ယူကရိန်းစစ်တွင်းက ချစ်ခြင်း - “ခြေတစ်ဖက်မရှိဘူးလို့ သူပြောတော့ ကျွန်မလည်း လက်တစ်ဖက်မရှိဘူးလေလို့ ပြန်ပြောလိုက်တယ်’’

- ရေးသားသူ, လပ်စ်ရာ ကေဆာချို့ခ်
- ရာထူးတာဝန်, ဘီဘီစီယူကရိန်း
“သူသာမရှိရင် ကျွန်မလည်း မသန်စွမ်းအိုလံပစ်မှာ ဆုတံဆိပ်ရမှာ မဟုတ်ဘူး” လို့ မာရီယာ ရှပတ်ကစ်စကာက ပြောပါတယ်။
မာရီယာနဲ့ သူ့ခင်ပွန်း အဗ်ဂန် ဘက်ခ်ရှာတို့ဟာ မြင်မြင်ချင်းပဲ ချစ်ခဲ့ကြတာပါ။ ချစ်သူသက်တမ်း ၉ လအရောက်မှာပဲ လက်ထပ်လိုက်ကြပါတယ်။
မာရီယာက အသက် ၂၄ နှစ်ရှိပါပြီ။ မွေးရာပါ ဘက်ဘယ်လက်ဖျံမပါလာတဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူ တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ပွဲဦးထွက်လို့ဆိုရမယ့် ဒီနှစ် ပဲရစ် မသန်စွမ်းအိုလံပစ်၊ သံလုံးပစ်အားကစား ပြိုင်ပွဲမှာ ငွေတံဆိပ် ရယူနိုင်ခဲ့ပါတယ်။
အဗ်ဂန်ကတော့ စစ်သားတစ်ယောက်ပါ။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ၊ ရုရှားကျူးကျော်စစ်အစပိုင်း လူဟန့်ဒေသထဲက တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဗုံးဆန်မှန်ပြီး ခြေထောက်တစ်ဖက်ဆုံးရှုံး လိုက်ရပါတယ်။
သူတို့နှစ်ယောက်က မာရီယာ ပြန်လည်သန်စွမ်းရေးနည်းပြအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ အရိုးကုသ ရေးစင်တာမှာ ဆုံခဲ့ကြတာပါ။
ဘဝကောက်ကြောင်း
မာရီယာအသက် ၈ နှစ်ကတည်းက မြို့မှာရှိတဲ့ နည်းပြတစ်ယောက်ရဲ့ကျေးဇူးနဲ့ အားကစားနယ်ပယ်နဲ့ ထိတွေ့ခွင့် ရခဲ့ပါတယ်။
မသန်စွမ်းအားကစားသမားတွေကို နှစ်ပေါင်းများစွာလေ့ကျင့်ပေးဖူးတဲ့ နည်းပြက မာရီယာမှာ အလားအလာရှိတယ်ဆိုတာ သိမြင်ခဲ့ပါတယ်။ သူက မာရီယာ့ကို ရေကူးဖို့ အားပေးခဲ့ပါတယ်။

“ရေကူးတာလုပ်ခဲ့ပေမယ့် ရေကူးကန်ပြင်ဖို့ဆိုပြီး အချိန်အကြာကြီးပိတ်လိုက်ရော။ ဒီတော့ ကျွန်မ ပြေးခုန်ပစ်ဘက်ကူးသွားတာပဲ”လို့ မာရီယာက ပြန်ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အစပိုင်းမှာတော့ မာရီယာက အပြေး၊ တာတိုအပြေးနဲ့ လှံတံပစ်အားကစားတွေ ကစားကြည့်ခဲ့သလို အချိန်အများစုကို အားကစားရုံမှာ လေ့ကျင့်ခန်းလုပ်တာ၊ အားကစားကွင်းမှာပြိုင်ပွဲဝင်တွေနဲ့ ကုန်ဆုံးစေခဲ့ပါတယ်။
