သံတမန်တွေနှင်ထုတ်တဲ့အထိဖြစ်လာတဲ့ အိန္ဒိယနဲ့ကနေဒါကြား တင်းမာမှု

ဆစ်ခ်ခေါင်းဆောင်သေဆုံးမှု‌နောက်ဆန္ဒပြသူတွေရှိလာ

ဓာတ်ပုံ ရင်းမြစ်, Toronto Sun

ကနေဒါနိုင်ငံသားဖြစ်နေတဲ့ အိန္ဒိယနွယ်ဖွား ဆစ်ခ်ဘာသာရေးနဲ့ ခွဲထွက်ရေးခေါင်းဆောင်သေဆုံးခဲ့မှုဟာ အိန္ဒိယအစိုးရရဲ့ အဖွဲ့အစည်းတချို့နဲ့ ဆက်နွယ်နေတယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးရဲ့ စွပ်စွဲချက်တွေကို ပြင်းထန်စွာကန့်ကွက်ပယ်ချတယ်လို့ အိန္ဒိယကပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က ကနေဒါက ဆစ်ခ်ဘုရားကျောင်းအပြင်ဘက်မှာ ဘာသာရေးခေါင်းဆောင် ဟာဒစ်ဆင်းဂျ်နီဂျာ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

တနင်္လာနေ့ လွှတ်တော်အရေးပေါ်အစည်းအဝေးမှာ ဝန်ကြီးချုပ်ဂျပ်စတင်ထရူးဒိုးက “အိန္ဒိယနဲ့ ဆက်နွှယ်နေတယ်လို့ ယုံကြည်ရနိုင်လောက်တဲ့ စွပ်စွဲချက်တွေအတွက် ထိရောက်တဲ့အချက်အလက်တွေကို ရှာဖွေနေတယ်”လို့ ပြောပါတယ်။

အင်္ဂါ‌နေ့မှာ ဒီအခြေအနေကပိုဆိုးလာပြီး အိန္ဒိယနိုင်ငံဆိုင်ရာ ကနေဒါထိပ်တန်းသံအရာရှိကို အိန္ဒိယဘက်က နှင်ထုတ်ခဲ့သလို ကနေဒါဘက်ကလည်း အိန္ဒိယသံအမတ် ပါဗန်ကူမားရိုင်းကို နှင်ထုတ်လိုက်ပါတယ်။

အသက် ၄၅ နှစ် အရွယ် မစ္စတာနီဂျာ ကို မျက်နှာဖုံးစွပ်ထားတဲ့သေနတ်သမားနှစ်ဦးက ဗန်ကူးဗားမြို့ အရှေ့ဘက်၊ ဆာရီရပ်ကွက်က ဂုရုနာနက်ခ် ဆစ်ခ်ဘုရားကျောင်းအပြင်ဘက်လူရှုပ်ထွေးနေတဲ့ကားပါကင်ထဲက သူ့ရဲ့ကားထဲမှာပဲ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာ ပြည်နယ်မှာ မစ္စတာနီဂျာကို ဆစ်ခ်ဘာသာရေး‌ ခေါင်းဆောင်အဖြစ် လူသိများထင်ရှားပြီး သူဟာ အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်မှာ ဆစ်ခ်လူမျိုးတွေရဲ့ လွတ်လပ်သောခါလစ်စတန်နယ်မြေ ထူထောင်ရေး ကြိုးပမ်းခဲ့သူလည်း ဖြစ်ပါတယ်။

