ယူကရိန်းစစ်သုံ့ပန်းတွေကို ရုရှားက တိုးပြီးသေဒဏ်စီရင်လာ

ဓာတ်ပုံ ရင်းမြစ်, Facebook
- ရေးသားသူ, ဗီတာလီ ရှက်ဗ်ချန်ကို
- ရာထူးတာဝန်, ဘီဘီစီစောင့်ကြည့်ရေးအဖွဲ့ ရုရှားအယ်ဒီတာ
ယူကရိန်းရဲ့ စနိုက်ပါလက်ဖြောင့်တပ်သား အိုလက်ဆန္ဒား မက်ဆီယက်ဗစကီဟာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင်တဲ့နှစ် အစကတည်းက ရုရှားတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ တောအုပ်တစ်ခုထဲမှာ သူ့ကို သတ်ပြီး မြုပ်နှံမယ့်တွင်းကို သူ့ကို တူးခိုင်းပြီး အဲဒီတွင်းဘေးမှာထိုင်လို့ နောက်ဆုံး စီးကရက်တစ်လိပ်သောက်နေတဲ့ ဗီဒီယိုတစ်ခု ထွက်လာခဲ့ပါတယ်။
"ယူကရိန်း အောင်မြင်ပါစေ" လို့ သူ့ကိုဖမ်းဆီးထားသူတွေကို သူကပြောပါတယ်။ ခဏအကြာမှာတော့ သေနတ်သံ ထွက်ပေါ်လာပြီး လဲကျသေဆုံးသွားပါတယ်။
သူ့ကို သတ်ဖြတ်ခဲ့သလို ဖြစ်စဥ်တွေက အများကြီး ရှိခဲ့ပါတယ်။
အခုနှစ် အောက်တိုဘာလတုန်းကလည်း ဖမ်းဆီးခံ ယူကရိန်းစစ်သားကိုးယောက်ကို ရုရှားတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ် သေဒဏ်ပေး တဲ့ဖြစ်စဉ်လည်း ကာ့ခ်စ်ဒေသမှာ ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဥ်နဲ့အတူ အဝတ်တစ်စိတ်တစ်ပိုင်းပဲ ဝတ်ထားပြီး မြေပြင်ပေါ်မှာ လဲနေကြတဲ့ ရုပ်အလောင်းပုံတွေပါဝင်တဲ့ ဓာတ်ပုံတစ်ပုံနောက်က ဖြစ်စဉ်ကို ယူကရိန်းဥပဒေအရာရှိတွေက စုံစမ်းဖော်ထုတ်နေပါတယ်။ ဒီဓာတ်ပုံကိုကြည့်ပြီး အသတ်ခံရသူတွေထဲက တစ်ဦးဟာ ဒရုန်းမောင်းနှင်သူ ရုစလန် ဟော်လူဘင်ကို ဖြစ်ကြောင်း သူ့မိဘတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။
"အတွင်းခံကို မြင်ရုံနဲ့ ကျွန်မသားမှန်း မှတ်မိပါတယ်" လို့ သားဖြစ်သူအတွက် သောကရောက်နေတဲ့ မိခင်ဖြစ်သူက ဒေသတွင်းမီဒီယာတစ်ခုဖြစ်တဲ့ Suspilne Chernihiv ကို ပြောပါတယ်။ "အဲဒီ အတွင်းခံကို ပင်လယ်ခရီးတစ်ခု မသွားခင်တုန်းက ကျွန်မဝယ်ပေးခဲ့တာ။ သားကို ပခုံးပေါက်အောင် ပစ်ခတ်ခံရတာလည်း သိတယ်။ ဓာတ်ပုံထဲမှာကို မြင်နိုင်တယ်လေ" လို့ သူက ပြောပါတယ်။
သေဒဏ်ပေးခံရတဲ့ ဖြစ်စဉ်တွေ ဆက်ဖြစ်နေဆဲပါ။ ယူကရိန်းစစ်သားတွေကို ခေါင်းဖြတ်သတ်တယ်ဆိုတဲ့ သတင်းတွေအပေါ် နဲ့ စစ်သားတစ်ယောက်ကို လက်ပြန်ကြိုးတုပ်ပြီး ဓားနဲ့ခုတ်သတ်ခဲ့တယ်ဆိုတဲ့ သတင်းကိုလည်း ယူကရိန်း အမှုစွဲအရာရှိတွေက စုံစမ်းနေပါတယ်။
