“ကျွန်မတို့သားအတွက် အမှတ်တရအဖြစ် ကလေးကစားကွင်း တခုလုပ် လိုက်ပါတယ်” ကျဆုံး ယူကရိန်းစစ်သားအတွက်ပေးတဲ့ နစ်နာကြေးကို မိသားစုက ဘယ်လိုအသုံးပြုလဲ

A soldier holding a framed picture of Serhiy Tarasyuk

ဓာတ်ပုံ ရင်းမြစ်, VARASKA CITY COUNCIL

ဓာတ်ပုံ ပုံစာ, အမြောက်ပစ်နဲ့ ရေဒီယိုတယ်လီဖုန်း ဆက်သွယ်ရေးတပ်သား ဆာဟိုင် တာရက်စ် ယွတ်က သူ့နားက ရဲဘော်ကို သူ့ကိုယ်နဲ့ ကာပေးရင်း မော်တာကျည်ဆန်မှန်လို့ သေဆုံးခဲ့ရ

အီလိုနာ ဟရွမ်လိခ်

ဘီဘီစီ သတင်း၊ ယူကရိန်း

စစ်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ယူကရိန်းစစ်သားတယောက်ရဲ့ မိဘတွေက သူ့သား အမှတ်တရအတွက် အများက မထင်မှတ်ထားတာတခုကို ဖန်တီးလိုက်ပါတယ်။ သူ ကြီးပြင်းခဲ့ရာ ယူကရိန်းအနောက်မြောက်ပိုင်း ရီးဗ်နာမြို့ နားက မြို့လေးမှာ ကလေး ကစားကွင်းတခုကို သူတို့ လုပ်လိုက်ကြတာပါ။

ခါဆွန်ဒေသမှာ ယူကရိန်းဘက်က ပြန်လှန်ထိုးစစ်ဆင်နေတုန်း အမြောက်ပစ်နဲ့ ရေဒီယိုတယ်လီဖုန်း ဆက်သွယ်ရေးတပ်သား ဆာဟိုင် တာရက်စ်ယွတ်ဟာ တခြားရဲဘော်တ‌ယောက်ကို သူ့ကိုယ်နဲ့ အကာအကွယ်ပေးရင်း မော်တာကျည် ထိမှန်ခဲ့တဲ့အတွက် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ ကျဆုံးခဲ့ပါတယ်။

သူဟာ အသက် ၃၅ နှစ်အရွယ်ရှိပြီး မိသားစုထဲမှာ သူက အငယ်ဆုံးသားပါ။

“တချို့လူတွေက မြေးတွေချန်ထားခဲ့တယ်။ ကျွန်မတို့အဖို့တော့ သားကဆုံးသွားပြီး သူ့ဆီကမြေး မကျန်ရစ်ပါဘူး” လို့ ဒီစစ်သားရဲ့ မိခင်ဖြစ်သူ အော့ဆာနာ တာရက်စ်ယွတ် က ပြောပါတယ်။

“ဒါကြောင့် ဆာဟိုင်အမှတ်တရ ကလေးကစားကွင်း တခုလုပ်ဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်ကြပါတယ်၊ ကျွန်မတို့ ခုံတန်းမှာထိုင်ရင်း တခြားသူတွေရဲ့ ကလေးတွေကို ကြည့်ကြမယ်၊ သူ့ကို အမှတ်ရအောက်မေ့ကြမယ်လေ။”

A swing
ဓာတ်ပုံ ပုံစာ, ကလေးကစားကွင်းဆောက်ဖို့ ရန်ပုံငွေကို သူတို့ပိုင်ငွေနဲ့ ထည့်ဝင်လိုက်ကြတာလို့ ဆာဟိုင်ရဲ့ အမေက ပြော

ကျဆုံးသွားတဲ့ တခြားယူကရိန်းစစ်သားတွေရဲ့ ကျန်ရစ်သူမိသားစုတွေလိုပဲ ဆာဟိုင်ရဲ့ မိသားစုက နစ်နာကြေးအဖြစ် ယူကရိန်းငွေ hryvnias ၁၅ သန်း (အမေရိကန် ဒေါ်လာ ၃၈၀, ၀၀၀) လက်ခံရဖို့ ရှိပါတယ်။

