ဇူလိုင် ၅ ရက် သတင်းများအနှစ်ချုပ် - ရခိုင်-ဧရာဝတီအစပ်မှာ စစ်တပ် ကာကင်း ၂ ခုကို အေအေ သိမ်းပြီးနောက် တိုက်ပွဲဆက်ပြင်းထန်နေ

ဧရာဝတီ၊ ရေကြည်မြို့နယ်ထဲက စစ်တပ်ကာကင်းစခန်း ၂ ခုကို သိမ်းပြီးနောက် သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေလို့ အေအေ ထုတ်ပြန်လာတဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ဧရာဝတီ၊ ရေကြည်မြို့နယ်ထဲက စစ်တပ်ကာကင်းစခန်း ၂ ခုကို သိမ်းပြီးနောက် သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေလို့ အေအေ ထုတ်ပြန်လာတဲ့ပုံ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီအစပ်က စစ်တပ်ရဲ့ပင်မ ၂၇၇ ပွိုင့်ကုန်းရဲ့ကာကင်းစခန်း ၂ ခုကို အာရက္ခတပ်တော်(အေအေ)သိမ်းပိုက်ပြီးနောက် ၂၇၇ ကုန်းကို အေအေက တိုက်ရိုက် ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တပ်ဖွဲ့တွေကြား တိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က အတည်ပြုပြောပါတယ်။

အေအေကတော့ သူတို့နဲ့ စစ်ဆိုင်ထားတဲ့နေရာတွေကို မြန်မာစစ်တပ်က အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို အသေခံဒရုန်းတွေနဲ့လည်း ဆက်ပြီးတိုက်ခိုက်နေလို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မနေ့ ဇူလိုင် ၄ ရက်ညပိုင်းမှာ သတင်းထုတ်ပါတယ်။

ဇူလိုင်လ ပထမအပတ်အတွင်းမှာပဲ စစ်တပ်ရဲ့ကာကင်းစခန်းကုန်း ၂ ခုကို အေအေက သိမ်းခဲ့တာလို့ မနေ့ ဇူလိုင် ၄ ရက်မှာ သတင်းထုတ်ပါတယ်။

ရေကြည်မြို့နယ်ထဲက ၂၇၇ ပွိုင့်ကုန်းရဲ့အနောက်ဘက် မိုင်ဝက်ခန့်မှာ တပ်စွဲထားတဲ့ကာကင်းတပ်စခန်းကုန်းနဲ့ တာဝါတိုင် စခန်းကုန်းတို့ကို သိမ်းခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က ရုပ်အလောင်းတချို့နဲ့ လက်နက်ခဲယမ်းပစ္စည်းတချို့ကိုလည်း အေအေက သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပါတယ်။

အေအေသိမ်းလိုက်တဲ့ ကာကင်းစခန်းတွေကနေ ပွိုင့် ၂၇၇ တပ်စခန်းကုန်းဘက်ကို ဦးတည်ထွက်ပြေးသွားတဲ့ စစ်တပ်ရဲ့ အမှတ် ၁၀၈ ခြေမြန်တပ်ရင်း(ခမရ)ရဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း အေအေက လိုက်လံတိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းတုန်းကလည်း ရေကြည်မြို့နယ်ထဲက စစ်တပ်တပ်စွဲထားတဲ့ ပွိုင့်ကုန်း စခန်း ၃ ခုတို့ကို အကြိမ်ကြိမ် ထိုးစစ်ဆင်ပြီး သိမ်းပိုက်လိုက်ပြီလို့ အေအေက ပြောပါတယ်။

အေအေအနေနဲ့ တိုင်း၂ ခုအစပ်က ဒီပွိုင့်ကုန်းစခန်းတွေကို သိမ်းပိုက်နိုင်ရေးကြိုးပမ်းနေတာဟာ ရခိုင်ရိုးမတောင်ခြေနဲ့ ဧရာဝတီက ရေကြည်၊ ကျောင်းကုန်း၊ ငါးသိုင်းချောင်းစတဲ့ နယ်မြေတွေမှာ လှုပ်ရှားသွားလာနေတဲ့ စစ်တပ်ရဲ့ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့လို့ဆိုပြီး စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

