မွေးနေ့လက်ဆောင် လက်ပစ်ဗုံးပေါက်လို့ ယူကရိန်းတပ်ချုပ်ရဲ့လက်ထောက် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
ယူကရိန်းစစ်တပ်အကြီးအကဲ ဗယ်လာရီ ဇလူရှမီရဲ့ အနီးကပ်လက်ထောက်ဗိုလ်မှူးတစ်ဦးဟာ သူ့မွေးနေ့အတွက် လက်ဆောင်အဖြစ်ရလာတဲ့အထုပ်ထဲမှာ လက်ပစ်ဗုံးပါလာခဲ့အပြီးမှာ အဲဒီလက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားပါတယ်။
အသက် ၃၉ နှစ်အရွယ် ဗိုလ်မှူး ဟာနာဒီ ရှာကက်ကော့ဗ်ဟာ သူ့လုပ်ဖော်ကိုင်ဖက်တွေက ပေးတဲ့လက်ဆောင်တွေနဲ့အတူ သူ့တိုက်ခန်းကို ပြန်လာတာဖြစ်ပြီး သားဖြစ်သူနဲ့အတူ မွေးနေ့လက်ဆောင်ကိုဖွင့်ဖောက်ချိန်မှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ဗိုလ်မှူး ရှာကက်ကော့ဗ် သေဆုံးပြီး အသက် ၁၃ နှစ်အရွယ်သားဖြစ်သူကတော့ အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
ယူကရိန်းပြည်ထဲရေးဝန်ကြီး အီဟော ကူမန့်ကိုကတော့ ကလေးငယ်ဟာ လက်ပစ်ဗုံးပေါ်ကကွင်းကို စလှည့်ခဲ့တာလို့ ဆိုပါတယ်။
“အဲဒီမှာ အရာရှိက ကလေးဆီက လက်ပစ်ဗုံးကို ယူလိုက်ပြီး ကွင်းကို ဆွဲထုတ်လိုက်တဲ့အတွက် ဝမ်းနည်းဖို့ကောင်းတဲ့ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာပါ'' လို့ပြောပါတယ်။
အစိုးရစစ်ဆေးရေးအရာရှိတွေကတော့ ဗိုလ်မှူးဟာ သားဖြစ်သူဆီက လက်ပစ်ဗုံးကို ယူဖို့ကြိုးစားချိန်မှာ လက်ပစ်ဗုံးကို မတော်တဆ ဖောက်ခွဲမိခဲ့တာလို့ ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနကတော့ “ကြေကွဲဖွယ် မတော်တဆမှု” လို့ သုံးနှုန်းပြီး တရားဝင်စုံစမ်းစစ်ဆေးရလဒ် ထွက်ပေါ်လာတဲ့အထိစောင့်ပေးကြဖို့ လူထုကို တောင်းဆိုပါတယ်။
ရဲတပ်ဖွဲ့ကတော့ ကိယက်ဗ်မြို့အနောက်ဘက် ဆင်ခြေဖုံးက ချိုင်းကီအရပ်မှာရှိတဲ့ မိသားစုတိုက်ခန်းမှာဖြစ်ပွားတဲ့ အခုပေါက်ကွဲမှုဟာ ‘‘ခဲယမ်းမီးကျောက်ကို အမှုမဲ့ကိုင်တွယ်မှုကြောင့်ဖြစ်ရတာ’’ လို့ ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမယ့် ဖြစ်ရပ်ဖြစ်ပြီး မကြာခင်မှာပဲ တိုက်ခန်းထဲမှာ နောက်ထပ် လက်ပစ်ဗုံးငါးလုံး တွေ့ရှိခဲ့ပါတယ်။ပြည်ထဲရေးဝန်ကြီးကတော့ စစ်တပ်က လုပ်ဖော်ကိုင်ဖက်တစ်ဦးဆီကနေ ရတဲ့လက်ဆောင်တွေလို့ ဆိုပါတယ်။
