ယူကရိန်းစစ်ပွဲ - အင်စတာဂရမ်ပို့စ်ကြောင့် ထောင် ၁၀ နှစ်ကျခံရနိုင်တဲ့ ရုရှားကျောင်းသူ

စတိဗ် ရိုဇင်ဘာ့ဂ်

အာဟန်းဂစ်ခ်

သူ့ရဲ့ စစ်ပွဲအပေါ်အမြင်ကို ကျောင်းသားအချင်းချင်း အမြင်မကြည်ခဲ့ကြ
ဓာတ်ပုံ ပုံစာ, သူ့ရဲ့ စစ်ပွဲအပေါ်အမြင်ကို ကျောင်းသားအချင်းချင်း အမြင်မကြည်ခဲ့ကြ

ရုရှားနိုင်ငံက တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်တဲ့ အိုလက်စီယာ ခရစ်ဆိုဗာဟာ စာသင်ချိန်တွေ အများကြီး ပျက်နေပါပြီ။

ဘာကြောင့်လဲဆိုတော့ အသက် ၂၀ အရွယ် အိုလက်စီယာ နေအိမ်အကျယ်ချုပ်ကျနေလို့ပါ။ သူ့ခြေထောက်မှာ သူ့ကို စောင့်ကြည့် ခြေရာခံနိုင်တဲ့ စက်ကလေး တပ်ထားပါတယ်။ ရဲတွေက သူ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နိုင်ပါတယ်။

သူ့ကို စွပ်စွဲထားတဲ့ ရာဇဝတ်မှုက ဘာပါလဲ။ သူက စစ်ကို ဆန့်ကျင်တဲ့ ပို့စ်တွေ ဆိုရှယ်မီဒီယာမှာ တင်တဲ့အတွက် အဖမ်းခံရတာပါ။ အဲဒီပို့စ်တွေထဲက တစ်ခုက ရုရှားသိမ်းထာတဲ့ ခရိုင်းမီးယားနဲ့ ရုရှားကို ဆက်ထားတဲ့ တံတား ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ပေါက်ကွဲမှု အကြောင်း ပြောထားတာပါ။

"ကျွန်မက အင်စတာဂရမ်မှာ တံတားအကြောင်း တင်ခဲ့တာ၊ အဲဒါ ဖြစ်တော့ ယူကရိန်းကလူတွေ ဘယ်လောက်ပျော်တဲ့အကြောင်း ပြောထားတာ" လို့ အိုလက်စီယာက ဘီဘီစီကို ပြောပါတယ်။

သူ့သူငယ်ချင်း တစ်ယောက်က စစ်အကြောင်း ပြောထားတဲ့ ပို့စ်ကိုလည်း သူက ပြန်တင်ခဲ့ပါတယ်။

အဲဒီမှာ ဇာတ်လမ်း စတော့တာပါပဲ။

"ကျွန်မက အမေနဲ့ ဖုန်းပြောနေတာပါ၊ အဲဒီအချိန်မှာ အခန်းတံခါး ပွင့်လာသံကြားရတယ်။ ရဲတွေ အများကြီး ဝင်လာတော့တာပါပဲ။ သူတို့က ကျွန်မ ဖုန်းကို သိမ်းယူလိုက်ပြီး ကျွန်မကို ကြမ်းပေါ်မှောက်နေလို့ အော်ကြပါတယ်" လို့ သူက ပြန်ပြောပြပါတယ်။

အကြမ်းဖက်မှုနဲ့ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေကို အကြည်ညိုပျက်စေမှုနဲ့ အိုလက်စီယာကို အရေးယူခဲ့တာပါ။ ဒီအမှုတွေကြောင့် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ပါတယ်။

တရားရုံး ရုံးချိန်းတက်ဖို့အတွက်ပဲ အိမ်ပြင်ထွက်ခွင့်ရ
ဓာတ်ပုံ ပုံစာ, တရားရုံး ရုံးချိန်းတက်ဖို့အတွက်ပဲ အိမ်ပြင်ထွက်ခွင့်ရ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"အင်တာနက်မှာ ပို့စ်တင်လို့ အဲဒီလောက် ထောင်နှစ်ရှည်ကျလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မတွေးမိဖူးပါဘူး"လို့ အိုလက်စ်စီယာက ပြောပါတယ်။

