ယူကရိန်းစစ်ပွဲ - ရုရှားက တိုက်ချင်းပစ် ICBM ဒုံးကျည် တကယ် သုံးလာပြီလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းနိုင်ငံ အရှေ့ဘက်ပိုင်းက နီပရို Dnipro မြို့ကို ပစ်မှတ်ထားပြီး ရုရှားတို့ဟာ တိုက်ချင်းပစ် ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း လေတပ်က ပြောပါတယ်။
နီပရိုမြို့ကို တိုက်ခိုက်လာတဲ့ ဒုံးကျည်တွေထဲ ICBM လို့ အတိုကောက်ခေါ်တဲ့ တိုက်ချင်းပစ် ဒုံးကျည်သာ တကယ်ပါဝင်ကြောင်း သီးခြားလွတ်လပ်တဲ့ အတည်ပြုမှု ထွက်ပေါ် လာပြီ ဆိုရင်၊ ဒါဟာ ရက် (၁၀၀၀) စစ်ပွဲကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ရုရှားဟာ တိုက်ချင်းပစ် ဒုံးကျည် အဆင့်အတန်း လက်နက်ကိုပါ သုံးစွဲပြီး တိုက်ခိုက်လာတာ ဖြစ်ပါတယ်။
နီပရိုမြို့ တိုက်ခိုက်ခံရတာကို ရိုက်ထားတဲ့ ဗီဒီယို တချို့ အွန်လိုင်းပေါ် ပြန့်နေပြီး ဘီဘီစီ အနေနဲ့လည်း ဒီဗီဒီယိုတွေဟာ အစစ်အမှန်တွေလား ဆိုတာကို အတည်ပြုနိုင်ဖို့ ဆန်းစစ် နေပါတယ်။ ဗီဒီယို တချို့ထဲမှာ နီပရိုမြို့လယ်ကို ပစ်မှတ်ထား တိုက်ခိုက် ခံရတာဆိုပြီး ပြောနေပါတယ်။
အခုလို ယူကရိန်းဘက်က ICBM တိုက်ချင်းပစ် ဒုံးကျည် သုံးပြီး တိုက်ခိုက်ခံရတယ်လို့ ပြောချိန်မှာ ၊ ICBM မဟုတ်နိုင်ဘူး ဆိုတဲ့ ပြောဆိုချက်တွေလည်း ထွက်ပေါ်လာပါတယ်။
ဘီဘီစီရဲ့ အမေရိကန် မိတ်ဖက် သတင်းဌာနဖြစ်တဲ့ CBS ကို အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိ ၃ ယောက်က နီပရိုကို တိုက်လာတာဟာ ICBM ထက်စာရင် တာဝေးပစ် ဒုံးအမျိုးစားတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်စကီး ကတော့ သူ့နိုင်ငံဟာ ရုရှားရဲ့ ဒုံးလက်နက် အသစ်တစ်မျိုးနဲ့ တိုက်ခိုက်ခံခဲ့ရပြီး၊ ICBM ရဲ့ စရိုက်လက္ခဏာတွေ ပြသနေတယ်လို့ ဆိုပါတယ်။
သမ္မတဇလန်စကီးပြောတဲ့ စရိုက်လက္ခဏာတွေ ဆိုတာ ဒုံးကျည်ရဲ့ အမြန်နှုန်း၊ ပျံသန်းလာတဲ့ အမြင့်တို့ကို ဆိုလိုတာ ဖြစ်တယ်လို့ သမ္မတ ဇလန်စကီးက တယ်လီဂရမ်ပေါ်မှာ ရေးပါတယ်။
ရုရှားဘက်ကတော့ သူတို့ တကယ် တိုက်ချင်းပစ်ဒုံးကျည် သုံးခဲ့သလား ဆိုတာနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက်မပြုပဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။