အစိုးရက ယူကရိန်းငွေ ၃ သန်းကို ချက်ချင်းဆိုသလို မိသားစုကို ထုတ်ပေးပါတယ်။ ကျန်တဲ့ငွေတွေကိုတော့ နောက် ၄ နှစ်အတွင်း မိသားစုကို အသုတ်လိုက်ခွဲပေး မှာပါ။

ယူကရိန်းမြို့လေးတွေက ဒေသခံတွေအဖို ဒီငွေပမာဏက များပါတယ်။ ရီးဗ်နာ ဒေသဘက်မှာ ပျမ်းမျှ တလ လစာငွေက ‌၃၃၀ ဒေါ်လာလောက်သာ ရှိပါတယ်။

သူတို့ နစ်နာကြေးရဖို့ ရှိတယ်လို့ မသိရခင်မှာပဲ သားအတွက် ကလေးကစားကွင်း တခု လုပ်မယ်ဆိုတာကို သူတို့မိသားစုက ဆုံးဖြတ်ပြီးကြပြီလို့ ဘီဘီစီ ယူကရိန်း ဌာနကို အော့ဆာနာက ပြောပါတယ်။ သူတို့ပိုင်ငွေနဲ့ လုပ်ဖို့ သူတို့ စီစဥ်ထားတာပါ။

Playground
ဓာတ်ပုံ ပုံစာ, အသစ်စက်စက် ဒန်းတွေ၊ အားကစားလုပ်တဲ့ စက်တွေ၊ စားပွဲတင် တင်းနစ်ခုံတွေနဲ့ ကလေးအားကစားကွင်းအတွက် ဒေါ်လာ ၂၅,၀၀၀ လောက် ကုန်ကျ

ကစားကွင်းလေး လုပ်ရတာ သိပ်မလွယ်ကူဘူးလို့ အော့ဆာနာက ပြောပြီး မြို့ကောင်စီကနေ လုပ်ခွင့်ချပေးဖို့ ခွင့်ပြုချက်တောင်းရတာ၊ လူနေ ၉ထပ်တိုက် တလုံးရဲ့ အနားမှာရှိတဲ့အတွက် အနီးအနားက အိမ်တွေဆီက သဘောတူညီချက် တောင်းရတာ စတာတွေ ရအောင်လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ခွင့်ပြုချက်တွေရပြီးနောက်မှာတော့ မိသားစုက ဒန်းတွေ၊ အားကစားလုပ်တဲ့ စက်တွေ ရွေးချယ် ဝယ်ယူကြပြီး ကစားကွင်းမှာ လိုတဲ့ သဲတွေ သယ်တာ၊ သစ်ပင်တွေစိုက်တာကို ကူညီ လုပ်ကိုင်ခဲ့ကြပါတယ်။

အခုတော့ အမေဖြစ်သူ အော့ဆာနာဟာ ဒန်းစီးနေတဲ့ကလေးတွေ၊ စက်ဘီးစက်ကို စီးနေတဲ့ ကလေးတွေ၊ စားပွဲတင် တင်းနစ်ကစားနေကြတဲ့ ဆယ်ကျော်သက် ကလေး တွေကို ကြည့်ရင်း ပီတိဖြစ်နေပုံပါ။

“ဘဝ ဆက်ပြီး ရှင်သန်သွားသလိုပဲ” လို့ သူက ပြောပါတယ်။

‘သားရယ် စစ်တပ်ထဲ မဝင်ပါနဲ့’

ယူကရိန်းကို ရုရှားကျူးကျော်စစ် အလုံးအရင်းနဲ့ စလာတဲ့အချိန်မှာ တာရက်စ်ယွတ် မိသားစုက သူတို့အိမ်ကနေ မစွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူတို့က ဘေလာရုစ်နယ်စပ်နားက ခရိုင်မြို့လေးတမြို့ဖြစ်တဲ့ ဗာရက်စ်မှာ နေကြတာပါ။ အဲဒီမြို့က လူ ၅၀,၀၀၀ လောက်နေထိုင်တဲ့မြို့လေးပါ။

