ယူကရိန်းစစ်ပွဲ - ရုရှားအတွက် တိုက်ပေးနေရတဲ့ လှည့်ဖျားခံ အိန္ဒိယလူရွယ်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းနဲ့ စစ်ပွဲမှာ ရုရှားတပ်တွေဘက်နေ ဒါဇင်နဲ့ချီတဲ့ အိန္ဒိယနိုင်ငံသားတွေ တိုက်ပွဲနေရပါတယ်။ အိန္ဒိယလူကုန်ကူးပွဲစားတွေကတဆင့် လိမ်ညာခံရပြီးပါသွားခဲ့ကြတာလို့ သတင်းထွက်နေပြီး အဲဒီထဲကတစ်ယောက်ဆိုရင် ဒုံးကျည်ထိမှန်ပြီးတောင် သေဆုံးသွားခဲ့ပါတယ်။
ဟိန္ဒူ သတင်းစာ ရဲ့ သတင်းမှာတော့ အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်က ဟာမယ် အက်ရှ်ဝင်ဟိုင် ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ရှေ့တန်းစစ်မျက်နှာပြင်မှာ ဒုံးကျည်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားခဲ့တယ်လို့ ဖော်ပြပါတယ်။
ဟာမယ်ရဲ့ ဖခင်ကလည်း ပြီးခဲ့တဲ့ သုံးရက်က သားဖြစ်သူနဲ့ စကားပြောခဲ့ရတယ်လို့ ဖေဖော်ဝါရီ ၂၃ ရက်က ဘီဘီစီကို ဖြေကြားထားပါတယ်။
ဟာမယ်ရဲ့ ဖခင်အပြောအရ ဟာမယ်ကို ယူကရိန်းနယ်စပ် ကီလိုမီတာ ၂၀ ကျော် (မိုင်အားဖြင့် ၁၀ မိုင်နဲ့ ၁၃ မိုင်) အကွာက တပ်စခန်းမှာ တာဝန်ချထားပြီး တခါတလေ မိုဘိုင်းဖုန်းလိုင်းရတဲ့အချိန်မှာတော့ ဖုန်းခေါ်စကားပြောရတယ်လို့ ဆိုပါတယ်။
ဒီလိုသတင်းတွေကြောင့်ပဲ ကျန်တဲ့မိသားစုဝင်တွေလည်း စိုးရိမ်စိတ်ပူနေကြပြီး ရုရှားစစ်မြေပြင်ရောက် အိန္ဒိယနိုင်ငံသားတွေကို အမြန်ဆုံးပြန်ခေါ်ပေးဖို့ အိန္ဒိယအစိုးရကို တောင်းဆိုနေကြပါတယ်။
လိမ်ညာခေါ်ဆောင်သူတွေက အသက် ၂၂ နှစ်နဲ့ ၃၁ နှစ်အရွယ်အကြား အိန္ဒိယလူရွယ်တွေကို ''ရုရှားစစ်တပ်မှာ အကူသမား'' အနေနဲ့ ခေါ် ခဲ့တာလို့ သိရပါတယ်။ မိသားစုဝင်တွေရဲ့ အဆိုအရတော့ ''လေ့ကျင့်ရေး'' ဆိုတဲ့ အကြောင်းပြချက်ခေါင်းစဥ်နဲ့ စစ်မြေပြင်ကို စေလွှတ်ခဲ့တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen Grab
ရုရှားနိုင်ငံမှာရှိတဲ့ အိန္ဒိယသတင်းရင်းမြစ်တွေကတော့ အိန္ဒိယလူမျိုး ဒါဇင်နဲ့ချီပြီး ရုရှားစစ်တပ်ကို ဝင်ရောက်ခဲ့တာကို သိထားရကြောင်းပြောပါတယ်။
ဒါပေမဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ခုကတော့ ပြီးခဲ့တဲ့ နှစ်က စစ်တပ်ထဲစုဆောင်း ခဲ့တဲ့ အမှန်တကယ် အရေအတွက်က ၁၀၀ လောက်ပဲရှိတယ်လို့ ဟိန္ဒူ သတင်းစာကို ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
