလမ်းကို အကောင်အထည်ဖော်ဖို့ လိုနေပါတယ်။ အဲဒါပြီးရင်တော့ ကျွန်တော် တို့သန်မာလာမှာပါ။ ပြီးရင်တော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ရပ်တည်နိုင်မှာပါ" လို့ ပြောပါတယ်။

ဒီနေ့ ဥရောပဟာ ပိုအားနည်းပြီး ကွဲအက်လာနေပြီလား

ဥရောပဟာ အိမ်ဖြူတော်ကို တကျော့ပြန်လာတဲ့ ထရမ့် တူးပွိုင့်ဇီးရိုး ဖြေရှင်းနိုင်ဖို့ ပထမအကြိမ်ထရမ့် သမ္မတ သက်တမ်းတုန်းကထက် ပိုပြီးအားနည်းသလို ပိုပြီးကွဲအက်တဲ့ ပုံစံမျိုးမြင်နေရတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ ကျွန်မအနေနဲ့ ပြောရရင်တော့ ဒါ မှန်တယ်ဆိုတာလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ မဟုတ်ဘူးဆိုတာလည်းဖြစ်နေပြန်ပါတယ်။

ဟုတ်ပါတယ်။ ဆွေးနွေးခဲ့သလိုပဲ ဥရောပမှာ စီးပွားရေးက နှေးကွေးပြီး နိုင်ငံရေးက မငြိမ်မသက်ဖြစ်နေပါတယ်။

ဥရောပပေါင်းစည်းမှုကို ဆန့်ကျင်တဲ့လူကြိုက်များအမျိုးသားရေးပါတီတွေ ဥရောပနိုင်ငံအများစုမှာ အားကောင်းလာနေကြပါတယ်။ နိုင်ငံအချို့မှာဆိုရင် ဂျာမနီက AfD ပါတီဟာ မော်စကိုနဲ့ ပတ်သက်လာရင် သဘောထားပျော့ပြောင်းပါတယ်။ ဒါပေမဲ့ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီလို တခြားသူတွေကတော့ ဥရောပ ပေါင်းစည်းမှုထက် ထရမ့်နဲ့ အန္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးကို ပိုပြီး ဦးစားပေးတဲ့ဘက်ကို သွားနိုင်ပါတယ်။

ဒါပေမဲ့ ထရမ့် ပထမဆုံးအကြိမ် သမ္မတ တာဝန်ယူတုန်းက ဥရောပ အခြေအနေကို ကောင်းတဲ့ဘက်က မြင်တဲ့အမြင်နဲ့ ကြည့်တာမျိုးကိုတော့ သတိထားရပါမယ်။

အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီကတော့ ဥရောပ ပေါင်းစည်းရေးထက် ဒေါ်နယ်ထရမ့်နဲ့ ဆက်ဆံရေး ပိုခိုင်မာတဲ့ဘက်ကို ဦးစားပေးနိုင်တယ်လို့ အများက ရှုမြင်ကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီကတော့ ဥရောပ ပေါင်းစည်းရေးထက် ဒေါ်နယ်ထရမ့်နဲ့ ဆက်ဆံရေး ပိုခိုင်မာတဲ့ဘက်ကို ဦးစားပေးနိုင်တယ်လို့ အများက ရှုမြင်ကြပါတယ်

ဘဏ္ဍာရေးအရ ဥရောပမြောက်ပိုင်းဟာ အခုထက် ပိုပြီး အခြေအနေကောင်းမွန်ခဲ့ပေမဲ့ စည်းလုံးညီညွတ်မှုအပိုင်းမှာတော့ တိုက်ကြီးတစ်ခုလုံးဟာ ၂၀၁၅ တုန်းက ဖြစ်ခဲ့တဲ့ရွှေ့ပြောင်းနေထိုင်သူ အကျပ်အတည်းကြောင့် သဘောထားကွဲလွဲမှုတွေ နက်ရှိုင်းခဲ့ပါတယ်။

ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်ခဲ့တဲ့ ၂၀၁၆ ခုနှစ် နောက်ပိုင်းကစလို့ ဥရောပပေါင်းစည်းရေးဆန့်ကျင်တဲ့အများအကြိုက်ဆောင်ဝါဒ ပါတီတွေဟာ တက်လာလိုက်ကြ၊ ကျဆင်းသွားလိုက်ကြဖြစ်နေပါတယ်။ ဥရောသမဂ္ဂထဲကနေထွက်မယ့် နောက်ထပ်နိုင်ငံတွေရှိလာနိုင်သလို အဖွဲ့ပြိုကွဲမယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။