နောက်ထပ်ဖြစ်စဉ်ကတော့ တောအုပ်ထဲကနေ လက်နက်ချပြီးထွက်လာတဲ့ ယူကရိန်းစစ်သား (၁၆) ဦးကို စီတန်း ခိုင်းကာ မောင်းပြန်သေနတ်နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့နေတဲ့ မြင်ကွင်းတွေပါဝင်တဲ့ ဗီဒီယိုတစ်ခုလည်း ထွက်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သေဒဏ်ပေးတဲ့မြင်ကွင်းတွေထဲက တချို့ကို ရုရှားတပ်သားတွေကိုယ်တိုင် ရိုက်ကူးထားတာဖြစ်ပြီး တချို့ကိုတော့ ကောင်းကင်မှာဝဲပျံနေတဲ့ ယူကရိန်းဒရုန်းတွေက တွေ့မြင်ခဲ့တာပါ။
ဒီလိုသတ်ဖြတ်နေတဲ့ ဗီဒီယိုတွေဟာ အများအားဖြင့် ထင်ထင်ရှားရှား အဆောက်အအုံမြင်ကွင်းတွေမရှိတဲ့ တောအုပ်ထဲ ဒါမှမဟုတ် လယ်ကွင်းတွေထဲမှာရိုက်ကူးထားတာဖြစ်လို့ နေရာအတိအကျကို အတည်ပြုနိုင်ဖို့ ခက်ခဲပါတယ်။ ဘီဘီစီရဲံ အချက်အလက်အတည်ပြု စိစစ်ရေးဌာန BBC verify က တော့ ခေါင်းဖြတ်သတ်တဲ့ဖြစ်စဉ်တစ်ခုအပါအဝင် ဖြစ်စဥ်အတော်များများကို အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒီ ဖြစ်စဥ်တွေမှာ အသတ်ခံရသူတွေဟာ ယူကရိန်း စစ်ယူနီဖောင်းတွေ ဝတ်ထားတာကို တွေ့ရပြီး ဗီဒီယိုတွေဟာ လတ်တလောမှာပဲ ရိုက်ကူးထားတာဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။
သတ်ဖြတ်မှုတွေ တိုးလာနေ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကျူးကျော်စစ်စတင်ချိန်ကစလို့ စစ်ပွဲအတွင်းဖမ်းဆီးခံရတဲ့ ယူကရိန်း အကျဉ်းသား အနည်းဆုံး ၁၄၇ ဦးကို ရုရှားတပ်တွေက သေဒဏ်ပေးခဲ့တယ်လို့ ယူကရိန်းဥပဒေရေးရာအဖွဲ့က ပြောပါတယ်။ အဲဒီထဲက ၁၂၇ ဦးက ဒီနှစ်ထဲမှာပဲ သတ်ဖြတ်ခံရတာပါ။
"သတ်ဖြတ်မှုတွေ ပိုတိုးလာနေတာကို ထင်ထင်ရှားရှားမြင်တွေ့နိုင်ပါတယ်" လို့ ယူကရိန်းအစိုးရရှေ့နေချုပ်ရုံးရဲ့ စစ်ပွဲဌာနအကြီးအကဲ ယူရီ ဘယ်လူဆော့ဗ် က ပြောပါတယ်။
"မနှစ် နိုဝင်ဘာလစလို့ သေဒဏ်ပေးတာတွေက စနစ်တကျကို ပေါ်ပေါက်လာပြီး ဒီနှစ်ထဲမှာလည်း တောက်လျှောက်ဖြစ်နေတာပါ။ စိတ်မကောင်းစရာကောင်းတာက ဒီအရေအတွက်တွေဟာ အခုနွေရာသီနဲ့ ဆောင်းဦးမှာ ပိုဖြစ်လာပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒါတွေဟာ သီးခြားဖြစ်ရပ်တွေမဟုတ်ပါဘူး။ နေရာ အကျယ်ကြီး ပျံ့နှံ့ဖြစ်နေပြီး မူဝါဒတစ်ခုလိုလုပ်ဆောင်နေတာ မြင်သာပါတယ်။ အဲဒီလိုလုပ်ဖို့ အမိန့် ညွှန်ကြားချက်တွေရှိနေတယ်ဆိုတဲ့ အထောက်အထားလည်း ရှိပါတယ်။"