Pictures of Serhiy taken while serving at the army

ဓာတ်ပုံ ရင်းမြစ်, ARCHIVE OF THE TARASYUK FAMILY

ဓာတ်ပုံ ပုံစာ, ဆာဟိုင်က စစ်တပ်ထဲဝင်ချင်ပါတယ်၊ ဒါပေမဲ့ သူ့အမေက တားပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီမြို့မှာ ရုရှားထိုးစစ်က ပစ်မှတ်ထားတဲ့ ရီးဗ်နာ နျူကလီးယားစွမ်းအင်စက်ရုံ ရှိတဲ့အတွက် ဒီမြို့လေးက သေနင်္ဂဗျူဟာအရ အချက်အချာကျပါတယ်။

ဆာဟိုင်က ဗာရက်စ်မှာ ကားဒရိုင်ဘာ တာဝန်ကိုယူပြီး ရှေ့တန်းအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပို့ပေးတာကို စလုပ်ပါတယ်။ သူက စစ်တပ်ထဲဝင်ချင်ပါတယ်၊ ဒါပေမဲ့ သူ့အမေက တားခဲ့ပါတယ်။

“စစ်ထဲဝင်ဖို့ စာရင်းသွင်းကောက်ယူတာမခံရရင် မဝင်ပါနဲ့ သားရယ်လို့ ကျွန်မ ပြောခဲ့တယ်။ ကိုယ့်သာသာကိုယ်တော့ စစ်တပ်ထဲ မဝင်ပါနဲ့လို့ ပြောခဲ့တယ်။”

အော့ဆာနာက သူ့သားကို ဖျောင်းဖျခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၂ ခုနှစ် ဧပြီလထဲမှာတော့ ဆာဟိုင်ကို စစ်မှုထမ်းဖို့ စစ်တပ်က ဆင့်ခေါ်ခဲ့ပါတယ်။

သူ အထုပ်အပိုးတွေ ချက်ချင်းထုပ်ပြီး သွားလိုက်ပါတယ်။ အော့ဆာနာအဖို့ သားကို အဲဒါက နောက်ဆုံးမြင်လိုက်ရတဲ့ အချိန်ပါ။

သူ ရှေ့တန်းထွက်ရတဲ့ ၅ လတာ ကာလအတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်တဲ့ စစ်မြေပြင်တွေကို သွားခဲ့ရပါတယ်။ ယူကရိန်းဘက်က တန်ပြန်ထိုးစစ်တွေ ပြန်ဆင်နွှဲနိုင်တဲ့ နိုင်ငံအရှေ့ပိုင်းက ဘာမုခ်နဲ့ အက်ဒစ်ကာ၊ တောင်ပိုင်းက ခါဆွန်စတဲ့ ဒေသတွေမှာ သူတာဝန်ကျခဲ့ပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်မှာ ဆာဟိုင်နဲ့ ၁၉နှစ် အရွယ် သူ့ရဲ့ ရဲ‌ဘော်ရဲဘက်တို့ ‌အခြေစိုက်စခန်းကို ပြန်စဉ်မှာ မော်တာကျည်ထိမှန်ခဲ့ပါတယ်။ ဗုံးဒဏ်ကနေ သူ့ရဲ့ ရဲဘော်ကို သူ့ကိုယ်နဲ့ အကာအကွယ်ပေးဖို့ သူကြိုးစားရင်း ဆာဟိုင် သေဆုံးခဲ့ ပါတယ်။

“အဲဒီ လူငယ်လေးက ဒဏ်ရာပဲရတယ်၊ သားကတော့ ခေါင်းပွင့်ထွက်သွားတယ်” လို့ ဆာဟိုင်ရဲ့ ရဲဘော်တွေက ပြန်ပြောပြကြောင်း အော့ဆာနာက ပြောပြပါတယ်။

ဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဆာဟိုင် သေဆုံးပြီဆိုတဲ့ အတည်ပြုသတင်းက မိသားစု ဆီကို ရောက်လာပါတယ်။

Awards issued posthumously to Serhiy Tarasyuk

ဓာတ်ပုံ ရင်းမြစ်, ARCHIVE OF THE TARASYUK FAMILY

ဓာတ်ပုံ ပုံစာ, ကျဆုံးရဲဘော် ဆာဟိုင်နဲ့ တခြားရဲဘော် တွေတွေကို အစိုးရက ဂုဏ်ပြုတံဆိပ်ချီးမြှင့်ခဲ့