ဆစ်ခ်ခွဲထွက်ရေးနဲ့ဘာသာရေးခေါင်းဆောင်နီဂျာဆင်းဂျ်

ဆစ်ခ်တွေဟာ ဘာသာရေး လူနည်းစု ဖြစ်ပြီး အိန္ဒိယ လူဦးရေရဲ့ နှစ်ရာခိုင်နှုန်း ရှိပါတယ်။ အချို့ ဆစ်ခ်ဘာသာရေးအဖွဲ့တွေကတော့ ဆစ်ခ်လူမျိုးတွေအတွက် ခွဲထွက်နယ်မြေပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဆစ်ခ်လူမျိုးတွေဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက ခွဲထွက်ရေးလှုပ်ရှားမှုကို စတင်ခဲ့ပြီး ဒီလှုပ်ရှားမှုကြောင့်ပဲ ဆစ်ခ်လူမျိုးထောင်နဲ့ချီ အသက်ဆုံးခဲ့ပါတယ်။ နောက်ဆယ်စုနှစ်အကြာမှာတော့ သူတို့ရဲ့ ခွဲထွက်ရေးလှုပ်ရှားမှု အပြီးသတ် ချေမှုန်းခံလိုက်ရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီအချိန်ကစလို့ ခွဲထွက်ရေး လုပ်ရှားမှုတွေဟာ ဆစ်ခ် လူဦးရေများပြားတဲ့ ကနေဒါနဲ့ ယူကေလို နိုင်ငံမျိုးတွေမှာပဲ အများအားဖြင့် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ ကနေဒါမှာ အိန္ဒိယလူမျိုး ၁ ဒသမ ၄ သန်းကနေ ၁ ဒသမ ၈ သန်း ကြားရှိပြီး အိန္ဒိယပန်ဂျပ်ပြည်နယ်ရဲ့ အပြင်ဘက်မှာ ဆစ်ခ်လူဦးရေအများဆုံး ရှိတဲ့ဒေသဖြစ်ပါတယ်။

အိန္ဒိယအစိုးရကတော့ မစ္စတာနီဂျာ ကို စစ်သွေးကြွအကြမ်းဖက်အဖွဲကို ဦးဆောင်သူအကြမ်းဖက် သမားအဖြစ် ပုံဖော်ကြေညာထားပါတယ်။ ဒါပေမဲ့ မစ္စတာနီဂျာ ကိုထောက်ခံသူတွေကတော့ ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေလို့ တုံ့ပြန်ထားပါတယ်။ ထောက်ခံသူတွေအပြောအရသူ့ရဲ့ တက်ကြွလှုပ်ရှားမှုတွေကြောင့် အရင်ကခြိမ်းခြောက်ခံရမှုတွေရှိခဲ့ဖူးတယ်လို့ ပြောပါတယ်။

တနင်္လာနေ့က လွှတ်တော်မှာတော့ ဝန်ကြီးချုပ်ထရူးဒိုး က သူပြီးခဲ့တဲ့ ရက်ပိုင်းကသွားခဲ့တဲ့ ဒေလီမှာလုပ်ခဲ့တဲ့ G20 ထိပ်သီးအစည်းအဝေးမှာ အိန္ဒိယ၀န်ကြီးချုပ်မိုဒီ နဲ့တွေ့ဆုံချိန် မစ္စတာနီဂျာ အသတ်ခံရတဲ့ ကိစ္စကိုပြောခဲ့တယ်လို့ ဆိုပါတယ်။

“ကနေဒါမြေမှာ ကနေဒါနိုင်ငံသားတစ်ဦး သတ်ဖြတ်ခံရတဲ့ကိစ္စမှာ နိုင်ငံခြားအစိုးရတစ်ရပ်ရဲ့ ပါဝင်ပတ်သက်မှု ဟာ လက်မခံနိုင်စရာကိစ္စဖြစ်ပြီး ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကိုချိုးဖောက်လိုက်တာ”လို့ ဝန်ကြီးချုပ်က လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။

အင်္ဂါနေ့မှာတော့ ကနေဒါရဲ့စွပ်စွဲမှုကို အိန္ဒိယရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန “လုံးဝပယ်ချတယ်’’ လို့ တုံ့ပြန်ခဲ့ပြီး “အဓိပ္ပါယ်မဲ့တဲ့ နိုင်ငံရေးသွတ်သွင်းမှု’’ လို့ ဖော်ပြပါတယ်။

ဆစ်ခ်ဘာသာရေးခေါင်းဆောင်ရဲ့နာရေး

ဓာတ်ပုံ ရင်းမြစ်, Toronto Sun

“ အိန္ဒိယကတရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ရင် ခိုင်မာတဲ့ ဒီမိုကရေစီနိုင်ငံပါ” လို့နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။

အိန္ဒိယရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ “ခါလစ်စတန်အကြမ်းဖက်သမားတွေနဲ့ အစွန်းရောက်တွေကို ကနေဒါက အကာအကွယ်ပေးနေတယ်” လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကပြောထားပြီး “အိန္ဒိယကို ဆန့်ကျင်တဲ့သူတွေကို ထိရောက်စွာအရေးယူပေးဖို့ ကျွန်တော်တို့ ကနေဒါအစိုးရကိုတိုက်တွန်းလိုပါတယ်’’ လို့ ပြောပါတယ်။