အသက် ၁၉ နှစ်မှာတော့ မာရီယာတစ်ယောက်ဟာ ယူကရိန်းအားကစားပြိုင်ပွဲအားလုံး နဲ့ ဥရောပ ပြေးခုန်ပစ်တံခွန်စိုက်ပြိုင်ပွဲတွေမှာ အနိုင်ရတဲ့ နာမည်ကျော်အားကစားသမားတစ်ယောက်ဖြစ်လာခဲ့ ပါပြီ။
ယူကရိန်းနိုင်ငံအလယ်ပိုင်း၊ ဗီနိဆီယားမြို့က အရိုးကုသရေးစင်တာမှာ လက်တုပြန်တိုင်းပြီး အသစ်လဲခဲ့ဖူးပါတယ်။
ဒီအတွေ့အကြုံကြောင့်ပဲ ယူကရိန်းမှာစစ်ပွဲဖြစ်လာချိန်မှာတော့ တချို့စက်ကိရိယာတွေအသုံးပြုပုံကို သင်ပြပေးဖို့ ဖိတ်ခေါ်ခြင်းခံခဲ့ရတဲ့အပြင် ပြန်လည်သန်စွမ်းရေးနည်းပြအဖြစ်လုပ်ကိုင်ဖို့လည်း ကမ်းလှမ်းခံခဲ့ရပါတယ်။
“အရိုးကုသရေးစင်တာမှာ အလုပ်စဝင်ဝင်ချင်းပဲ ခြေထောက်နှစ်ဖက်လုံးဖြတ်လိုက်ရပြီး ခြေတုတပ်ထားရတဲ့အသက် ၁၉ နှစ်အရွယ် စစ်သားငယ်ငယ်တွေကို တွေ့ရတော့ တအားလန့်သွားခဲ့ဖူးတယ်” လို့ ပြောပါတယ်။
“ပြိုင်ပွဲတွေမှာ မသန်စွမ်းတွေအများကြီးတွေ့ဖူးတယ်ဆိုပေမဲ့ ဒါမျိုးက မကြုံဖူးဘူးလေ။ ကြာတော့ လည်း မြင်နေကျလိုဖြစ်နေပါပြီ”

ပြန်လည်သန်စွမ်းရေးနည်းပြ မာရီယာက မသန်စွမ်းမှုတွေရှိနေကြပေမဲ့ ခြေတုနဲ့ ပြေးနေတဲ့အားကစား သမားတွေ၊ ခုန်ပြီး လှံတံကို ပစ်လွှတ်လိုက်တဲ့ မသန်စွမ်းကစားသမားတွေရဲ့ ဓာတ်ပုံနဲ့ ရုပ်သံတွေကို ဒဏ်ရာရစစ်သားတွေကို ပြ ပေးတတ်ပါတယ်။
ဒီလိုမျိုး ဘဝတူတွေကို တွေ့ရရင် အရှုံးမပေးဖို့ စိတ်ခွန်အားဖြစ်စေတယ်လို့ သူ တွေးမြင်တာပါ။
သူကိုယ်တိုင်လည်း ၂၀၁၈ ခုနှစ် ဥရောပပြေးခုန်ပစ်တံခွန်စိုက်ပြိုင်ပွဲမှာ အပြေးပြိုင်ပွဲဝင်ခဲ့ကြတဲ့ ပြင်းထန်ဦးနှောက်အကြောသေရောဂါခံစားနေရတဲ့ မသန်စွမ်းအားကစားသမားတွေကို တွေ့မြင်ခဲ့ချိန်မှာ လေးစားအတုယူခဲ့တာပါ။
ဒီအားကစားသမားတွေကို တွေ့မြင်ပြီးနောက်ပိုင်းမှာ လူကြည့်ကောင်းအောင်ဆိုပြီး အလှအပအတွက် တပ်ထားခဲ့တဲ့ သူ့လက်တုကို ချွတ်ရဲတဲ့သတ္တိတွေ ရလာခဲ့ပါတယ်။
သူတို့ ဘယ်လိုဆုံစည်းခဲ့ကြလဲ