ဆာဟိုင်သာ အသက်ရှင်နေသေးရင် မတ်လတွင်းမှာ ၃၇ နှစ် ပြည့်မှာပါ။

“ယူကရိန်းနိုင်ငံနဲ့ လွတ်လပ်ရေးကို ကာကွယ်ရင်း ထူးမြတ်တဲ့‌ဆောင်ရွက်မှုတွေကို ထမ်းရွက်ခဲ့တဲ့” အတွက် သူ့မွေးနေ့ မတိုင်ခင်လေးမှာ သူ နိုင်ငံရဲ့ ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခံ ခဲ့ရပါတယ်။

နိုင်ငံရဲ့ အမြင့်ဆုံး ဆုတံဆိပ်ဖြစ်တဲ့ ယူကရိန်းရဲ့ သူရဲကောင်း ဆုကိုလည်း သူချီးမြှင့်ခံရမယ်လို့ သူ့မိသားစုက မှန်းဆထားပါတယ်။ ဒီဆုကို ပေးဖို့ အတည်ပြု ချက်ကို သမ္မတက လုပ်ရဦးမှာပါ။

အထိမ်းအမှတ် ဂုဏ်ပြုပွဲ

သားဖြစ်သူ ဆုံးခဲ့ပြီးတဲ့နောက် အော့ဆာနာက သူတို့မြို့ကနေ ထွက်ခွာလာခဲ့ပါတယ်။ ဒါပေမဲ့ သူ့သားအတွက် အမှတ်တရ လုပ်ပေးခဲ့တဲ့ ကလေးကစားကွင်းဆီကိုတော့ သူနဲ့ သူ့ခင်ပွန်းတို့ ပြန်ပြန်လာကြည့်တတ်ကြပါတယ်။

“ပြန်လာတဲ့အခါတိုင်း ကလေးတွေ အများကြီးတွေ့ရတယ်။ သူတို့ အဲဒီမှာ သိပ်ပျော်ကြတယ်” လို့ သူက ပြောပါတယ်။

A mural in honor of the fallen soldiers
ဓာတ်ပုံ ပုံစာ, ဆာဟိုင် တက်ခဲ့တဲ့ အထက်တန်းကျောင်းက ကျဆုံး စစ်သားတွေအတွက် နံရံဆေးရေးပန်းချီ တခုကို ရေးဆွဲ ဂုဏ်ပြု

ကစားကွင်းရဲ့ တဘက်မှာတော့ ဆာဟိုင် စာသင်ခဲ့တဲ့ အထက်တန်းကျောင်း ရှိပါတယ်။ အဲဒီမှာတော့ စစ်ယူနီဖောင်းဝတ်ထားတဲ့ လူငယ်လေး တယောက် စာအုပ်တအုပ် ဖတ်နေတဲ့ပုံကို နံရံဆေးရေး ပန်းချီဆွဲထားပါတယ်။

စစ်အတွင်း ကျဆုံးသွားတဲ့ ဒေသခံ စစ်သားတွေကို အောက်မေ့ဂုဏ်ပြုထားတဲ့ ဓာတ်ပုံတွေ ကျောင်းထဲမှာ ရှိပြီး ဗာရက်စ်က ကျသွားတဲ့ စစ်သား ၉၇ ယောက်ရဲ့ အမည်တွေကို နံရံတခုမှာ ‌ရေးထိုး ထားပါတယ်။

လူ ၅၀, ၀၀၀ လောက်ရှိတဲ့မြို့မှာ ကျဆုံးသွားတဲ့ မြို့ခံအရေအတွက်က နှိုင်းယှဥ်ချက် အရ များပြားပါတယ်။

စစ်ပွဲစတင်ကတည်းက ယူကရိန်းစစ်သားပေါင်း ၃၁, ၀၀၀ အသက်ပေးခဲ့ကြရပြီလို့ ဖေဖော်ဝါရီလအတွင်းမှာ ယူကရိန်း သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။

“အချိန်က ကုစားသွားလိမ့်မယ်လို့ သူတို့က ပြောတယ်။ အဲဒါ မမှန်ပါဘူး၊ အချိန်က နာကျင်မှုကို ခဏတာလေး ထုံကျဉ် ပေးခဲ့ရုံသာပါ” လို့ အော့ဆာနာက ပြောပါတယ်။