မေကံကောင်း-လေကြောင်းဗုံးကြဲမှုကနေ ရှင်သန်ခဲ့တဲ့ သမီးငယ်

ဓာတ်ပုံ ရင်းမြစ်, Thet Lwin Phyo
ချီထားသူရဲ့ အင်္ကျီကို အံကြိတ်ပြီး အားကိုးတကြီး ဆုပ်ကိုင်ထားတဲ့ အသက် ၂ နှစ် ၈ လအရွယ် မိန်းကလေးက စစ်တပ်ရဲ့လေကြောင်းရန်ကနေ အသက်ရှင်ရက် လွတ်မြောက်လာသူပါ။
စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် ပြိုကျပျက်စီးသွားတဲ့ အိမ်တိုင်တွေကြားကနေ အသက်ရှင်ရက် ကျန်ခဲ့တာကြောင့် မေကံကောင်းဆိုတဲ့ ဆိုပြီး ကယ်ဆယ်ရေးလုပ်တဲ့သူတွေက နာမည်ပေးလိုက်ကြပါတယ်။
ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်ထဲက လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာ မေကံကောင်းရဲ့ မိခင်အပါအဝင် ၉ ယောက်သေဆုံးသွားပြီး အပြင်းအထန် ဒဏ်ရာရသွားတဲ့ ၁၂ ယောက်ထဲမှာ ဖခင်ဖြစ်သူလည်း ပါပါတယ်။
မေကံကောင်းအပါအဝင် အာရက္ခတပ်တော်- အေအေ သိမ်းပိုက်ထားတဲ့ မြို့နယ်တွေသာမက တိုက်ပွဲတွေရှိနေတဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့တွေက ကလေးတွေဟာ လေကြောင်းရန်ကို စိုးထိတ်နေကြရပါတယ်။
မိသားစုနဲ့ TV ကြည့်ချိန် လေကြောင်းဗုံးကြဲခံခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, ငပလီ ပရဟိတ
မေကံကောင်းတို့ မိသားစုဟာ အာရက္ခတပ်တော်- အေအေ သိမ်းပိုက်ထားတဲ့ သံတွဲက ငပလီကမ်းခြေမြို့၊ လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးရွာမှာ နေထိုင်ကြသူတွေပါ။
တနေ့လုပ် တနေ့စား နွမ်းပါးတဲ့ မိသားစု ဖြစ်တာကြောင့် မေကံကောင်းတို့ မိသားစုမှာ ကိုယ်ပိုင် ရုပ်မြင်သံကြား TV တစ်လုံးတောင် မရှိကြပါဘူး။
ဒါ့ကြောင့် ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်း ထမင်းစားသောက်ပြီးချိန်မှာ ဆိုလာလျှပ်စစ်သုံးပြီး TV ကြည့်နေကြဖြစ်တဲ့ အိမ်နီးနားချင်းအိမ်မှာ သွားကြည့်ချိန် ည ၈ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲခံလိုက်ရတာပါ။
ကယ်ဆယ်ရေးအဖွဲ့တွေက သေဆုံးသူတွေကို ရှာဖွေ၊ ဒဏ်ရာရသူတွေကို ကယ်ထုတ်ခဲ့ကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပျက်စီးသွားတဲ့ လူနေအိမ်တွေနဲ့ မိသားစုဝင်တွေကို စစ်ဆေးကြတဲ့အခါ အသက် ၈ နှစ်အရွယ်နဲ့ ၂ နှစ် ၈ လအရွယ် ကလေးနှစ်ယောက်ကို မတွေ့သေးတဲ့အတွက် အဆောက်အဦပျက်တွေကြားမှာ ရှာဖွေကြပါတယ်။
အသက် ၈ နှစ်အရွယ်ကလေးကိုတော့ သေဆုံးလျက်တွေ့ရပြီး ဒီဇင်ဘာ ၃၀ ရက် မနက် ၈ နာရီလောက်မှာ မေကံကောင်းလေးကို အသက်ရှင်ရက် ရှာတွေ့ကြပါတယ်။
တကိုယ်လုံး ဖုန်တွေပေနေတဲ့ ကလေးရဲ့ ဘယ်ဘက်ခြေထောက်မှာ သွေးထွက်နေတဲ့ ဒဏ်ရာနဲ့ နဖူးမှာ ကန့်လန့်ဖြတ် ချိုင့်ဝင်နေတဲ့အရာလေး တွေ့ရပါတယ်။
"သူ့နဖူး အရာက နဂိုရှိတာတော့မဟုတ်ဘူး။ တိုက်ပြိုတော့ ၁၂ နာရီလောက် တိုက်ပိနေတာ။ သူ့ရဲ့နဖူးတည့်တည့်ကို သစ်တုံးပိနေတယ်။ ကျွန်တော်တို့ သူ့ကို ကော်ပြီးထုတ်ယူကြရတာ။ ခြေထောက်ဒဏ်ရာကလည်း ပြတ်ရှတာလောက်ပဲ။ ကျိုးကြေသွားတာ မရှိဘူး"လို့ ကလေးကို ရှာတွေ့ခဲ့တဲ့ ငပလီကမ်းခြေ စုပေါင်း ပရဟိတအဖွဲ့ တာဝန်ခံ ကိုသက်လွင်ဖြိုးက ဘီဘီစီကို ပြောပါတယ်။