မာရီယာက စင်တာရဲ့အနားယူအပန်းဖြေချိန်မှာ သူ့လူနာတွေနဲ့ ဘိလိယက်ထိုးနေတုန်း အဗ်ဂန်နဲ့ ဆုံခဲ့ ကြတာပါ။
ယူကရိန်းစစ်ပွဲအကြောင်း၊ သူတို့မသန်စွမ်းမှုတွေ အကြောင်းပြောကြရင်း ချက်ချင်းဆိုသလိုပဲ အချင်းချင်း ချစ်ကြိုးညိခဲ့ကြတာပါ။

စက်ပစ္စည်းတပ်ဆင်ရေးစက်ရုံမှာ လျှပ်စစ်ပြုပြင်ရေးသမားဖြစ်ခဲ့ဖူးတဲ့ အဗ်ဂန်ဟာ ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်စစ်ဆင်နွှဲလာတဲ့ကာလ အစပိုင်းမှာ စစ်တပ်ထဲဝင်ခဲ့သူပါ။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာတော့ ယူကရိန်းအရှေ့ပိုင်း ရုရှားနယ်စပ် လူဟန့်ဒေသမှာ ဗုံးစထိမှန်ပြီး ညာဘက်ခြေထောက် ဒဏ်ရာရခဲ့ပါတယ်။
အဗ်ဂန်တစ်ယောက် ဒဏ်ရာကို သွေးထိန်းကြိုး ကိုယ်တိုင်စည်းပြီး ၁၀ နာရီလောက် နေရာကမရွှေ့ဘဲ လှဲနေခဲ့ရတာကို အခုထိအမှတ်ရနေပါသေးတယ်။ ရုရှားဒရုန်းတွေ ပျံဝဲနေတဲ့အတွက် သူ့ကို ချက်ချင်း ကယ်ထုတ်လို့မရခဲ့ပါဘူး။
ဒီအခြေအနေကြောင့်ပဲ အဗ်ဂန်တစ်ယောက် သူ့ ခြေထောက် ဆုံးရှုံးလိုက်ရပါတယ်။
အဗ်ဂန်က မာရီယာအလုပ်ဝင်နေတဲ့ အရိုးကုသရေးစင်တာကို ကုသမှုခံယူဖို့အတွက် သူတို့နှစ်ယောက် ဆုံခဲ့ပြီးတဲ့နောက် ၃ လအကြာမှာ ရောက်လာခဲ့ပါတယ်။
ချက်ချင်းဆိုသလိုပဲ မာရီယာက သူ့ရဲ့ပြန်လည်သန်စွမ်းရေးနည်းပြလုပ်ဖို့ဖြစ်လာခဲ့ပြီး ခပ်မြန်မြန် နီးစပ်သွားကြပါတော့တယ်။
အဗ်ဂန်ရဲ့ ဇွဲကောင်းတာ၊ ကြင်နာတတ်တာ နဲ့ ရိုးသားဖြူစင်တာတွေက မာရီယာ့ကိုဆွဲ ဆောင်နိုင်ခဲ့သလို သူ့ရဲ့ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ ယုံကြည်မှုရှိတာလေးကလည်း စစ်သားကြီး ရဲ့ နှလုံးသားကိုညှို့ငင်နိုင်ခဲ့ပါတယ်။

“ကျွန်မတို့ အတူတူတွဲသွားရင် မကြာခဏ စိုက်ကြည့်ခံရတယ်။ လက်တစ်ဖက်မရှိတဲ့မိန်းကလေးက ခြေတစ်ဖက်မရှိတဲ့ ချိုင်းထောက်နဲ့ အမျိုးသားနဲ့အတူ တွဲလျှောက်တာကိုပေါ့” လို့ မာရီယာက ပြောပါ တယ်။
“ကျွန်မကမွေးကတည်းက လက်တစ်ဖက်မပါလို့ ဒါမျိုးစိုက်ကြည့်ခံရတာတွေ ရိုးနေပြီ။ ဒါပေမဲ့ အနာတောင် မကျက်သေးတဲ့ အဗ်ဂန့်အတွက်တော့ ခက်တယ်”
