ခင်ပွန်းနဲ့ မိနစ် ၅၀ တွေ့ဖို့ မိုင်ရာထောင်ချီ ခရီးနှင်ကြတဲ့ ယူကရိန်းဇနီးသည်တွေ

ဓာတ်ပုံ ရင်းမြစ်, Yan Dobronosov/Global Images Ukraine via Getty Images
- ရေးသားသူ, အီလိုနာဟရုန်းလျုခ်၊ ဘီဘီစီယူကရိန်း
ဒေါက်ဖိနပ်အမြင့်နဲ့ အမျိုးသမီးငယ်တစ်ဦးက စစ်ယူနီဖောင်းဝတ်ထားတဲ့ အမျိုးသားတစ်ဦးကို ဖက်ထားပြီး နမ်းနေတဲ့ပုံဟာ ဒုတိယကမ္ဘာစစ် ဇာတ်ကားတစ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းလိုပါပဲ။ ဒါပေမဲ့ အဲဒါက ယူကရိန်းနိုင်ငံရဲ့ အရှေ့ဘက်ပိုင်းမှာ နေ့စဥ်နဲ့အမျှဖြစ်နေတဲ့ လူမှုဘဝတွေထဲက တခုဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားဘက်က ကျူးကျော်စစ်ဆင်နွှဲလာတာ ၃ နှစ်အတွင်း ချဥ်းနင်းဝင်ရောက်လာခဲ့ သလို စစ်ပွဲရဲ့ ထိခိုက်ဆုံးရှုံးမှုတွေက ရှေ့တန်း ယူကရိန်းစစ်သားတွေသာမက အိမ်ကနေ စောင့်ဆိုင်းနေကြတဲ့ သူတို့ရဲ့ ဇနီးမယားတွေကိုလည်း ပိုပြီးရိုက်ခတ်လာပါတယ်။
ယူကရိန်းစစ်ပွဲ စဖြစ်တော့ အာ့စနာ နဲ့ အာတမ်တို့က အိမ်ထောင်သက်တမ်း ၁၈ လပဲ ရှိပါသေးတယ်။ နောက်တော့ အာတမ်က ယူကရိန်းစစ်တပ်ထဲ ဝင်သွားပါတယ်။
သူတို့အတွက် သားသမီးယူဖို့ဆိုတဲ့ အိပ်မက်ကြီးရှိနေပေမယ့် အာတမ်ကတော့ စစ်ပွဲကနေ ခွင့်ပြန်ရတဲ့အချိန်တွေက အချိန်အတိုတိုသာ ရလို့ အခက်တွေ့နေရတာပါ။
ဒါကြောင့် အာ့စနာက သူနေထိုင်တဲ့ ယူကရိန်းမြို့တော် ကိယက်အနီး၊ ဘိလာဆခ်ဖာကနေ ခင်ပွန်းသည်စခန်းချရာ ယူကရိန်းအရှေ့ဘက်ပိုင်း ဒွန်းညက်နဲ့ ကာကစ်ဒေသ အထိကို မိုင်ပေါင်းရာပေါင်းများစွာ သွားပြီး ခင်ပွန်းနဲ့ အတူတွေ့နိုင်ဖို့ ကြိုးစားရုံကလွဲလို့ အခြားနည်းလမ်ရွေးစရာမရှိပါဘူး။
သူတို့တွေ ၂၀၂၂ ခုနှစ်ရဲ့ ဧပြီလမှာ တစ်ကြိမ်၊ ဒုတိယမြောက် တွေ့ဆုံမှုကိုတော့ နိုဝင်ဘာလမှာ တစ်ကြိမ်တွေ့နိုင်ခဲ့ပါတယ်။ နောက်တော့ စစ်ပွဲအတွင်း အာတမ်က ဒဏ်ရာရခဲ့ပါတယ်။ အာ့စနာလည်း ကိုယ်ဝန်ပျက်ကျခဲ့ပါတယ်။