"ရုရှားမှာ မဟုတ်တမ်းတရား ပြစ်ဒဏ်စီရင်မှု သတင်းတွေ မြင်ဖူးပါတယ်။ ဒါပေမဲ့ အဲဒါတွေကို ဂရုမစိုက်မနေဘဲ ပြောစရာရှိတာ ဆက်ပြောနေခဲ့တာပါ။"

အာဟန်းဂစ်ခ်မြို့ မြောက်ပိုင်းဖက်ဒရယ်တက္ကသိုလ်က ကျောင်းသူတစ်ဦး ဖြစ်တဲ့ အိုလက်စီယာဟာ အခုတော့ ရုရှားအာဏာပိုင်တွေရဲ့ အကြမ်းဖက်သမားတွေနဲ့ အစွန်းရောက်သမားတွေ စာရင်းထဲမှာ ပါနေပါပြီ။

"ကျောင်းတွေကို ပစ်တဲ့ သေနတ်သမားတွေနဲ့ အစ္စလာမ်မစ် အိုင်အက်စ် အုပ်စုကလူတွေနဲ့ အတူတူ အမည်စာရင်းပေါက်နေပြီလို့ သိလိုက်ရတော့ ရူးကြောင်ကြောင်နိုင်တာပဲလို့ တွေးမိပါတယ်" လို့ အိုလက်စီယာက ပြောပါတယ်။

နေအိမ်အကျယ်ချုပ် စည်းကမ်းတွေအရ သူဟာ ဖုန်းလည်း မပြောရသလို အင်တာနက်လည်း မသုံးရပါဘူး။

အိုလက်စီယာရဲ့ ညာဘက် ခြေထောက်မှာ ထူးခြားတဲ့ တက်တူးတစ်ခု ထိုးထားပါတယ်။ အဲဒီ တက်တူးက အရုပ်မှာ ရုရှား သမ္မတ ဗလာဒီယာ ပူတင်ကို ပင့်ကူ အဖြစ် ထိုးထားပါတယ်။ စာကိုတော့ ဂျော့ချ် အိုဝဲလ်ရဲ့ "Big Brother is watching you" - အစိုးရက နိုင်ငံသားတွေကို စောင့်ကြည့်ထိန်းချုပ်နေတယ်လို့ ထိုးထားပါတယ်။

ဒါပေမဲ့ အိုလက်စီယာရဲ့ အဖြစ်မှာတော့ ဒီလို ဟုတ်ပုံမရပါဘူး။ သူ့ကို Big Brother က စောင့်ကြည့်မနေခဲ့ပါဘူး။ ကျောင်းသားအချင်းချင်းကပဲ သူ့ကို စောင့်ကြည့်ထိန်းချုပ်ခဲ့တာပါ။

ပူတင်ကို ဆန့်ကျင်တဲ့ သူ့ညာခြေထောက်က တက်တူး
ဓာတ်ပုံ ပုံစာ, ပူတင်ကို ဆန့်ကျင်တဲ့ သူ့ညာခြေထောက်က တက်တူး

"ကျွန်မအကြောင်း အွန်လိုင်း ဆွေးနွေးမှုတစ်ခု- ချတ်ထဲမှာ ပြောထားတာကို သူငယ်ချင်းတစ်ယောက်က ကျွန်မကို လာပြပါတယ်။ အဲဒီပို့စ်က ကျွန်မက ရုရှားရဲ့ အထူးစစ်ဆင်ရေးအကြောင်း ဘယ်လောက် ဆန့်ကျင်နေတယ်ဆိုတဲ့ အကြောင်းပါ။ အဲဒီချတ်ထဲမှာ ပြောဆိုနေကြသူတွေ အများစုက သမိုင်းဘာသာရပ်က ကျောင်းသားတွေပါ။ သူတို့တွေက ကျွန်မကို အာဏာပိုင်တွေဆီ တိုင်ကြမလားဆိုတာ တိုင်ပင်နေကြတာပါ" လို့ အိုလက်စီယာက ပြောပါတယ်။