အေအေကတော့ စစ်တပ်ဟာ ဧရာဝတီကနေတဆင့် အေအေထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်ထဲ ပြန်ထိုးဖောက်နိုင်ဖို့ ဧရာဝတီနဲ့ ပုသိမ်အခြေစိုက် တပ်ရင်းတွေက ထုတ်နုတ်အင်အားရာချီနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

အီရန်ခေါင်းဆောင် ခါမေနီရဲ့ဈာပနကို နေပြည်တော် လုံခြုံရေးအကြံပေး တက်ရောက်

ခါမေနီဈာပနပွဲမှာတွေ့ရတဲ့ နေပြည်တော်က အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အောင်စန်း

ဓာတ်ပုံ ရင်းမြစ်, Screen Grab

ဓာတ်ပုံ ပုံစာ, ခါမေနီဈာပနပွဲမှာတွေ့ရတဲ့ နေပြည်တော်က အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အောင်စန်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အီရန်နိုင်ငံ၊ တီဟီရန်မြို့မှာ ပြုလုပ်နေတဲ့ အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီရဲ့ဈာပနပွဲကို နေပြည်တော်က အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အောင်စန်း တက်ရောက်နေတယ်လို့ အီရန်နိုင်ငံပိုင်သတင်းတွေက ဖော်ပြပါတယ်။

ဦးတင်အောင်စန်းကို စျာပနပွဲတက်ဖို့ နေပြည်တော်က အထူးကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့တာလို့လည်း ဆိုပါတယ်။

မြန်မာနဲ့ အီရန်ဟာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးပိတ်ဆို့မှုတွေကို ရင်ဆိုင်နေရတဲ့နိုင်ငံတွေဖြစ်ပါတယ်။

တဖက်မှာလည်း နေပြည်တော်ဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို တီဟီရန်ကို လွှတ်ပြီး သမ္မတကျမ်းကျိန်ပွဲတက်ရောက်စေတာ၊ အီရန်ကလည်း စစ်ကော်မရှင်လက်ထက်မှာ မြန်မာအတွက် သူ့ရဲ့ သံတမန်အသစ်ကို ခန့်အပ်တာတွေ ပြုလုပ်ထားပါတယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးအဆင့်ရှိတဲ့ ဦးတင်အောင်စန်းကို အီရန်ခေါင်းဆောင်ရဲ့ဈာပနပွဲကို စေလွှတ်တာဟာ နှစ်နိုင်ငံကြားက စစ်လက်နက်ဆိုင်ရာနဲ့ ကာကွယ်ရေးပူးပေါင်းမှုတွေ မြှင့်တင်နိုင်ဖို့ အခွင့်အလမ်းတစ်ခုလည်းဖြစ်စေနိုင်တယ်လို့ မြန်မာစစ်တပ်ရဲ့ CDM အရာရှိဟောင်းတစ်ဦးက ထောက်ပြပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ကလည်း အီရန်နိုင်ငံကနေ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီလောင်စာတွေ ရောင်းချပေးနေတယ်လို့ အီရန်ကလာတဲ့ ဆီတင်သင်္ဘောလမ်းကြောင်းတွေကို အခု ၂၀၂၆ နှစ် အစောပိုင်းမှာပဲ ဖော်ထုတ်ရေးသားထားပါတယ်။

ခါမေနီရဲ့ ဈာပနအခမ်းအနားကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ အထူးသံတမန်နဲ့ ရုရှားလုံခြုံရေးကောင်စီရဲ့ဒုတိယဥက္ကဋ္ဌအဆင့်လည်း တက်ရောက်ခဲ့တယ်လို့ အီရန်သတင်းဌာနတွေက ရေးပါတယ်။