နီပရိုမြို့က အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နီပရိုမြို့ကို တိုက်ခိုက်လာတဲ့ ဒုံးလက်နက်တွေကို ကက်စ္စပီယန် ပင်လယ်ပြင်နဲ့ ကပ်ရက်မှာ ရှိတဲ့ အက်စထြာခန် ဒေသထဲကနေ လှမ်းပစ်တာ ဖြစ်တယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။
နီပရိုမြို့ကို ပစ်လွှတ် တိုက်ခိုက်ခဲ့တာတွေထဲ တိုက်ချင်းပစ်ဒုံးကျည်တင်မက၊ အသံထက် မြန်တဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည်တစ်စင်းနဲ့ ခရုဇ်ဒုံးကျည် ၇ စင်းပါ ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီထဲက ခရုဇ် ဒုံးကျည် ၆ စင်းကို ပစ်ချ နိုင်ခဲ့တယ်လို့လည်း ယူကရိန်းဘက်က ပြောပါတယ်။
ကနဦး ရရှိတဲ့ မြေပြင်သတင်းတွေနဲ့ ဒေသခံ အာဏာပိုင် တချို့ရဲ့ အဆိုအရ နီပရိုမြို့ စက်မှုဇုံဝင်းကြီး တစ်ခု အပါအဝင် နေရာတချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရပါတယ်။ လူ ၂၆ ယောက် ထိခိုက် ဒဏ်ရာတွေရခဲ့တယ်လို့ ကနဦး သတင်းတွေက ဆိုပါတယ်။
နီပရိုမြို့ ဒေသခံတစ်ယောက်ကတော့ ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ် ဆိုပြီး သူကိုယ်တွေ့ကြုံရတာကို ဘီဘီစီကို ပြောပါတယ်။
“ပေါက်ကွဲမှုတွေဟာ မနက် ၅ နာရီမှာ စတင် ပေါ်ပေါက်လာပါတယ်။ စစချင်းတော့ ကြားရတာတွေက သိပ်မကျယ်လှပါဘူး။ အဲဒီနောက် တော်တော် ပြင်းထန်တဲ့ နောက်ထပ် ပေါက်ကွဲသံ ၅ ခု ထွက်လာပြီး အိမ်တစ်ခုလုံး တုန်ခါသွားပါတယ်။ ကျနော်တို့ မိသားစုတော့ ကံကောင်းစွာနဲ့ပဲ ဘာထိခိုက် ဒဏ်ရာမှ မရခဲ့ပါဘူး” ဆိုပြီး နီပရို မြို့ခံ တစ်ယောက်က ပြောပါတယ်။
ICBM တိုက်ချင်းပစ် ဒုံးကျည် တကယ်သုံးတယ်ဆိုရင် ဘာအဓိပ္ပာယ် ဆောင်နေလဲ

ဓာတ်ပုံ ရင်းမြစ်, Russian Defence Ministry
ရုရှားဘက်က တကယ့်ကို ICBM တိုက်ချင်းပစ် ဒုံးသုံးပြီး ယူကရိန်းကို တိုက်ခိုက်တာမှန်ရင် ဒါဟာ အခု စစ်ပွဲ အတွက်သာမက သမိုင်း တစ်ခုလုံးမှာပါ တိုက်ချင်းပစ် ဒုံးကျည်ကို စစ်ပွဲအတွင်း ပထမဆုံး အကြိမ် စတင် အသုံးပြုတာ ဖြစ်ပါတယ်။
အခု သီတင်းပတ်ထဲမှာပဲ ယူကရိန်းဟာ အမေရိကန်နဲ့ ဗြိတိန်လုပ် တာဝေးပစ် ဒုံးကျည်တွေ သုံးပြီး ရုရှားထဲက ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တဲ့နောက်၊ အခု ရုရှားဘက်ကလည်း ဒုံးကျည်တွေနဲ့ တိုက်ခိုက်လာတာမှာ တိုက်ချင်းပစ် ဒုံးကျည်ကိုပါ စတင် သုံးစွဲလာတာ ဖြစ်တယ်လို့ ယူကရိန်းက ပြောနေတာ ဖြစ်ပါတယ်။