ဥရောပ ၂၀၂၅ မတိုင်ခင်တုန်းကလည်း ဗြိတိန်နုတ်ထွက်မှု၊ ကိုဗစ်ကူးစက်မှုနဲ့ တိုက်ဖျက်ရေး၊ စီးပွားနာလန်ထူရေး၊ ရွှေ့ပြောင်းနေထိုင်မှုအကျပ်အတည်းအပြင် သမ္မတထရမ့်ရဲ့ ပထမအကြိမ်သက်တမ်းကို ကြံ့ကြံ့ခံရင်း ကျော်ဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါအပြင် ဥရောပနိုင်ငံတွေဟာ ရုရှားရဲ့ ယူကရိန်းပေါ်ကျူးကျော်တဲ့စစ်ပွဲအပြီးမှာလည်း ကျောချင်းကပ်ဖို့ ကြိုးစားခဲ့ကြတာကိုလည်း မြင်နိုင်ပါတယ်။

အဲဒီလိုဆက်တိုက်ဖြစ်လာတဲ့အကျပ်အတည်းမျိုးတွေကို ရွက်လွှင့်ကျော်ဖြတ်ခဲ့ကြတယ်ဆိုတာထက် ထော့နင်း ထော့နင်း ကျော်ဖြတ်ခဲ့ကြတာပါ။ ဥရောသမဂ္ဂဟာ ရပ်တည်နေနိုင်တုန်းဖြစ်ပေမဲ့ ဗြိတိန်ခွဲထွက် နုတ်ထွက်သွားတဲ့ ဒဏ်ရာကိုတော့ အချိန်နဲ့ကုစားနေရတုန်းပါ။

လက်ရှိမှာ ဥရောပသမဂ္ဂဟာ ရည်ရွယ်ချက်ကြီးတဲ့ တရုတ်၊ နယ်မြေချဲ့ထွင်တဲ့ရုရှား၊ နောက် မှန်းရခက်တဲ့ အမေရိကန်သမ္မတအသစ်တို့နဲ့ ပတ်သက်လာရင် သူနဲ့ စံတန်ဖိုးချင်းတူညီတဲ့ ခွဲထွက်သွားတဲ့ဗြိတိန်ကို အနီးဆုံးမဟာမိတ်အဖြစ် ရှုမြင်ထားပါတယ်။

တစ်ဖက်မှာလည်း နေတိုးအဖွဲ့ဟာ သူနဲ့ပတ်သက်ပြီး ထရမ့်က ဘယ်လောက်အထိ ကတိကဝတ်ထားမလဲဆိုတဲ့အပေါ် စိုးရိမ်ပေမဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်မှုအပြီးမှာ ပထဝီဝင်အနေအထားမဟာဗျူဟာမြောက်တဲ့ ဆွီဒင်နဲ့ ရုရှားတို့ရဲ့ အိမ်နီးချင်းနိုင်ငံ ဖင်လန်နိုင်ငံတို့ကို အဖွဲ့ဝင်အဖြစ်လက်ခံတာအပြင် စစ်ရေးအရလည်း တိုးမြှင့်ထားပါတယ်။

ထရမ့်ဟာ ဒီတစ်ကြိမ်မှာတော့ ဥရောပနဲ့ပတ်သက်ပြီး မတူကွဲပြားတဲ့သူ့အမြင်တွေကို အရင်ကထက် လျှော့ချ ရှုမြင်တာမျိုးတော့ ရှိကောင်းရှိလာနိုင်ပါတယ်။

သူ ပြောတဲ့အတိုင်း ကာကွယ်ရေးအသုံးစရိတ်ပို သုံးဖို့ လိုလာပြီဆိုတာကို သတိမူလာတဲ့ ဥရောပ၊ သူ မျှော်လင့်ထားတဲ့အတိုင်း တရုတ်နဲ့ပတ်သက်လာရင် ပိုသတိထားလာတဲ့ ဥရောပ၊ နောက် သူကြိုက်သလိုပဲ နိုင်ငံရေးမှာ ညာဘက်ပိုယိမ်းလာတဲ့ ဥရောပ ဖြစ်လာပါတယ်။

စည်းကျော်လိုက်တာနဲ့ ခြိမ်းခြောက်ဟိန်းဟောက်မှုတွေရှိလာမယ့်ကြားကပဲ ထရမ့်နဲ့အတူ ကျောကပ်မယ့် ဥရောပဖြစ်လာမှာလား၊ လွတ်လပ်စွာပြောဆိုခွင့်တွေ၊ လူ့အခွင့်အရေးတွေ၊ ဒါမှမဟုတ် အာဏာရှင်တွေနဲ့ လုံးပန်းနေမယ့် ဥရောပဖြစ်လာမှာလား။

ဥရောပအတွက်တော့ အတ္တလန္တိတ် သမုဒ္ဒရာဘက်ခြမ်းနိုင်ငံတွေရဲ့ ရန်ဖက်သူငယ်ချင်းကောင်း ဒါမှမဟုတ် အရင်နဲ့မတူ တမူထူးနိုင်တဲ့ အမေရိကန်နဲ့ ဥရောပ ဆက်ဆံရေး စာမျက်နှာ နောက်တစ်ခုကို ဖွင့်ဖို့ ရှိနေပါတယ်။