ရှေ့တမ်းစစ်မျက်နှာပြင်အထိ လိုက်လာရတဲ့ အမျိုးသမီးရဲ့ လုံခြုံရေးကို ခင်ပွန်းဖြစ်သူ အာတမ်စိုးရိမ်နေတဲ့ ကြားကပဲ အမျိုးသမီးဖြစ်သူ အာ့စနာကတော့ သူတို့ရဲ့ ရင်သွေးလေးရဖို့အတွက်ကို ပုံမှန်ကြိုးစား တွေ့ဆုံဖို့ကို လုပ်ဆောင်ခဲ့ပါတယ်။
"သူကိုမမြင်ရဘဲ ကျွန်မဘဝကို စိတ်ကူးတောင်မယဥ်နိုင်ပါဘူး"လို့ အာ့စနာက ဘီဘီစီယူကရိန်းဌာနကို ပြောပါတယ်။
"အဲဒီနေ့တွေမှာပဲ ကျွန်မအသက်ရှင်တယ်လို့ ခံစားရပါတယ်။"
ရှေ့တန်းစစ်မျက်နှာနားက ရွာတွေ၊ မြို့တွေမှာ သူတို့ တွေ့ကြပါတယ်။ ဒီနေရာတွေက စစ်ကြီးမတိုင်ခင်က မိသားစုတွေ နွေးနွေးထွေးထွေးနေခဲ့ကြတဲ့ နေရာတွေပါ။ တစ်ခါတလေမှာ သူတို့ ၂ ဦးတွေ့ဆုံဖို့ အိမ်ရှင်တွေက အခမဲ့နေထိုင်ကြဖို့ ခွင့်ပြုပေးကြပါတယ်။
"ခင်ပွန်းနဲ့တွေ့လို့ ပျော်ရပေမဲ့ စိတ်မကောင်းစရာကလည်း ဘေးမှာက သူစိမ်းတွေရဲ့ ဓာတ်ပုံတွေနဲ့" လို့ အာ့စနာက ပြောပါတယ်။
"ဘဝတွေအကုန်လုံး စစ်ပွဲတွေကြောင့် ပျက်စီးခဲ့ရတယ်။"
မြင့်တက်လာတဲ့ ကွာရှင်းမှုတွေ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ယူကရိန်းက မိသားစုတွေ ကွဲကွာရမှု အခြေအနေဟာ ယူကရိန်းအပေါ် ရုရှားရဲ့အလုံးစုံကျူးကျော်တိုက်ခိုက်မှုစတင်တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး မြင့်တက်လာခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ စာရင်းတွေအရဆိုရင် လူ ၆ သန်းကျော်ဟာ နိုင်ငံကနေ ထွက်ခွာခဲ့ကြရပါတယ်။ ဒါက စစ်မဖြစ်ခင်ကရှိတဲ့ လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။
ထွက်ခွာသွားသူ အများစုက အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်ပါတယ်။ အသက် ၁၈ ကနေ ၆၀ အတွင်းရှိတဲ့ အမျိုးသားတွေကတော့ စစ်အုပ်ချုပ်ရေးဥပဒေအရ နိုင်ငံတွင်းက ထွက်ခွာခွင့် မရကြပါဘူး။
စစ်မှုထမ်းရတဲ့ စစ်သားတွေကတော့ တစ်နှစ်ကိုခွင့် ရက် ၃၀ ရရှိကြပါတယ်။ မိသားစု အခြေအနေကိုမူတည်ပြီး ချွင်းချက်အနေနဲ့ ထပ်ပေါင်း ခွင့် ၁၀ ရက် ထပ်မံရရှိကြသူတွေလည်း ရှိပါတယ်။