ကလေးဟာ အပျက်အစီးတွေကြားမှာ အချိန် ၁၂ နာရီလောက်ကြာအောင် အသံမထွက်နိုင်ဘဲ ပိတ်မိနေပြီး ကယ်ဆယ်ရေးအဖွဲ့တွေကို တွေ့မှ အော်ငိုခဲ့တယ်လို့လည်း သိရပါတယ်။
မိခင်က နေရာမှာတင်သေဆုံးပြီး ဖခင်ကလည်း ဒဏ်ရာပြင်းထန်တဲ့အတွက် မေကံကောင်းကို ဆေးရုံမှာ အဒေါ်ဖြစ်သူက စောင့်ရှောက်နေပါတယ်။
မေကံကောင်းရဲ့ အဒေါ်ကို စကားပြောခွင့်ရဖို့ ကြိုးစားခဲ့ပေမဲ့ ဆေးရုံရဲ့ လုံခြုံရေးအတွက် အင်တာနက်၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် မေးမြန်းခွင့် မရခဲ့ပါဘူး။
မေကံကောင်းနဲ့အတူ TV ကြည့်နေတဲ့ နေအိမ်ပိုင်ရှင် မိသားစု ငါးယောက်ကလည်း လေကြောင်းဗုံးကြဲဒဏ်ကြောင့် နေရာတင် သေဆုံးသွားကြပါတယ်။
ရခိုင်ပြည်နယ်ရဲ့ လေကြောင်းဒဏ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာကစပြီး တကျော့ပြန် စလာတဲ့ တိုက်ပွဲတွေမှာ စစ်တပ်က ဆက်တိုက်လေကြောင်းဗုံးကြဲခဲ့ပါတယ်။
၂၀၂၅ ခုနှစ်အတွင်း အာရက္ခတပ်တော်- အေအေ ထုတ်ပြန်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးစာရင်းတွေထဲကနေ အသက် ၁၈ နှစ်အောက် ကလေးအရေအတွက်ကို ဘီဘီစီက စိစစ်ထုတ်ယူခဲ့ပါတယ်။
စာရင်းတွေထဲမှာ လသားအရွယ်နဲ့ မူကြိုကလေးတွေအပါအဝင် ကလေးအယောက် ၅၀ ဝန်းကျင် သေဆုံးသလို ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရတာကို တွေ့ရပါတယ်။
သံတွဲ၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောစတဲ့ အေအေ သိမ်းပိုက်ထားတဲ့ မြို့တွေအပြင် စစ်တွေ၊ ကျောက်ဖြူလို စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိတဲ့ မြို့နယ်တွေက ကလေးတွေဖြစ်ပါတယ်။
ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတဝန်း ပဋိပက္ခ ဖြစ်ပွားတဲ့ နေရာတွေမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ၂၀၂၁ ခုနှစ်ထက် ၂၀၂၅ ခုနှစ်မှာ ၂၇ ဆအထိ ပိုတိုးလာတယ်လို့ လွတ်လပ်တဲ့အဖွဲ့အစည်း (ACLED) က ဖော်ပြပါတယ်။
အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာအထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၅,၇၂၉ ကြိမ် ပြုလုပ်ခဲ့တယ်လို့ အမေရိကန် အခြေစိုက် Armed Conflict Location & Event Data Project - ACLED ရဲ့ စာရင်းအရ သိရပါတယ်။
ACLED အဖွဲ့ဟာ လွတ်လပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေက ပဋိပက္ခဆိုင်ရာ အချက်အလက်တွေကို လေ့လာစုဆောင်းနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
၂၀၂၅ ဇန်နဝါရီကနေ အောက်တိုဘာအထိ ရခိုင်ပြည်နယ်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၀၀ ကျော်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
အေအေရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာ ၂၈ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ဦးရေ ၁၁၅၀ ကျော်နဲ့ ဒဏ်ရာရသူ ၂၁၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ကလေးတွေရဲ့ စိတ်ဒဏ်ရာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေဟာ နေ့၊ ည၊ အချိန်မရွေး၊ နေ့ရက်မရွေး ဖြစ်လာနိုင်တာကြောင့် လွတ်လွတ်လပ်လပ်နဲ့ အပူအပင်မရှိ ပျော်ရွှင်နေရမယ့် ကလေးတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေ့စဉ်ကျော်ဖြတ်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။။
နိုင်ငံတကာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသလို ရေကြောင်းကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် လသားကလေးအပါအဝင် ၃၃ ယောက် သေဆုံးပြီး ၇၆ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
"မြောက်ဦးကို ရောက်တဲ့အချိန်မှာ ကလေးတွေက အဆောက်အဦအောက်ထဲကို မဝင်ရဲဘူး၊ အထဲဝင်မယ်ဆိုတာနဲ့ ထိတ်လန့်တကြီး ကြောက်လန့်ပြီးငိုတော့တာ။ အဲဒီကလေးတွေက ဒီဇင်ဘာ ၁၀ ရက် မြောက်ဦးဆေးရုံလေကြောင်းဗုံးကြဲခံရတာကနေ လွတ်လာတဲ့ကလေးတွေဖြစ်နေတယ်" လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။
လေကြောင်းဒဏ်ကြောင့် မိဘမဲ့သွားရတဲ့ ကလေးတွေ၊ အသက်မသေပေမဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးလိုက်ရတဲ့ ကလေးတွေကလည်း ကလေးတစ်ယောက်လို ပေါ့ပါးနေတာမျိုးတွေ မတွေ့ကြရတော့ပါဘူး။
"တနေ့က မြောက်ဦးမှာပဲ ၇ နှစ်အရွယ်လောက် မိန်းကလေးတွေ့ခဲ့တယ်။ သူ့မိဘက လေကြောင်းဗုံးကြဲလို့ သူ့မျက်စိရှေ့တင် ဆုံးသွားတာမြင်ပြီး စိတ်မနှံ့သလို ဖြစ်သွားတယ်။ စကားပြောရင်လည်း မကြားသလိုနဲ့ ပြန်မပြောဘဲ ကြောင်ကြည့်နေတာ"လို့ လေကြောင်းဒဏ်သင့် ကလေးတွေရဲ့ အခြေအနေတွေကို စာရေးဆရာ ဝေဟင်အောင်က ပြောပြပါတယ်။
အကြမ်းဖက်ခံရတဲ့ ဖြစ်ရပ်တွေ၊ အန္တရာယ်ရှိတဲ့ ဖြစ်ရပ်၊ နိုင်ငံရေးပဋိပက္ခတွေကြားမှာ ကိုယ့်ရှေ့မှာတင် မိဘ၊ ဆွေမျိုး နဲ့ ကိုယ်ချစ်ခင်သူတွေ သေဆုံးသွားတာကို မြင်တွေ့ရတဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ ရှိနိုင်တယ်လို့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အကြံပေးစာပေတွေ ရေးသားနေတဲ့ ဒေါက်တာ စိမ့်စမ်းဖြူက ပြောပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာက ထုတ်လွှင့်တဲ့ နိုင်ငံရေး ပဋိပက္ခကြားက ကလေးတွေရဲ့စိတ်ဒဏ်ရာ ဆိုတဲ့ ဘီဘီစီရဲ့ အင်တာဗျူးမှာ ဒေါက်တာ စိမ့်စမ်းဖြူက ဖြေဆိုထားတာပါ။
ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အဖွဲ့တွေကလည်း ဒီလိုအခြေနေတွေကို ကလေးတွေမှာ တွေ့နေရတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ခြေထောက်တစ်ဖက် ဆုံးရှုံးသွားလို့ ချိုင်းထောက်နဲ့သွားလာနေရတဲ့ မြေပုံမြို့နယ်က ၈ နှစ်အရွယ် မိန်းကလေးကိုလည်း "သမီးဘာလိုအပ်လဲ"လို့ စာရေးဆရာ ဝေဟင်အောင်က မေးလိုက်တော့ "သမီးခြေထောက်ပဲ ပြန်လိုချင်တယ်"လို့ ပြန်ဖြေလာတဲ့အခါ သူရင်ထဲနင့်အောင် ခံစားခဲ့ရတယ်လို့ ဆက်ပြောပါတယ်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်ထားတဲ့ ကလေးတွေကို အုပ်ထိန်းသူ၊ ပတ်ဝန်းကျင်က ကြင်ကြင်နာနာ ဆက်ဆံပေးတာ၊ သူတို့စကားတွေကို နားထောင်ပေးတာ၊ စကားပြောပေးတာတွေ လုပ်ပေးပြီး လုံခြုံတဲ့ပတ်ဝန်းကျင် ဖန်တီးပေးဖို့ လိုအပ်တယ်လို့ ဒေါက်တာ စိမ့်စမ်းဖြူက ပြောပါတယ်။