BBC က ဒေလီမှာရှိတဲ့ ရုရှားသံရုံးကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိသေးပါဘူး။
“အိန္ဒိယနိုင်ငံသားအချို့ဟာ ရုရှားစစ်တပ်ရဲ့ ထောက်ပံ့ရေးအခန်းကဏ္ဍမှာ ပါဝင်ဖို့အတွက် အမည်စာရင်းသွင်းထားတယ်'' လို့သိရကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်းအတည်ပြုထားပါတယ်။
“မော်စကိုမှာရှိတဲ့ အိန္ဒိယသံရုံးကတော့ ဒီဖြစ်ရပ်တစ်ခုချင်းစီကိုအာရုံစိုက်ဖြေရှင်းနေပြီး ရုရှားအာဏာပိုင်တွေဘက်ကိုလည်း အခိုင်အမာပြောနေကြောင်း၊ အလားတူ နယူးဒေလီက ရုရှားသံရုံးကိုလည်း ဝန်ကြီးဌာနအနေနဲ့ အကြောင်းကြားထားကြောင်း၊ အဲဒီရလဒ်တွေအနေနဲ့ အိန္ဒိယနိုင်ငံသားတော်တော်များများလည်း ရုရှားစစ်တပ်ထဲက ပြန်ထွက်လာကြပြီ" လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက "အိန္ဒိယနိုင်ငံသားအားလုံးကို သတိထားဖို့ပြောနေပြီး ဒီပဋိပက္ခတွေကနေ ဝေးဝေးနေဖို့ " တိုက်တွန်းထားပါတယ်။
အလိမ်အညာလူပွဲစားအေးဂျင့်တွေရဲ့ လှည့်ဖြားခြင်းကိုခံရပြီး စစ်မြေပြင်ရောက်ခဲ့သူတွေကိုယ်တိုင်ရှင်းပြတဲ့ ဗီဒီယိုတွေ ကိုတွေ့တဲ့အခါ ဆင်းရဲနွမ်းပါးလွန်းတဲ့သူတို့ရဲ့ မိသားစုဝင်တွေကို တုန်လှုပ်ဝမ်းနည်းစေခဲ့ပါတယ်။
သားကောင်ဖြစ်ခဲ့ရသူတွေရဲ့ မိသားစုဝင်တွေ မောင်နှမတွေဟာ သုံးဘီးမောင်းသူတွေ၊ လက်ဖက်ရည်ရောင်းသူတွေ၊ လက်တွန်းလှည်းနဲ့စျေးလှည့်ရောင်းသူတွေဖြစ်ကြပါတယ်။
စစ်မြေပြင်ကိုပို့ခံရသူတွေနဲ့ မိသားစုဝင်တွေကတော့ လူပွဲစားအေးဂျင့်တွေဟာ လအနည်းငယ်ကြာ စစ်မှုထမ်းပြီးရင် ရုရှားနိုင်ငံကူးလက်မှတ်ရမယ်ဆိုပြီး သူတို့ဆီက ရူပီး ၃ သိန်း (ဒေါ်လာ ၃,၆၀၀၊ ပေါင် ၂,၈၀၀) ကျော်ကို ပွဲစားခတောင်းခဲ့တယ်လို့ ဆိုပါတယ်။
အေးဂျင့်တွေဟာ အိန္ဒိယ၊ ယူအေအီး၊ နီပေါနဲ့ သီရိလင်္ကာတို့က လူတွေကို ရူပီး ၁ ဒသမ ၂ သန်းအထိ အခကြေးငွေတောင်းပြီး ရုရှားကို ပို့ခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီက ရုရှားစစ်မြေပြင်ရောက် အိန္ဒိယလူမျိုးတွေရဲ့ ဆွေမျိုးတချို့နဲ့ စကားပြောဆိုခဲ့ပါတယ်။ ဖြားယောင်းခံရတဲ့ အိန္ဒိယအမျိုးသားတွေဟာ လစာများများရမယ်ဆိုတဲ့ မက်လုံးတွေနဲ့ ခေါ်ဆောင်ခံရပြီး သူတို့ဘာလုပ်ကြရမလဲဆိုတာမသိဘူးလို့ ပြောပါတယ်။
