ထရမ့် သမ္မတဖြစ်ရင် စစ်ပွဲ ‘စောစော အဆုံးသတ် လိမ့်မယ်’လို့ ဇလန်းစကီးပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဂျော့ရိုက်
- ရာထူးတာဝန်, ဘီဘီစီ သတင်း
- ရေးသားသူ, အဲလက်စ် ဖိလစ်
- ရာထူးတာဝန်, ဘီဘီစီ သတင်း
ဒေါ်နယ် ထရမ့် အမေရိကန် သမ္မတ ဖြစ်လာတဲ့အခါ ရုရှားနဲ့ ဖြစ်နေတဲ့ စစ်ပွဲဟာ “ပိုစောပြီး အဆုံးသတ်” လိမ့်မယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ထုတ်ပြောလာပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ် ထရမ့် အနိုင်ရပြီးတဲ့နောက် ထရမ့်နဲ့ပြောတဲ့ ဖုန်းခေါ် ဆိုမှုအတွင်းမှာ “အပြုသဘောဆောင်တဲ့အမြင်ချင်းဖလှယ် ပြောဆိုမှု” ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
ရုရှားနဲ့ စကားပြောဖို့ တောင်းဆိုတာမျိုး ထရမ့် ဘက်က ပြော၊ မပြောကို သမ္မတ ဇလန်းစကီးက မပြောပေမဲ့ ယူကရိန်းရဲ့ ရပ်တည်ချက်နဲ့ဆန့်ကျင်ဖီလာတဲ့ ပြောဆိုမှုမျိုး ထရမ့်ဆီကနေ သူ မကြားထားဘူးလို့ ဇလန်းစကီးက ပြောပါတယ်။
ထရမ့်ကတော့ ယူကရိန်း - ရုရှားစစ် အဆုံးသတ်ရေးဟာ သူ့ရဲ့ ဦးစားပေးဖို့ မပြတ်ပြောနေတာပါ။ ရုရှားဟာ ယူကရိန်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အင်အားပြည့် ကျူးကျော်မှုစတင်ကတည်းက ဒီစစ်ပွဲ ဖြစ်နေခဲ့တာဖြစ်ပြီး ကိယက်ဗ်ကို စစ်ရေးအကူအညီတွေ အမေရိကန်က ပေးနေရတာကလည်း အမေရိကန်ရဲ့ အရင်းအမြစ်တွေ ယိုပေါက်ဖြစ်နေတယ်လို့ ဒီစစ်ပွဲနဲ့ ပတ်သက်ပြီး ထရမ့်က ပုံဖော် ပြောထားဖူးပါတယ်။
အခုနှစ် အစောပိုင်းတုန်းကတော့ အမေရိကန်အောက်လွှတ်တော်ဟာ ယူကရိန်းကို ဒေါ်လာ ၆၁ ဘီလျံအထိပေးတဲ့စစ်ရေးအကူအညီကို အတည်ပြုပေးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းကို လက်နက်အကြီးအကျယ်ထောက်ပံ့နေတဲ့နိုင်ငံဖြစ်ပါတယ်။ စစ်ပွဲစချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇွန်လကုန်ပိုင်းအထိဆိုရင် အမေရိကန်ဟာ လက်နက်နဲ့ ပစ္စည်းကိရိယာ ဒေါ်လာ ၅၅.၅ ဘီလျံဖိုးအထိ အကူအညီပေးတားတာနဲ့ ပေးမယ်လို့ ကတိပေးထားတယ်လို့ ကမ္ဘာ့စီးပွားရေးကို စောင့်ကြည့်တဲ့ ဂျာမနီသုတေသနအဖွဲ့ Kiel Institute က ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်ပြည်တွင်းမှာတော့ ယူကရိန်းကို လက်နက်ထောက်ပံ့ပေးရေးကိစ္စဟာ ယူကရိန်း - စစ်ပွဲ စတင်ကတည်းက တစ်နည်းတစ်ဖုံနဲ့ ယုတ်လျော့လာတဲ့အခြေအနေပါ။ ဒါကို ဒေါ်နယ်ထရမ့် အောင်အောင်မြင်မြင် မဲယိမ်းအောင်လုပ်နိုင်ခဲ့တဲ့ ရီပတ်ဘလီကန်မဲဆန္ဒရှင်တွေရဲ့ မဲကို ကြည့်ရင် မြင်နိုင်ပါတယ်။
