ရုရှားထဲကို တာဝေးပစ် ဒုံးကျည်တွေနဲ့ ယူကရိန်းပစ်ခတ်
ဂျိုးဘိုင်ဒန်အစိုးရက ယူကရိန်းကို မကြာခင် အတောအတွင်း မြေမြှုပ်မိုင်းတွေ ပေးဖို့ စီစဉ်ထားတယ်ဆိုတဲ့ သတင်းတွေကို ဘီဘီစီက အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒီ မြေမြှုပ်မိုင်းတွေကို အသုံးမပြုဖို့ တားဆီးချက်တွေ ရှိပေမယ့် ယူကရိန်းမြေပေါ်မှာ ရုရှားတပ်တွေ ရှေ့တိုးမလာနိုင်စေဖို့ တားဆီးရာမှာ အထောက်အကူ ဖြစ်စေဖို့ အတွက် အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ယူကရိန်းအစိုးရဘက်ကလည်း လူနေဒေသတွေမှာ အသုံးပြုမှာ မဟုတ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်းကလည်း ပြီးခဲ့တဲ့ တရက်က ရုရှားနယ်နိမိတ်ထဲက ကီလိုမီတာ ၁၀၀ အကွာလောက်မှာ ရှိတဲ့ လက်နက်တိုက်ကို ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ အမေရိကန်က ထောက်ပံ့ပေးတဲ့ အတက်ကမ် တာဝေးပစ် ဒုံးကျည်တွေနဲ့ ရုရှားနယ်နိမိတ်ထဲကို ပထမဆုံးအကြိမ် ပစ်ခတ် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဘရော့ဗ်ကတော့ သူတို့ဘက်က သင့်တော်သလို တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။ ဘီဘီစီရဲ့ ရုရှားရေးရာ အယ်ဒီတာ စတိဗ်ရိုဆင်ဘတ်ဂ် မော်စကို မြို့က ပေးပို့ထားတဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။