အနောက်နိုင်ငံလုပ် လက်နက်တွေကို သုံးပြီး ရုရှားထဲကို တိုက်ခိုက်လာမယ် ဆိုရင် စစ်ပွဲဟာ ပို ပြင်းထန်လာမယ် ဆိုပြီး ရုရှားဘက်က သတိပေးထားပေမယ့်၊ ဘယ်လို ပုံစံမျိုး၊ ဘယ်လို လက်နက်မျိုးတွေထိ သုံးမယ် ဆိုတာကိုတော့ မပြောပါဘူး။
ရုရှားက ICBM ကို သုံးပြခြင်းဟာ အနောက်အုပ်စု နိုင်ငံတွေ အားလုံးကို ခြိမ်းခြောက်ရာ မြောက်ပါတယ်။ သူတို့ထံမှာ တကမ္ဘာလုံးက ပစ်မှတ်နေရာတွေကို လက်လှမ်းမီ ရောက်နိုင်တဲ့ ဒုံးကျည်မျိုး ရှိနေသလို၊ အဲဒီ ဒုံးကျည်တွေဟာလည်း နျူကလီယာ လက်နက် ထိပ်ဖူးတွေကို သယ်လာနိုင်ကြောင်း ပြသတာ ဖြစ်ပါတယ်။
နီပရိုကို လာပြီး ထိမှန်တာကတော့ ICBM ဖြစ်ခဲ့ရင်တောင် နျူကလီယာ ထိပ်ဖူး တပ်ထားတာ မဟုတ်ကြောင်း ထင်ရှားပါတယ်။ အခုလို တိုက်ခိုက်ခံရတဲ့ အတွက် အနောက်အုပ်စုနဲ့ ယူကရိန်းရဲ့ တုန့်ပြန်မှုကတော့ မြင်တွေ့ နေခဲ့ရပြီး ဖြစ်တဲ့ ပြစ်တင်ရှုတ်ချတာ၊ ရုရှား ပိုင်နက် နယ်မြေတွေထဲထိ ဒရုန်းနဲ့ ဒုံးလက်နက်တွေ သုံးပြီး တိုက်ခိုက်တာမျိုးတွေက လွဲပြီး ထူးကဲ ပြုမူလာတာမျိုး ဖြစ်ဖို့ ခဲရင်းတယ်လို့ ဘီဘီစီ စောင့်ကြည့်ရေး ဌာနမှာ တာဝန်ကျနေတဲ့ ဗစ်တလီ ရှက်ဗ်ချင်ကိုက ဆိုပါတယ်။
ဒါပေမယ့် ရုရှားအနေနဲ့ကတော့ သူတို့ သုံးထားလက်စတွေထက် ပိုပြီး အစွမ်းထက်သလို ပိုပြီး ဝေးဝေးကိုလည်း ရောက်နိုင်တဲ့ လက်နက်ဆန်းတွေကို ထုတ်သုံးဖို့ အသင့်ပဲ ဆိုတာ ပြသလိုက်တာပဲလို့ ဗစ်တလီ ရှက်ဗ်ချင်ကိုက ပြောပါတယ်။
ICBM တိုက်ချင်းပစ် ဒုံးကျည် ဆိုတာ ဘာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒုံးကျည် လက်နက် အမျိုးအစား ၄ မျိုး ရှိပါတယ်။ တာတိုပစ် SRBM၊ တာလတ်ပစ် MRBM တို့ပြီးရင် အတော်လေး ခပ်ဝေးဝေးထိ ပစ်နိုင်တဲ့ အင်တာမီဒီယိတ် IRBM နဲ့ တိုက်ချင်းပစ် ICBM တို့ ဖြစ်ကြပါတယ်။
တာတိုပစ် SRBM ဟာ မိုင် ၆၂၀ အထိ ရောက်နိုင်ပါတယ်။ ဗျုဟာမြောက် ဒုံးကျည် တွေလို့လည်း ရည်ညွှန်းပါတယ်။ စစ်ပွဲပေါ်ပေါက်နေတဲ့ စစ်မြေပြင် နေရာတစ်ခုကို ပစ်မှတ်ထားတာမျိုး ဖြစ်ပါတယ်။
တာလတ်ပစ် MRBM ကတော့ မိုင် ၆၂၀ အထက် ကနေ မိုင် ၁၈၆၀ အထိ ရောက်နိုင်ပါတယ်။ ပိုမို ကြီးမားကျယ်ပြန့်တဲ့ ဒေသတစ်ခုလုံး (အင်္ဂလိပ်လို သီရေတာ theatre) ကို လွှမ်းခြုံနိုင်ဖို့ ရည်ရွယ်တဲ့ အတွက် သီရေတာ ဒုံးလို့ ရည်ညွှန်းပါတယ်။