အမေရိကန်သမ္မတဟောင်းကနေ ရွေးကောက်ခံသမ္မတဖြစ်လာပြီဖြစ်တဲ့ ဒေါ်နယ်ထရမ့်က စစ်ပွဲကို ''တစ်ရက်အတွင်း'' အဆုံးသတ်မယ်လို့ အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်ကာလတစ်လျှောက်လုံးမှာ ထပ်ချည်းတလဲလဲ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ သူဘာတွေ လုပ်မလဲဆိုတာမျိုးတော့ သဲသဲကွဲကွဲမပြောထားပါဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“ အခု အိမ်ဖြူတော်ကို ဦးဆောင်မယ်အဖွဲ့ရဲ့ မူဝါဒတွေအရဆိုရင်တော့ စစ်ပွဲဟာ မြန်မြန်အဆုံးသတ်သွားမှာ သေချာပါတယ်။ ဒါကပဲ သူတို့ ချဥ်းကပ်ပုံဆိုတော့လေ။ သူ့နိုင်ငံသားတွေကို ပေးထားတဲ့ကတိဆိုရင်လည်း မမှားပါဘူး” လို့ ဇလန်းစကီး ယူကရိန်းမီဒီယာတစ်ခုဖြစ်တဲ့ Suspilne နဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဖြေထားပါတယ်။
ယူကရိန်းအနေနဲ့ “နောက်နှစ်မှာ ဒီစစ်ပွဲအဆုံးသတ်နိုင်ရေး လုပ်နိုင်တာ အားလုံးလုပ်သွားမယ်၊ သံခင်းတမန်ခင်းနည်းတွေလည်း ပါဝင်မှာပေါ့လို့ သူက ထပ်ပြောခဲ့ပေမဲ့ တဖက်မှာတော့ ရုရှားတပ်တွေဟာ စစ်မြေပြင်မှာ ရှေ့တိုးနေပါတယ်။
ရှေ့တန်းစစ်မျက်နှာပြင်တွေမှာတော့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်စတင်တဲ့ ၂၀၂၃ ခုနှစ်ကတည်းကဆိုရင် တန့်နေပြီး ယူကရိန်းဟာ သူရည်ရွယ်ထားတဲ့အတိုင် နယ်မြေထိန်းချုပ်မှုတွေလည်း မလုပ်ထားနိုင်သေးပါဘူး။
ရုရှားတပ်တွေကတော့ နိုင်ငံ အရှေ့တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ အကျအန ခြေကုတ်ယူ သိမ်းထားပြီး တိုက်ပွဲတွေဟာ အရှေ့ပိုင်း ဒေသ ဒွန်းဘက်စ်မှာ ဆက်ပြီးရှိနေပါတယ်။
သောကြာနေ့တုန်းကတော့ ရုရှားတပ်တွေဟာ အရှေ့ပိုင်း စစ်မြေပြင်တလျှောက်ကို တိုးလာနိုင်တဲ့အခြေအနေရှိခဲ့ပါတယ်။ အရှေ့မြောက်ပိုင်းက Kupyansk မြို့နဲ့ အရှေ့တောင်ပိုင်းက Vuhledar မြို့တွေအနီးမှာ တိုက်ပွဲသိသိသာသာဖြစ်ပွားခဲ့တယ်လို့ စစ်ပွဲအကြောင်းလေ့လာတဲ့ ဝါရှင်တန်အခြေစိုက် ISW အင်စတီကျူ့က ပြောပါတယ်။