ရုရှားမှာ ရှိနေသေးသူတွေအန္တရာယ် မကျရောက်စေဖို့ သူတို့ဘယ်သူဘယ်ဝါဆိုတာကို ဘီဘီစီက ထုတ်မပြောနိုင်ပါဘူး။
“ကျွန်တော့်ရဲ့ ၂၈ နှစ်အရွယ် သားက ဒူဘိုင်းမှာရှိတဲ့ ထုပ်ပိုးမှုကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်။သူနဲ့ သူ့သူငယ်ချင်း ၃ ယောက်က ရုရှားကအလုပ်အတွက် လစာ ရူပီး ၉ သောင်းကနေ ၁ သိန်းရမယ် ဆိုတဲ့ အေးဂျင့်ပွဲစားရဲ့ ဗီဒီယိုကိုတွေ့ပြီး သူတို့ လက်ရှိလုပ်နေတဲ့ ရူပီး ၃သောင်းခွဲနဲ့ ၄ သောင်းပဲ ရနေတဲ့ အလုပ်နဲ့နှိုင်းယှဥ်ပြီး အယုံလွယ်ပြီးပါသွားတာပါ''
အဲဒီအလုပ်အတွက် ဆိုပြီး ပွဲစားကို ရူပီး ၃ သိန်း ချေးငှားပြီး ပေးခဲ့ရတယ်လို့ဆိုပါတယ်။
''ကျေးဇူးပြုပြီး ကျွန်တော့်သားကို ပြန်ပို့ပေးပါ” လို့ ကာနာတာကာပြည်နယ်မှာ လမ်းဘေး လှည်းနဲ့ လက်ဖက်ရည်နဲ့ ကြက်ဥရောင်းတဲ့ ဖခင်ဖြစ်သူက ဘီဘီစီ ဟင်ဒီဌာနရဲ့ အမေးကို ဖုန်းနဲ့ဖြေရင်း ငိုရှိုက်ရင်း ပြောပါတယ်။
အဲဒီဇာတ်လမ်းက တခြားပြည်နယ်တွေဖြစ်တဲ့ တီလန်နာဂန်နာ၊ ဂူဂျာရတ်၊ ကက်ရှ်မီးယား၊ အနောက် ဘန်ဂေါနဲ့ ဥထရာပရာဒက်ရှ်ပြည်နယ်တွေက လှည့်ဖျားပြီး ရုရှားပို့ခံရသူတွေရဲံ ဖြစ်စဥ်နဲ့ အတူတူလိုပါပဲ။ သူတို့ထဲက တစ်ယောက်ပဲ မော်စကိုမြို့ကနေ လွတ်မြောက်ပြီး ကံကောင်းစွာအိမ်ကိုပြန်ရောက်ခဲ့ပါတယ်။
ဥထရာပရာဒက်ရှ်က လူတစ်ယောက်ကတော့ မော်စကိုမြို့ရဲ့ လုံခြုံတဲ့နေရာကနေ စကားပြောနေတဲ့ ဗီဒီယိုတစ်ခုကို ဇန်နဝါရီလကုန်ပိုင်းက ရိုက်ကူးထားပါတယ်။ သူ့ရဲ့ ဗီဒီယိုထဲမှာ သူတို့ဘယ်လို ခေါ်ဆောင်သွားခံရတယ်ဆိုတာကိုပြောထားပါတယ်။
သူတို့ကို BabaVlog (အိန္ဒိယတစ်ဦး တင်နေတဲ့ YouTube ချန်နယ်) ကနေ ရုရှားမှာ တစ်လကို ရူပီး ၁ သိန်းခွဲနဲ့ အလုပ်ရမယ်ဆိုပြီးခေါ်ခဲ့ကြောင်းနဲ့ စစ်တပ်မှာအလုပ်လုပ်ရမယ်လို့မပြောခဲ့ကြောင်း ပြောထားပါတယ်။
BBC က အဲဒီ ယူကျုချန်နယ်ကို ဆက်သွယ်ခဲ့ပေမဲ့ တုံ့ပြန်မှုမရခဲ့ပါဘူး။
ခပ်နွမ်းနွမ်းစစ်ဝတ်စုံကိုဝတ်ထားတဲ့ အဲဒီ ဥထရာပရာဒက်ရှ်က လှည့်ဖြားခံရသူရဲ့ ဗီဒီယိုထဲမှာ ပြောထားချက်အရ သူ့ကို ဆိုရှယ်မီဒီယာကနေ တဆင့် အလုပ်ခေါ်လာတာလို့ပြောပါတယ်။ စစ်ထဲသွင်းခံရသူ အားလုံး အရင်က စစ်မြေပြင် အတွေ့အကြုံလုံးဝမရှိခဲ့ကြဘူးလို့ ဆိုပါတယ်။