အဲဒီ group chat ထဲက ပြောထားတွေကို ဘီဘီစီက တွေ့ခဲ့ရပါတယ်။

ဆွေးနွေးမှုတစ်ခုမှာ "အိုလက်စီယာဟာ အရှုံးပေးသမားနဲ့ အစွန်းရောက်ဝါဒီ တစ်ယောက်နေရာကနေ နှိုးဆော်တဲ့ ပို့စ်တွေ ရေးနေတယ်၊ ဒါမျိုး စစ်ပွဲကာလမှာ လက်ခံနိုင်ဘူး။ စောစောစီးစီး ရှင်းပစ်ရမယ်" လို့ ရေးထားပါတယ်။

"သူ့ကို အရင် ရှုတ်ချကြမယ်။ ပြောမရရင်တော့ ရဲတွေ လက်အပ်လိုက်ရုံပဲ ဆိုပါတယ်။

"လူသိရှင်ကြား ဝေဖန်ရှုတ်ချဖို့က မျိုးချစ်စိတ်ရှိသူတွေရဲ့ တာဝန်ပဲ"လို့ နောက်တစ်ယောက်က ရေးပါတယ်။

နောက်ပိုင်း တရားရုံးမှာ မျက်မြင်သက်သေတွေရဲ့ စာရင်း ဖတ်ပြတဲ့အခါ ချတ်စကားပြော ဆွေးနွေးမှုထဲက ကျောင်းသားတွေရဲ့ နာမည်တွေပါတာကို အိုလက်စ်စီယာ သိခဲ့ရပါတယ်။

အခုဆိုရင် ရုရှားက ယူကရိန်းကို သူတို့အဆို အထူး စစ်ဆင်ရေး လုပ်နေတာ တစ်နှစ် ရှိနေပါပြီ။ ဒီတိုက်ခိုက်မှု စပြီး သီတင်းပတ်တွေ အကြာမှာပဲ သမ္မတ ပူတင်က ရုရှားပြည်သူတွေကို " အမျိုးချစ်သူစစ်စစ်တွေနဲ့ လူဖျင်းလူညံ့၊ သစ္စာဖောက်တွေ" အကြား ကွဲကွဲပြားပြား သိဖို့ နှိုးဆော်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ရုရှားနိုင်ငံတစ်ဝန်းမှာ စစ်ကို ဆန့်ကျင်ဝေဖန်သူတွေကို ဆိုဗီယက်ခေတ်ကလို ရှုတ်ချ တိုင်တန်းမှုသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒါတွေထဲမှာ ဆရာတွေကို ကျောင်းသားတွေက တိုင်တန်းတာ၊ လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်း ရှုတ်ချကြတာတွေ ပါပါတယ်။

အိုလက်စီယာ

ရုရှားကျူးကျော်မှုကို လူသိရှင်ကြား ဝေဖန်တာ၊ တခြားသူတွေက ဝေဖန်ထားတာကို အွန်လိုင်းမှာ ပြန်တင်တာတွေဟာ အန္တရာယ်ရှိပါတယ်။

ယူကရိန်း ထိုးစစ်အတွက် ပြည်သူတွေရဲ့ အပြည့်အဝ ထောက်ခံမှုကို ရုရှားအစိုးရက မျှော်လင့်ထားပါတယ်။ တကယ်လို့ မထောက်ခံဘူးဆိုရင်တောင် အနည်းဆုံးတော့ တိတ်တိတ်နေရပါမယ်။ တိတ်တိတ်ဆိတ်ဆိတ်မနေနိုင်ဘူးဆိုရင် သဘောထားမတူသူတွေကို ဖိနှိပ်တဲ့ ဥပဒေတွေ တစ်သီတစ်တန်းကြီး ရှိပါတယ်။

အဲဒါတွေထဲမှာ စစ်တပ်အကြောင်း သတင်းမှား ဖြန့်မှုနဲ့ စစ်တပ်ကို အကြည်ညိုပျက်စေမှုတွေနဲ့ အရေးယူတဲ့ ဥပဒေတွေ ပါပါတယ်။

ယူကရိန်းမှာ တိုက်ပွဲကျသွားတဲ့ ရုရှား စစ်သားတစ်ယောက်ရဲ့ ဓာတ်ပုံကြီးက အာဟန်းဂစ်ခ်မြို့က ကိုးထပ်တိုက်နံရံကနေ မြို့ကို စီးမိုးကြည့်နေသလို ချိတ်ဆွဲပါတယ်။ "သူရဲကောင်းဆိုတာ ထာဝရှင်သန်နေမှာ" ဆိုတဲ့ စာလည်း ပါပါတယ်။