အဲဒီလုပ်ဖော်ကိုင်ဖက်ဆီကနေပဲ ယူကရိန်းစစ်တပ်က ဗိုလ်မှူးကြီးတစ်ဦးအနေနဲ့ဖော်ပြထားတဲ့ လက်ပစ်ဗုံးနဲ့ ဆင်တူတဲ့ နောက်ထပ် လက်ပစ်ဗုံး နှစ်လုံးကို ရှာတွေ့ခဲ့ပါတယ်။
အခင်းဖြစ်ရပ်ကဓာတ်ပုံတွေမှာတော့ တိုက်ခန်းကြမ်းပြင်မှာ လက်အောင်အိတ်တွေနဲ့တူ နောက်ထပ် လက်ပစ်ဗုံးတွေကိုလည်း မြင်ရပါတယ်။ ဗိုလ်မှူးဟာ ဝီစကီပုလင်းထည့်လာတဲ့အိတ်တစ်လုံးထဲမှာ လက်ပစ်ဗုံးတွေကို ယူလာပုံပေါ်ခဲ့ပါတယ်။
ယူကရိန်းအွန်လိုင်းသတင်းစာ Ukrainska Pravda ကတော့ အဲဒီပုလင်းဟာ လက်ပစ်ဗုံးပုံစံ ဖန်ခွက်တွေပါတဲ့လက်ဆောင်အိတ်နဲ့အတူပါလာပြီး ဗိုလ်မှူးက အဲဒီအိတ်ကို ဖွင့်ချိန်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ သတင်းရင်းတစ်တစ်ခုကို ကိုးကားပြီး သတင်းဖော်ပြပါတယ်။
တခြားသတင်းတွေမှာတော့ ဗိုလ်မှူးကို သူ့လုပ်ဖော်ကိုင်ဖက် တစ်ဦးက ပုလင်းလွှဲပေးရင်း ‘‘မင်းကို အံ့အားသင့်အောင်လုပ်ဖို့ခက်လို့ တိုက်ခိုက်ရေးဗုံးတွေနဲ့ ဝီစကီကောင်းတစ်ပုလင်း လက်ဆောင်ပေးလိုက်ပါတယ်’’ လို့ပြောခဲ့တဲ့အကြောင်း သတင်းဖော်ပြပါတယ်။
ဗိုလ်ချုပ်ကြီး ဇလူရှမီကတော့ သူ့လက်ထောက်ဆုံးရှုံးမှုအတွက် ပြောမပြတတ်အောင်နာကျင်ရတယ်လို့ပြောပြီး သူနဲ့ ယူကရိန်းစစ်တပ်အတွက်ကြီးမားတဲ့ဆုံးရှုံးမှုလို့ ပြောပါတယ်။
ဗိုလ်မှူး ဟာနာဒီ ရှာကက်ကော့ဗ်ဟာ ရုရှားကယူကရိန်းကိုကျူးကျော်မှုစတဲ့ ၂၀၂၂ခုနှစ်ကတည်းက သူ့အတွက် ယုံကြည်စိတ်ချရတဲ့ သူလို့ဆိုပါတယ်။
ယူကရိန်းတောင်ပိုင်းက ဇာပိုရီဇာဟီရာဒေသ ရှေ့တန်းစစ်မျက်နှာအနီးမှာ ဆုပေးပွဲပြုလုပ်နေချိန် ရုရှားက ဒုံးကျည်နဲ့ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်ထိမှန်ပြီး စစ်သား ၁၉ ဦး သေဆုံးခဲ့တဲ့နောက် အခု ဗိုလ်မှူးသေဆုံးမှုဟာ ယူကရိန်းစစ်တပ်အတွက် နောက်ဆုံးဖြစ်ထားတဲ့ဆုံးရှုံးမှုဖြစ်လာပါတယ်။
အဲဒီဆုပေးပွဲကို အန္တရာယ်များတဲ့အရပ်မှာ ကျင်းပခွင့်ပေးခဲ့လို့ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင်ထွက်ခဲ့ပါတယ်။