ဒါကြောင့်လည်း မိသားစုဝင်တွေ၊ စုံတွဲတွေအတွက် အတူနေထိုင်နိုင်တဲ့ အချိန်တွေက အလွန်လျော့ကျလာသလို၊ သားဖွားနှုန်းတွေကလည်း သိသိသာသာကို လျော့ကျနေပါတယ်။
ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး ယူကရိန်နိုင်ငံအဖြစ်စတင်ရပ်တည်ခဲ့တဲ့ ၁၉၉၁ ခုနှစ် တုန်းကဆိုရင် မွေးဖွားနှုန်းက ခြောက်သိန်းသုံးသောင်းအထိ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မွေးဖွားနှုန်းတွေက ကျဆင်းလာတာ ၂၀၁၉ ခုနှစ်မှာ သုံးသိန်းတစ်သောင်းခန့်သာ ရှိခဲ့ပါတယ်။ အခု ရုရှားကျူးကျော်စစ်စတင်ပြီးနောက် ၂၀၂၃ ခုနှစ်မှာတော့ သမိုင်းဝင် စံချိန်တင်တဲ့အထိ မွေးဖွားနှုန်းက ကျလာတာပါ။ ၂၀၂၃ မှာ မွေးဖွားနှုန်းက တစ်သိန်းရှစ်သောင်းသာ ရှိပါတော့တယ်။
လင်မယားကွာရှင်းမှုတွေလည်း တိုးလာနေပါတယ်။ ၂၀၂၄ ခုနှစ် ပထမ ၆ လနဲ့ ပြီးခဲ့တဲ့နှစ်ကာလတူ နှိုင်းယှဥ်ချက်အရ ကွာရှင်းမှုတွေဟာ ၅၀ ရာခိုင်နှုန်းအထိ မြင့်လာတယ်လို့ ယူကရိန်း တရားရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
ဒါကြောင့်ပဲ အိမ်ထောင်သည်အမျိုးသမီးတွေက ရှေ့တန်းစစ်မျက်နှာပြင်က စခန်းတွေအထိ လိုက်ပါပြီး အမျိုးသားတွေနဲ့ တွေ့ဆုံကြမှုကသာ ကွာရှင်းမှုတွေကို လျော့ကျဖို့နဲ့ မိသားစုတွေ ဆုံစည်း နိုင်ဖို့အတွက် တခုတည်းသောနည်းလမ်း ဖြစ်နေတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တာဝန်ကြားက မိသားစုတွေ
ရှေ့တန်းစစ်မြေပြင်ကစခန်းတွေကို ရောက်အောင်သွားကြရတာက မလွယ်လှပါဘူး။ မိုင်ပေါင်း ရာချီတဲ့အထိသွားရသလို အန္တရာယ်လည်းများပါတယ်။ မီးရထားနဲ့ သွားလို့ရတဲ့ အနီးဆုံးမြို့တွေအထိ သွားရသလို အဲဒီကတဆင့် ဘတ်စကားတွေ တက္ကစီအငှားယာဥ်တွေနဲ့ ထပ်မံ သွားကြရတာပါ။
ဒါကြောင့်ပဲ ခင်ပွန်းနဲ့တွေ့ရတဲ့ ကြာချိန်ထက် လမ်းခရီးသွားရချိန်က ပိုကြာနေကြတာလည်းရှိ ပါတယ်။ ခင်ပွန်းသည် တပ်ဖွဲ့ဝင်က တရားဝင်ရတဲ့ခွင့်ရထားချိန်တွေ မဟုတ်ရင် ခဏပဲ တွေ့ခွင့်ရပါတယ်။