“တစ်ခါတော့ သူ့မှာ ခြေတစ်ဖက်မရှိလို့ လမ်းမလျှောက်နိုင်တော့ဘူးလို့ သူပြောရော”
“အဲဒီတော့ ဘာဖြစ်လဲ။ ကျွန်မ မှာလည်း လက်တစ်ဖက်မရှိဘူးလေလို့ ပြန်ပြောလိုက်တယ်။”
အဗ်ဂန့်ဒဏ်ရာက မာရီယာအတွက် ပြဿနာမဟုတ်ဘူးဆိုတာ သူကိုယ်တိုင်နားလည်လာချိန်မှာတော့ လက်ထပ်ခွင့်တောင်းလိုက် ပါတော့တယ်။
မသန်စွမ်းအိုလံပစ် ငွေတံဆိပ်ဆုရှင်
မာရီယာပေးတဲ့စိတ်ခွန်အားတွေကြောင့်ပဲ အဗ်ဂန်တစ်ယောက် သိပ်မကြာခင်မှာ ခြေတုနဲ့စက်ဘီးစီး နိုင်နေပါပြီ။
မသန်စွမ်းအိုလံပစ်အားကစားပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့က မာရီယာ့အိမ်မက်ပဲဆိုတာ သိလာရတော့လည်း သူအကောင်းဆုံး ထောက်ပံ့ပေးခဲ့တာပါ။
ဒီနှစ်အစပိုင်းမှာကတည်းက လေ့ကျင့်ရေးတွေဆင်းခဲ့သလို စခန်းသွင်းလေ့ကျင့်တာလည်း တစ်လလုံး လုပ်နိုင်ခဲ့ပါတယ်။
မသန်စွမ်းအိုလံပစ်ပွဲမတိုင်ခင် နှစ်ပတ်အလိုမှာ လေ့ကျင့်ရင်း သူ့ခါးထိခိုက်ခဲ့ပေမဲ့ ဆုံးဖြတ်ချက်မပြင်ခဲ့ပါဘူး။

“ကျွန်မနည်းပြလုပ်ခဲ့တဲ့ စစ်သားတွေလက်မှတ်နဲ့ ယူကရိန်းအလံကို အမြဲဆောင်ထားတယ်။ ကျွန်မ အမျိုးသား လက်မှတ်လည်း ပါတာပေါ့။ ဒီအလံက ကျွန်မကိုအားဖြစ်စေခဲ့တာ”လို့ မာရီယာက ပြောပါတယ်။
ဒီတော့ သူအားအပြည့်နဲ့ ပြန်ရုန်းထနိုင်ခဲ့ပါတယ်။
သူ့ဘဝမှာ ပထမဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ မသန်စွမ်းအိုလံပစ်ပွဲမှာ နောက်ဆုံးဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပါတယ်။
ပြိုင်ပွဲမှာလည်း ၁၂ ဒသမ ၃၅ မီတာအကွာအဝေးထိ သံလုံးပစ်နိုင်ခဲ့လို့ ငွေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပါပြီ။
မာရီယာက ဒီနေရာမှာတင် ရပ်မနေပါဘူး။
၂၀၂၅ ခုနှစ် စက်တင်ဘာမှာ ကျင်းပမယ့် ကမ္ဘာ့ပြေးခုန်ပစ်တံခွန်စိုက်ပြိုင်ပွဲမှာလည်း ဝင်ပြိုင်ဦးမှာပါ။
မာရီယာက ၂၀၂၅ ကမ္ဘာ့ပြေးခုန်ပစ်တံခွန်စိုက်ပြိုင်ပွဲအတွက် လေ့ကျင့်ရေးဝင်ဖို့ ဆုံးဖြတ်ထားပြီးဖြစ် ပေမဲ့ အခုတော့ သူ့ရဲ့အမာခံပရိသတ်ဖြစ်တဲ့ ခင်ပွန်းသည်ကို အချိန်ပေးဖို့ တွေးထားပါတယ်။