ကနေဒါဝန်ကြီးချုပ်ရဲ့ မှတ်ချက်ပြုပြောဆိုချက်တွေနောက်မှာတော့ ဂုရုနာနက်ခ်ဆစ်ခ် ဘုရားကျောင်းရှေ့မှာ မစ္စတာနာဂျီအတွက်ဂုဏ်ပြုအခမ်းအနားတွေ၊ ဆန္ဒပြပွဲကြီးတွေကို ဆစ်ခ်လူမျိုးတွေကပြုလုပ်နေကြပါတယ်။

ဗြိတိသျှကိုလံဘီယာဆစ်ခ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုနင်ဒါဆင်းဂျ် က “အနည်းဆုံးတော့ ဒီလူသတ်မှုရဲ့နောက်ကွယ်မှာ တိုင်းတစ်ပါးလက်ချက်ပါဝင်နေတယ်ဆိုပြီး ဝန်ကြီးချုပ်ရဲ့ ရပ်တည်မှုကို ကျေးဇူးတင်မိတယ်’’လို့ ဘီဘီစီကို ပြောပါတယ်။

ကနေဒါအပါအဝင် ကမ္ဘာတဝန်းကဆစ်ခ်အဖွဲ့တချို့ကတော့ ကနေဒါဝန်ကြီးချုပ်ရဲ့ ထုတ်ဖော်ပြောဆိုချက်ကို ကြိုဆိုတယ်လို့ပြောထားကြပါတယ်။

လက်ရှိမှာ ကနေဒါက အိန္ဒိယနဲ့ လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူစာချုပ်ဖို့ ဆွေးနွေးနေတာကို ဆိုင်းငံ့ထားလိုက်ပြီး ဘာကြောင့်ဆိုတဲ့အသေးစိတ်ကို ထုတ်ပြောတာမရှိပါဘူး။ အိန္ဒိယဘက်ကတော့ ကနေဒါရဲ့ လုပ်ရပ်ဟာ နိုင်ငံရေးအရ လွှမ်းမိုးဖို့ကြိုးစားတာလို့ တုံ့ပြန်ပါတယ်။

လတ်တလောလတွေအတွင်း မမျှော်လင့်ဘဲ သေဆုံးခဲ့တဲ့ ဆစ်ခ် ခေါင်းဆောင်တွေထဲမှာ မစ္စတာနီဂျာဟာ တတိယမြောက် အထင်ရှားဆုံးခေါင်းဆောင်ဖြစ်ပါတယ်။

ယူကေ ခါလစ်စတန်လွတ်မြောက်ရေးတပ်ရဲ့ အကြီးအကဲလို့ယူဆရတဲ့ အာဗာတာဆင်းဂျ်ခန်ဒါဟာ ပြီးခဲ့တဲ့ဇွန်လက ဘာမင်ဂမ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အိန္ဒိယအစိုးရကအကြမ်းဖက်သမားလို့သတ်မှတ်ထားတဲ့ ပါရမ်ဂျစ်ဆင်းဂျ်ပန်ဂါဝါ ဟာလည်း ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ခရိုင် ရဲ့ မြို့တော် လာဟိုးမှာ မေလတုန်းက ပစ်သတ်ခံခဲ့ရပါတယ်။

ဆစ်ခ် လူဦးရေ များတဲ့ ကနေဒါ၊ သြစတြေးလျနဲ့ ယူကေ နိုင်ငံတွေက အိန္ဒိယအစိုးရကို ဖိအားတွေပိုပေးလာတာကနေ အိန္ဒိယနဲ့ ကနေဒါ ဆက်ဆံရေးတင်းမာမှု ဖြစ်လာစေတာပါ။

‘’ဆစ်ခ်အစွန်းရောက်ဝါဒကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်တာဟာ နိုင်ငံချင်းကြား ကောင်းမွန်သော ဆက်ဆံရေးအတွက် အတားအဆီးဖြစ်စေမယ်" လို့ အိန္ဒိယအစိုးရဘက်က ပွင့်ပွင့်လင်းလင်းပြောထားပါတယ်။

အမေရိကန်ကတော့ ကနေဒါဝန်ကြီးချုပ်ရဲ့ စွပ်စွဲမှုတွေကြောင့် ဒီအရေးနဲ့ပတ်သက်ပြီးစိုးရိမ်မှုဖြစ်ရတယ်လို့ ဆိုပါတယ်။