နာတာလိယာ ဆိုရင် ခရီးမိုင်တစ်ထောင်နီးပါးလောက်ဝေးတဲ့ ယူကရိန်နိုင်ငံ အနောက်ဘက် လဗိဗ် မြို့ကနေ အရှေ့ဘက်က ခရာမက်တို့ခ် မြို့အထိကို သူ့အမျိုးသားနဲ့ သွားတွေ့ရတာပါ။ သူမ အဲဒီခရီးအတွက် ၂ ရက်ကျော်ကြာအောင်အချိန်ပေးရပါတယ်။ ဒါပေမယ့် သူ့အမျိုးသားကိုတော့ ခဏတဖြုတ်သာတွေ့ရတာပါ။ အဲဒီနယ်စပ်နားက မြို့ ၅ ခုလောက်က အမြှောက်တွေနဲ့ ပစ်ခတ်ခံနေရတာကြောင့်ဖြစ်ပါတယ်။
"မီးရထား ပလက်ဖောင်းပေါ်မှာပဲ မိနစ် ၅၀ တွေ့ခဲ့ရတယ်။ ပြီးတော့ လာတဲ့ရထားပေါ်ကိုပဲ သူကပြန် တင်ပေးခဲ့တာ" လို့ နာတာလိယာက သူ့မျက်ရည်တွေကို သုတ်ရင်း ပြောပြပါတယ်။
"အဲဒီ မိနစ် ၅၀ လေး တွေ့ရတာကိုက တန်ပါတယ်။"
အဲဒီလောက်အချိန်လေးတွေ့ရဖို့အတွက်ကို အခက်အခဲအမျိုးမျိုးနဲ့ အချိန်အများကြီးပေးရတာအပြင် ကုန်ကျစရိတ်က (အမေရိကန်ဒေါ်လာ ၁၂၀) ယူကရိန်းက ပျမ်းမျှလစာ လေးပုံတစ်ပုံအထိ ကုန်ကျပါတယ်။ သူက သူ့အမျိုးသားဆီကို ၂ လ ဒါမှမဟုတ် ၃ လ တစ်ကြိမ် လောက် သွားတွေ့နိုင်အောင်လုပ်တယ်လို့ နာတာလိယာက ပြောပါတယ်။
နာတာလိယာတို့ လင်မယားက အိမ်ထောင်သက် ၂၂ နှစ်ရှိပါပြီ။ သူတို့မှာ အရွယ်ရောက်ပြီး ကလေး ၂ ဦးလည်း ရှိကြသူတွေပါ။
"အခုလိုသွားလို့သာ မိသားစုဆိုတဲ့ အရသာ ပြန်ရတာ"လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ရှေ့တန်းစစ်မျက်နှာနားမှာ သွားတွေ့ကြတဲ့ စုံတွဲတွေတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဇာတ်ပေါင်းကြတာ မဟုတ်ပါဘူး။
တချို့အမျိုးသမီးတွေဆိုရင် အန္တရာယ်များတဲ့ ခရီးကို ကျော်ဖြတ်ပြီး သူတို့ အိမ်ထောင်ဖက်ဆီကို အရောက်သွားပေမဲ့ သူ့တို့ခရီးက သူတို့ ခင်ပွန်းတွေဟာ တခြားမိန်းမနဲ့တွဲနေတာလို၊ ရှေ့တန်းမြို့တွေမှာ "စစ်မြေပြင်ကဇနီး" တွေ ထပ်ရှိနေတာလို အဖြစ်တွေ သိလိုက်ရဖို့ ဖြစ်သွားကြရတာတွေလည်း ရှိပါတယ်။
၂၀၁၄ ခုနှစ်တုန်းက ရုရှားက ယူကရိန်အပေါ် သွယ်ဝိုက်စစ်ပွဲ ဖန်တီးပြီး ယူကရိန်းရဲ့ အရှေ့ဘက်ခြမ်းက နယ်မြေတချို့ကို သိမ်းယူခဲ့ပါသေးတယ်။