မျိုးချစ်စိတ် လှုံ့ဆော်မှုတွေက နားချလို့ ကောင်းပါတယ်။ စစ်ဆန့်ကျင်ဝေဖန်သူတွေ တရားစွဲခံရတာကို အာဟန်းဂစ်ခ်မြို့မှာ ဘယ်သူကမှ သနားမနေကြပါဘူး။

"ကျွန်တော်တို့ စစ်တပ်ကို အကြည်ညိုဖျက်တဲ့သူတွေ၊ သတင်းမှား ဖြန့်တဲ့သူတွေက ဦးနှောက်မကောင်းလို့ပဲ။ သူတို့တွေကို ရှေ့တန်းပို့ပြီး အမြောက်စာ ကျွေးပစ်ရမှာ" လို့ ကွန်စတန်တီယန်ဆိုသူက ပြောပါတယ်။

စစ်ပွဲထောက်ခံတဲ့ ဝါဒဖြန့်မှုတွေ ရုရှားက နေရာအနှံ့မှာ တွေ့ရ
ဓာတ်ပုံ ပုံစာ, စစ်ပွဲထောက်ခံတဲ့ ဝါဒဖြန့်မှုတွေ ရုရှားက နေရာအနှံ့မှာ တွေ့ရ

"အထူးစစ်ဆင်ရေးကို ဝေဖန်နေတဲ့သူတွေကို မကြိုက်နိုင်ပါဘူး" လို့ အဲကာတာရီနာဆိုသူကလည်း ပြောပါတယ်။

ဒါပေမဲ့ အွန်လိုင်းမှာ ပို့စ်တင်တာနဲ့ ထောင်နှစ်ရှည်ချတာကတော့ မပြင်းထန်ဘူးလားလို့ သူတို့ကို မေးကြည့်ပါတယ်။

"လူတွေ သူတို့ ဦးနှောက်တော့ သုံးသင့်တယ်"လို့ အဲကာတာရီနာက ပြန်ဖြေပါတယ်။

"သူတို့ ဒီနိုင်ငံမှာနေရင်၊ ဒီနိုင်ငံမှာ ရှာဖွေစားသောက်နေရင်၊ သူတို့နိုင်ငံချစ်ရင်၊ သူတို့တွေ ဥပဒေ လိုက်နာဖို့တော့ လိုတာပေါ့" လို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ အိုလက်စီယာ သူ့တိုက်ခန်းထဲကနေ အပြင်ထွက်ခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့ အဲဒါက တရားရုံးမှာ ရုံးချိန်းတက်ဖို့ သက်သက်ပါပဲ။

သူ့ကို လှုပ်ရှားမှု ကန့်သတ်ထားတာကို ဖယ်ရှားပေးဖို့ တရားသူကြီးကို သူ့ရှေ့နေတွေက တောင်းဆိုခဲ့ပါတယ်။

အိုလက်စီယာရဲ့ တီရှပ်မှာ ရဲကားပုံကို ကျောင်းကား ဆိုပြီး စာတန်းထိုးထားပုံ ပါပါတယ်။ အဲဒါက ရှရှားလူငယ်တွေ အစိုးရကို ဝေဖန်လို့ ဘယ်လို အပြစ်ပေးခံနေရတယ်ဆိုတာကို ပြောချင်တာပါ။

တရားသူကြီးကတော့ သူ့ကို နေအိမ် အကျယ်ချုပ် ဆက်ထားဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။

"ဆွေးနွေးငြင်းခုံဖို့၊ ဒီမိုကရေစီအကြောင်းပြောဖို့၊ လွတ်လပ်မှုအကြောင်းပြောဖို့ ကျွန်မတို့နိုင်ငံက သတ္တိ မရှိသေးပါဘူး" လို့ အိုလက်စီယာက ပြောပါတယ်။

"ဒါပေမဲ့ သူတို့ လူတိုင်းကိုတော့ ထောင်ထဲ ထည့်မထားနိုင်ပါဘူး။ ထောင်တွေ လျှံထွက်ကုန်မှာပေါ့။"