ရုရှား ခြေလျင်တပ်ဟာ နိုင်ငံနဲ့နယ်စပ် အရှေ့မြောက်ပိုင်းက ခါခိဗ် ဒေသထဲကို ကန့်သတ်ထိုးစစ် ဆက်လုပ်နေတယ်လို့ ဒေသတွင်း ယူကရိန်းစစ်ရေးရင်းမြစ်တွေကို ကိုးကားပြီး ISW က ပြောပါတယ်။
ရုရှားရဲ့ ရှေ့တိုးမှုတွေကို ဟန့်တားတယ်လို့ယူဆရတဲ့အနေနဲ့ ယူကရိန်းတပ်တွေဟာ ဒီတစ်နွေလုံးမှာ ရုရှားရဲ့ ခါ့ခ်စ် ဒေသထဲ အထိ ထိုးဖောက် ထိုးစစ်ဆင်ခဲ့တာကြောင့် ဒုတိယကမ္ဘာစစ်ကတည်းကဆိုရင် ရုရှားပိုင်နက်ကို ပထမဆုံး ဝင်ရောက်နေရာယူမှုဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဇလန်းစကီးကတော့ စစ်ဆင်ရေးရဲ့ရည်ရွယ်ချက်ဟာ ရုရှားတပ်တွေကို ယူကရိန်း ရှေ့တန်းစစ်မြေပြင်ကနေ ထွက်သွားအောင်လုပ်ဖို့ဖြစ်တယ်လို့ ပြောပေမဲ့ ဒီရည်မှန်းချက် ပေါက်မြောက်အောင်မြင်လားဆိုတာတော့ မသဲကွဲသေးပါဘူး။
ရုရှားဟာ တိုက်ခိုက်ရေးအင်အားဖြည့်ဖို့ စစ်မှုထမ်းသောင်းချီ ခေါ်ယူဖြည့်တင်းနေချိန်မှာ အင်အားပိုနည်းတဲ့ ယူကရိန်းစစ်တပ်ဟာ အနောက်နိုင်ငံတွေကနေ ထောက်ပံ့တဲ့ နည်းပညာမြင့် လက်နက်တွေကို မီခိုနေရတာဖြစ်ပါတယ်။
ဒါပေမဲ့ အကဲခတ်တွေကတော့ ခါ့စ်ခ်မှာ ယူကရိန်း ထိန်းထားတဲ့နယ်မြေဟာ ဖြစ်လာနိုင်တဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် အပေးအယူလုပ်ရာမှာ အသာစီးရနိုင်တဲ့အခွင့်အလမ်းတစ်ခု ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ယူကရိန်းနိုင်ငံထဲမှာ ''စစ်ပွဲ ကြားခံဇုန်တွေ'' ဖြစ်လာမှာကို ရှောင်ရှားနိုင်ဖို့ ထိုးစစ်စတင်ခဲ့တာလို့ဆိုပြီးဇလန်းစကီးက ''အောင်မြင်မှုအစီအစဥ်''ကို ပြီးခဲ့တဲ့လတုန်းက ပြောခဲ့ပါတယ်။
အခုတော့ သံခင်းတမန်ခင်းနည်းနဲ့အဖြေရှာမယ်လို့ဆိုပြီးပြောလာတဲ့အခြေအနေအသစ်ကတော့ စစ်ပွဲနဲ့ပတ်သက်ပြီး ယူကရိန်းပြည်တွင်းမှာရော ပြည်ပမှာပါ ခြေကုန်လက်ပမ်းကျလာတဲ့စိုးရိမ်ချက်တွေရှိနေချိန် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုဆုံးဖြတ်ချက်ဟာ ရှင်းရှင်းလင်းလင်းတော့ မရှိသေးပါဘူး။ ဘာကြောင့်လဲ ဆိုရင် ၂၀၁၄ ခုနှစ်မှာ ရုရှားက သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသအပါအဝင် ယူကရိန်းရဲ့ ဘယ်နယ်ကိုမှ လက်မလွှတ်ဖို့ ဇလန်းစကီးဘက်က အကြိမ်ကြိမ်ငြင်းဆိုထားတာကြောင့်ဖြစ်ပါတယ်။