အဲဒီအချိန်တုန်းက မာရီယာ (အမည်ရင်းမဟုတ်)ရဲ့ အမျိုးသားဟာ စစ်မြေပြင်ရှေ့တန်းစခန်းမှာ တာဝန်ကျခဲ့ပါတယ်။ သူလည်း အမျိုးသားကိုတွေ့နိုင်အောင် ယူကရိန်အရှေ့ပိုင်းအထိ ၃ ရက်ကြာခရီးသွားခဲ့ပါတယ်။ မကြာခင်မှာပဲ သူ့အမျိုးသားဟာ အခြေအနေတွေ ဆိုးရွားလာခဲ့ပါတယ်။ မာရီယာ အမျိုးသားက ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ရောဂါ (PTSD)ကို စခံစားလာရတာပါ။
မာရီယာရဲ့ခင်ပွန်းက အဲဒီလိုဖြစ်လာပြီး စစ်မြေပြင်ကနေ အိမ်ပြန်ရောက်လာတဲ့အခါ မာရီယာနဲ့ သားသမီးတွေ အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်တာတွေ ရှိလာခဲ့ပါတယ်။ ဒါ့အပြင် အိမ်ထောင်ရေးဖောက်ပြန်မှုတွေပါရှိလာလို့ သူတို့ရဲ့ အိမ်ထောင်ရေး ပြိုကွဲခဲ့ရပါတယ်။
အခုတော့ မာရီယာလည်း အခြားစစ်သားတစ်ဦးနဲ့ ပေါင်းသင်းနေထိုင်နေပြီး ရှေ့တန်းအထိ သွားရောက် တွေ့ဆုံတာမျိုး မလုပ်တော့ပါဘူး။
"ရှေ့တန်းအထိသွားတွေ့နေရတာကလည်း မိသားစုကို မြဲစေနိုင်တာမျိုးတော့ မဟုတ်ပါဘူး" လို့ သူက ပြောပါတယ်။
"အမြင်ချင်းတူကြ၊ ရှေ့ရေးရည်မှန်းချက်တွေ ပြောနိုင်ကြမှပဲ ဖြစ်တာပါ။"
စောင့်ရကျိုးနပ်ခြင်း
အခုလို ရှေ့တန်းအထိသွားရောက်တွေ့ဆုံကြတဲ့ အတွဲတွေထဲက အာ့စနာတို့မှာတော့ စောင့်ရကျိုးနပ်ခဲ့ပါတယ်။ ဘိလာဆခ်ဖာကို ပြန်ရောက်လာပြီးနောက်မှာတော့ အာ့စနာမှာ သားယောကျ်ားလေး တစ်ယောက် မွေးဖွားနိုင်ခဲ့ပါတယ်။
အဲဒီမတိုင်ခင်ကတော့ ၂ ကြိမ်အထိကို အာ့စနာ ကိုယ်ဝန်ပျက်ကျခဲ့တာပါ။ အခုတော့ အချိန်အကြာကြီး စောင့်ရပြီးမှ သားဦးလေးကို ရခဲ့ပါပြီ။
သားဦးလေးကိုမွေးဖွားချိန်တုန်းကဆိုရင် အာ့စနာက သူ့ဘေးမှာ သူ့ခင်ပွန်းကို ရှိနေစေချင်ခဲ့တာပါ။ ဒါပေမဲ့ သူ့ခင်ပွန်းခွင့်မရခဲ့ပါဘူး။
ကလေးလေးမွေးပြီးသိပ်မကြာခင်မှာတော့- "ဒါပေ့ါ၊ အမျိုးသမီးတိုင်းကတော့ သူတို့မီးဖွားမယ့် အဲဒီလိုအချိန်မျိုးတွေဆို သူတို့အမျိုးသားကို ဘေးမှာ ရှိနေချင်ကြမှာပါ" လို့ အာ့စနာက ပြောပါတယ်။
ဒါပေမဲ့ "ကျွန်မက ကလေးနဲ့အတူရှိနေပြီး ကျွန်မအမျိုးသားကလည်း သူ့နေရာမှာသူ ရှိနေလိမ့်မယ်ဆိုတာကို သိပါတယ်။"