"ပဋိပက္ခဒေသတွေ၊ သဘာဝဘေး ကြုံခဲ့ရတဲ့ ကလေးတွေကတော့ ဒီအဆင့်နဲ့တော့ မရလောက်ဘူး"လို့ သူက ပြောပါတယ်။
လေကြောင်းရန်ကို အချိန်ပြည့် သတိထားနေရတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံတဲ့ အဆောက်အဦတွေတောင် မရှိသလောက် နည်းနေပြီလို့ ကလေးတွေအတွက် လုံခြုံတဲ့ ပတ်ဝန်းကျင် ဖန်တီးပေးဖို့ အခက်အခဲကို စစ်ဘေးရှောင် ကူညီသူတွေက ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်းကြောင့် ထိခိုက်ခဲ့တဲ့ ကလေးတွေကို ဒေသအာဏာပိုင်အနေနဲ့ ဘာတွေလုပ်ပေးနေတယ်ဆိုတာ သိရဖို့ အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဘီဘီစီကဆက်သွယ် မေးမြန်းပေမဲ့ ပြန်ဖြေတာမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးတွေအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးတာနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်ကို မေးမြန်းထားပေမဲ့ ပြန်ဖြေတာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်ထဲက ကလေးတွေ စိတ်ပိုင်းဆိုင်ရာ ကုသမှုပေးတာမျိုး မလုပ်နိုင်ကြသေးတဲ့အပြင် ခြေထောက် ဆုံးရှုံးသွားတဲ့ ကလေးတွေအတွက် ချိုင်းထောက်တောင် ကောင်းကောင်းမွန်မွန် လုံလုံလောက်လောက် မရှိဘူးလို့ စစ်ဘေးရှောင်ကူညီသူတွေနဲ့ အေအေနဲ့ နီးစပ်သူက ပြောပါတယ်။
အေအေ အနေနဲ့ ဒေသတွင်းအတွက် ရိက္ခာနဲ့ ဆေးဝါးကိုပဲ မနည်းလုံလောက်အောင် လုပ်ပေးနေရတာ ဖြစ်တာကြောင့် မသန်စွမ်းဖြစ်သွားသူတွေအတွက် ကူညီပေးဖို့ အားနည်းတယ်လို့ အေအေနဲ့ နီးစပ်သူက ပြောပါတယ်။
"အရင်က နိုင်ငံတကာ INGO တွေက ခြေတုတွေအတွက် ကူညီပေးဖို့ ရခိုင်မှာရှိပေမဲ့ အခုက သူတို့လည်း ထွက်သွားကြပြီ။ အပြင်က မှာဖို့လည်း သယ်ယူဖို့လမ်းကြောင်းက စစ်တပ်က ပိတ်ထားတော့ ခက်ခဲတယ်" လို့ သူက ပြောပါတယ်။
နောင်လာမယ့် အနာဂတ်မှာ နိုင်ငံ့တာဝန်တွေ လက်လွှဲယူရမယ့် ကလေးတွေ၊ အနာဂတ် ကြယ်ပွင့်လေးတွေမှာ စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ဒဏ်ရာအနာတရတွေနဲ့ မဖြစ်စေချင်ဘူးလို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံက ကလေးငယ် ၆ သန်းဝန်းကျင်ဟာ ပိုဆိုးရွားလာတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့- ယူနီဆက်က ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ ထုတ်ပြန်ထားပါတယ်။
လေကြောင်းတိုက်ခိုက်တာ၊ မြေမြှုပ်မိုင်းနဲ့ စက်လက်နက်ပစ္စည်း ကြွင်းကျန်တွေကြောင့် ကလေးတွေအတွက် ကြီးမားတဲ့ အန္တရာယ်ဖြစ်စေတယ်လို့လည်း ယူနီဆက်က ရေးသားထားပါတယ်။
ဒ့ါကြောင့် မြန်မာကလေးတွေရဲ့ ရှင်သန်ရပ်တည်ဖို့၊ ကာကွယ်စောင့်ရှောက်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် စုပေါင်းဆောင်ရွက်တာတွေ အရင်ကထက် ပိုလိုအပ်နေတယ်လို့လည်း နှိုးဆော်ထားပါတယ်။