ထရမ့်နဲ့ ဇလန်းစကီးကြားမှာလည်း ဗရုတ်ဗရက် ဆက်ဆံရေးက ရှိထားပါတယ်။ ထရမ့်ဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် မိသားစုနဲ့ပတ်သက်ပြီး ပျက်စီးရာပျက်စီးကြောင်း သတင်းတွေကို တူးဆွဖို့ ဇလန်းစကီးကို ဖိအားပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ၂၀၁၉ ခုနှစ်မှာ စွပ်စွဲပြစ်တင်ခံရပါတယ်။
အမြင်မတူကွဲပြားတာတွေ နှစ်နဲ့ချီရှိနေခဲ့ပေမဲ့ ထရမ့်ကတော့ သူဟာ ဇလန်းစကီးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လို့ ထပ်ချည်းတလဲလဲ ပြောဆိုနေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက နယူးယောက်မြို့မှာ တွေ့ဆုံချိန်တုန်းကတော့ ထရမ့်က သူဟာ တွေ့ဆုံပွဲကနေ “အများကြီးသင်ယူနိုင်ခဲ့တယ်” လို့ပြောပြီး စစ်ပွဲကို “မြန်မြန်ဖြေရှင်းနိုင်အောင်လုပ်မယ်”လို့လည်း ပြောခဲ့ပါတယ်။
သူ့ရဲ့ ဒီမိုကရက်ပြိုင်ဘက်တွေကတော့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို သက်တောင့်သက်သာဆက်ဆံတယ်လို့ သူ့ကို စွပ်စွဲပြီး ယူကရိန်း- ရုရှား စစ်ပွဲနဲ့ပတ်သက်ပြီး ထရမ့်ရဲ့ ချဥ်းကပ်မှဒဟာ ယူကရိန်းကို လက်နက်ချက်တဲ့အထိဖြစ်စေသလို ဥရောပတခွင်ကိုလည်း အန္တရာယ် ဖြစ်စေမယ်လို့ ပြောပါတယ်။
အခုသီတင်းပတ်အစောပိုင်းတုန်းကလည်း ထရမ့် ရွေးကောက်ပွဲနိုင်ပြီးတဲ့နောက် ရုရှားဟာ ပူတင်နဲ့ ထရမ့်တို့ ဖုန်းခေါ် ဆိုခဲ့ပြီး အဲဒီတုန်းက ရွေးကောက်ခံသမ္မတ ထရမ့်ဟာ ယူကရိန်း- ရုရှားစစ်ပွဲ ဒီထက်ပိုပြင်းထန်လာမှာကို သတိပေးခဲ့ပုံရတယ်ဆိုတဲ့သတင်းတွေကို ရုရှားဘက်က ငြင်းဆိုခဲ့ပါတယ်။
အမေရိကန်ရွေးကောက်ပွဲပြီးတဲ့နောက် ထရမ့်နဲ့ စကားပြောခဲ့တဲ့ ဂျာမနီ အဓိပတိ အိုလက်ဖ် ရှို့ဇ် ကတော့ မကြာခင်မှာ သမ္မတတာဝန်ယူမယ့် ထရမ့်ဟာ စစ်ပွဲနဲ့ပတ်သက်ပြီး အများထင်မြင် ယူဆနေတဲ့ ရပ်တည်ချက်ထက် “ပိုပြီး ကွဲပြားတဲ့ သိမ်မွေ့တဲ့ရပ်တည်ချက်” ရှိတယ်လို့ ဂျာမနီ မီဒီယာတွေကို ပြောထားပါတယ်။
၂ နှစ်အတွင်းမှာ ပူတင်နဲ့ ပထမဆုံးအကြိမ် ဖုန်းခေါ် ဆိုမှုပြုလုပ်ခဲ့တဲ့ ဂျာမနီအဓိပတိကိုတော့ ဇလန်းစကီးက သောကြာနေ့တုန်းက ဝေဖန်ထားပါတယ်။ ဂျာမနီအဓိပတိရုံးကတော့ စစ်ပွဲရပ်ဖို့ အဓိပတိဘက်က ထပ်လောင်းပြောဆိုခဲ့တာလို့ ပြောပေမဲ့ ဇလန်းစကီးကတော့ ဒီလိုဖုန်းပြောဆိုတာဟာ ပူတင့်အပေါ် နိုင်ငံတကာက ဖယ်ကျဥ်တဲ့အထီးကျန်စေမှုကို ယုတ်လျော့သွားစေတယ်လို့ ပြောထားပါတယ်။