ဂျီနီဗာကွန်ဗန်းရှင်း သဘောတူညီချက်ရဲ့ တတိယအပိုင်းအရရော နိုင်ငံတကာလူ့အခွင့်အရေးဥပဒေအရပါ စစ်သုံ့ပန်းတွေကို အကာအကွယ်ပေးရမှာဖြစ်ပြီး သူတို့ကိုသေဒဏ်ပေးတာဟာ စစ်ပွဲဆိုင်ရာရာဇဝတ်မှု (war crime) ကျူးလွန်တာဖြစ်ပါတယ်။
ဒါပေမဲ့ ရုရှားလက်အောက်ခံ ချီချင်ညာဒေသက အင်အားကြီးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရမ်မဇန် ကာဒီရော့ဗ် ကတော့ ယူကရိန်းစစ်ပွဲအတွင်းပါဝင်နေတဲ့ သူ့ရဲ့ တပ်မှူးတွေကို "သုံ့ပန်းတွေမခေါ်လာရ" ဆိုပြီး ခပ်တိုတို အမိန့်ပေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အရေးယူမခံရဘဲ ကင်းလွတ်နေ
ယူကရိန်း စစ်သုံ့ပန်းတွေကို ရုရှားတပ်ဖွဲ့တွေက သေဒဏ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ သက်သေတွေက ပြတ်လပ်သွားတာမျိုးမရှိဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ ဥရောပနဲ့ အာရှအလယ်ပိုင်းဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး ရေချယ် ဒမ်ဘာက ပြောပါတယ်။ အဲဒီလို ကျူးလွန်နေမှုတွေကို လုပ်နေနိုင်တယ်ဆိုတာမှာ အရေးယူခံရတာမျိုးမရှိတာက အဓိကအကြောင်းဖြစ်ပြီး ရုရှား စစ်တပ်အနေနဲ့ ဖြေကြားပေးရမယ့် အရေးကြီးမေးခွန်းတွေရှိနေပါတယ်လို့ သူက ပြောပါတယ်။
"ဒီတပ်ဖွဲ့တွေမှာ သူတို့ တပ်မှူးတွေဆီက တရားဝင်ပဲဖြစ်ဖြစ် တရားမဝင်ပဲဖြစ်ဖြစ် ဘယ်လိုညွှန်ကြားချက်တွေ ရထားလဲ။ သူတို့ တပ်မှူးတွေကရော စစ်သုံ့ပန်းတွေနဲ့ပတ်သက်လို့ ပြုမူဆက်ဆံရမယ့် ဂျီနီဗာကွန်ဗန်းရှင်းအကြောင်း သေသေချာချာသိထားကြပြီလား။ ရုရှားစစ်တပ် တပ်မှူးတွေက တပ်ဖွဲ့ဝင်တွေကို ဘယ်လိုပြုမူကျင့်ကြံရမယ်ဆိုတာမျိုး ဘာတွေပြောနေလဲ။ ဒီဖြစ်ရပ်တွေကို စုံစမ်းဖော်ထုတ်ဖို့အတွက် စစ်ဘက် အမိန့်ပေးကွပ်ကဲသူ အဆင့်ဆင့်မှာ ဘယ်လို လုပ်ဆောင်နေတာရှိလဲ။
"အကယ်လို့ တာဝန်ရှိသူအကြီးအကဲတွေက စုံစမ်းဖော်ထုတ်တာမျိုးမလုပ်တာ၊ ဒီလုပ်ရပ်တွေကို ကာကွယ်ဖို့ အတွက် မလုပ်ဆောင်နေဘူးဆိုရင် အဲဒီ ပြစ်မှုကျူးလွန်တာတွေအတွက် သူတို့ကိုယ်တိုင် တာဝန်ခံရနိုင်ပြီး တရားစွဲဆိုခံ ရနိုင်တယ်ဆိုတာရော သိထားလား" လို့ ရေချယ် ဒမ်ဘာက မေးခွန်းထုတ်ပါတယ်။