အလားတူ အီရန်နဲ့ အမေရိကန်-အစ္စရေးအရေးမှာ ကြားဝင်စေ့စပ်ညှိနှိုင်းမှုတွေလုပ်ခဲ့တဲ့ ပါကစ္စတန်နိုင်ငံရဲ့ဝန်ကြီးချုပ်အပြင် ယီမင်၊ တူရကီနိုင်ငံက ထိပ်တန်းအရာရှိအဆင့်တွေအပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ပန်ပရီးလည်း ဈာပနပွဲ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီဟာ ဖေဖော်ဝါရီလကုန်ပိုင်းတုန်းက အမေရိကန်နဲ့ အစ္စရေးတို့ ပူးတွဲပြီး အီရန်ကို တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ခါမေနီရဲ့ ဈာပနအတွင်း အီရန်လူထုနဲ့ နှုတ်ဆက်ပွဲအခမ်းအနားကို တီဟီရန်ရဲ့ စံတော်ချိန် ဇူလိုင် ၄ ရက်နဲ့ ၅ ရက်မှာ ကျင်းပနေပြီး ဇူလိုင် ၆ ရက်မှာတော့ တီဟီရန်မြို့မှာ အဓိကဈာပနပွဲကို ကျင်းပမယ်လို့ အီရန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဇူလိုင် ၇ ရက်မှာတော့ အီရန်ဦးသျှောင်ဟောင်းရဲ့ဈာပနအခမ်းအနားကို ခွန်(Qom) မြို့ကို ပြောင်းရွှေ့ကျင်းပမှာဖြစ်ပြီး နောက်ဆုံးဈာပန အခမ်းအနားကိုတော့ ဇူလိုင် ၉ ရက်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

NUG ထိန်းချုပ် အင်းတော်နယ် တစ်ခုလုံးနီးပါးကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပြီလို့ဆို

အင်းတော်ဒေသထဲမှာတွေ့ရတဲ့ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်တချို့

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, အင်းတော်ဒေသထဲမှာတွေ့ရတဲ့ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်တချို့

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်တစ်ခုလုံးနီးပါးကို စစ်တပ်က ပြန်ပြီးထိန်းချုပ်လိုက်ပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ဇူလိုင်လ ၅ ရက်မှာ ပြောပါတယ်။

"မြို့ပေါ်နဲ့ တော်လှန်ရေးတပ်တွေ ခံစစ်ပြင်ထားတဲ့ ရွာအများစုကို စစ်တပ်ပြန်ရသွားတာ" လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အင်းတော်မြို့အပါအဝင် မြို့နယ်ထဲမှာရှိတဲ့ရွာအများစုကို စစ်တပ်ပြန်ထိန်းချုပ်လိုက်တာလို့ သူက ဆိုပါတယ်။

စစ်တပ်က အင်းတော်မြို့ကို ဧပြီလထဲမှာ ပြန်ထိန်းချုပ်ခဲ့တာဖြစ်ပြီး ကသာမြို့ကနေ တက်လာတဲ့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး သိမ်းခဲ့တာလို့ သူက ရှင်းပြပါတယ်။

နေပြည်တော်ဘက်ကတော့ အင်းတော်ဒေသ စစ်ဆင်ရေးကာလအတွင်းမှာ တိုက်ပွဲကြီး၊ ငယ် ၃၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လေယာဉ်ပစ် စက်သေနတ်အပါအဝင် လက်နက်ခဲယမ်းတချို့နဲ့ အလောင်း ၇ လောင်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ဇူလိုင် ၅ ရက် နိုင်ငံပိုင်သတင်းစာကနေ သတင်းထုတ်ပါတယ်။

စစ်တပ်က အင်းတော်မြို့နယ်ထဲက နတ်မဟုတ်လေး၊ နတ်မဟုတ်ကြီး၊ ဆည်ရွာ၊ လယ်နောင်၊ သံဘိုအပါအဝင် မြစ်ကြီးနား-ရွှေဘို ရထားလမ်းနဲ့ ကားလမ်းပေါ်က မဲဇာနဲ့ နန့်သဲစတဲ့ ကျေးရွာတွေကို ဇွန်လ နောက်ဆုံးအပတ်နဲ့ ဇူလိုင်ပထမအပတ်အတွင်း သိမ်းခဲ့တာလို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

နှစ်ဖက်တပ် တိုက်ပွဲတွေကြား အင်းတော်မြို့နယ်ထဲက ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်တပ်ကလည်း အင်းတော်ဒေသတစ်ခုလုံးထိန်းချုုပ်နိုင်ရေးအတွက် ရွာတွေကို ဆက်ပြီးထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။

အင်းတော်မြို့ကို NUG နဲ့ ပူးပေါင်းတပ်တွေက ၈ လကြာထိုးစစ်ဆင်ပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီမှာ ထိန်းချုပ်ခဲ့တာဖြစ်ပြီး ၁ နှစ်ကျော်အကြာမှာ အင်းတော်ဒေသထဲက နေရာအများစုကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။

အင်းတော်မြို့နယ်ကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနဘက်က ဇူလိုင်လ ၅ ရက်မနက်ပိုင်းအထိ တစုံတရာ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။