"မော်စကိုမှာ၊ ရုရှားဘာသာစကားနဲ့ စာချုပ်ထဲမှာ လက်မှတ်ထိုးရတယ်၊ ပြီးတော့ ဘာမှ မသိရဘဲစစ်သားအဖြစ် စေလွှတ်ခံခဲ့ရတယ်။ ကျွန်တော်တို့ အလှည့်စားခံခဲ့ရတယ်" လို့ဆိုပြီး သူနဲ့အတူ တခြားအိန္ဒိယလူမျိုး နှစ်ဦးလည်း စစ်မြေပြင်မှာဒဏ်ရာတွေရခဲ့တယ်လို့ဆိုပါတယ်။ ဗီဒီယိုထဲမှာ ဒဏ်ရာရှိပုံရတဲ့ ညာဘက်လက်ကို လက်ဟန်ခြေဟန်နဲ့ပြနေပါတယ်။
"ကျေးဇူးပြုပြီး ဒီနေရာကနေ ကျွန်တော် တို့ကို ကယ်ထုတ်ပေးပါ။ ဒီလိုမှမဟုတ်ရင် သူတို့က ကျွန်တော်တို့ကို ရှေ့တန်းကို ပို့လိမ့်မယ်။ အမြောက်တွေနဲ့ ဒရုန်းတွေ အနားကို အကုန်ကျနေတယ်။ ကျွန်တော်တို့မှာ စစ်ပွဲနဲ့ တိုက်ခိုက်ရေး အတွေ့အကြုံ လုံးဝ မရှိဘူး။ အေးဂျင့်တွေက ကျွန်တော်တို့ကို ဒီထဲကို ပို့လိုက်တာ" လို့သူက ထပ်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen Grab
ကက်ရှ်မီးယားက အမျိုးသားတစ်ဦးဟာ သူ့ရဲ့ အိန္ဒိယအဖော်တစ်ဦး၊ နီပေါနဲ့ ကျူးဘားက လူကိုးဦးတို့နဲ့အတူ ယူကရိန်းနိုင်ငံ မာရီယိုပိုးမှာ သောင်တင်နေတယ်လို့ ရုရှား-ယူကရိန်းနယ်စပ်ကနေ ဖုန်းနဲ့ သတင်းပေးပိုခဲ့ပါတယ်။ ပြီးတော့ စစ်ရေးလေ့ကျင့်ချိန်မှာ ခြေထောက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
"မင်းရဲ့ ညာလက်နဲ့ ဘယ်လက်တွေကိုသုံးပြီး အပေါ်ကိုပစ် အောက်ကိုပစ်'' လို့ ကျွန်တော်ရဲ့ တပ်မှူးက ပြောတယ်လို့ သူက ပြန်ပြောပါတယ်။
“ကျွန်တော် တစ်ခါမှ သေနတ်မကိုင်ဖူးဘူး။ ဒီမှာ အရမ်းအေးပြီး ကျွန်တော်ဘယ်လက်ကနေ သေနတ်ကိုင်ထားရင်း ကိုယ့်ခြေထောက်ကို ပစ်မိလိုက်တယ်''
အဲဒီ ကက်ရှ်မီးယားလူငယ်ရဲ့ အစ်ကိုဖြစ်သူက ပြောပြရာမှာာ့ အိန္ဒိယလူမျိုးတွေအနေနဲ့ ဗာဂနာတပ်ဖွဲ့ ဒါမှမဟုတ် ရုရှားစစ်တပ်မှာရောက်နေတာလားဆိုတာကို မသိရကြောင်းနဲ့ သူတို့ဟာ ယူကရိန်းနယ်စပ်ကနေ ကီလိုမီတာ ၄၀ အကွာ မှာရောက်နေတာ ၃ လရှိပြီလို့ဆိုပါတယ်။ သူတို့ကို ၃ လကြာရင် ရုရှားနိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ ကတိပြုထားတယ်လို့ သိရပါတယ်။
သူတို့ထဲမှာ ဂူဂျာရတ်က ရှိုင်ကာမိုဟာမက် တာဟာ တစ်ယောက်ပဲ စစ်ပွဲဇုန်အတွင်း လေ့ကျင့်ရေး ဒါမှမဟုတ် တပ်ဖြန့်ထားတဲ့ရှေ့တန်းစစ်မျက်နှာကို ရှောင်ရှားနိုင်ခဲ့ပါတယ်။
“ကျွန်တော် က ကားဘက်ထရီ အလုပ်ရုံမှာ လုပ်ခဲ့တယ်” လို့ အသက် ၂၄ နှစ်အရွယ် ရှိုင်ကာ က ဆိုပါတယ်။ သူကတော့ ပြီးခဲ့တဲ့ အပတ်ထဲကပဲ အိန္ဒိယကိုပြန်လာခဲ့ပါတယ်။
