ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် ရက် ၁၀၀၀ ပြည့်
ရုရှားထဲက ဘရီယန့်စ်ခ် ဒေသထဲကို ညပိုင်းက ယူကရိန်းကလနေ အမေရိကန်လုပ် တာဝေးပစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။ တကယ်လို့သာ အဲဒီပြောကြားချက်ဟာ မှန်ကန်ရင် သမ္မတ ဘိုင်ဒန်က အရင်က ဒီလိုလက်နက်မျိုးတွေ မသုံးစွဲဖို့ ပိတ်ပင်ထားတဲ့ မူဝါဒကို အပြောင်းအလဲ လုပ်ပြီး ယူကရိန်းကို တာဝေးပစ် ဒုံးကျည်တွေ သုံးစွဲခွင့်ပြုလိုက်ပြီးနောက်မှာ ပထမဆုံးအကြိမ် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ယူကရိန်း ကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်ခံရခြင်း ရက် ၁၀၀၀ ပြည့်တဲ့နေ့မှာပဲ ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ယူကရိန်းဟာ ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ကြောင်းနဲ့ ရုရှားကိုလည်း ငြိမ်းချမ်းရေး ယူဖို့ အတွက် မဖြစ်မနေ တွန်းအားပေးရမယ်လို့ ပြောခဲ့ပါတယ်။ မစ္စတာ ဇလန်းစကီးက ဥရောပ ပါလီမန်ရဲ့ အထူး အစည်းအဝေးကို ကိယက်ဗ်မြို့တော်ကနေ လှမ်းပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးမှာ ကျင်းပနေတဲ့ ဂျီ ၂၀ ညီလာခံ တက်လာကြတဲ့ ခေါင်းဆောင်တွေကတော့ ယူကရိန်းမှာ ပြည့်စုံပြီးရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး ရဖို့ အတွက်ထောက်ခံကြောင်း တညီတညွတ်တည်း ပြောကြပါတယ်။ ဘီဘီစီ သတင်းထောက် ပေါလ်အက်ဒမ် ရှေ့တန်း နဲ့ နီးတဲ့ နီပရိုကနေ ပေးပို့ထားတဲ့ သတင်း ကို ကိုမိုးမြင့်က ပြောပြမှာပါ။