ယူကရိန်းလွှတ်တော်အမတ် မာယာနာဘီဇူလာကတော့ ဗိုလ်မှူး ဟာနာဒီ ရှာကက်ကော့ဗ်ဟာ ပေါ့ဆမှုကြောင့်သေဆုံးတာလို့ ပြောပါတယ်။ ‘‘သူ့ပေါ့ဆမှုကြောင့် မွေးနေ့မှာ သေဆုံးမယ်လို့ဘယ်တုန်းကမှ ထင်မှာမဟုတ်ဘူး။ လက်ပစ်ဗုံးဟာ လက်ဆောင်ပေးသင့်တဲ့အရာမျိုးမဟုတ်ပါဘူး''လို့ပြောပါတယ်။
ဒါပေမဲ့ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ယူကရိန်းအကဲခတ်တချို့က မေးခွန်းထုတ်ခဲ့ပြီး စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဇလူရှမီက သူ့လက်ထောက် မွေးနေ့ပွဲကို တက်ရောက်မယ်လို့ယူဆပြီးပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ကာကွယ်ရေးဦးစီးချုပ်ဟာ ရုရှားရဲ့ ကျူးကျော်တပ်တွေကို ဆန့်ကျင်တဲ့ ယူကရိန်းရဲ့ ရှေ့တန်းစစ်မျက်နှာမှာကြုံရတဲ့အခြေအနေတွေကို ပေါ်ပေါ်တင်တင်အကဲဖြတ်တာမျိုးလုပ်ခဲ့ပါတယ်။
‘‘ပထမကမ္ဘာစစ်တုန်းကလိုပါပဲ။ သရေပွဲ အခြေအနေဖြစ်အောင် တွန်းပို့ပေးတဲ့ နည်းပညာအဆင့်အတန်း ကျွန်တော်တို့မှာ ရှိထားပြီးဖြစ်ပါတယ်’’ လို့ သူက the Econimist သတင်းဌာနကို ပြောပါတယ်။
‘‘နက်နက်နဲနဲနဲ့ လှလှပပ ကျော်ဖြတ်တာမျိုးတော့ ရှိလာမှာမဟုတ်ပါဘူး’’
ရုရှား-ယူကရိန်းစစ်ပွဲဟာ ရှေ့မတိုး နောက်မဆုတ်သာအခြေအနေကိုရောက်နေပြီဆိုတာကိုတော့ ရုရှားအစိုးရ ကရင်မလင်နန်းတော်ဘက်ကရော၊ ယူကရိန်းသမ္မတ ဇလန်းစကီးကရော ငြင်းဆိုထားကြပါတယ်။
‘‘အခုဆို လူတွေ ပင်ပန်းလာကြပြီ။ အားလုံး ပင်ပန်းလာကြပြီ။ ဒါပေမဲ့ ရွေးချယ်စရာတွေကတော့ ရှိနေပါသေးတယ်။ ဒါက ရှင်းနေတာပဲလေ။ ဒါက သရေပွဲဖြစ်စရာမရှိပါဘူး’’ လို့ သမ္မတ ဇလန်းစကီးက ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ ပြောထားပါတယ်။
တနင်္လာနေ့ညသူ့ရဲ့ ပုံမှန်မိန့်ခွန်းမှာ သမ္မတဇာလန်းစကီးက ယူကရိန်းနိုင်ငံသားတွေကို " အတူတကွ လက်တွဲကြဖို့၊ ငြင်းခုံမှုတွေ၊ အခြားဦးစားပေးကိစ္စတွေကနေ ခွဲထွက်တာတွေကိုရှောင်ရှားဖို့" တောင်းဆိုခဲ့ပါတယ်။
ယူကရိန်းမှာ စစ်ဖြစ်နေပြီး စစ်အုပ်ချုပ်ရေးကြောင့် လာမယ့်နွေဦးရာသီမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် အခုအချိန်က သင့်တော်တဲ့ အချိန်မဟုတ်ဘူးလို့လည်း သူက ကြေညာခဲ့ပါတယ်။ သမ္မတဇာလန်းစကီးဟာ ၂၀၁၉ခုနှစ်မှာရွေးကောက်ခံခဲ့ရတာပါ။