အင်တာမီဒီယိတ် ဒုံး IRBM ကတော့ မိုင်ပေါင်း ၃၄၁၀ မိုင် အထိ ရောက်ပြီး အဲဒီထက် ကျော်ပြီး သွားနိုင်ပြီ ဆိုရင်တော့ တိုက်ချင်းပစ် ဒုံး ICBM လို့ ခေါ်တာ ဖြစ်ပါတယ်။ ဒီတော့ ICBM လို့ ပြောပြီ ဆိုရင် တကမ္ဘာလုံးက ကြိုက်တဲ့ နေရာကို ပစ်မှတ်ထား တိုက်ခိုက်နိုင်တဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
အခု ပြောခဲ့သမျှ ဒုံးလက်နက် အမျိုးအစား ၄ မျိုးစလုံးဟာ ထိပ်ဖူး လက်နက်တွေ တပ်ဆင်ပြီး ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ဖြစ်ပါတယ်။ ထိပ်ဖူးလို့ ဆိုရင်မှာ နျူကလီယာ ထိပ်ဖူး လက်နက် အထိ ပါဝင်ပါတယ်။
ယူကရိန်း ပြည်တွင်း အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီအချိန်မှာပဲ ယူကရိန်းပါလီမန်မှာ စစ်ပြေးတွေ တာဝန်ထမ်းဆောင်ဖို့ ပြန်လာမယ် ဆိုရင် အပြစ်မယူပဲ သက်ညှာခွင့်လွှတ်မယ် ဆိုတဲ့ ဥပဒေကို အတည်ပြု လိုက်ပါတယ်။
ဒါဟာ စစ်မြေပြင်မှာ စစ်သားတွေ လိုအပ်နေတာကို ဖြည့်နိုင်ဖို့ အတွက် ကြိုးပမ်းမှု တစ်ခု ဖြစ်ပါတယ်။ စွဲဆိုထားတဲ့ ရာဇဝတ်မှု အားလုံးကို ပလပ်ပေးမယ့် အပြင် လစာတွေ၊ ခံစားခွင့်တွေကို ပြန်ပေးမယ်လို့ ဆိုပါတယ်။
ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးနေတဲ့ အမေရိကန်ကတော့ သမ္မတ ရွေးကောက်ပွဲ အပြီး အစိုးရသစ် တက်လာပြီ ဆိုရင် ယူကရိန်း ဆိုင်ရာ မူဝါဒတွေ ပြောင်းလဲ သွားလိမ့်မယ် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပဲ ရှုမြင် နေကြပါတယ်။
ဒေါ်နယ်ထရမ့် အိမ်ဖြူတော်ကို ရောက်လာပြီ ဆိုရင် ယူကရိန်းကို ပေးနေတဲ့ အထောက်အပံ့အားလုံး ရပ်ပစ်လိုက်တဲ့ အထိ လုပ်ကောင်း လုပ်နိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။
သမ္မတဘိုင်ဒင် အစိုးရ အနေနဲ့ အခု လက်ကျန် ၂ လ တာ ကာလ အတွင်း ယူကရိန်းကို လက်နက်တွေ တိုးပြီး ပေးနေပါတယ်။ အမေရိကန်လုပ် တာဝေးပစ် လက်နက်တွေကို ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကိုပါ တိုက်ခိုက်ခွင့် ပေးလိုက်သလို၊ လူကို ထိခိုက်အောင် ပစ်မှတ်ထားရည်ရွယ်တဲ့ မြေမြှုပ်မိုင်း အမျိုးအစားကိုလည်း အရင်က မပေးပဲ နေခဲ့ရာက အခု ရက်ပိုင်းမှာပဲ ပေးမယ် ဆိုပြီး သမ္မတဘိုင်ဒင်က သဘောတူလိုက်ပါတယ်။