ရုရှားဘက်က သူ့တပ်ဖွဲ့ဝင်တွေရဲ့ ယူကရိန်းစစ်သုံ့ပန်းတွေအပေါ် သေဒဏ်စီရင်နေတာနဲ့ ပတ်သက်လို့ တရားဝင်စုံစမ်းဖော်ထုတ်နေကြောင်း အခုချိန်ထိ တွေ့မြင်ရတာမျိုးမရှိသေးပါဘူး။ ရုရှားမှာ အဲဒီလိုမျိုး စွပ်စွဲချက်တွေလုပ်မိရင်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကတော့ သူ့ရဲ့ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းစစ်သုံ့ပန်းတွေကို "နိုင်ငံတကာဥပဒေတွေရော နိုင်ငံတကာကွန်ဗန်းရှင်းတွေအတိုင်းပါ တိတိကျကျလိုက်နာပြီး" အမြဲပြုမူဆက်ဆံတယ်လို့ ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့ဝင်တွေကလည်း ရုရှားစစ်သုံ့ပန်းတွေကို သေဒဏ်ပေးတယ်ဆိုပြီး စွပ်စွဲခံရတာရှိပေမဲ့ ဖြစ်စဉ် အရေအတွက်ကတော့ ရုရှားစွပ်စွဲခံရတာထက် နည်းပါတယ်။
ယူကရိန်းတရားရေးအဖွဲ့က ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ "လေးလေးနက်နက်ထားပြီး" စုံစမ်းဖော်ထုတ်နေပါတယ်လို့ ယူရီ ဘယ်လူဆော့ဗ် က ပြောပေမဲ့ အခုချိန်အထိ အရေးယူခံရသူ တစ်ယောက်မှ မရှိသေးပါဘူး။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကတော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာစတင်တဲ့ အလုံးစုံကျူးကျော်စစ် စကတည်းက ရုရှားတပ်ဖွဲ့တွေဟာ "စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် စုံစမ်းဖော်ထုတ်ဖို့လိုအပ်တဲ့ ပြစ်မှုတွေအပါအဝင် ကျူးလွန်မှုတွေကို ဆက်တိုက်ပြုလုပ်နေတယ်" လို့ ဆိုပါတယ်။
ရုရှားစစ်တပ်ရဲ့ နှိပ်စက်ညှဥ်းပန်းမှုတွေက မှတ်တမ်းတင်လောက်အောင်ဆိုးလွန်းလို့ တချို့ ယူကရိန်းစစ်သားတွေဆို အဖမ်းခံရမှာထက် အသက်သေဆုံးရတာကို ပိုလိုလားကြပါတယ်။
"အမေ သားဘယ်တော့မှ စစ်သုံ့ပန်း အဖြစ်မခံဘူး၊ လုံးဝပဲ။ အမေငိုမှာ သိတယ်၊ သားကိုခွင့်လွှတ်ပါ။ ဒါပေမဲ့ သားအနှိပ်စက် မခံနိုင်ဘူးလို့ ကျွန်မကို ပြောခဲ့တယ်" လို့ ရုစလန် ဟိုလူဘင်ကိုရဲ့ မိခင်က ပြောပါတယ်။ စစ်ပွဲထဲ ပျောက်ဆုံးနေသူအဖြစ် သူ့သားကို အခုအထိ တရားဝင်သတ်မှတ်ထားပါတယ်။ သူကလည်း မမျှော်လင့်ရဲပေမဲ့ မျှော်လင့်ချက်ထားနေဆဲပါ။
"ကျွန်မကလေးကိုပြန်ရဖို့ ဖြစ်နိုင်တာရော မဖြစ်နိုင်တာရောအကုန်လုံးကို ကျွန်မလုပ်မှာပဲ။ အဲဒီပုံကို အမြဲကြည့် ဖြစ်တယ်။ သူသတိလစ်နေတာရော မဖြစ်နိုင်ဘူးလား။ သူဆုံးသွားပြီဆိုတာကို ကျွန်မမတွေးချင်ဘူး။ ကျွန်မ ဆက်ပြီး ယုံနေချင်တယ်။"