ဒီကိစ္စတွေကို သတင်းစာခေါင်းကြီးပိုင်းတွေဆီ ရောက်အောင် ဖော်ထုတ်ခဲ့သူက ဟိုက်ဒရာဘတ်မြို့က လွှတ်တော်အမတ် အက်ဆာဒူဒင်အိုဝါရီဆီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၃ ရက်ကတော့ ရုရှားရောက်လှည့်ဖြားခံအိန္ဒိယနိုင်ငံသားတွေကို အိမ်ပြန်ခေါ်နိုင်ဖို့ အစိုးရကို သူက တောင်းဆိုစာပေးပို့ခဲ့ပါတယ်။
အိန္ဒိယရဲ့ အဓိက အတိုက်အခံ ကွန်ဂရက်ပါတီရဲ့ ခေါင်းဆောင် မာလီကာဂျွန်ခါရီကတော့ အိန္ဒိယလူမျိုး ၁၀၀ လောက် ရုရှားစစ်တပ်မှာ ကူညီသူတွေအဖြစ် ပြီးခဲ့တဲ့နှစ်တွေအတွင်း အသွင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
"ကြားရတာ တုန်လှုပ်ဖို့ကောင်းပါတယ်။ သူတို့ထဲက တချို့ကို ရုရှား-ယူကရိန်းနယ်စပ်မှာ ရုရှားတပ်ဖွဲ့တွေနဲ့ အတူ တိုက်ပွဲဝင်ခိုင်းခဲ့တယ်။ အလုပ်သမားတချို့ကလည်း သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေနဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းခံရပြီးအဲဒီမှာ သောင်တင်နေပြီး အိမ်မပြန်နိုင်ဘူးလို့ပြောတယ်။"
၂၀၂၂ ရုရှား - ယူကရိန်းစစ်ပွဲစတော့ ယူကရိန်းစစ်တပ်ဘက်ကနေ အိန္ဒိယလူမျိုးတချို့ ဝင်တိုက်ပေးဖို့ စာရင်းပေးခဲ့တယ်ဆိုတဲ့ သတင်းတချို့ရှိခဲ့ပါတယ်။ အခုလို ရုရှားဘက်မှာ အိန္ဒိယလူမျိုးတွေ စစ်မြေပြင်မှာ တိုက်ခိုက်ရေးအတွက် ရှိနေတယ်ဆိုတဲ့ သတင်းကတော့ ဒါ ပထမဆုံး ထွက်လာတာပါ။
ယူကရိန်းနယ်စပ်အနီးက ရုရှားတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီးလက်ရှိမှာ စစ်တပ်မှာမရှိတော့တဲ့ ရုရှားရောက် အိန္ဒိယတစ်ဦးနဲ့လည်း ဘီဘီစီက စကားပြောခဲ့ပါတယ်။ သူ့အပြောအရ ရုရှားစစ်တပ်ဟာ ပွင့်လင်းမြင်သာမှုရှိပြီး သူတို့ရဲ့ စာချုပ်စာတမ်းတွေကို အွန်လိုင်းမှာဖြန့်ဝေထားတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ရုရှားဘာသာစကားကို မသိတဲ့ လူတွေကိုတော့ အေးဂျင့်တွေက လှည့်စားနေတာလို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ထပ် ရရှိတဲ့ သတင်းတွေအရ အိန္ဒိယ အာဏာပိုင်တွေက ရုရှားအတွက် ယူကရိန်းနယ်စပ်မှာ တိုက်ပွဲဝင်နေရတဲ့ အိန္ဒိယနိုင်ငံသားတွေကို အလုပ်အကိုင်ပေးမယ်ဆိုပြီးဖြားယောင်းပို့ဆောင်တဲ့ အေးဂျင့်ကွန်ရက်ကို ဖြိုခွင်းလိုက်ပြီလို့ပြောပါတယ်။
အေးဂျင့်ပွဲစားတွေက ဆိုရှယ်မီဒီယာကတစ်ဆင့် လူတွေကို ဖြားယောင်းခဲ့တာလို့ အိန္ဒိယ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CBI) က ပြောကြားပါတယ်။
အဲဒီအေးဂျင့်ကွန်ရက်က ပြည်နယ်များစွာကို ဖြန့်ကျက်ပြီး လူ ၃၅ ဦးလောက် သားကောင်ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။
ဒီကိစ္စဟာ ရုရှားစစ်ပွဲထဲကို လှည့်ဖျားပြီး အပို့ခံခဲ့ရတဲ့ အိန္ဒိယလူမျိုးနှစ်ဦး သေဆုံးပြီးနောက်မှာ ဆင့်ကဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။
လူကုန်ကူးသူတွေဟာ “စနစ်တကျဖွဲ့စည်းထားတဲ့အေးဂျင့် ကွန်ရက်” အောက်မှာ လုပ်ဆောင်နေတယ်လို့စုံစမ်းသိရှိရကြောင်း CBI ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အေးဂျင့်တွေဟာ ယူကျု နဲ့ဆိုရှယ်မီဒီယာကိုသုံးပြီး "အယုံလွယ်တဲ့လူငယ်တွေ" ကို ဖြားယောင်းမက်လုံးပေးပြီး ဝင်ငွေကောင်းတဲ့ အလုပ်အဖြစ် ပြောပြီး ရုရှားကို ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
လူကုန်ကူးခံရတဲ့ အိန္ဒိယ နိုင်ငံသားတွေကို စစ်တိုက်ဖို့ လေ့ကျင့်ပေးပြီး ရုရှား-ယူကရိန်း စစ်ပွဲဇုန်ရှိ ရှေ့တန်း အခြေစိုက် စခန်းတွေဆီ စေလွှတ်ခဲ့တာကို CBI က စစ်ဆေး တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
လူကုန်ကူးခံရသူတွေဟာ သူတို့ရဲ့ ဆန္ဒ မပါဘဲ ရှေ့တန်းပို့ခံခဲ့ရတာဖြစ်လို့ အသက်အန္တရာယ်ရောက်နိုင်တဲ့အထိ ဖြစ်ခဲ့ကြတယ်လို့ပြောပါတယ်။
CBI ကတော့ ဒေလီနဲ့ မွမ်ဘိုင်းအပါအဝင် နေရာ ၁၃ ခုကို ရှာဖွေ စစ်ဆေးခဲ့ပြီး ပုဂ္ဂလိက ဗီဇာလျှောက်ပေးရေးကုမ္ပဏီတွေနဲ့ အေးဂျင့်အများအပြားကို တရားစွဲဆိုထားပါတယ်။
CBI ကတော့ ရူပီးငွေ ၅ သန်းတန်ဖိုးရှိ ငွေသား၊ “တရားမ၀င်စာရွက်စာတမ်းများ” နဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေကို အဲဒီရှာဖွေစစ်ဆေးခဲ့တဲ့နေရာတွေကနေ သိမ်းဆည်းရမိခဲ့ပြီး လူအချို့ကို စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ကတော့ “အိန္ဒိယနိုင်ငံသားအချို့ဟာ ရုရှားစစ်တပ်ရဲ့ ထောက်ပံ့ရေးအခန်းကဏ္ဍမှာ အလုပ်လုပ်ဖို့ စာရင်းသွင်းထားတယ်'' လို့ အစောပိုင်းကတည်းက အတည်ပြုထားပါတယ်။
အိန္ဒိယနိုင်ငံသားတွေကို ရုရှားစစ်တပ်က ပြန်လွှတ်ပေးဖို့ ရုရှားအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတယ်လို့လည်း ပြောထားပါတယ်။











